Saturday, December 13, 2008

[ဆုံဆည်းရာ] 9 New Entries: KNU အောင်ပွဲသတင်း

KNU အောင်ပွဲသတင်း

ဒီဇင်ဘာလ ၁၀ ရက် ၂၀၀၈

၂၀၀၈ နိုဝင်ဘာ ၁၁ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ လက်အောက်ခံ ရင်း ၈ က ညောင်လေးပင်ခရိုင် မုံးမြို့နယ် စောမီလူကားလမ်းတွင် နအဖတပ် စကခ ၂၁ လက်အောက်ခံစစ်ကြောင်း တကြောင်းကို ပြောက်ကျားပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရန်သူ ၁ ဦးသေသွားသည်။

နိုဝင်ဘာ ၂၉ ရက်တွင်လည်း မုံးမြို့နယ် ခလယ်ခိုကားလမ်းပေါ်တွင် ရင်း ၈ က နအဖတပ် ခမရ ၃၅၁ ကို ပြောက် ကျားပစ်ရာ ရန်သူ ၂ ဦးသေသွားသည်။

၂၀၀၈ ဒီဇင်ဘာ ၂ ရက်မနက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ လက်အောက်ခံ ရင်း ၁၈ က ကော့ကရိတ်မြို့နယ် မောလော်အီဖိုရှိ DKBA စခန်းကို တိုက်ခိုက်ခဲ့ရာ DKBA တပ်ကြပ်ကြီး ၁၊ တပ်သား ၁ သေပြီး ကြားဖြတ်ဖမ်းစက် ၁၊ ဆက်သွယ်ရေးစက်ကြီး ၁၊ လမ်းလျှောက်စကားပြောစက် ၁၊ တယ်လီဖုံးအထိုင်စက်ကြီး ၁၊ မိုဘိုင်းဖုံး ၁ တို့ကို သိမ်းပိုက်ရမိခဲ့သည်။

ဒီဇင်ဘာ ၄ ရက်ညနေက နအဖတပ် ခမရ ၅၈၃ မှ တပ်ကြပ်စောမြင့်ဦး နှင့် တပ်သားခလယားပေါ် တို့သည် MA-1 တလက်၊ MA-4 တလက်၊ ကျည်ဘောက် ၈ ချပ်၊ ကျည် ၁၉၅ တောင့်၊ M-79 ဗုံးသီး ၁၁ လုံးနှင့်အတူ KNLA တပ်မဟာ ၁ သို့ လက်နက်ချခဲ့သည်။

ဒီဇင်ဘာ ၆ ရက်မနက်က DKBA ဗိုလ်ကျော်သက်တပ်နှင့် နအဖတပ် ခမရ ၅၄၈ ပူးပေါင်းတပ်ကို KNLA တပ်ရင်း ၁၈ မှ မယ်ပလယ်နှင့် ပနွယ်ပူအကြား တိုက်ခိုက်ရာ နအဖတပ်မှ ၃ ဦးသေပြီး ၆ ဦးဒဏ်ရာရသွားသည်။ ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်သည်။

ကိုမင်းကိုနိုင် မျက်စိ ကုသရန် လိုအပ်ဟု မိသားစုဝင်က ပြောဆို

မဇ္ဈိမ-မုံပီး၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၀၈

နယူးဒေလီ။ ။ အကျဉ်းထောင်အတွင်း၌ ၆၅ နှစ် ထောင်ဒဏ် ချမှတ်ခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် မျက်လုံးတဖက်တွင် ဝေဒနာ ခံစားနေရသဖြင့် အရေးပေါ် ဆေးဝါးကုသရန် လိုအပ်နေကြောင်း အမဖြစ်သူက ယနေ့ ပြောဆိုသည်။

လက်ရှိ အကျဉ်းကျခံနေရသည့် ရှမ်းပြည်နယ် ကျိုင်းတုံထောင်သို့ ပြီးခဲ့သည့် ကြာသပတေးနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သူ အမ ဒေါ်ကြည်ကြည်ညွန့်က ကိုမင်းကိုနိုင်၏ မျက်လုံးတဖက်မှာ ပြင်းထန်စွာ ဝေဒနာခံစားနေရသဖြင့် ကျွမ်းကျင်သူ ဆရာဝန်နှင့် ပြသရန် လိုအပ်နေကြောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

"မျက်စိအထူးကု ဆရာဝန်နဲ့ စစ်ဆေးကုသခွင့်ပေးဖို့ ကျမတို့က ထောင်အာဏာပိုင်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်" ဟု သူက မဇ္ဈိမကို ပြောသည်။

ယခု ဝေဒနာမှာ ရန်ကုန်ရှိ အင်းစိန်ထောင်တွင် အကျဉ်းကျခံရစဉ်ကတည်းက ခံစားနေခဲ့ရသည်ဟု သူက ဆိုသည်။

ကိုမင်းကိုနိုင်ကို ယခုအခါ တဦးတည်း သီးခြားချုပ်နှောင်ထားသည်ဟုလည်း ပြောသည်။

"သူ့ကို ရေခဲသေတ္တာထဲ ထည့်ထားသလိုပါပဲ" ဟု ပြောဆိုကာ၊ ကျိုင်းတုံ ရာသီဥတုမှာ သူ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် နေသာသည့်အချိန်၌ ပတ်ဝန်းကျင်သို့ လမ်းလျှောက်ခွင့်ပြုရန် ထောင်အာဏာပိုင်များထံ မေတ္တာရပ်ခံခဲ့ကြောင်းနှင့် ရာသီဥတု အေးလွန်းသဖြင့် လက်များနှင့် ခြေထောက်များမှာ လှုပ်ရှားရခက်ခဲနေကြောင်း ဒေါ်ကြည်ကြည်ညွန့်က ပြောဆိုသည်။

ထင်ရှားကျော်ကြားသည့် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးသည် စစ်အစိုးရက လောင်စာဆီဈေးနှုန်းများ မြှင့်တင်လိုက်ပြီးနောက် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သဖြင့် ၂ဝဝ၇ ခုနှစ် သြဂုတ်လ လလယ်က ဖမ်းဆီးခံခဲ့ရသည်။

ကိုမင်းကိုနိုင်ကို ပြီးခဲ့သည့်လ ၁၁ ရက်နေ့က သူ၏ လုပ်ဖော်ကိုင်ဘက် ကျောင်းသားခေါင်းဆောင်များနှင့်အတူ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခဲ့ပြီးနောက် လကုန်ပိုင်းတွင် ရှမ်းပြည်နယ် ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

ကိုကိုကြီးကိုမူ ကျိုင်းတုံထောင်တွင် နှစ်ညခန့် ထားရှိပြီးနောက် မိုင်းဆတ်ထောင်သို့ ပို့ဆောင်လိုက်သည်။

စစ်အစိုးရက ပြီးခဲ့သည့် လအနည်းငယ်မှစတင်ကာ ဖမ်းဆီးထားသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအား ရှည်လျားသည့် ထောင်ဒဏ်များ ချမှတ်ကာ၊ သူတို့ကို ဝေးလံလှသည့် အကျဉ်းထောင်များဆီ ပြောင်းရွှေ့လိုက်သဖြင့် သက်ဆိုင်သူ မိသားစုဝင်များအဖို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံရန် အခက်အခဲများ ဖြစ်ပေါ်လာခဲ့သည်။

"သူ့ (ကိုမင်းကိုနိုင်) ကို နှစ်ပတ်မှာ တကြိမ် လာတွေ့နိုင်တယ်လို့ ထောင်အာဏာပိုင်တွေက ပြောတယ်။ ဒါပေမဲ့ အဲဒီလို သွားနိုင်မယ် မထင်ပါဘူး။ တအားဝေးလွန်းလို့ တခါတလေမှပဲ သွားနိုင်မှာပါ။ လအနည်းငယ်မှာမှ တခါလောက်ပဲ သွားနိုင်မယ်ထင်တယ်" ဟု ကျိုင်းတုံထောင်မှ ရန်ကုန်သို့ ယမန်နေ့က ပြန်ရောက်လာသည့် ဒေါ်ကြည်ကြည်ညွန့်က ပြောသည်။

အလားတူပင် ဟာသပညာရှင် ကိုဇာဂနာနှင့် ဘလော့ဂါ လူငယ် ကိုနေဘုန်းလတ် အပါအဝင် ထင်ရှားသည့် နိုင်ငံရေးသမားများကို မြန်မာပြည်တဝှမ်း အကျဉ်းထောင်များဆီသို့ စစ်အစိုးရက ပြောင်းရွှေ့ပို့ဆောင်ခဲ့သည်။

ကိုဇာဂနာကို မြန်မာပြည် မြောက်ဘက်စွန်း ကချင်ပြည်နယ် မြစ်ကြီးနားထောင်နှင့် ဟစ်ဟော့ပ် အဆိုတော် ဇေယျာသော်ကို မြန်မာပြည် တောင်ဘက်စွန်း ကော့သောင်းထောင်သို့ ပို့ဆောင်ခဲ့သည်။

နိုင်ငံတကာ ဥပဒေစံနှုန်းနှင့်အညီ ကျင့်သုံးရန် စစ်အစိုးရကို တောင်းဆို

မဇ္ဈိမ-သန်းထိုက်ဦး၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၀၈

ချင်းမိုင်။ ။ ကမ္ဘာ့နိုင်ငံများ အသိအမှတ်ပြုသည့် တရားဥပဒေအတိုင်း ကျင့်သုံးရန်အတွက် မြန်မာစစ်အစိုးရအား ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများက ယနေ့ တိုက်တွန်းလိုက်သည်။

ယနေ့ နှစ် ၆၀ မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် ထိုင်းအခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့၊ မြန်မာနိုင်ငံ အကျဉ်းသားဟောင်းများအဖွဲ့ (ABEP) နှင့် မြန်မာကျောင်းသားများ ဦးရေ ၆၀ ခန့်က ဘန်ကောက်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး - UNHCR ရှေ့တွင် ဆန္ဒပြကာ ပြောဆိုခြင်း ဖြစ်သည်။

"ပြည်တွင်းမှာရော၊ ပြည်ပမှာရော ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေးတွေကို ကမ္ဘာကနေ အသိအမှတ်ပြုဖို့နဲ့ နိုင်ငံတကာ တရားဥပဒေအတိုင်း မြန်မာအစိုးရကို ဖိအားပေးနိုင်ဖို့ ကျနော်တို့က UNHCR ကို လာရောက် မေတ္တာရပ်ခံ တောင်းဆိုတာပါ" ဟု ဆန္ဒပြပွဲဖြစ်မြောက်ရေး တာဝန်ခံ ကိုမြင့်ဇူက မဇ္ဈိမကို ပြောသည်။

ဆန္ဒပြသူ မြန်မာရွှေ့ပြောင်းလုပ်သား ကိုသိန်းဝင်းက "နိုင်ငံတကာ လူ့အခွင့်အရေးနေ့ဟာ လူသားအားလုံးနဲ့ ဆိုင်တဲ့ နေ့ပါပဲ။ ဆိုတော့ လူသားတိုင်းမှာ လူသားတိုင်း ရထိုက်တဲ့ အခွင့်အရေးတွေ ရှိပါတယ်။ ကျနော်တို့က လူသားတိုင်း၊ လူသားတိုင်း တန်းတူတန်းမျှ ရသင့်တဲ့ အခွင့်အရေးတွေကို တောင်းဆိုချင်လို့ ဆန္ဒလာပြတာပါ" ဟု ပြောသည်။

၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ကုလသမဂ္ဂတွင် အချက် ၃၀ ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ကမ္ဘာ့နိုင်ငံပေါင်း ၄၈ နိုင်ငံက သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကို စတင် သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံကလည်း ထိုစဉ်ကတည်းက ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် တက်ကြွ လှုပ်ရှားသူများအား ပြီးခဲ့သည့်လအတွင်း မြန်မာစစ်အစိုးရက နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့သလို၊ ဝေးလံသည့် အကျဉ်းထောင်များသို့ ပြောင်းရွှေ့ခဲ့သည်များကို ဘန်ကောက်ဆန္ဒပွဲက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြသည်။

သူတို့က "မြန်မာပြည်တွင်း၌ နိုင်ငံသားအချင်းချင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ပေးရေး"၊ "လူ့အခွင့်အရေး ဆောင်ရွက်သူများအား ချက်ချင်း လွှတ်ပေးရေး"၊ "ကမ္ဘာ့ကျင့်ဝတ်နှင့်အညီ လူ့အခွင့်အရေးအား လက်ခံလိုက်နာပေးရေး" ဟူသည့် ကြွေးကြော်သံများ အော်ဟစ်ကာ ဆန္ဒပြကြသည်။

မြန်မာ့တရားစီရင်ရေး စနစ်သည် စစ်အစိုးရ၏ ခြယ်လှယ်ခြင်းကို ခံနေရပြီး၊ အပြစ်အနာအဆာများ ရှိနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားကလည်း ပြီးခဲ့သည့်လ ၁၄ ရက်နေ့တွင် မဇ္ဈိမကို ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး ဘက်မလိုက်သည့် တရားစီရင်ရေးစနစ် မရှိကြောင်းနှင့် မြန်မာအစိုးရအနေဖြင့် ဤသို့ အပြစ်ပေးမှုများကို ပြန်လည် စဉ်းစားသင့်ကြောင်း သူက ပြောဆိုခဲ့သည်။

ထို့အပြင် သြဂုတ်လအတွင်းက မြန်မာပြည်သို့ ပထမအကြိမ် သွားရောက်ခဲ့စဉ်ကလည်း လူ့အခွင့်အရေးဆိုင်ရာ အဓိက အချက် ၄ ချက်ကို စဉ်းစားပါရန် စစ်အစိုးရကို သူက အဆိုပြုခဲ့သေးသည်။

ယင်းအချက် ၄ ချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့် အပြည်ပြည်ဆိုင်ရာသို့ တာဝန်ရှိမှုများနှင့်အညီ အမျိုးသား ဥပဒေပြုရေးကို ပြန်လည်သုံးသပ်ရန်၊ နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန်၊ တပ်မတော်ကို ပြန်လည်သုံးသပ်ရန်နှင့် အာဏာကို မည်သို့ ကျင့်သုံးသည် ဆိုသည်ကို လေ့လာရန်တို့ ဖြစ်သည်။

သို့သော်လည်း ယခုလို ပြောဆိုပြီး နောက်တလတွင် စစ်အစိုးရက ယခုလို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ကာ၊ ဦးရေ ၂၀၀ ခန့်ကို နယ်စွန်နယ်ဖျား ဒေသများရှိ ထောင်များသို့ ပို့ဆောင်ပစ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ နှစ် ၆၀အတွင်း လူ့အခွင့်အရေးပိုမိုဆိုးလာ

ဗွီအိုအေ၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၀၈

ဒီကနေ့ဟာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြုနိုင်ခဲ့တဲ့ နှစ် ၆၀ပြည့် ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေညာစာတမ်းကို စတင် အတည်ပြုတဲ့အထဲမှာ လွတ်လပ်တဲ့ မြန်မာနိုင်ငံလည်း တနိုင်ငံ အပါအ၀င် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၀မ်းနည်းစရာကတော့ ဒီနေ့ကာလ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဆိတ်သုန်းနေတာဖြစ်ပြီး၊ ဒီအတွက် အခုနှစ် ၆၀ပြည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အချိန်အခါမှာ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးတွေ လေးစားလိုက်နာဖို့ အခွင့်အခါကောင်း ရယူပါလို့ - မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း ထုတ်ပြန်တဲ့နှစ်နဲ့ မြန်မာ လွတ်လပ်ရေး ကြေညာနိုင်တဲ့ နှစ် တနှစ်တည်း ဖြစ်တာမို့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ကျရောက်တဲ့ အခု နှစ် ၆၀ပြည့်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့ နှစ် ၆၀လည်းဖြစ်ပါတယ်။ ဒါကြောင့် အခု လူ့အခွင့်အရေး ကြေညာစာတမ်း နှစ် ၆၀ပြည့်အချိန်အခါမှာ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တာနားက မြန်မာစစ်အစိုးရကို အခုလို တိုက်တွန်းသွားတာပါ။

"ဒီကနေ့လို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း ထုတ်ပြန်တဲ့ ၁၉၄၈ခုနှစ်မှာ မြန်မာနိုင်ငံဟာ အချုပ်အချာ လွတ်လပ်တဲ့ တိုင်းပြည်အဖြစ် ရရှိခဲ့တဲ့နှစ် ဖြစ်သလို ဒီကြေညာစာတမ်းကြီးကို အတည်ပြုပေးခဲ့တဲ့ အထဲမှာလည်း ပါပါတယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို လေးစားလိုက်နာဖို့ ဒီနေ့ဟာ အခွင့်အခါကောင်းလို့ ဆိုပါရစေဗျာ။ လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု တစုံတရာ ကျနော်တို့မတွေ့ရပါဘူး။"

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက စိုးရိမ်ပူပင်ကြောင်း ပြောနေဆိုနေ ဖိအားတွေ ပေးနေတဲ့ကြားကပဲ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေဟာ ဆိုးဝါးနေဆဲဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေဖက်က ထောက်ပြကြပါတယ်။ မစ္စတာ ကင်တာနားကတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ဆိုရင်တော့ - အရင်ဆုံး အချက် ၄ ချက် သူအကြံပြုချင်တယ်လို့ အခုလို ပြောပါတယ်။

"ကျနော် အကြံပေးချက်က အဓိကလုပ်စရာ လူ့အခွင့်အရေးကိစ္စ ၄ ချက် နဲ့ စရပါမယ်။ နိုင်ငံရေး အကျဉ်းသားတွေ ဆက်ပြီး လွှတ်ပေးဖို့၊ လွတ်လပ်စွာ ဆန္ဒသဘောထား ဖော်ထုတ်ခွင့်နဲ့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်တွေကို ထိခိုက်စေတဲ့ နိုင်ငံတော် ဥပဒေတွေကို ပြန်လည်သုံးသပ်ပေးဖို့ တရားရေးစနစ် ပြုပြင်ပြောင်းလဲဖို့ နောက်ဆုံး အချက်ကတော့ စစ်တပ်တွင်း ပြုပြင်ပြောင်းလဲရေးကိစ္စပါ။ အခြားတဖက်မှာလည်း လာမယ့် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွက် နိုင်ငံတကာနဲ့ အာဆီယံလို ဒေသတွင်း အဖွဲ့အစည်းတွေ အိမ်နီးချင်း နိုင်ငံတွေရဲ့ ပါဝင် ပတ်သက် ဆောင်ရွက်မှု အခန်းကဏ္ဍဟာလည်း အရေးပါပါတယ်။"

မြန်မာနိုင်ငံတွင်း မကြာခင်ကပဲ နိုင်ငံရေး အကျဉ်းသားတွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်တဲ့ ကိစ္စအပေါ်မှာ မစ္စတာကင်တာနား အပါအ၀င် အခြား ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲတွေ ပူးပေါင်း လက်မှတ်ထိုးပြီးတော့ ဒီအမှုတွေကို ပြန်သုံးသပ်ဖို့ မြန်မာ အစိုးရကို စာပို့ ခဲ့ပါတယ်။ မြန်မာ အစိုးရဖက်ကတော့ ဒါတွေနဲ့ ပတ်သက်လို့ တရားဝင် ဘာမှ တုန်ပြန် ပြောဆိုတာ မရှိပါဘူး။ သူတို့အနေနဲ့ မြန်မာနိုင်ငံတွင်းက နိုင်ငံရေး လှုပ်ရှားသူတွေ အထူးသဖြင့်ဆိုရင် လူ့အခွင့်အရေး ကာကွယ်ပေးနေသူတွေ အပေါ် အာဏာပိုင်တွေက ခြိမ်းခြောက် အပြစ်ပေးမှုတွေ ရှိနေတာအပေါ် အလွန်တရာ စိုးရိမ်နေတယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။

"မြန်မာနိုင်ငံက လူ့အခွင့်အရေး ကာကွယ်လှုပ်ရှားသူတွေ အထူးသဖြင့်ဆိုရင် နိုင်ငံရေး လှုပ်ရှားသူတွေရဲ့အမှုတွေကို လိုက်ပေးနေတဲ့ ရှေ့နေတွေကို အစိုးရက အရေးယူအပြစ်ပေး ထောင်ချနေတာတွေကို ကျနော်တို့ တတွေ အတော်လေးကို စိုးရိမ်ကြောင်း ပြောနေပါတယ်။"

အခု မြန်မာ စစ်အစိုးရ ရေးဆွဲ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံမှာရော ဒီမတိုင်ခင် အမျိုးသားညီလာခံမှာပါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တွေ့ရတယ်လို့ အရင် ကုလသမဂ္ဂ ကိုယ်စားလှယ်တွေရော လူ့အခွင့်အရေး လှုပ်ရှားသူတွေကပါ မြန်မာစစ်အစိုးရကို ဝေဖန်ခဲ့ပါတယ်။ မြန်မာ စစ်အစိုးရကတော့ ဒါတွေအားလုံး ဂရုမစိုက်ပဲ အခု နောက်ဆုံးအဆင့် ရွေးကောက်ပွဲတောင် လုပ်ဖို့ပြင်နေပါပြီ။ ဒီနေရာမှာလည်း စစ်မှန်ပြီး မျှတတဲ့ နိုင်ငံတကာ စံနှုန်း ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် လူ့အခွင့်အရေး စံနှုန်းတွေကို လေးစားရမယ်လို့ မစ္စတာကင်တာနားက ထောက်ပြေ ပြာဆိုပါတယ်။

"၂၀၁၀ခုနှစ် ရွေးကောက်ပွဲ လုပ်ဖို့ဆိုရင် လူ့အခွင့်အရေးတွေကို လေးစား လိုက်နာရပါမယ်။ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရပါမယ်။ တတိုင်းတပြည်လုံးက ပြည်သူတွေအားလုံး သူတို့ ဆန္ဒရှိရင် ဒီရွေးကောက်ပွဲထဲ ပါဝင်ခွင့် ရှိရပါမယ်။ ပါတီတွေ ဖွဲ့ခွင့်ရှိရမယ်။ မဲဆွယ် စည်းရုံးခွင့် ရှိရမယ်။ ဒါဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာ သတ်မှတ်ထားတဲ့ စံနှုန်းတွေပါ။ ဒါကြောင့် ဒီ နိုင်ငံရေး လုပ်ငန်းစဉ်တွေ အတွက် လူ့အခွင့်အရေး ကိစ္စတွေဟာ မရှိမဖြစ် အရေးကြီးပါတယ်။"

မစ္စတာ ကင်တာနား ဟာ လာမယ့် မတ် ၂၀၀၉ မတိုင်ခင် မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ မျှော်လင့်ထားတယ်။ အခုအချိန်အထိတော့ မြန်မာနိုင်ငံကို ဘယ်တော့ သွားနိုင်မလဲ အတိအကျတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိစ္စတိုးတက်လာဖို့ဆိုရင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ အခွင့်အာဏာပေးထားတဲ့ သူ့လုပ်ငန်းစဉ်ဟာ မဏ္ဍိုင်ကျပြီး ဒီအပေါ်မှာ ထောက်ခံ ကူညီကြဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။ လူ့အခွင့်အရေး ကောင်စီအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အထူး အစည်းအဝေး တရပ် ခေါ်ယူနိုင်ချေ ရှိ မရှိ ဆိုတာနဲ့ ပတ်သက်လို့ မေးမြန်းတော့ သူ့ရဲ့မတ်လခရီးစဉ်နဲ့ ဒီအပေါ် ရလဒ်ကိုတည်ပြီး ကောင်စီက စဉ်းစား ဆုံးဖြတ်ပါလိမ့်မယ်လို့ပဲ ဖြေကြားခဲ့ပါတယ်။

လူ့အခွင့်အရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေ ဆိုးရွားနေဆဲ

ဗွီအိုအေ၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၀၈

ကမ္ဘာ့ကုလသမဂ္ဂက လူ့အခွင့်အရေး ကြေငြာစာတမ်း ထုတ်ပြန်ခဲ့တာ အနှစ် (၆၀) ပြည့်မြောက်လာခဲ့ပေမယ့်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာမှာ ပြစ်တင်ဝေဖန်ခံနေရတဲ့ မြန်မာနိုင်ငံမှာတော့ အခြေအနေတွေ တိုးတက်လာတဲ့ လက္ခဏာတော့ မတွေ့ရပါဘူး။ နိုင်ငံရေးတက်ကြွသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ပြီး မိသားစုနဲ့ အလှမ်းဝေးရာထောင်တွေကိုပို့ခဲ့သလို အခုဆိုရင် ထောင်တွင်းမှာလည်း ခက်ခဲတဲ့ အခြေအနေတွေနဲ့ ဆက်လက်ရင်ဆိုင်နေကြရတာပါ။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမျိုးမျိုးနဲ့ ကြုံကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ကျန်နေတဲ့ မိသားစုတွေရဲ့ အခြေအနေ တစေ့တစောင်းကို ကိုအောင်လွင်ဦး က တင်ပြပေးပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှု ပြဿနာတွေနဲ့ ပတ်သက်လို့ ပြောဆိုလေ့ရှိတိုင်း ထည့်သွင်းပြောဆိုရလေ့ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေတွေဟာ တိုးတက်မှု မရှိဆဲဖြစ်နေတာပါ။ အခုဆိုရင်လည်း မကြာသေးခင် လတွေကစလို့ ထောင်ဒဏ်တွေ အပြစ်ပေးခံခဲ့ရပြီး နယ်စွန်နယ်ဖျား အကျဉ်းထောင်တွေကို ပို့ဆောင်ခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ နောက်ထပ်လည်း ထောင်တွင်းမှာ အခက်အခဲတွေနဲ့ ကြုံနေကြရသလို မိသားစုဝင်တွေ အနေနဲ့လည်း နယ်ထောင်တွေကို ပြောင်းရွှေ့လို့ အစစအခက်တွေ့နေကြလို့ ဒါဟာ ထိန်းသိမ်းခံနေရသူတွေကိုရော သူတို့ မိသားစုတွေရဲ့ အခွင့်အရေးတွေကိုပါ ချိုးဖောက်တာ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ မကြာသေးခင်ကမှ ကချင်ပြည်နယ် မြစ်ကြီးနားထောင်ကို ပို့ဆောင်ခံခဲ့ရတဲ့ နိုင်ငံကျော် လူရွှင်တော် စွယ်စုံအနုပညာရှင် မောင်သူရခေါ် ဇာဂနာ ရဲ့ မိခင်ဖြစ်သူ ဒေါ်ကြည်ဦး ကတော့ အခုလို ဆိုပါတယ်။

"လူ့အခွင့်အရေး အများကြီး ဆုံးရှုံးပါတယ်။ ဥပဒေဆိုတာကလည်း အမျိုးမျိုး ဖြစ်နေတာလေ။ ရန်ကုန်မှာတောင် ၂ ယောက်သွင်းလို့ ရတယ်။ သွားတွေ့ရတဲ့ အခါမျိုးတွေတောင်မှာ မေတ္တာရပ်ခံ ဆွေးနွေးပြီးမှ ဒီလို လုပ်တယ်ဆိုတာဟာ ရက်စက်လွန်းရာ ကျပါတယ်။ ညှိနှိုင်းပေးမယ်လို့လည်း ပြောသေးတယ်။ ပြီးတော့ ရန်ကုန်ကနေ သွားရတာ ခရီးစရိတ်နဲ့ လူပင်ပန်းတာနဲ့ နောက်ပြီး တွေ့ခွင့်မရဘူးဆိုရင် ဘယ်သူ စိတ်ကောင်းမှာလဲ။ ဒါဟာ သက်သက် လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာ ထင်ရှားတယ်။"

မကြာသေးခင်ကပဲ ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်မှာ သားဖြစ်သူ ပြည့်ဖြိုးလှိုင် ကို သွားရောက် ထောင်ဝင်စာ တွေ့ဆုံခဲ့တဲ့ ဒေါ်မွှေးမွေး ကလည်း အခုလိုမြင်ပါတယ်။


"လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကျမ သဘောပေါက်နားလည်သလို ပြောရမယ်ဆိုရင် လူ့အခွင့်အရေး အားလုံး ဆုံးရှုံးတဲ့သဘော။ ကျမတို့က သားသမီးတွေနဲ့ ပတ်သက်လို့ ရှင်းပြရမယ်ဆိုရင် ထောင်တွေ နှစ်ရှည်လများ ချတယ်။ နယ်စွန်နယ်ဖျားတွေကို ပို့တယ်။ သွားတွေ့တဲ့အခါမှာ လေး ငါး ခြောက်ရက်၊ ခုနှစ်ရက် ကြာပြီးမှ ရောက်နိုင်မယ့် နေရာမှာ ကျမတို့က အနဲဆုံး ၂ရက် ၃ရက်လောက်တော့ တွေ့ချင်တာပေါ့။ ပေးတွေ့ခွင့် ပေးသင့်တယ်လို့လည်း ထင်တယ်။ အဲဒီလို ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးတွေ ဆုံးရှုံးတယ်။ ကိုယ့်ရင်ထဲ ဖြစ်ပေါ် ခံစားချက်တွေကျတော့လည်း ပြောရေးဆိုခွင့်မရှိဘူး။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အချက် ၃၀ကျော် ရှိတယ်ဆိုတဲ့ စာတမ်း ထုတ်ပြန် ထားတာတော့ ကြားဖူးတယ်။ ရဟန်း သံဃာတောင်မှ စီတန်း လှည့်လည်ပြီး ပရိတ် တရားရွတ်တာတောင်မှ ဖမ်းတယ်၊ သတ်တယ် ဆိုတော့ လူတွေ အဖို့တောင်ဆို ပြောစရာတောင် မလိုတော့ဘူး။ "


ဒီလိုပဲ စစ်တွေ အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အခွင့်အရေး ဆုံးရှုံးမှုတွေ မိသားစုတွေ လိုက်လံတွေ့ဆုံဖို့ အခက်ကြုံနေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင် ကိုသန်းတင် ခေါ် ကိုကြီးသန်းရဲ့ ညီမဖြစ်သူရဲ့ အတွေ့အကြုံကလည်း ဒီလိုပါ။


"သွားရတာတော့ ခက်ခဲတာပေါ့ ၂ ညနဲ့ တမနက် ကားစီးရတယ်။ ရောက်သွားတော့လည်း တော်တော်နဲ့ မတွေ့ရဘူး။ မနက် ၁၀နာရီကတည်းက ထောင်ရှေ့ရောက်နေတာပေါ့။ ညနေ ၄နာရီခွဲ ၅နာရီလောက်မှ တွေ့ရတယ်။ တွေ့ရတော့လည်း မိနစ် ၂၀လောက်ပဲ တွေ့ရတယ်။ နောက်ပြီး ကျမ အစ်ကို ကို ကြိုးတိုက်ထဲမှာ ထားတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ နေရာမရှိလို့ ဘာလို့ ပြောတာပေါ့တဲ့။ လူ့အခွင့်အရေးကတော့ သိပ်ဆုံးရှုံးတာပေါ့။ လေယာဉ်ပေါ် စတက်ကတည်းက ခြေထိပ် လက်ထိပ် ခတ်ထားတာပဲ။ မြန်မာနိုင်ငံသားတွေ လူ့အခွင့်အရေး သိပ်ဆုံးရှုံးကြပါတယ်။ တချို့ဆို ဘာမှန်းတောင် မသိကြပါဘူး။ "


နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေး ဆုံးရှုံးနေရရုံသာမက အခုလို နယ်ထောင်တွေကို ပို့ဆောင်လိုက်တဲ့ အတွက်လည်း မိသားစုဝင်တွေရဲ့ အခွင့်အရေးကိုပါ ချိုးဖောက်ခံရတဲ့ အခြေအနေမျိုးဖြစ်နေရတယ်လို့ မိသားစုဝင်တွေက ပြောဆိုနေကြတာပါ။ ဒီလို ပို့လိုက်တဲ့ နေရာတွေမှာလည်း ရာသီဥတု ကြမ်းတမ်းတဲ့ ဒေသတွေကို ရောက်သွားကြသူတွေ အဖို့မှာတော့ ကျန်းမာရေးကအစ စိုးရိမ်စရာတွေ ဖြစ်နေရတာပါ။ ကချင်ပြည်နယ် မြစ်ကြီးနားထောင်ကို ပို့ဆောင်ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသား တဦးဖြစ်တဲ့ ကိုတင်ဝင်း ရဲ့ ဇနီးသည်ဖြစ်သူ ပြောပြတာကတော့ -


"သက်ကြီးပိုင်းတွေက အစ ကျမ ယောင်္ကျားဆိုရင် လူငယ်ပိုင်းပါပဲ။ ဒါပေမယ့် အဲဒီက အအေးဒဏ်တွေကို သူတို့ မခံနိုင်ကြဘူး။ သူတို့ ရန်ကုန်မှာ နေနေကျဆိုတော့။ ကျမ ယောင်္ကျားဆိုရင် သွေးတိုးရှိတယ်။ တိုက်ပိတ်ထားတဲ့ အခါကျတော့ ညောင်းပြီး အကျောတွေ တက်တယ်။ ခေါင်းတွေလည်း ခဏခဏ ကိုက်တယ်တဲ့။ ဦးစိုးကြွယ်ဆိုရင် ကျန်းမာရေး သိပ်မကောင်းဘူး။ ဖျားတယ်တဲ့။ ဘာမှ မရှိတော့ အေးတော့ မနေနိုင်ကြဘူးတဲ့။ အကျီ င်္လေးတွေနဲ့ ရှိတာတွေနဲ့ လည်း မလုံလောက်ဘူး။ ကျမ အဲဒီလို ကြားတော့ အဲဒီမှာတင် မျက်ရည်ကျခဲ့ရပါတယ်။"


လူ့အခွင့်အရေး ကြေငြာစာတမ်း ထုတ်ပြန်ခဲ့တာ အနှစ် (၆၀) ပြည့်ခဲ့ပေမယ့် မြန်မာနိုင်ငံတွင်းမှာတော့ လူ့အခွင့်အရေး အခြေအနေတွေ ထူးထူးခြားခြား တိုးတက်မလာတာ၊ အထူးသဖြင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ မိသားစုဝင်တွေ အခက်ကြုံရတဲ့အထိ အာဏာပိုင်တွေဖက်က လုပ်ကိုင်နေတာတွေနဲ့ ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောပြခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အယူခံကိစ္စ ရှေ့နေတွေ့ဆုံခွင့်မရ

ဗွီအိုအေ၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆောင်ရွက်နေတဲ့ ဥပဒေအကျိုးဆောင်တွေက နောက်ထပ်တွေ့ဆုံခွင့် တောင်းခံခဲ့ပေမယ့် မြန်မာစစ်အစိုးရ အာဏာပိုင်တွေဖက်က ငြင်းပယ်လိုက်ပါတယ်။ ဥပဒေကြောင်းအရ ခံစားခွင့်ရှိတဲ့ ရှေ့နေရှေ့ရပ်တွေနဲ့ အခုလို တွေ့ဆုံခွင့် မရတဲ့အတွက်လည်း ဒါဟာ အခြေခံရပိုင်ခွင့်တွေ ချိုးဖောက်ခံနေရတဲ့လုပ်ရပ်အဖြစ် ဥပဒေ အကျိုးဆောင်တွေက ရှုမြင်ကြပါတယ်။ အကြောင်းစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က ဆက်ပြီး ပြောပြပေးပါဦးရှင်။

နေအိမ်အကျယ်ချုပ်ကျခံနေရတာကို နောက်ထပ်သက်တမ်းတိုးနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေအကျိုးဆောင်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေက အယူခံတင်သွင်းခဲ့တဲ့နောက် ဥပဒေရေးရာ နောက်ဆက်တွဲ ဆွေးနွေးပြောဆိုမှုတွေ ရှိနေသေးတဲ့အတွက် တွေ့ဆုံခွင့်တောင်းခဲ့ပေမယ့် အာဏာပိုင်တွေက ငြင်းပယ်ခဲ့တာပါ။ နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးသူများ ဘေးအန္တာရာယ်က ကာကွယ်တဲ့ ဥပဒေဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကို နောက်ထပ်တိုး ဖမ်းဆီးထားတဲ့အပေါ် ဆက်လက်ဆွေးနွေးစရာတွေ ရှိလို့ ဒီတပတ်ထဲမှာ တွေ့ဆုံခွင့် တောင်းထား ခဲ့ပေမယ့် ခွင့်မပြုတဲ့အကြောင်း မနေ့ကပဲ ခေါ်ယူ အကြောင်းကြားခဲ့တာလို့ သူမရဲ့ ရှေ့နေဖြစ်တဲ့ ဦးကြည်ဝင်း က ပြောပြပါတယ်။


"ကျွန်တော် တင်လိုက်တာ ၈ရက်နေ့ သို့မဟုတ် ၁၀ရက်နေ့ ခွင့်ပြုပါလို့ ဆိုပြီး။ ထူးထူးခြားခြား မနေ့က ၉ရက်နေ့ ရုံးပိတ်ရက်ပါ။ ဖိတ်ခေါ်တယ်။ ခေါ်တော့ ကျွန်တော် လိုက်သွားတယ်။ အဲဒီက ပုဂ္ဂိုလ်တွေနဲ့ တွေ့ပါတယ်။ ဒုရှေ့နေချုပ် ဦးမြင့်လှိုင်လည်း ရှိတယ်။ ဒုတပ်ဖွဲ့မှူး ၀င်းနိုင်ထွန်း၊ ဒုရှေ့နေချုပ်က ပြောတယ်။ အယူခံလွှာကို အစိုးရအဖွဲ့က ဆောင်ရွက်စရာရှိပါတယ်။ ဆောင်ရွက်နေပါပြီ။ ဒါကြောင့်မို့ ခွင့်မပြုပါဘူးလို့ ဆိုပါတယ်။"

ဒီလို မြန်မာစစ်အစိုးရ အာဏာပိုင်တွေဖက်က အယူခံတင်သွင်းထားတာကို ဆက်လက်ဆောင်ရွက်နေတယ်လို့ အကြောင်းပြ ငြင်းဆန် လိုက်ပေမယ့် ဒါဟာ ကျိုးကြောင်းဆီလျော်တဲ့ ဆောင်ရွက်ချက်တခုဖြစ်တယ်လို့တော့ ဥပဒေ အကျိုးဆောင်တွေက မမြင်ကြပါဘူး။ ဒီလို ရသင့်တဲ့အခွင့်အရေးတွေကို ငြင်းပယ်တာ ဥပဒေအရ ပြဋ္ဌာန်းထားတာကို ခွင့်မပြုတာဟာဖြင့် အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေတာဖြစ်တယ်လို့လည်း ဦးကြည်ဝင်း က မှတ်ချက်ပေးပါတယ်။

"ကျွန်တော်တို့က ပုံစံအားဖြင့် နေပြည်တော်ကနေ အယူခံကို ကြားနာမယ်။ ဘယ်နေ့ဘယ်ရက်ကို လာပါလို့ ဆိုရင် ကျွန်တော်တို့က အဲဒီအချိန်မှာ ထောင်တွင်း ဥပဒေတို့မှာ အကျဉ်းသားနဲ့ ရှေ့နေဆိုတာ တွေ့ခွင့်တော့ ပေးရတယ်ခင်ဗျ။ ရှေ့နေနဲ့ တိုင်ပင်ခွင့်ရှိရမယ်။ တွေ့ခွင့်ရှိရမယ်။ ဒီလို အခွင့်အရေးတွေကို ချိုးဖောက်နေတာဖြစ်ပါတယ်။"


နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးဖြစ်တဲ့ ဦးကြည်ဝင်း ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် မေလဒီပဲယင်း တိုက်ခိုက်မှုဖြစ်ခဲ့စဉ်ကစလို့ နေအိမ်မှာ ထိန်းသိမ်း ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ပြင်ပကတွေ့ဆုံခွင့် မရှိသလောက် ဖြစ်နေတာပါ။ မိသားစု ဆရာဝန် ဖြစ်တဲ့ ဒေါက်တာ တင်မျိုးဝင်း တဦးတည်းကိုသာ တလကို တကြိမ်ပုံမှန် တွေ့ဆုံခွင့်ပေးထားတာမို့ ပြီးခဲ့တဲ့ အပတ်ထဲကပဲ သွားရောက် တွေ့ဆုံခဲ့တာရှိခဲ့ပါတယ်ခင်ဗျာ။

မြန်မာအပါအ၀င် လူ့အခွင့်အရေးဆောင်ရွက်သူ ဘလောဂါများနဲ့ သမ္မတဘွတ်ရှ် တွေ့ဆုံ

ဗွီအိုအေ၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၀၈

ဒီနေ့ ကျရောက်တဲ့ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အဖြစ် သမ္မတ ဘွတ်ရှ်ဟာ အိမ်ဖြူတော်မှာ ဆူဒန်မှာ ပြဿနာ တက်နေတဲ့ ဒါဖော ဒေသက လှုပ်ရှား တက်ကြွသူ၊ မြန်မာ၊ တရုတ်၊ အီဂျစ် စတဲ့ နိုင်ငံများက ဘလောက်ဂါများနဲ့ တွေ့ဆုံ ပါလိမ့်မယ်။ ဒါဖော ဒေသမှာ ဘာတွေ ဖြစ်နေသလဲဆိုတာကို စာရေး ဆရာ ဆရာဝန် ဟာလီမတ် ဘရှေး ရဲ့ မျက်မြင် ကိုယ်တွေ့ တင်ပြချက်ကို သမ္မတ ဘွတ်ရှ်က သူ့ရဲ့ ရုံးခန်းမှာ ဦးစွာ နားထောင်မှာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ဟာလီမတ် ဘရှေး Tear of the desert သဲဂန္တာရထဲက မျက်ရည်များဆိုတဲ့ စာအုပ်နဲ့ ဒါဖော ဒေသက ရက်စက် ကြမ်းကြုတ် ပုံများ ကမ္ဘာက သိအောင်လို့ ရေးသား ထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ကမ္ဘာ အရပ်ရပ်က ဘလောက်ဂါများနဲ့ ရုပ်မြင်သံကြား အစည်းအဝေး လုပ်ခဲ့ပြီးနောက် အိမ်ဖြူတော်မှာ ကိုယ်တိုင် တွေ့ဆုံကြမယ့် မြန်မာ၊ အီရန်၊ တရုတ်၊ ကျူးဘား၊ ဘလိုရက် နိုင်ငံတွေထဲက ဘလောက်ဂါတွေထဲမှာ ဆန်ဖရန်စ္စကို မြို့အခြေစိုက် မိုးမခ သတင်းဌာနမှာ မြန်မာ ဘလောက်ဂါ မောင်ရစ်လည်း ပါဝင်ပါတယ်။

ရှေ့အပတ်ထဲ ထိုင်းဝန်ကြီးချုပ်သစ်ရွေးဖို့မှန်း အမျိုးသားညီညွတ်ရေး ကြားဖြတ်အစိုးရဖွဲ့ဖို့ ပွေထိုင်းပါတီလိုလား

ခေတ်ပြိုင်-ဂျွန်တင်အောင်/ ၁၀ ဒီဇင်ဘာ ၂၀၀၈

ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်ပွဲကို လာမည့် သတင်းပတ်အတွင်း လွှတ်တော်တွင် ကျင်းပရန်မှန်းထားသော်လည်း တပ်ဆင်ကျောထောက်နောက်ခံပေးထားသည့် ပွေထိုင်းပါတီကလည်း အမျိုးသားညီညွတ်ရေး ကြားဖြတ်အစိုးရဖွဲ့ရန် လိုလားနေသဖြင့် ထိုင်းအာဏာလွန်ဆွဲပွဲမှာ အကြိတ်အနယ် ဖြစ်နေသည်။

ထိုင်းဥပဒေအရ ဒီဇင်ဘာ (၃၀) ရက်နောက်ဆုံးထားပြီး ၀န်ကြီးချုပ်သစ် ရွေးချယ်ရမည်ဖြစ်သည်။ တချိန်က ၀န်ကြီးချုပ်ဟောင်း တပ်ဆင်အပေါ် သစ္စာခံခဲ့သည့် အမတ် (၃၇) ဦးကိုင်ထားသည့် နေ၀င်းချစ်ချော့အုပ်စုက ဒီမိုကရက် အတိုက်အခံဘက်ကို ဘက်ပြောင်းလိုက်သည့်အတွက် ထိုင်းနိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်သွားသည်။ တပ်ဆင်ကို သစ္စာဖောက်ခဲ့သူ နေ၀င်းချစ်ချော့အနေဖြင့် အတိုက်အခံနှင့် မည်မျှကြာကြာ လက်တွဲမလဲဆိုသည်ကို ထိုင်းနိုင်ငံရေးလောကတွင် စိတ်ဝင်စားနေကြသည်။

တပ်ဆင်ကြိုးကိုင်သည့် ပွေထိုင်းပါတီကလည်း အစိုးရဖွဲ့ရန် အလားအလာနည်းလာသည့်အတွက် တိုင်းပြည်၏ စီးပွားရေး၊ နိုင်ငံရေး ပြဿနာများ ဖြေရှင်းရန်အတွက် အမျိုးသားညီညွတ်ရေး ကြားဖြတ်အစိုးရဖွဲ့မှ ဖြစ်မည်ဆိုသည့် အဆိုကို ဇောင်းပေးလာပြန်သည်။ ၀န်ကြီးချုပ်ကို ပါတီငယ်လေးများမှ တင်မြှောက်မည်ဟုဆို၏။ အမျိုးသားညီညွတ်ရေး ကြားဖြတ်အစိုးရကို နှစ်အနည်းငယ် အုပ်ချုပ်စေခြင်းဖြင့် တိုင်းပြည်တွင်း ဆူပူအုံကြွမှုများကို ဟန့်တားနိုင်မည်ဖြစ်ပြီး တိုင်းပြည်ပြန်လည်တည်ဆောက်ရန် အချိန်ပေးနိုင်မှာဖြစ်သည်ဟု ယူဆခြင်းဖြစ်သည်။

သို့သော် ဒီမိုကရက်အတိုက်အခံဘက်က အစိုးရမဖွဲ့နိုင်သည့်အခြေအနေမျိုး သို့မဟုတ် ဘက်ပြောင်းသွားသည့် အမတ်များကို တပ်ဆင်က ပြန်ခေါ်ပြီး အစိုးရကို ပြန်ထိန်းနိုင်သည့် အခြေအနေမျိုးမှသာ အမျိုးသားညီညွတ်ရေး ကြားဖြတ်အစိုးရပေါ်ပေါက်နိုင်ရန် အခွင့်အလမ်းများသည်ဟု အကဲခတ်အချို့က ယူဆသည်။

တက်လာသည့် ၀န်ကြီးချုပ်သည် နောက်ထပ်ရုပ်သေးဝန်ကြီးချူပ်တဦးဆိုလျှင်လည်း လမ်းပေါ်ထွက် ဆန္ဒပြမှုများ ပေါ်ပေါက်ဦးမှာဖြစ်ပြီး ဒီမိုကရက်က အစိုးရဖွဲ့နိုင်လျှင်လည်း အာဘီဆစ် ၀န်ကြီးချုပ်ဖြစ်မလာအောင် တပ်ဆင်လိုလားသူများက အဟန့်အတား လူပ်ရန်များသည်ဟု ယူဆကြသည်။

ဝန်ကြီးချုပ်မည်သူတက်တက် ဆူဝမ်နဖုန်လေဆိပ်ကို ပိတ်လိုက်ရသည့်အကျိုးဆက်အဖြစ် ယိုင်သွားသည့် ထိုင်းစီးပွားရေးကို ကိုင်တွယ်ရမည့်တာဝန်က စိန်ခေါ်နေသည်။ လာမည့်နှစ်တွင် အလုပ်လက်မဲ့ (၁,၀၀၀,၀၀၀) နီးပါးရှိမည်ဟု မှန်းထားသည်။

အထူးသဖြင့် ခရီးသွားလုပ်ငန်းအထိနာသွားသည့်အတွက် နိုင်ငံခြားသား ခရီးသွားများကို အားထားနေရသည့် ဘန်ကောက်မြို့မှ လုပ်ငန်းများ သိသိသာသာ ထိုးကျသွားသည်။ ဘန်ကောက်မြို့တွင်းမှ စားသောက်ဆိုင်များနှင့် အခြားလုပ်ငန်းအများစုက ဧည့်သည်အလာကျဲသွားသည့်အတွက် ပီအေဒီခေါင်းဆောင်ပိုင်းကို အပြစ်တင်ကြ သည် ဘန်ကောက် ပရာတူနန်း ပလက်ဖောင်းဈေးတန်း အချို့နေရာများတွင် ပီအေဒီခေါင်းဆောင် ဆွန်ထိ အမည်ကို ပလက်ဖောင်းပေါ်တွင် မကျေမနပ် ရေးထားသည်ထိ တွေ့ရသည်။

ထိုအတောအတွင်း ထိုင်းအတိုက်အခံ ဒီမိုကရက်ပါတီက အစိုးရဖွဲ့နိုင်မည့် အမတ်အရေအတွက် ရပြီဖြစ်သည့်အတွက် လွှတ်တော်အထူးအစည်းအဝေးခေါ်ရန် တောင်းဆိုထားသဖြင့် ထိုင်းနိုင်ငံရေးလောကတွင် အာဏာလွန်ဆွဲပွဲ ပြင်းထန်လာသည်။

ဒီမိုကရက်ပါတီသာ လွှတ်တော်တွင် မျှော်မှန်းသည့်အတိုင်း မဲအရေအတွက်အပြည့်ရလျှင် ဒီမိုကရက်ပါတီ ခေါင်းဆောင် အာဘီဆစ် ၀ိဇ္ဇာဇီဝ ၀န်ကြီးချုပ်ဖြစ်လာနိုင်သည်။ အမတ်အရေအတွက် (၃၇) ဦး ကိုင်ထားပြီး မကြာခင်က အဖျက်ခံရသည့် ၀န်ကြီးချူပ်ဟောင်းဆွန်ချိုင်း၏ People Power ပါတီထောက်ခံမှုမှ ခွဲထွက်သည့် နေ၀င်းချစ်ချော့အုပ်စုက ဒီမိုကရက်ပါတီကို ဘက်ပြောင်းလိုက်သည့်အတွက် အစိုးရဖွဲ့နိုင်ရန် အလားအလာ များလာခြင်းဖြစ်သည်။

သို့သော် ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း တပ်ဆင် ကျောထောက်နောက်ခံပေးထားသည့် People Power ပါတီ အဖျက်မခံရမီကပင် ထိုပါတီဝင် အစိုးရအဖွဲ့ထဲမှ အမတ်အချို့က ပွေထိုင်းပါတီထောင်ပြီးဖြစ်သည်။ တချိန်က တပ်ဆင်၏ ထိုင်းရပ်ထိုင်းပါတီ အဖျက်ခံရပြီးမကြာခင် People Power ပါတီကို ပြည်ပရောက်တပ်ဆင်၏ ငွေကြေးထောက်ပံ့မှုဖြင့် တည်ထောင်ခဲ့ပြီး စမတ် ၀န်ကြီးချုပ်ဖြစ်လာသည်။ ထို့ကြောင့် စမတ်ကို တပ်ဆင်၏ ရုပ်သေးဝန်ကြီးချုပ်ဟု အစွပ်စွဲခံရခြင်းဖြစ်သည်။ စမတ်ပြုတ်ပြီးမကြာခင် တပ်ဆင်၏ ယောက်ဖ ဆွန်ချိုင်း ၀န်ကြီးချုပ်ဖြစ်လာသည်။ ဆွန်ချိုင်းပြုတ်ပြီးနောက် ပေါ်ပေါက်လာသည့် ပွေထိုင်းပါတီသည်လည်း တပ်ဆင် ကျောထောက်နောက်ခံပေးထားသည့် ပါတီဖြစ်လာပြန်သည်။

ဒီမိုကရက်ပါတီက အစိုးရဖွဲ့ရန် ခြေလှမ်းပြင်နေသော်လည်း တပ်ဆင် ကျောထောက်နောက်ခံပေးထားသည့် ပွေထိုင်းပါတီက အတိုက်အခံဘက် ဘက်ပြောင်းသွားသည့်အမတ်များ ပြန်လာရန် နည်းမျိုးစုံဖြင့် ဖိအားပေးနေသည်။ အချို့ ထိုင်းအရှေ့မြောက် မဲဆန္ဒနယ်များ၌ ယင်းသို့ ဘက်ပြောင်းသည့် အမတ်များ၏ နေအိမ်ကို ပိတ်ဆို့ရန် ရွာသားများအား ခိုင်းစေထားသည်ဟုလည်း အမတ်အချို့က ပြောသည်။

တပ်ဆင်နှင့် တရားဝင် ကွာရှင်းပြီးဆိုသည့် တပ်ဆင်၏ ဇနီးဟောင်း ပွန်ဂျမင်သည် မကြာခင်က ဘန်ကောက်ပြန်ရောက်လာပြီးနောက် ပွေထိုင်းပါတီကို ကြိုးကိုင်နေသည်ဟု အစွပ်စွဲခံရသည်။ အထူးသဖြင့် ဒီမိုကရက်ပါတီကို ဘက်ပြောင်းသွားသည့် နေ၀င်းချစ်ချော့အုပ်စုဝင် အမတ်များကို ပြန်ခေါ်ရန် စည်းရုံးသော်လည်း မအောင်မြင်ဟု ထိုင်းမီဒီယာများက ရေးသည်။

အတိုက်အခံ ဒီမိုကရက်ပါတီနှင့် ပွေထိုင်းပါတီတို့ အမတ်များကို အလုအယက် ငွေဖြင့် ဆွဲဆောင်နေသည့်အတွက် ထိုင်းနိုင်ငံရေးမှာ အမတ်ဈေးကောင်းလာသည်ဟု ဆောင်းပါးရှင် ဆော့ပွန် အွန်ကာရာက The Nation သတင်းစာတွင် ရေးသည်။

ဒီမိုကရက်ပါတီသာ အစိုးရဖွဲ့ခဲ့လျှင် တပ်ဆင်အနေဖြင့် နောက်ထပ် ထောင်ဒဏ်များ ရင်ဆိုင်ရနိုင်သည့်အတွက် တပ်ဆင်ဘက်ကလည်း ပွေထိုင်းပါတီ အစိုးရဖွဲ့နိုင်ရန် အလျော့ပေးမည်မဟုတ်။

ယခုရက်ပိုင်းအတွင်း အမတ်တဦးကို မည်မျှငွေပုံ ပေးရပေးရ အတိုက်အခံပါတီနှင့် ပွေထိုင်းတို့ အပြန်အလှန် အာဏာလွန်ဆွဲနေသည့်အတွက် ထိုင်းနိုင်ငံရေးမှာ ငွေသာအဓိကဟု ဆော့ပွန် အွန်ကာရာက ထောက်ပြသည်။ ထိုင်းနိုင်ငံရေး အကျပ်အတည်းတွေ့လေ အမတ်များ ငွေရှာ၍ကောင်းလေဟု လည်း ဝေဖန်ထားသည်။ မည်သည့်ပါတီ အစိုးရဖွဲ့ဖြစ်မည်ဆိုသည့် နောက်ဆုံးအဖြေအပေါ် ငွေက လွှမ်းမိုးထားဆဲ ဖြစ်သည်ဟုလည်း ရေးထားသည်။

ထိုင်းအတိုက်အခံ ဒီမိုကရက်ပါတီအနေဖြင့် လောလောဆယ် အမတ်နေရာ (၂၄၂) နေရာ အပိုင်ရထားသည်ဟုဆိုသော်လည်း ၀န်ကြီးချုပ်နေရာအတွက် လွှတ်တော်ထဲမဲခွဲချိန်တွင် မဲအရေအတွက် ထိုမျှရမရဆိုသည်မှာ မသေချာဟု အကဲခတ်များက တွက်သည်။

ဧရာဝတီတိုင်းတွင် နာဂစ်ကြောင့် ဘုန်းကြီးကျောင်း (၂,၀၀၀) နီးပါးပျက်စီး (၇) လကြာသည်ထိ ပြုပြင်မှု နှေးကွေး

NEJ/ ၁၀ ဒီဇင်ဘာ ၂၀၀၈



နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး (၇) လကြာပြီဖြစ်သော်လည်း မုန်တိုင်းသင့်ဒေသများဖြစ်သည့် ဧရာဝတီတိုင်းရှိ နာဂစ်သင့်မြို့နယ်များအတွင်း မြို့ပေါ်နေထိုင်သူများနှင့် ကျေးရွာနေပြည်သူများ အစိုးရအကူအညီမရသည့်အ တွက် နေထိုင်ရန် အခက်အခဲများ ရှိနေဆဲဖြစ်သည်။

အဆိုပါအခက်အခဲများကို အစိုးရက ဖြေရှင်းမပေးသော်လည်း စေတနာရှင်များက ဧရာဝတီတိုင်းသို့ ကိုယ်တိုင်ဆင်း၍ နေအိမ်အခက်အခဲရှိသူများအတွက် နေအိမ်ဆောက်လုပ် လှူဒါန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ဖျာပုံ၊ ဒေးဒရဲ မြို့နယ်များအတွင်း ဘုန်းကြီးကျောင်းများသာမက ဘုရားပုထိုးစေတီးများပါ ပျက်စီးခဲ့ရသည်များ ရှိကြောင်း၊ ဘုရားပုထိုး စေတီများ ပြန်လည်ပြုပြင်ရန်ထက် ဘုန်းတော်ကြီးကျောင်းများမှာ အရေးကြီးကြောင်း၊ လာမည့် ၁၃၇၁ ခုနှစ်အတွက် ၀ါဆိုကြမည့် ရဟန်းသံဃာများ၏ ဘုန်းကြီးကျောင်းများ အမိုးအကာ လိုအပ်ချက်များ ရှိနေသေးကြောင်း သိရှိရသည်။

"ဒေးဒရဲမြို့နယ်မှာ ဘုန်းကြီးကျောင်းတွေ (၂၅၀) ကျော်ရှိမယ်။ အချို့ကျောင်းတွေက မုန်တိုင်းကြောင့် အားလုံးပြိုတယ်။ အချို့က အမိုးအကာ လန်တယ်။ အချို့က အောက်ခြေကပဲ ယိုင်သွားတာရှိတယ်" ဟု ဒေးဒရဲမြို့နယ်ရှိ သာသနာရေးဆိုင်ရာ တာဝန်ရှိသူက ပြောသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၏ တရားဝင်ထုတ်ပြန်သော စာရင်းများအရ ဧရာဝတီတိုင်းတွင် ဘုရား စေတီ (၃,၀၇၄) ဆူ၊ ဘုန်းကြီးကျောင်း (၁,၉၃၈) ကျောင်း၊ သီလရှင်ကျောင်း (၇၃) ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း (၁၈၂) ကျောင်း၊ မွတ်စလင်ဝတ်ပြုကျောင်း (၂၅) ကျောင်း၊ ဟိန္ဒူဘုရားကျောင်း (၂၂) ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။

ဒေးဒရဲတွင် ကျေးရွာအုပ်စုပေါင်း (၉၃) အုပ်စုရှိသည့်အနက် မူလတန်းကျောင်း (၁၉၀) ကျော် ပျက်စီးသွားသည်။ ယခုပြန်လည်တည်ဆောက်ပြီးစီးသည်မှာ ကျောင်း (၃၀) ကျော်ခန့်သာရှိသေးသည်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၏ စာရင်းများအရ ပညာရေးကဏ္ဍအတွက် သုံးစွဲရန် ငွေကြေးသီးသန့်မထားရှိကြောင်း၊ ဧရာဝတီတိုင်းတွင် မူလတန်းကျောင်း (၁,၅၀၄) ကျောင်း၊ အလယ်တန်းကျောင်း (၁၃၉) ကျောင်း၊ အထက်တန်းကျောင်း (၆၉) ကျောင်း ပျက်စီးခဲ့ပြီး ပြန်လည်တည်ဆောက်မှုမှာ (၉၅) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နာဂစ်မုန်တိုင်းတိုက်ပြီး (၂) လခန့်ကြာမှ စိုက်ပျိုးခဲ့ရသော ဧရာဝတီတိုင်းမှ လယ်သမားများ ပြီးခဲ့သည့် မိုးစပါးများ ရိတ်သိမ်းပြီးစီးလု ဖြစ်နေကြရာ အထွက်နှုန်းများ ပြီးခဲ့သည့်နှစ်ကထက် ထက်ဝက်ခန့် လျော့ကျကြောင်း သိရသည်။

(နာဂစ်အပြီး (၇) လကြာ ဧရာဝတီမြင်ကွင်း အထူး သတင်းဆောင်းပါး)

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.