Wednesday, November 19, 2008

[Maya Magazine] 2 New Entries: နာရီပြင်ဆရာ၏အိမ်နီးချင်းရေးသူ- ဂျူး

နာရီပြင်ဆရာ၏အိမ်နီးချင်းရေးသူ- ဂျူး


{၂၀၀၀ မာယာတွင် ဖော်ပြပြီး ဖြစ်ပါတယ်}
သာမန်အားဖြင့်ဆိုလျှင်တော့ နာရီတလုံးကို သူ မမုန်းတတ်ပါ။ သို့သော် ဤကိစ္စမှာ တော့ လွန်လွန်းသည်။
သူ ဤအိမ်သို့ ပြောင်းလာခါစကတော့ နာရီပြင်ဆရာနှင့် အိမ်ချင်း ကပ်လျက်ဖြစ်သော ကြောင့် ဝမ်းသာကျေနပ်ခဲ့၏။ သူ့မှာ မကြာခဏ ပျက်တတ်သော စားပွဲတင်နာရီတလုံး ရှိသောကြောင့် ဖြစ်သည်။ နောက်ပြီး နာရီပြင်ဆရာ၏ ဂုဏ်သိက္ခာကိုလည်း သဘောကျ သောကြောင့် ဖြစ်သည်။ နာရီပြင်ဆရာသည် ဘဝတွင် နာရီပြင်ခြင်းနှင့် ဘုရားရှိခိုး တရားစာရွတ်ခြင်း မှတပါး မည်သည့်အလုပ်မျှ မလုပ်သူဖြစ်လိမ့်မည်။ သူရောက်သွားတိုင်း နာရီတခုခုကို ကိုင်တွယ်ပြင်ဆင်လျက်သား သို့မဟုတ် သားရေဖုံး ဘာသာရေး စာအုပ်တခုခု ကို ဖတ်လျက်သား တွေ့ရသည်။


နာရီပြင်ဆရာက ပြဿနာ မဖြစ်ပါ။ သူ့ နာရီများကသာ ပြဿနာ ဖြစ်နေ၏။
နာရီပြင်ဆရာ၏ အိမ်တွင် စားပွဲတင်နာရီမျိုးစုံ၊ တိုင်ကပ်နာရီမျိုးစုံ ရှိသည်မှာ သဘာဝ ကျသော ဖြစ်ရပ်တခုဟု သူလက်ခံသည်။ သို့သော် သူ့အိမ်နှင့် နာရီပြင်ဆရာအိမ်မှာ ခြံစည်းရိုး တလွှာသာခြားလျက် ဟိုဘက် သည်ဘက်ကပ်နေသည်က ဘယ်လိုမျှ ပြင်ဆင်၍မရသော တည်ရှိမှုတခု ဖြစ်၏။ ထိုတည်ရှိမှုကြောင့် ဖြစ်ပေါ်လာသော သူ့ဒုက္ခမှာ သူအိပ်ရေး ပျက်ခြင်းပင် ဖြစ်သည်။
ဟိုဘက်အိမ်က နာရီများသည် သူ့ကို အကြီးအကျယ်တော့ အနှောင့်အယှက်မပေးကြ။ သို့သော် နာရီသံမျိုးစုံကြားနေရခြင်းသည် နှစ်သုံးဆယ်ကျော် ဒုက္ခပေးခဲ့သော (သူ့မိန်းမ၏) ဟောက်သံထက်ပင် နှောင့်ယှက်လေ့ရှိသည်။ ထရံတချပ်စီသာ ကာရံထားသောကြောင့် ဟိုဘက် အိမ်မှနာရီသံများသည် သူ့အိမ်ထဲသို့ အဆီးအတားမရှိ ဝင်ရောက်လာ၏။
ရောက်ခါစတုန်းကဆိုလျှင် လေးငါးညခန့် အိပ်ရာမှ နိုးနိုးလာတတ်၏။ နာရီများသည် တပြိုင်နက်ထည်း မမြည်ကြပဲ တမိနစ် သို့မဟုတ် မိနစ်ဝက်ခြားပြီး မြည်ကြသဖြင့် နာရီခုနစ်လုံး ရှစ်လုံး၏ ဆက်တိုက်မြည်သံမှာ အသံရှည်ကြီး ဖြစ်နေတာ့သည်။ သူဥာဏ်မီ သလောက် စဉ်းစားကြည့်သမျှတော့ နာရီတွေအချိန်မှန်လျှင်၊ ပြိုင်တူ မြည်ကြလျှင် အကြားအာရုံကို ခဏပဲ နှောင့်ယှက်ပေလိမ့်မည်။ ဤကိစ္စနှင့်ပတ်သက်၍ သူ ဆွေးနွေးကြည့်ဖူးသည်။
'ခင်ဗျားနာရီတွေက ပြင်လက်စမို့နဲ့တူတယ်၊ မိနစ်နည်းနည်းခြားပြီးထိုးကြတယ်ဗျ၊ ဒါဟာ နာရီမမှန်တဲ့သဘောမဟုတ်လား၊ တကယ်လို့ စံတော်ချိန်နဲ့သာ ကိုက်ညီရင်....'
ထိုအခါ နာရီပြင်ဆရာက ကလေးတယောက်ကို စိတ်ရှည်လက်ရှည် ရှင်းပြတော့မည့် မျက်နှာပေးဖြင့် ပြုံး၏။
'မဟုတ်သေးဘူးဗျ၊ ကျုပ်အနေနဲ့ ဘယ်နာရီက ဘယ်လောက် အလုပ်လုပ်တယ်ဆိုတာ သိဖို့လိုတယ်၊ ကျုပ်က နာရီတွေရဲ့ ထိုးသံကို ခွဲခြားပြီးသိတယ်၊ အသံအနှေးအမြန် အတိုး အကျယ်ရော နာရီအချိန်မှန် မမှန်ကိုရော အမြဲစောင့်ကြည့်ရတာကိုး၊ ဒီတော့ နာရီတွေကို တမင် အချိန်ခြားပြီး တိုက်ထားတယ်လေ၊ ဒါမှ ကျုပ် ထိုင်ရာက ထမကြည့်ပဲ ဘယ်နာရီက သံပတ်နည်းနေပြီလဲ၊ ဘယ်နာရီက ဆံခြည်မကောင်းဘူးလဲ၊ ဘယ်နာရီက ထိုးစက်မကောင်း ဘူးလဲ ခွဲခြားပြီး သိရမှာပေါ့'
သေလိုက်ပါတော့ကွာ၊ ဘယ်လောက် ယထာဘူတကျသော နှောင့်ယှက်မှု တခုပါလိမ့်။ သူ ရယ်မောလျက် လက်ခံခဲ့ရသည်။
နောက်ပိုင်း လအနည်းငယ်မှာတော့ နာရီသံများနှင့် နေသားတကျ ဖြစ်သွားလေတော့ သည်။
နာရီသံများသည် သူ့အတွက် သာယာသော အိပ်ရာဝင် ဂီတသံစဉ် များလို ဖြစ်လာ သည်။ လေတိုက်ခတ်မှု နှုန်းကိုလိုက်၍ နာရီသံ အတိုး အကျယ် ပြောင်းလဲလာသောအခါ ထိုအသံများသည် သူ့အတွက် နားထောင်၍ ချိုမြသောဂီတသံဖြစ်လာ၏။
နာရီပြင်ဆရာနှင့် အိမ်နီးချင်းဖြစ်ရခြင်းကြောင့် ရရှိလာသောဒုက္ခထဲတွင် နာရီပြင်ဖို့ လူကြုံပေးခံရခြင်းလည်း ပါဝင်၏။
လက်ပတ်နာရီလို၊ စားပွဲတင်နာရီလို ဝန်မကျယ်လှသော နာရီမျိုးဆိုလျင် ပြဿနာမဖြစ် သော်လည်း တိုင်ကပ်နာရီလို ကြီးကြီးမားမား ဝန်ထုပ် ဝန်ပိုးမျိုးကျတော့သူ့အနေနှင့် ကူညီဖို့ တော်တော်စဉ်းစားရသည်။ သိပ်မရင်းနှီးသူများဆိုလျင်တော့ အကြောင်းပြချက်တခုခုပေးကာ ခပ်ပြုံး ပြုံးငြင်းဆန်နိုင်၏။ သို့သော် အလွန်ခင်မင်ရင်းနှီးသော မိတ်ဆွေဆိုလျင် သူအားနာပါးနာ လက်ခံ၍ လူကြုံပေးပစ္စည်းကို သယ်ယူလာရတော့သည်။(ကံအကြောင်း မလှစွာပင် ဤ နာရီပြင်ဆရာသည် ဤမြို့ပေါ်တွင် တိုင်ကပ်နာရီများကို ပြန်လည်ပြင်ဆင်ခြင်း၊ ရောင်းဝယ်ခြင်း တို့၌ အပိုင်နိုင် အကျွမ်းကျင်ဆုံး ဖြစ်နေပေသည်။)
သူ နောက်ဆုံး သယ်ပေးခဲ့သည်မှာ အလွန်စိတ်ညစ်ညူးဖွယ်ကောင်းသော တိုင်ကပ် နာရီတလုံး ဖြစ်သည်။ (ဤနာရီ၏နောက်တွင် မည်သည့် နာရီကိုမျှ လူကြုံအဖြစ် မသယ်ရဲ တော့ပေ။)
ထိုနေ့က သူ သယ်ခဲ့သောနာရီကြီးမှာ အတော်ကြီး၏။ သူ့စိတ် အထင်တော့ နာရီ၏ အရှည်မှာ နှစ်ပေခွဲလောက်ရှိမည်။ (တကယ်တော့ နာရီကြီးသည် သုံးပေနီးပါး ရှိ၏။) နာရီ မျက်နှာပြင် ဒိုင်ခွက်က အဝိုင်းကြီး၊ ဒိုင်ခွက်၏ ဘေးဘောင်ကို ရှစ်နားညီ ဗဟုဂံပုံစံ ဖြစ်အောင် သစ်သားပြား ကွပ်ထားသည်။ ဂဏန်းကွက်များမှာ ရောမဂဏန်းများ ဖြစ်သည်။ လက်တံ အရှည်နှင့် လက်တံ အတို(မိနစ်လက်တံနှင့် နာရီလက်တံ)မှာ ဗဟိုမှပြုတ်ကျနေပြီး နာရီ ဒိုင်ခွက်နှင့် မှန်၏အကြားတွင် နာရီလှုပ်ရှားတိုင်း တဂျောက်ဂျောက်မြည်အောင် နေရာရွေ့လျား လျက် ရှိကြသည်။ နာရီအိမ်ကတော့ ချိန်သီးအိမ်အထိ တဆက်တည်းလေးထောင့် အရှည်ကြီး ဖြစ်နေသည်။ အနှစ်နှစ်အလလ မပြုပြင် မမွမ်းမံဘဲထားပုံမျိုးဖြင့် နာရီအိမ် သစ်သားအရောင်မှာ ခပ်မွဲမွဲဖြစ်ပြီး ဖုန်တက်နေသေး၏။
ဤ ကြီးမားလှသော နာရီကိုးရိုးကားရားကြီးကို လူကြုံပေးလိုက်သော မိတ်ဆွေအား သူ ကျိတ်၍ ကျိန်ဆဲမိလိုက်သည်မှာ အိမ်ပြန်ရာလမ်း၏ ခရီးတဝက်၌ ဖြစ်သည်။ ဂုန်လျှော်အိတ် အဖြူဖြင့် သေသေသပ်သပ် ထုပ်ပိုးချည်နှောင်ပေးလိုက်သော နာရီကြီးသည် လူအရှုပ်ဆုံး နေရာ ဖြစ်သော ရုပ်ရှင်ရုံရှေ့ရောက်သော် အသံကျယ်လောင်စွာ ထိုးတော့သည်။
ပထမတော့ မျှော်လင့်မထားသော အနီးကပ် အသံကြီးကြောင့် သူလန့်ဖျပ်သွား၏။ သို့သော် ပထဆုံးအသံ မပျောက်မီပင် ဤနာရီကြီးမှ ဖြစ်ရမည်ဟု သူသိလိုက်သည်။ အသံကြီးက ကြီးမားကျယ်လောင်လှ၏။ ထို့အပြင် အက်ကွဲကွဲကြီးဖြစ်သည်။ ထိုအချိန်မှာ ညနေ ၅ နာရီမခွဲမီ ၁ဝ မိနစ် အလိုခန့်ဖြစ်သည်။ ဘယ်လို နာရီအမျိုးအစားမျှ အသံမ မြည်သင့်သည့်အချိန် ဖြစ်သည်။ ထို့ကြောင့်လည်း သူအံ့သြတုန်လှုပ်သွားခြင်းဖြစ်၏။ သို့သော် ဤနာရီကြီး ပျက်နေပေသည်။
လက်ဖက်ရည်ဆိုင်မှလူများ၊ ရုပ်ရှင်ရုံရှေ့မှ လူများ၏ စိတ်ဝင်တစား အကြည့်တို့ကြောင့် သူ့မျက်နှာ ပူနွေးကာ ရှက်ရွံ့ သွားမိလေသည်။ သူဆွဲလာသော လက်ကိုင်ကွင်းတပ် ဂုန်လျှော် အိတ် အဖြူကြီးထဲတွင် ဤနာရီကြီးပါမှန်း မသိသူတို့အဖို့မူ ဤအသံသည် ထူးဆန်းအံ့သြ ဖွယ်ရာ ဖြစ်နေ၏။ ထို့ထက်ပို၍ ထူးဆန်းသည်မှာ သူခြေတလှမ်းလှမ်းတိုင်း နာရီကြီးက ဒုံကနဲ အသံမြည်နေခြင်းပင်ဖြစ်၏။ သူ ချွေးပြန်လာကာ ယောင်မှားစွာ ခြေလှမ်းရပ်တန့်လိုက်၏။ ထို အချိန်တွင် ခုနှစ်ချက်ခန့် ကျယ်လောင်စွာ အော်မြည်ပြီးသော နာရီသံသည် ရပ်တန့်သွားသည်။
'အင်း....ဒါဟာ ငါ့ခြေလှမ်း လှုပ်ရှားမှုကြောင့် အထဲကစက်တွေ ကပြောင်းကပြန် ဖြစ် သွားတာများလား' ဟု သူ ပထမဆုံးအကြိမ် ကြောင်တောင်တောင် တွေးမိသွား၏။ ရှေ့ဆက် ပြီးလှမ်းလိုက်လျှင် ဒါကြီးက ထပ်ပြီး မြည်ဦးမလား။
ထိုအချိန်တွင် သူ ခြေတလှမ်းလှမ်းဖို့ တော်တော်စဉ်းစားယူရ၏။ လူအားလုံး သူ့အား ဝိုင်းကြည့်နေသည်ဟူသော မလုံမလဲအတွေးဖြင့် သူ စိတ်ကျဉ်းကျပ်လျှက် ရှိသည်။
အိုကွာ.....ငါခြေလှမ်းလှမ်းလို့ နာရီမြည်တော့ရော ဘာဖြစ်သေးလဲ။ နာရီတလုံးဟာ သူမြည်ချင်တဲ့အချိန်မှာ အသံမြည်ခွင့်ရှိတာပဲ။ ညနေ ၅ နာရီပေမယ့် ခုနှစ်ချက်ထိုးတော့ ဘာဖြစ်သေးလဲ။ ရှစ်ချက်ထိုးတော့ရော ဘာဖြစ်သေးလဲ။ အခုလို ရပ်လိုက်တာကမှ လူတွေအတွက် စိတ်ဝင်စားစရာဖြစ်နေဦးမယ်။
သူ အားတင်း၍ ခြေလှမ်း စတင်လှမ်းသည်။
ထိုအချိန်မှာပင် ဒုံကနဲကျယ်လောင်သော ထိုးသံပေါ်လာ၏။ သူ ထူပူ တုန်လှုပ်သွားကာ ခြေလှမ်းတုန့်ကနဲ ရပ်ပစ်လိုက်၏။ ထိုအချိန်မှာပင် နာရီသံကလည်း ရပ်သွားပြန်လေသည်။ နောက်ထပ်ခြေလှမ်းလျှင် မြည်ဦးမလား မသိ။ မဖြစ်ဘူး။ ဒီနာရီသံရပ်သွားအောင် လုပ်ဖို့ တနည်းနည်းတော့ရှိရမယ်။
သူသည် သက်မဲ့နာရီတလုံးကို လှည့်ဖြားရန် အကြံရသွား၏။ ထို့နောက် ဂုန်လျှော် အိတ်ကိုဖွင့်ကာ အထဲမှ ဧရာမနာရီကြီးကို ခဲခဲယဉ်းယဉ်း ထုတ်ယူလိုက်၏။ ထို့နောက်နာရီ၏ ချိန်သီးအိမ်က အပေါ်ရောက်ပြီး နာရီမျက်နှာပြင်ဝိုင်းက အောက်ရောက်သွားအောင် နာရီကိုဇောက်ထိုး ထည့်ပစ်လိုက်၏။ အထဲမှာ ထည့်ထားသော ကြေးချိန်သီးအပြားဝိုင်းကြီး ၏ လှုပ်ခတ်တိုက်ခတ်သံ ခဏကြားရပြီးနောက် အသံငြိမ်သွားသည်။
ကိုင်း.....ဒီအထဲက စက်တွေပြောင်းပြန်ဖြစ်ကုန်ပြီ။ ဒါကြီးလည်း အသံ မြည်တော့မှာ မဟုတ်ဘူး။
သူသည် ဇောက်ထိုးဆွဲထားသော နာရီကြီးကိုငုံ့မကြည့်ရဲဘဲ ခြေလှမ်းကို စတင်လှမ်း လိုက်လေသည်။ သူလေးငါးလှမ်းခန့် လှမ်းလိုက်ပြီးချိန်မှာပင် ကျယ်လောင်သောမြည်သံသည် ဆက်တိုက် ပေါ်လာလေတော့သည်။ သူ့မျက်နှာ ရှုံ့မဲ့သွားပြီးနောက် တယောက်တည်း ရှက်ရယ် ရယ် မိတော့၏။
ထိုနာရီကပေးသောဒုက္ခသည် ဤအချိန် ကတည်းက စတင်ခဲ့ပေသည်။ သူသည် ပင်စင်ယူပြီးကတည်းက နံနက် ၇ နာရီမှ ညနေ ၅နာရီ အထိ မြို့ထဲက စည်ပင်သာယာ ဈေးကြီးတွင် ကုန်ခြောက်ဆိုင် သွားဖွင့်ရောင်းနေသူ ဖြစ်သောကြောင့် ဤနာရီသည်သူ့အား ညကျမှ ဒုက္ခပေးလေသည်။
အခြား နာရီပေါင်းများစွာ၏ မြည်သံထိုးသံနှင့် သူရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သော်လည်း ဤ နာရီကြီး၏ အသံကိုတော့ သူဘယ်လိုမှ သည်းညည်း ခံ၍မရ။ နာရီပြင်ဆရာနှင့် အိမ်နီးချင်း ဖြစ်ပြီးကတည်းက နာရီပေါင်းများစွာ၏ ထိုးသံကို သူကြားဖူးလှပြီ။ ဤနာရီလောက် အောက်ကလိအာသံမျိုး တခါမှမကြားဖူးပေ။
နာရီပြင်ဆရာ၏ အိမ်ရှိ အချို့နာရီများသည် ဒင်.....ဒင် ဟုအသံမြည်၏။ အချို့က ဒေါင်.....ဒေါင်ဟု အသံမြည်၏။ တချို့က တိန်....တိန် ဟုအသံ ခပ်သေးသေး မြည်၏။ သံစုံနာရီ များလည်းရှိသည်။ ဂီတသံလို အသံ အနိမ့်အမြင့်ဖြင့် တော်တော် နားထောင်ကောင်းလှသည်။ သို့သော် ဤနာရီကျတော့ ဒုံခနဲ အသံမြည်၏။ မြည်ပုံကလည်းတမျိုး။ ဒုံဟူသော အသံ၏နောက်တွင် ဂျရစ် ဂျရစ် ဟူသောတုန်သံတခု ပါသေး၏။ သူတော့ ဤနာရီသံကြားလျင် သွားကျိန်းလှသည်။ ဘယ်နိုင်ငံကများ ဤနာရီမျိုး တီထွင်လိုက်ပါလိမ့်။ အသံကတော့ တော်တော်မာန်ထန်ပြီး ကျယ်လောင်သည်။ တော်ရုံသွေးကြောင်သူဆိုလျင် တိတ်ဆိတ်သော ညမှာ ထိုအသံကြောင့် နှလုံးတုန် ရင်ခုန်သွားနိုင်၏။
သူသည် ဤနာရီကြီးကို နာရီပြင်ဆရာအား ကိုယ်စားအပ်ပေးပြီးသည့်နောက် တပတ်တိတိ ဘယ်လိုမျှ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တော့ချေ။

••••

တညနေမှာ သူ၏ သစ်ပင်များ ရေလောင်းပေါင်းမြက်သင်ချိန်ကို ဖျက်၍ နာရီပြင် ဆရာ၏အိမ်သို့ သူ ကူးသွားလိုက်၏။
သူ့အား အသံဖြင့်နှိပ်စက်နေသေးသော သူမှတ်မိနေသည့် နာရီကြီးမှာ အားလုံးထဲတွင် အကြီးဆုံး၊ နံရံတွင်မားမားကြီး ချိတ်လျက်ရှိ၏။ နာရီအိမ် သစ်သားမှာ အညိုရင့်ရောင် ဆေးသုတ်ထားပြီး ဒိုင်ခွက်ကလည်း ဖြူဖွေးကာ သစ်လွင်တောက်ပနေ၏။ အင်း.... ဒါကြီးကို ပြင်ဆင် မွမ်းမံပြီး ပြီပေါ့။
'နေကောင်းရဲ့လားဗျ'
နာရီပြင်ဆရာသည် သူ့ကိုတွေ့တိုင်း နေကောင်းရဲ့လားဟု ပဋိသန္ဓာရ စကားဖြင့် နှုတ်ဆက်လေ့ရှိသော်လည်း ဤအိမ်ပြောင်းပြီးမှ သူတခါမျှ မဖျားနာဖူးမှန်း နာရီပြင်ဆရာ သိပါသည်။
'ကောင်းပါတယ်ဗျာ'
ည အိပ်မပျော်တာတခုပဲ ဟု သူဆက်ပြောချင်သေးသော်လည်း ပြောမထွက်ပေ။ သူက ဟိုဘက်အိမ်ကနေ အိပ်ရေးပျက်နေရလျှင် နာရီပြင်ဆရာအဖို့ မည်သို့ရှိမည်နည်းဟု ကိုယ်ချင်းစာလိုက်သောကြောင့် ဖြစ်သည်။
'ဟိုနာရီကြီးက အသံတော်တော်ကျယ်တယ်နော်' ဟု သူ စကား စလိုက်သောအခါ နာရီပြင်ဆရာက ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ခေါင်းညိတ်၏။
'အေးဗျ၊ ခင်ဗျားသယ်လာတဲ့ နာရီကြီးလေ၊ သူ့ထိုးစက် သံချောင်းတွေက တော်တော် သန်ပြီး တုတ်တယ်ဗျ၊ အသံမာတာပေါ့ဗျာ'
'အဲဒါ ဘယ်နိုင်ငံက လုပ်တာလဲ'
နာရီများကို သိတ်စိတ်မဝင်စားသူ သူ့ထံမှ ဤမေးခွန်းကို ကြားရသောအခါ နာရီပြင်ဆရာက မျက်ခုံးပင့်ကြည့်ကာ သဘောကျသွားဟန် တူပါသည်။
'အမေရိကန်ပေါ့ဗျာ'
အံ့သြစရာပါပဲ။ သူသည် အမေရိကန်ပြည်ထောင်စုကို ယခင်က အလွန် အထင်ကြီး ခဲ့သည်။ ယခုတော့ တိုင်ကပ်နာရီတလုံးကြောင့် အမေရိကန် နာမည်ပျက်ရပေတော့မည်။ အင်းလေ...... နှစ်ပေါင်းများစွာ ကြာပြီး နောက် ဤနာရီသည် နဂိုက ပစ္စည်းချည်း မည်သို့ဖြစ် နိုင်မည်နည်း။ မြန်မာပြည်တွင် ပြုလုပ်ဖန်တီး၍ ပြင်ဆင် ထည့်သွင်းသောပစ္စည်းရော မဖြစ်နိုင် ဘူးလား။
'စက်သောမ (Set Thomas) အမျိုးအစားဗျ၊ သိပ်ကောင်း တယ်၊ ခိုင်တယ်၊ ဟိုတုန်းက နာမည်ကြီးပေါ့ဗျာ၊ ရွှေဈေး အစိတ်တုန်းက ငါးဆယ်ပေးရတဲ့ နာရီအမျိုးအစားဗျ'
ဤ နာရီပြင်ဆရာ၏အကျင့်မှာ သူ့နာရီများ (သို့မဟုတ်) သူကိုင်တွယ် ပြင်ဆင်ရသော နာရီများကို တန်ဖိုးပြောပြတိုင်း ယခင်နှစ်ပေါင်းများစွာက ရွှေတကျပ်သား ဈေးဖြင့်နှိုင်းယှဉ် လေ့ရှိသည်။
'ဟောဟို ခင်ဗျားနောက်က နာရီကိုကြည့်၊ အဲဒါ ဂျာမဏီနိုင်ငံက လုပ်တာ'
သူ့နောက်လှည့်ကြည့်လိုက်တော့ သူ့နောက်နံရံမှာ မင်းဂွတ်သီးရောင် ဖျော့ဖျော့နုနု လေးထောင့်နာရီတလုံးကို မြင်ရသည်။
'သိပ် အသံသာတဲ့ နာရီ၊ ကျုပ်ကိုင်ဖူးသမျှ သံစုံနာရီတွေထဲမှာတော့ အကောင်းဆုံးပဲ'
နာရီဒိုင်ခွက် မျက်နှာပြင်မှာ ငွေရောင်ဖြစ်ပြီး မောင်ကိုနှင့်ညီများဟု ခံ့ထည်သော မြန်မာစာလုံး ပါသည်။
'မောင်ကို ဟုတ်လား၊ ဂျာမဏီဆိုဗျ'
'အေးလေ၊ ဒါက မြန်မာနိုင်ငံရောက်မှရေးတဲ့ နာမည်ဖြစ်မှာပေါ့၊ ဂျာမဏီကုမ္ပဏီနဲ့ ဆက်သွယ်ပေးတဲ့ မြန်မာကုမ္ပဏီနာမည် ဖြစ်ချင်ဖြစ် မယ်လေ၊ တကယ်တော့ ဒီနာရီရဲ့ စက်မှာ ဂျာမဏီလို့ရေးထားတာပဲ'
သူ သိပ်နှစ်သက်သော သံစုံတီးခတ်မှုမှာ ဤနာရီမှဖြစ်လိမ့်မည်ဟု သူမှန်းဆကြည့်မိ၏။ ချိန်သီးအိမ်၏ ရှေ့မှန်က ထုကောင်းပြီး ရှေးက ကြည့်မှန်ပြုလုပ်သော နိုင်ငံခြားမှန် အမျိုး အစားဟု ထင်သည်။ အထဲက ချိန်သီးမှာ သတ္တုရောင်လက်နေပြီး ဖြည်းလေးစွာ လွှဲယမ်းနေ၏။
'ဒီကောင်က ၁၅ မိနစ်တခါထိုးတာလေ'
သေချာသည်။ သူအနှစ်သက်ဆုံးနာရီမှာ ဤနာရီဖြစ်ပေသည်။
'ဘယ်သူ့နာရီလဲဗျ'
'ကျုပ်ဝယ်ထားလိုက်တာဗျ၊ နှစ်နှစ် ရှိပြီ၊ ကိုးရာနဲ့ဝယ်ထား လိုက်တာ'
သူအံ့သြသွား၏။ ပုံစံခပ်ဟောင်းဟောင်း ရှေးတိုင်ကပ်နာရီတလုံး။ ကိုးရာတန်ဘိုးရှိမှန်း သူမသိခဲ့ပေ။
'ဈေးများလှချည်လား'
ထိုအခါနာရီပြင်ဆရာက သဘောကျစွာရယ်၏။
'အဲဒီနာရီကို နှစ်ထောင်နဲ့ လာဝယ်တဲ့သူရှိတယ်၊ ကျုပ်မရောင်းဘူး၊ သံစုံနာရီချင်းယှဉ် ရင်လည်း သူကသာတယ်၊ ဒီကောင့်အသံက ခုခေတ် ဂျပန်သံစုံနာရီထိုးသံတွေလို ကလက် တက်တက် မဟုတ်ဘူး၊ ခံ့ညားတယ်'
သူတအံ့တသြပြုံးမိသည်။
'ခုချိန်ထိ နှစ်နှစ်ရှိပြီ၊ တခါမှ ပြန်မပြင်ရသေးဘူး၊ သူ့ထိုးစက်ချောင်းတွေက ကြေးချောင်း တွေလေ၊ သံချောင်းမဟုတ်ဘူး၊ သံချေးမတက်ဘူး၊ အက်သံမပါဘူး လိုဏ်သံပေါက်ပြီး ကြည်လင်နေတယ်၊ ရွှေဈေးအစိတ်တုန်းက တရာ့အစိတ်ပေးရတဲ့ နာရီပဲဥစ္စာ၊ ခင်ဗျားစဉ်းစား ကြည့်လေ.... အခု ရွှေဈေးနဲ့များ တွက်ကြည့်လိုက်စမ်းပါဦး၊ ဘယ်လောက်အဖိုးတန်သလဲဆို တာ'
ဤလူသည် လျင်မြန်စွာ ပြောင်းလဲတိုးတက်လာသော စက်မှုသိပ္ပံ ပညာကို ထည့်တွက်ဟန်မတူပေ။
ဤကိစ္စထက်အရေးကြီးသည်မှာ အသံကျယ်လောင်လွန်းလှသော အမေရိကန်နာရီကြီး ၏ ပြဿနာဖြစ်သည်။
'အဲဒီ အမေရိကန်ကြီးကော ပြင်ပြီးသွားပြီလား၊ ပြန်ယူရင်တော့ သူ့ဟာသူ လာယူပါစေ ဗျာ၊ ကျွန်တော် အဲဒါကြီးနဲ့ နောက်တကြိမ် လမ်းမှာ ဒုက္ခမရောက်ချင်ဘူး'
ထိုအခါ နာရီပြင်ဆရာက ပြုံး၏။
'ကျုပ် အဲဒီနာရီကို ဝယ်လိုက်ပြီဗျ၊ ပြင်ခ မတတ်နိုင်လို့ ငွေလဲလို နေလို့ဆိုပြီး တနေ့ကပဲ ကျုပ်ကို အပြီးရောင်းသွားတယ်လေ၊ ကြည့်စမ်းပါဦးဗျာ.... ဘယ်လောက် ကြီးမားခံ့ညား လိုက်သလဲလို့'
'မြတ်စွာဘုရား'
လက်စသတ်တော့ ဤနာရီသံ၏ ဒုက္ခကို သူတသက်လုံး ခံစားနေရတော့မှာပါလား၊ သူလုံးဝစကားမပြောနိုင်ပဲ ငိုင်ကျသွားတော့သည်။
ထိုအချိန်မှစ၍ ဤအမေရိကန်နာရီကြီးသည် သူ့အား ညစဉ် အနှောင့်အယှက်ပေး လေသည်။ ဒီအသံကြီးနဲ့ နာရီပြင်ဆရာ ဘယ့်နှယ့် လုပ်ပြီး အိပ်ပျော်ပါလိမ့်မလဲ။ အင်းလေ... သူက ၇ဝ ကျော် အဘိုးကြီးပဲ၊ နားလေးနေတာလဲ ဖြစ်နိုင်တာပေါ့။ ဤနာရီသံကတော့ သူတို့ တရပ်ကွက်လုံး နာရီထကြည့်စရာမလိုအောင် အသံမြည်လှသည်။ မန္တလေးမြို့တော်ခန်းမမှ နာရီထိုးသံလို သာယာသောဂီတသံ ဆိုလျှင်တော့ ပြောစရာမရှိပါ။ ယခုတော့ အက်ကွဲသံကြီး ဒုံကနဲမြည်ပြီးတိုင်း နောက်ဆက်တွဲ ဂျရစ် ဂျရစ် အသံကြီးမှာ သူ့အား သွားကျိန်းစေပေသည်။
ရက်မှလသို့ ချဉ်းကပ်လာသည့်တိုင်အောင် သူ့အား ဤနာရီက အနှောင့်အယှက် ပေးဆဲ။ သူအိပ်ရေးမဝပဲ နိုးလာရပေါင်း များလာသောအခါသူ မလှုပ်ရှားချင်သလိုလို၊ ညောင်းညာနာကျင်သလိုလို၊ မူးဝေနောက် ကျိသလိုလို ဖြစ်လာသည်။ မကြာခဏ ဆေးခန်း သွားပြပြီး ဆေးထိုးခံရသည်။
'အဲဒီ နာရီကြီးကို ခင်ဗျားပြန်ရောင်းမယ်ရော စိတ်ကူးသေးလား'
'ဟာ..... ရောင်းမှာပေါ့ဗျာ၊ ကျုပ်အတွက် ဟောဟို သံစုံနာရီ ရှိနေရင် ပြီးရော'
သို့သော် ဤမျှ ကြီးမားလေးလံသော ပုံစံခပ်တုံးတုံး နာရီကြီးကို အသံမကြားရဘဲနဲ့ တောင် ဝယ်ချင်သူရှိမှာမဟုတ်ဟု သူလောင်းရဲသည်။
သူထင်သည့်အတိုင်းပင် ဤနာရီကြီးသည် နာရီပြင်ဆရာ၏ အိမ်တွင် မားမားကြီး ချိတ်ထားခံရဆဲ၊ ညစဉ် ဝတ္တရားအဖြစ် သူ့အား လေးလံသော စောင်ခြုံထဲအထိ အသံကြောင် ကြီးဖြင့် နှောင့်ယှက်ဆဲသာဖြစ်သည်။ ကြာတော့ နာရီကြီးကို သူ ခါးခါးသီးသီး မုန်းတီးလာ သည်။
နေစမ်းပါဦး၊ ဤကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းရန်နည်း တခုခုတော့ ရှိရမှာပေါ့။ အကောင်းဆုံးနည်းမှာ ဤနာရီကြီးကို ရိုက်ခွဲဖျက်ဆီးပစ်ဖို့ပဲ သူစိတ်ပေါက်ပေါက်ဖြင့် တွေးမိ သေးသည်။
ထိုးစက်သံချောင်းတွေက သန်မာပြီးတုတ်တယ်ဆိုပဲ၊ အဲဒါတွေကို ပျော့တဲ့သံချောင်း ခပ်သေးသေးဖြင့် လဲခိုင်းရလျှင် ကောင်းမည်။ သို့သော် ဤကိစ္စသည် သူ့အဖို့တော့ သူများ ကိုယ်ရေးကိုယ်တာထဲ ဝင်စွက်ခြင်းသာဖြစ်သည်။ ဒါဟာ သူ့နာရီမှ မဟုတ်ဘဲ။
သို့မဟုတ် သံချောင်းကို လာထုသော (ကြေးသတ္တုဖြင့်ပြုလုပ်သည့်) တူကလေးကို အသံသိပ်မကျယ်အောင်လုပ်တဲ့နည်း ရှိချင်ရှိမှာပေါ့။ ဥပမာ-တူကလေးကို သင်္ဘော ဆေးသုတ်ခြင်း၊ သို့မဟုတ် စက္ကူပတ်ခြင်း၊ ထို့နောက် သူ့အတွေးသူ သဘောကျစွာ အသံထွက် ရယ်လိုက်မိ၏။ မဟုတ်သေးပါဘူးလေ။
တိုင်ကပ်နာရီတလုံးမှာ စက်နှစ်မျိုးပါမှန်း သူသိသည်။ နာရီသွားသောစက်၊ နာရီထိုးသောစက်ဟူ၍ ဖြစ်သည်။ နာရီကို သံပတ်ပေးလျှင် နာရီပြင်ဆရာသည် ဒိုင်ခွက် အောက်မှ အပေါက်နှစ်ပေါက်ထဲသို့ သော့တံဖြင့် ထိုးသွင်းလှည့်ယူ၍ သံပတ်ပေးတာ မြင်ဖူးသည်။ ထိုးစက်သံပတ်ကုန်လျှင် နာရီသံ ကြားရတော့မှာမဟုတ်ဘူး။ ဤအချက်က သေချာသည်။ သူပျော်ရွှင်သွား၏။ သို့သော်.....
နောက်ဆုံးတွင် သူသည် တခုတည်းသော နည်းလမ်းကိုသာ စဉ်းစား၍ ရ၏။
'ခင်ဗျားနာရီကို ဘယ်လောက်ရရင် ရောင်းမလဲဗျ..... ဟင်'
နာရီပြင်ဆရာက သူ့ကိုတအံ့တသြမော့ကြည့်ကာ
'ခင်ဗျား လိုချင်လို့လား' ဟုမေးသည်။
'အေးဗျာ'
သူ့အသံမှာ အားနည်းလှသည်ကို နာရီပြင်ဆရာက ဂရုထားမိဟန် မတူပါ။ အားရပါးရ ပြုံးရယ်လျှက် လက်ဖဝါးနှစ်ဖက်ကို ကျေနပ်စွာပွတ်သပ်ကာ ခေါင်းတဆတ်ဆတ်ညိတ် လေသည်။
'ခင်ဗျားယူရင်တော့ လျှော့ပေးမှာပေါ့ဗျာ၊ နှစ်ရာ့ငါးဆယ်ပဲ ပေးပါ'
တော်ပါသေးရဲ့၊ ရွှေဈေးအကြောင်းမပြောပေလို့။ သူစိတ်သက်သာရာ ရသွားသည်။ ငွေနှစ်ရာ့ငါးဆယ်မှာ နောက်ထပ်ဆေးခန်း ၅ ခါ သွားရလျှင် ကုန်မှာပဲ။ ဤနာရီကို ဝယ်ယူလိုက် ခြင်းအားဖြင့် ဆေးခန်းသွားရမည့် ဒုက္ခမှ လွတ်မြောက်လျှင် သူ့အတွက်တော့ ကျေနပ်နှစ်သိမ့် ဖွယ်ရာ ဖြစ်ပေသည်။
'ခင်ဗျား အိမ်နံရံမှာ ကျုပ်လိုက်ပြီး ချိတ်ပေးပါ့မယ်၊ တခါတလေ နာရီတွေက ချိတ်ပုံ ဟန်မကျရင် မသွားချင်ဘူးဗျ၊ ဒေါင်လိုက်တည့်တည့် မဟုတ်ပဲ နည်းနည်းစောင်းသွားရင် စက်မမှန်ချင်ဘူး'
ကျေးဇူးကြီးမားလှပါသည်။ သို့သော်ဤကိစ္စမှာ သူ့အတွက် အရေး မကြီးလှပါ။
'ထိုးစက်သံပတ်က ဘယ်ဥစ္စာလဲဗျ'
'ဟောဒီဘက်က ဟာပေါ့၊ ခင်ဗျား တခါသံပတ်ပေးထားပြီးရင် တပတ်လောက် အနည်းဆုံးမေ့ထားလို့ရတယ်၊ သူ့သံပတ်က အော်ရီဂျင်နယ်တွေ၊ အက်ရာဆက်ရာ ဘာမှမရှိ ဘူး၊ သန်သလားမမေးနဲ့'
နာရီပြင်ဆရာသည် သံပတ်ပေးပုံ ပေးနည်းကအစ အသေအချာ ပြသသွား၏။
သူသည် နာရီသံပတ်ကို ဂရုတစိုက်ပေး၏။ ထိုသို့ သံပတ်ပေးရာတွင် သွားစက်သံပတ် ကိုသာ ပေးလျက် ထိုးစက်သံပတ်ကို အမြဲတမ်း ချန်လှပ်ခဲ့သည်။ ထို့ကြောင့် နာရီသည် လုံးဝ မထိုးတော့ချေ။ ဤသို့ဖြင့် နာရီကို ဝယ်ယူပြီး တပတ်အကြာတွင် သူ သက်တောင့်သက်သာ အိပ်ပျော်သွား သောအကျင့်ကို ပြန်လည်ရရှိလာခဲ့သည်။
သူ့ဘဝတွင် သူမုန်းတီးသော အရာဝတ္ထုတခုကို အပိုင်ဝယ်ယူ ပစ်လိုက်ခြင်းမှာ ဤတကြိမ်သာ ရှိသေးသည်။

ဂျူး

မိတ်ဆွေ ဘယ်လဲ ဘာလဲရေးသူ- လူထုစိန်ဝင်း


မိတ်ဆွေ....
သင့်အိမ်ထဲကို တဖက်ခြံက မွေးကင်းစ မြွေပွေးတကောင် တိုးဝင် ရောက်ရှိလာတယ် ဆိုရင် သင်ဘာလုပ်မလဲ။
အမိဝမ်းဗိုက်က ထွက်လာကာစကလေး သနားပါတယ်ဆိုပြီး နို့တိုက်မွေးမြူထား မလား။
ဒါမှမဟုတ်။ တနေ့နေ့မှာ ကိုယ့်အိမ်က ကလေးတွေကို ကိုက်သတ်မယ့် အန္တရာယ် ကောင်လေးလို့ သဘေထားပြီး ရိုက်သတ်ပစ်လိုက်မလား။
မြွေပွေးလေးတကောင်မဟုတ်ဘဲ၊ မျက်လုံးကလေးတောင် ကောင်းကောင်း မဖွင့်တတ် သေးတဲ့ မွေးကင်းစ ကြောင်ငယ်ကလေးတကောင်ကို တွေ့လိုက်ရမယ်ဆိုရင်တော့ မိတ်ဆွေ ဘာလုပ်မလဲ။


ဒီ ဒုတိယမေးခွန်းကို မိတ်ဆွေဘယ်လိုဖြေမယ်ဆိုတာ လူတိုင်းဆဝါး မိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်လို လူသားမျိုးမဆို ကြောင်သတ္တဝါကို ရွံတတ်မုန်းတတ်သူ ဖြစ်စေအုံးတော့ မွေးကင်းစ သနားစရာ သတ္တဝါလေးတကောင် တကျီကျီ တကျာကျာနဲ့ အော်မြည်နေတာကို မြင်တွေ့လိုက်ရရင် သနားဂရုဏာ သက်ဝင်ပြီး ရင်ခွင်ထဲပွေ့ ပိုက်ထား မိကြမှာ။ နို့ရှာပြီး တိုက်မိကြမှာချည့် ဖြစ်လို့ပါ။ ပထမမေးခွန်းရဲ့ အဖြေကို ဆဝါးမိဖို့ကြတော့ သိတ်မလွယ်လှပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖြေတဲ့လူရဲ့ အတွေးအခေါ်ကို လိုက်ပြီး အဖြေ အမျိုးမျိုး ထွက်လာနိုင်လို့ပါ။
မိတ်ဆွေဟာ မြွေပွေးဆိုတာ ကြီးကြီးငယ်ငယ် မြွေပွေးပဲ။ အဆိပ်နဲ့၊ အစွယ်နဲ့၊ လူကို သေစေအန္တရာယ်ဖြစ်စေတဲ့ သတ္တဝါပဲလို့ တွေးမိမယ်ဆိုရင် ကျောက်တုံးကြီးကြီးတတုံးယူပြီး ထုသတ်လိုက်မှာပါ။
မိတ်ဆွေဟာ မြွေပွေးကို မြွေပွေးလို့မတွေးပဲ မွေးကင်းစ သနားစရာ သတ္တဝါ ကလေးတခု အဖြစ်နဲ့သာ တွေးမိမယ်ဆိုရင်တော့ နို့တိုက်ပြီး မွေးမြူထားမိမှာပါ။
မိတ်ဆွေဟာ မြွေပွေးကို မြွေပွေးလို့တွေးမိပေမယ့် လတ်တလော အန္တရာယ် မဖြစ်စေတာရယ်၊ ဘေးလူတွေက ရက်စက်ကြမ်းကြုတ်သူ တဦးရယ်လို့ အထင်ခံရမှာ စိုးရိမ် တာရယ်ကြောင့် တုတ်ကလေး တချောင်းနဲ့ ကော်ပြီး နီးရာချုံပုတ်တခု ထဲပစ်ထည့်လိုက်မိ ပါလိမ့်မယ်။
မိတ်ဆွေ....
သင် ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။
မိတ်ဆွေ....
သင်ဟာ ရိုးရိုးလူသာမန်တဦး မဟုတ်ပဲ၊ စာတိုပေစ အဖတ်အရှု အလေ့အလာ ဝါသနာ ထုံသူတဦး ဖြစ်နေမယ်ဆိုရင် ပြီးတော့ မြန်မာပြည်မှာနေပြီး မြန်မာစကားပြောတဲ့ မြန်မာလူမျိုး တဦး ဖြစ်နေမယ်ဆိုရင် မေးခွန်းကို ပုံစံပြောင်းပြီး မေးကြည့်ပါရစေ။
ဒီနေ့ မြန်မာစာပေနယ်အတွင်းကို မျက်မှောက်ခေတ် မြန်မာပြည်သူတွေရဲ့ ဖြစ်ပေါ် တိုးတက်မှုအဆင့်၊ ပကတိအခြေအနေတို့နဲ့ နည်းနည်းလေးမှ မအပ်စပ်တဲ့၊ ဖြစ်တည်မှု ပဓါနဝါဒတို့၊ ကပ်ဖကာဝါဒတို့၊ ဆာရီယယ်ဝါဒတို့စတဲ့ စိတ္တဇစာပေ အယူအဆဝါဒ အမျိုးမျိုး တွေ၊ ကာလလရေကြည် သန္ဓေတည်အောင် အစွမ်းကုန်ကြိုးစားအားထုတ် နေကြတာ တွေကို.....

မိတ်ဆွေ ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။
ဒီ စိတ္တဇ စာပေဝါဒတွေကို သွတ်သွင်းလာကြခြင်းဟာ ပြည်သူပြည်သားတွေ အထူး သဖြင့် လူငယ်လူရွယ်လေးတွေကို မိမိတို့ရဲ့ ပကတိ အခြေအနေမှန်ကို မျက်ခြည်ပြတ်သွား အောင် တမင်တကာ ရည်ရွယ်ချက် ရှိရှိနဲ့ မျက်စိထဲ သဲပက်ပြီး လမ်းလွှဲကို ဆွဲခေါ်သွားဖို့ လုပ်ဆောင်နေပါလားလို့ ရှုတ်ချမလား။
ဒါမှမဟုတ် စာပေတို့ အနုပညာတို့ဆိုတာ ပုံသဏ္ဍာန် အမျိုးမျိုးရှိနေအောင် ဆန်းသစ် တီထွင်နေကြရတာဖြစ်တယ်။ ဆန်းသစ်တာ မှန်သမျှ အားလုံးကို လက်ခံရမယ်လို့တွေးပြီး၊ အဲဒီ စိတ္တဇအယူဝါဒတွေကို ကြိုဆိုထွေးပိုက်ထားမလား။
ဒါမှမဟုတ် သမိုင်းအချိုးအကွေ့တခုကို ကြုံကြိုက်တဲ့အခါတိုင်း အခါတိုင်းမှာ လှိုင်းဂယက်ကလေးတွေ ထတတ်မြဲ ဖြစ်တယ်။ နောင်ကျတော့လဲ အချိန်က ဆုံးဖြတ်သွား ပါလိမ့်မယ်။ သမိုင်းက သက်မှတ်ပေးသွားပါလိမ့်မယ်။ ဒါမျိုးတွေဟာ လက်ဖက်ရည်ပန်းကန် ထဲမှာကျတဲ့ မုန်တိုင်းလောက်သာရှိပါတယ်။ ဘာမှ ကြီးကြီးကျယ်ကျယ် အန္တရာယ် မပြုနိုင်ပါ ဘူး။ ဒါကြောင့် ဘာမှဝင် ရှုတ်ချတားဆီးတာတွေ လုပ်ဖို့မလိုပါဘူး လို့တွေးပြီး ကိုယ်ထိုးမြဲ တယောလေးကိုပဲ အေးအေးဆေးဆေး ဆက်ထိုးနေလိုက်မလား။

မိတ်ဆွေ
သင်ဘယ်လိုတွေးပြီး၊ ဘယ်လိုပြောမယ်ဆိုတာ ဘယ်သူမှ သိထားနိုင်မယ် မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့အဖြေဟာ သင်ဘယ် နေရာက ရပ်ကြည့်နေသလဲဆိုတဲ့ အပေါ်မှာတည်နေလို့ပါ။
လူတယောက်ရဲ့ အမြင်ဆိုတာ သူရပ်ကြည့်နေတဲ့နေရာ အပေါ်မှာတည်ပြီး ဖြစ်လာရ တာပါ။ အဲဒီအမြင်ကို အခြေခံပြီးမှ သူ့အတွေး၊ သူ့ဆုံး ဖြတ်ချက်တို့ ဖြစ်ပေါ်လာရပါတယ်။
အဲဒါကြောင့် မိတ်ဆွေရဲ့ အတွေးနဲ့ မိတ်ဆွေရဲ့ အဖြေကို ဘယ်သူမှ မှန်မှန်ကန်ကန် သိထားနိုင်စွမ်း ရှိမယ်မဟုတ်ပါဘူး။ ကျွန်တော်လည်း မသိထားနိုင်ပါဘူး။
ဒါပေမယ့် ဒီမေးခွန်းသုံးခု မေးဖို့ဖြစ်လာရတဲ့ အခြေခံအကြောင်းတရားတွေ အကြောင်း ကိုတော့ ကျွန်တော်ရှင်းပြနိုင်ပါတယ်။ အဲဒီအခြေခံ အကြောင်းတရားတွေကို ဆင်ခြင်သုံးသပ် ကြည့်ပါ။ လေးလေးနက်နက် တွေးကြည့်ပါ။ ရှေ့ကိုလှမ်းမျှော်ကြည့်သလို အတိတ်ကိုလည်း ပြန်သုံးသပ် ကြည့်ပါ။ လတ်တလော ပစ္စုပ္ပန်မျက်မွေးတထောက်ကလေးကိုသာ မကြည့်ဘဲ မျက်စိတဆုံး ထိမျှော်ကြည့်လိုက်ပါ။ ပြီးတော့ မိတ်ဆွေကိုယ်တိုင်ရဲ့ အတွေးအမြင်အသိနဲ့ ကြိုက်သလို ဆုံးဖြတ်ပြီး အဖြေထုတ်လိုက်ပါ။ အဲဒီအဖြေဟာ ကျွန်တော်နဲ့ သဘောထား ကိုက်ညီတဲ့ အဖြေဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ မညီပေ မတူပေမယ့်လည်း မိတ်ဆွေရဲ့အဖြေက အငှားတွေး၊ အငှားမြင်၊ အငှားသိကပေါ်ထွက်လာတဲ့ သူများရဲ့ခေါင်းထဲက အတွေးကို မိတ်ဆွေရဲ့ အငှားပါးစပ်က ပြောပေးတဲ့ အဖြေမဟုတ်ပဲ မိတ်ဆွေရဲ့ ကိုယ်တိုင်အတွေး၊ ကိုယ်တိုင်အမြင်၊ ကိုယ်တိုင်အသိက ပေါ်ထွက်လာတဲ့ အဖြေဖြစ်တယ်ဆိုရင် ကျွန်တော် လေးစားပါတယ်။ တန်ဖိုးထားပါမယ်။ လက်ခံသင့်တဲ့ အဖြေလို့ထင်ရင်လည်း ကျွန်တော့်အဖြေကို ကြက်ခြေခတ်ပစ်လိုက်ပြီး မိတ်ဆွေရဲ့အဖြေကို ပြောင်းလဲလက်ခံပါ့မယ်။
အမှန်တရားကို ရှာကြတဲ့အခါမှာ မျက်စိကိုဖွင့် နားကိုစွင့်ထားဖို့ လိုအပ်တယ်လို့ ကျွန်တော်ခံယူပါတယ်။
ကဲ အခု ကျွန်တော် မေးခွန်းသုံးခု ပေါ်ထွက်လာစေတဲ့ အခြေခံအကြောင်းတရားကို ရှင်းပြပါရစေ။
ဒီနေ့ မြန်မာစာပေလောကမှာ လက်ချိုးရေတွက်ရင် လက်နှစ်ဖက်တောင် ပြည့်အောင် မရှိတဲ့ လူတစုက မြန်မာပြည်သူတွေရဲ့ ပကတိ အခြေအနေကို လုံးဝမျက်ကွယ် ပြုထား ရုံသာမက လူငယ်လူရွယ်လေးတွေ အားလုံးကိုပါ ပကတိအခြေအနေကို မျက်ခြည်ပြတ်သွား အောင် ရည်ရွယ်ချက်ရှိရှိနဲ့ အနောက်နိုင်ငံတွေက ဗုံမဟုတ်ပတ်မဟုတ် စိတ္တဇစာပေ အယူအဆတွေ သွတ်သွင်းပေးနေကြပါတယ်။ သူတို့သွတ်သွင်းလာတဲ့ စာပေအယူအဆ ဆိုတာတွေဟာ တကယ်တော့ တိုးတက်ပါတယ်လို့ နာမည်ကောင်း ယူချင်ပြီး တိုးတက်တဲ့ သူတွေရဲ့ အလုပ်မျိုးကို မလုပ်နိုင်တဲ့၊ မလုပ်ရဲ့တဲ့၊ အချောင်သမားတွေရဲ့ ဆင်ခြေလုံးတွေသာ ဖြစ်ပါတယ်။ အတ္တသမားတွေရဲ့သမားဂုဏ်ပြဝါဒတွေသာ ဖြစ်ကြပါတယ်။
ဒါတွေကို တချို့က လူငယ်တွေရဲ့အသံလို့ လွဲမှားစွာ ထင်မှတ်နေကြပါတယ်။ လူငယ်တွေကို တီထွင်ခွင့်တွေပေးကြပါ။ ဆန်းသစ်ခွင့်တွေ ပြုကြပါ။ လူငယ်တွေရဲ့ လွတ်လပ်တဲ့ ဆန္ဒပြုသံတွေကို ပိတ်ပင်တားဆီးမလုပ်ကြပါနဲ့ ဆိုတဲ့စကားမျိုးတွေလဲ ပြော တတ်ကြပါတယ်။ လူငယ်၊ လူငယ်နဲ့သာပြောနေကြတာ ဘယ်လိုလူငယ်လဲဆိုတာတော့ ခွဲခွဲခြားခြား မပြောကြပါဘူး။ ဂျာမဏီနိုင်ငံမှရှိတဲ့ တူရကီ လူမျိုးတွေရဲ့ အိမ်တွေကို လိုက်ပြီးမီးရှို့နေတာ၊ တအိမ်သားလုံး ကလေးတွေပါမကျန် မီးလောင်တိုက်သွင်းနေတာစတဲ့ လုပ်ရပ်မျိုးတွေကို လုပ်နေတဲ့ နာဇီ လက်သစ် လူငယ်မျိုးတွေလား။
အမေရိကန်နိုင်ငံမှရှိတဲ့ လူမည်းဘုရားရှိခိုးကျောင်းတွေကို မီးလိုက် ရှို့နေကြတဲ့ ကေသုံးလုံးဂိုဏ်းသား လူငယ်မျိုးတွေလား။
ဂျပန်ပြည်ထဲမှာရှိနေတဲ့ ပါကစ္စတန်နိုင်ငံသားတွေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို မော်တော်ဆိုင်ကယ်တွေနဲ့လိုက်တိုက်၊ ချိန်းကြိုးတွေနဲ့ရိုက် လုပ်နေကြတဲ့ Hell's Angels လမ်းသရဲဂိုဏ်းသား လူငယ်မျိုးတွေလား။
ဒီလိုလူငယ်မျိုးတွေကိုတော့ ကျွန်တော်တို့ အားမပေးနိုင်ပါဘူး။ တီထွင် ဆန်းသစ်တယ် ဆိုတိုင်းလည်း မထောက်ခံသင့်ပါဘူး။ အနုမြူဗုံးတို့၊ ဓာတုဗေဒနဲ့ အဆိပ်ငွေ့ဗုံးတို့၊ ရောဂါပိုးမွှားဗုံးတို့၊ နပန်းလောင်မီးဗုံးတို့ စတဲ့ တီထွင်မှုတွေကို ကျွန်တော်တို့ ထောက်ခံကြ ရမှာလား။ ဆန်းတိုင်း၊သစ်တိုင်း ထွင်တိုင်းလည်း ကောင်းတာမဟုတ်ပါဘူး။ လူသားတွေကို အကျိုးရှိစေတဲ့၊ ဆန်းသစ်တီထွင်မှုမျိုးသာ လိုလားအပ်ပါတယ်။
လူသားတွေရဲ့ ဦးဏှောက်ကို အဆိပ်ကျွေးတဲ့၊ အယူအဆမှန်သမျှ၊ ဝါဒမှန်သမျှ၊ လုပ်ရပ်မှန်သမျှ ရှုတ်ချကြရပါမယ်။ ကိုယ့်တယောလေး ကိုယ်ထိုးပြီး အေးအေးနေမယ်ဆိုရင် တော့ အဆိပ်ပင်လေးတွေ တနေ့တခြား ကြီးထွားလာပါလိမ့်မယ်။ မြွေပွေးလေးက မြွေပွေးကြီး ဖြစ်သွားပါ လိမ့်မယ်။ မြွေပွေးကြီးကနေ မြွေပွေးလေးတွေ အရာအထောင် ဖြစ်သွားပါ လိမ့်မယ်။
အဲဒီ အခြေခံအကြောင်းတရားတွေကြောင့် ကျွန်တော်ရဲ့ မေးခွန်းသုံးခု ပေါ်ထွက်လာရ တာပါ။
ဒီအခြေခံ အကြောင်းတရားတွေကို နက်နက်နဲနဲ ဆင်ခြင်ပြီး မေးခွန်းတွေကို ဖြေကြည့်လိုက်ပါ မိတ်ဆွေ။
မှန်တာနဲ့ မှားတာ၊ တရားတာနဲ့ မတရားတာတို့မှာ ကြားဆိုတာ မရှိပါဘူး။ ဓမ္မနဲ့ အဓမ္မတို့ မှာလည်း ကြားဆိုတာ မရှိပါဘူး။
ကဲ..... မိတ်ဆွေ......
ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။

လူထုစိန်ဝင်း။
မဏ္ဍိုင် မဂ္ဂဇင်း။ ၁၉၉၇၊ ဂျူလိုင်လ။

(မော်ဒန်လက်ဖက်ရည်ပန်းကန်ထဲက မုန်တိုင်းငယ်နှင့် အခြားဆောင်းပါးများ စာအုပ်၊ ပထမအကြိမ် ၁၉၉၉၊ စာမျက်နှာ ၈၁ မှ ကူးယူဖော်ပြပါတယ်)

You received this email because you are subscribed to the real_time feed for http://mayaonlinemagazine.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.