Wednesday, November 19, 2008

[တောင်ငူသား] 1 New Entry: ဘယ်သူပြောရဲလဲ

ဘယ်သူပြောရဲလဲ

ရေခြားမြေခြားမှာ ရောက်နေရတော့ မြန်မာအစားအစာဆိုရင် အရမ်းလွမ်းတယ်။ ပြောမဲ့သာ ပြောတာပါ။ တိုင်းတပါးမှာ ဒီနိုင်ငံလောက် မြန်မာအစာ အလွယ်တကူစားနိုင်တာ မရှိသေးဘူးထင်တယ်။ အိမ်မှာလည်း အမြဲချက်စားနေတာပါပဲ။ ဟင်းချက်ဖို့ လိုချင်တဲ့ မြန်မာအမယ်တွေလည်း စုံစုံလင်လင်ဝယ်လို့ရတာကိုး။ တကယ်တော့ ကျွန်တော် ဒီမရောက်ခင်က ဘာမှ မချက်တတ်ဘူး။ ကြက်ဥကြော်လောက်၊ ကြက်သားစော်ဘွားချက်လောက်ပဲ ချက်တတ်ခဲ့တာ။ ငယ်ငယ်က အမေနဲ့ အဖွားချက်တာကို မြင်ဖူးနေတော့ အဲဒီအတိုင်း မှတ်မိတာတွေ ချက်ကြည့်တယ်။ အမေ့ကို ဖုန်းဆက်လို့ကြုံရင် ပြန်မေးတယ်။


ချက်ကာစကဆိုရင် ဘာဟင်းချက်ချက် မျက်လုံးထဲမြင်တာ အကုန်ကောက်ထည့်တာပဲ။ တစ်ခါတစ်လေလဲ အဆင်ပြေပြီး စားကောင်းနေတယ်။ တစ်ခါတစ်လေ ဘာဟင်းမှန်းမသိ အရသာကဆိုး စားမဲ့သူမရှိတော့ လွှင့်ပစ်လိုက်ရတာပဲ။ နောက်ပိုင်း ဟင်းချက်သက်လေး နည်းနည်းရလာတော့မှ လက်စွမ်းထက်လာတယ်။ အခုဆို ကျွန်တော့်လက်ရာ စပါယ်ရှယ်ဟင်းတချို့ဆို သူငယ်ချင်းတွေကြားထဲ နာမည်ကြီးပဲ။ ကောင်မလေးတွေဆို ညာညာပြီး ချက်ကျွေးခိုင်းနေကြ။ ကျွန်တော်တို့အိမ်မှာက သူငယ်ချင်းခြောက်ယောက်မှာ တရုတ်နှစ်ယောက်က ဘာမှ မချက်တတ်ဘူး။ အဲဒီတော့ သူတို့ကို "အရက်ဝယ်၊ ကြက်ဖမ်း၊ ငရုပ်သီးထောင်း၊ ခွေးမောင်း" ဆိုတဲ့ ရာထူးပေးထားတယ်။ တဖြည်းဖြည်းနဲ့ တစ်ယောက်ကတော့ တိုးတက်လာတယ်ဆိုရမယ်။ ဟင်းချက်မဲ့သူ မရှိရင် သူ့ဘာသာသူ ကောက်ချက်ထားတတ်တယ်။ ကျန်တဲ့တစ်ကောင်ကတော့ မတိုးတက်ဘူး။ ဘယ်ရမလဲ သူက မသင်ယူဘူးလေ။ သူ့ကောင်မလေးနဲ့ လျှောက်သွားလျှောက်စားနေတာကိုး။


တစ်ခါကတော့ သူငယ်ချင်းတွေစုံတုန်း ဘာစိတ်ကူးပေါက်လဲ မသိဘူး။ အသင့်ကြော်စားတဲ့ ကြက်သားလိပ်ထုပ်ကို သူကြော်ပေးမယ်ဆိုပဲ။ အဲဒါနဲ့ ကျွန်တော်တို့လဲ သူ့လွှတ်ပေးလိုက်တယ်။ မောင်မင်းကြီးသားကဗျာ ဆီအိုးထဲကို ကြက်သားမပစ်ချရဲဘူး။ တုန်တုန် တုန်တုန်နဲ့ အဝေးကြီးကနေ ပစ်ထည့်နေတော့ အနားက တခြားလူကို ဆီတွေစင်တော့ပေါ့။ နောက်တော့ သူ့ကို မူလရာထူးပဲ ပြန်ပေးထားရတယ်။ ကျန်တဲ့လေးယောက်ကတော့ စာဖိုးမှူးတာဝန်ယူတယ်။ ရခိုင်ဖြစ်တဲ့ ပုလုကွေးက ရခိုင်ဟင်းချက်တယ်။ သူ့ဟင်းတွေက အစပ်တွေဆိုတော့ စားလို့တော့ အတော်ဝင်တယ်။ ပအို့ဝ်ကတော့ ရိုးရာဟင်း သိပ်မချက်ဘူး။ စိတ်ကူးပေါက်ရင်တော့ သူက ထချက်တတ်တယ်။ ကျွန်တော့်အကိုဝမ်းကွဲကတော့ နားရက်တစ်ရက်ပဲ ရတာဆိုတော့ သူအားမှပဲ ဝင်ချက်တယ်။ တောင်ငူမုန့်ဟင်းခါး ဟင်းရည်ကျဲလိုမျိုး စားချင်လာရင်တော့ သူ့ကို ချက်ခိုင်းရတယ်။ အရင်ကတော့ ဒိုင်ခံစားဖိုမှူးက အစောဆုံးအိမ်ပြန်ရောက်တတ်တဲ့ ကျွန်တော်ပါ။ အခုတလောတော့ အပျင်းကြီးနေတာမို့ သိပ်မချက်ဖြစ်ဘူး။ ဆန်ကလဲ အိတ်လိုက် အော်ဒါမှာစားတော့ ပိုတန်တယ်ပြောရမယ်။ အိမ်ထိလာပို့တော့ သယ်ရတဲ့ဒုက္ခက လွတ်တယ်လေ။


ဒီနေ့တော့ ရုံးအဆင်းမှာ မြန်မာစာစားချင်တာနဲ့ Clementi က မြန်မာဆိုင်ထပ်ဖွင့်တဲ့ဆီမှာ သွားစားဖြစ်တယ်။ (Clementi ဆိုလို့ ဒီက နာမည်တွေထဲမှာ ကျွန်တော် ပထမဆုံးမှတ်မိတာ Clementi ဗျ။ ကျောင်းတုန်းက ကျွန်တော်တို့ Electronics က ဆရာကြီး ဦးကလဲမင့် နာမည်နဲ့ နီးစပ်လို့လားတော့ မသိဘူး)။ ဘလော့တစ်ခုမှာတွေ့လို့ သွားစားဦးမယ်ပြင်နေတာ ဒီနေ့မှရောက်ဖြစ်တယ်။ "မန္တလေး" တဲ့ ဆိုင်နာမည်က။ MRTကနေ ကတ်ဖြတ်ပြီးရင် ညာဖက်ခြမ်း စင်္ကြံလမ်းအတိုင်း အဆုံးထိလျှောက်ရင် စားသောက်ဆိုင်တန်းတစ်ခုရှိတယ်။ အဲဒီမှာလည်း မြန်မာဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒီကနေ တိုက်တွေအောက်က ဆိုင်တန်းတွေအတိုင်း ဆက်သွားရင် "ကောင်းဇုံ စတိုး"ကို ကျော်ပြီးရင် ရောက်ပါပြီ။ တကယ်တော့ လမ်းမကြီးအတိုင်း လျှောက်ရင်လည်း ရပါတယ်။ လမ်းမနဲ့ ကပ်လျက်က ဆိုင်တန်းမှာပါပဲ။ စားသောက်ဆိုင်တန်းတွေထဲက ဆိုင်တစ်နေရာမှာ ဖွင့်ထားတာပါ။ ဆိုင်နာမည်ကို မြန်မာလို မရေးထားဘဲ အင်္ဂလိပ်လိုသာ ရေးထားလို့ ရုတ်တရက် မတွေ့ဘဲနေလိမ့်မယ်။ စားသောက်ဆိုင်တန်းရဲ့ ရှေ့ကကြည့်ရင် ဘယ်ဖက်ခြမ်းမှာပါ။ ဆိုင်တန်းတစ်ခုလုံးရဲ့ အပေါ်တွေမှာ တိုက်ဂါးဘီယာဆိုင်းဘုတ်တွေ ရှိပါတယ်။


ကျွန်တော်ရောက်တဲ့အချိန်က ည ၇ နာရီဝန်းကျင်ပါ။ ပင်နီဆူလာကဆိုင်တွေလောက် ဟင်းတွေ မစုံလင်ပေမယ့် ရွေးချယ်စရာတွေရှိပါတယ်။ ကျွန်တော်စားဖြစ်တာက ဆိတ်သားအာလူးဟင်း၊ ငါးချဉ်သုတ်နဲ့ ဟင်းရွက်ကြော်အကြီးကြီးတစ်ချပ်ပါ။ ၄ကျပ် နှစ်ဆယ်ပေးရပါတယ်။ ဝက်သားလုံး၊ မြင်းခွာရွက်သုပ်၊ ဘာလချောင်ကြော်နဲ့ စားတဲ့သူငယ်ချင်းကတော့ ၃ကျပ် ငါးဆယ်ပါ။ ဟင်းရည်တစ်ခွက်လဲ ရပါတယ်။ ဟင်းထည့်တာ နည်းတယ်ထင်ရပေမယ့် ဟင်းစားမကြီးတဲ့လူအတွက်တော့ အတော်ပါပဲ။ ဆိတ်သားက နူးနေတော့ စားရတာ အဆင်ပြေတယ်။ အရသာလည်း ကောင်းတယ်။ ငါးပိထောင်း၊ ငါးပိရည်၊ အချဉ်ရည်၊ တို့စရာတွေလည်း ထားပေးထားပါတယ်။ ဇွန်း၊ ခက်ရင်းကို တစ်ရှူးစနဲ့ပါ ပတ်ပေးထားပါတယ်။ ပန်းကန်၊ ခွက်တွေကတော့ တစ်ခါသုံးတွေပါ။ မြို့ထဲထိ သွားစားဖို့ အချိန်မရတဲ့သူတွေအတွက်တော့ အဆင်ပြေပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ မြန်မာအစားအစာအနေနဲ့ ပုံမှန်ပဲလို့ဆိုရမယ်။ ဒီကအစားအစာတွေတောင် သုံးလေးကျပ်တော့ ပေးနေရပြီလေ။ မနက် ၈နာရီလောက်ကနေ ည ၁၀နာရီလောက်ထိ ဖွင့်တယ်တဲ့။


အပြန်ကျတော့ Bukit Batok ကို ၁၀၆ စီးပြီး ပြန်ခဲ့တယ်။ ကျွန်တော့်လို တောထဲမှာ ရုံးတက်ရတဲ့ သူအတွက်တော့ အိမ်နဲ့ နည်းနည်းနီးတယ်ပြောလို့ရတဲ့ Clementi ဆိုင်က အဆင်ပြေပါတယ်။ မြန်မာစာလည်း စားချင် အိမ်မှာလည်း မချက်နိုင်၊ မြို့ထဲလည်း သွားဖို့အချိန်မရတဲ့နေ့မျိုးအတွက် အရံသင့်ပဲ။ ကျွန်တော်တို့စားနေတုန်းလည်း မြန်မာတွေ အတော်လာစားကြပါတယ်။ ပြည်ကျောင်း ရှေ့နှစ် စက်မှုက queen အမကြီးတို့ရယ်၊ ရန်ကုန်ကျောင်းက ဘော်ဒါတစ်ချို့ရယ်လဲ လာစားကြတာ တွေ့ခဲ့တယ်။


ပင်နီဆူလာ မြေအောက်ထပ်မှာ "မြနန္ဒာ"ဆိုင် ထပ်ဖွင့်တော့ ကျွန်တော် စစားမိတဲ့နေ့က တန်းစီနေတုန်း အိန္ဒိယအမျိုးသမီးနှစ်ယောက်(ထင်တာပဲ) ဝင်လာတယ်။ တန်းစီနေတဲ့ လူတန်းကို ကြည့်ပြီး စိတ်ဝင်စားသွားမှာပေါ့။ ကျွန်တော့်နောက်မှာ ဝင်တန်းစီပြီး ဘာဆိုင်လဲ ဘာဟင်းလဲဆိုပြီးမေးတယ်။ ဘယ်ရမလဲဗျာ။ ဒီကကောင်ကလဲ ဒီလိုကိုယ့်အစားအစာကို အရေးတယူ လုပ်ပြီး မေးလို့ကတော့ "ဒါမြန်မာဟင်း၊ စားလို့အရမ်းကောင်းတယ်၊ အရသာရှိတယ်၊ ဟင်းတွေ အမယ်စုံတယ်" အစချီပြီး ကြော်ငြာကောင်းကောင်းဝင်လိုက်တာပေါ့။ အမျိုးသမီးကြီးနှစ်ယောက်လည်း ဟင်းတွေလိုက်ကြည့်ပြီး သွားရည်ယိုသွားလားမသိဘူး။ လက်ညှိုးတစ်ထိုးထိုးနဲ့ မှာနေကြပါရော။ ကျွန်တော်လည်း စားနေရင်းနဲ့ သူတို့ဝိုင်းကို အသာလေးလှမ်းကြည့်မိတယ်။ ရေနွေးတွေတောင် မှာသောက်လို့။ တစ်ယောက်ဆိုရင် ထမင်းလိုက်ပွဲတောင် ပြောင်နေပြီ။ စားကောင်းကြတယ် ထင်ပ။ တစ်ခါတစ်လေလည်း ဒီက စလုံးတွေလား မသိဘူး။ ဟင်းတွေ ပါဆယ်လာဝယ်နေတာနဲ့ ကြုံဖူးတယ်။ သူတို့ ခံတွင်းတွေ့လို့ နေမှာ။


သူတစ်ပါးတိုင်းပြည်မှာ ကိုယ့်နိုင်ငံက ကိုယ့်လူမျိုးတွေ ကိုယ်ပိုင်စီးပွားရေးတစ်ခု လုပ်နိုင်တိုင်း ကျွန်တော်ဝမ်းမြောက်မိတယ်။ အထူးသဖြင့် မြန်မာအစားအစာတွေကို အခုလို အလွယ်တကူစားလို့ရနိုင်အောင် ရောင်းနိုင်တာ တကယ်အဆင်ပြေတယ်။ ကိုယ့်လူမျိုးတွေသာမက ဒီက တခြားလူမျိုးတွေပါ စားတတ်လာအောင် စားချင်လာအောင် တိုးချဲ့လုပ်ကိုင်နိုင်မယ်ဆိုရင် ကောင်းမယ်။ မြန်မာအစားအစာ နိုင်ငံတကာမှာ ဘာလို့မထိုးဖောက်နိုင်ရမှာလဲ။ ဒီအကြောင်းအရာက ဒီထက်ပို အသေးစိတ်ရေးချင်သေးပေမယ့် အခုတောင်အတော်ရှည်နေပြီမို့ ဒီလောက်နဲ့ပဲ တော်ဦးမယ်။ နောက်များမှပေါ့။


"မြန်မာအစားအစာ မကောင်းဘူးလို့ ဘယ်သူပြောရဲလဲ"

You received this email because you are subscribed to the real_time feed for http://taungoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.