Saturday, December 13, 2008

[ko htike's prosaic collection] 2 New Entries: ပွင့်ပွင့်လင်းလင်း ပြောကြည့်မယ်

ပွင့်ပွင့်လင်းလင်း ပြောကြည့်မယ်

ကျွန်တော်တို့ မြန်မာနိုင်ငံကို လက်နက်ကိုင် အကြမ်းဖက် သိမ်းပိုက်ထားသော သောင်းကျန်းသူ လူတစ်စု၏ လက်အောက်မှ လွတ်မြောက်ရန် မြန်မာပြည်ကို ချစ်သော နိုင်ငံသားတိုင်း ညီညီညွတ်ညွတ် ပူးပေါင်း လုပ်ဆောင်ရမည် ဆိုတာကို သဘောတရား တစ်ခုအရ အားလုံး လက်ခံထားပြီး ဖြစ်သည်။

ထင်ရှားသော ခေါင်းဆောင်များ၏ မိန့်ခွန်းများ၊ လူထု လေးစားကြည်ညိုရသော ပုဂ္ဂိုလ်များ၏ အမှာစကားများ၊ အဖွဲ့အစည်းများ၏ အခမ်းအနားများတွင် ကျင်းပပြောဆိုသော စကားလုံးများတွင်လည်း အဆိုပါ ညီညီညွတ်ညွတ်နဲ့ အားလုံး အတူတကွ လုပ်ဆောင်ပြီး သောင်းကျန်းသူများကို တိုက်ထုတ်ရန် ပြောဆိုနေကြသည်မှာလည်း အကြိမ်ကြိမ်ဖြစ်ပါသည်။

ထို့အပြင် အင်တာနက် စာမျက်နှာများ၊ ဆောင်းပါးများ ဆွေးနွေးဝိုင်းများလည်း စည်းလုံး ညီညွတ်ရေးဆိုသော စကားလုံးမှာ အရေးပါ အရာရောက်သော ခေါင်းစဉ် အဖြစ် ဆွေးနွေးကြသည်ကို တွေ့ရပါသည်။

သို့သော် ဒီနေ့ အချိန်အထိ ထိထိရောက်ရောက်ဖြင့် မည်သို့ မည်ပုံ ညီညွတ်ရေး တည်ဆောက်မည်ဆိုသော အလုပ်သဘောဆန်သည့် လမ်းစဉ်မျိုးကိုကား ကျွန်တော် သတိထားမိသလောက် မတွေ့ရှိသေးပါ။

ကျွန်တော် တွေးမြင်ကြည့်သလောက် ပွင့်ပွင့်လင်းလင်း ပြောရမည် ဆိုလျှင် ညီညွတ်ရေးရှိသင့်တယ် ဆိုတာကို အခြေခံသဘောအရ အားလုံး လက်ခံထားပြီးဖြစ်ပါသည်။ ထိုကြောင့် ညီညွတ်ရေး လိုအပ်တယ်၊ လုပ်ရမယ် ဆိုတာကို ပြောဆိုနေကြသော အချိန်ကို ကျော်လွန်ပြီး .. ကျွန်တော်တို့ ဘယ်လို ညီညီညွတ်ညွတ် လုပ်သင့်သလဲ၊ လုပ်နိုင်သလဲ ဆိုတာတွေကို အရေးထား စောင်းပေး ဆွေးနွေးကာ တကယ် လက်တွေ့ဆန်သော လုပ်ဆောင်နိုင်သည့် ညီညွတ်ရေးကို ဖေါ်ဆောင်ရန် အချိန်တန်ပြီလို့ ထင်ပါသည်။

ဒီတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေမှ မဟုတ်ပါဘူး .. "လူ" .. ဆိုတဲ့ လူသားတိုင်း အတ္တ၊ မာန၊ လောဘ ဆိုတာတွေရှိတာကြောင့် တပုံစံတည်း ညီညွတ်နိုင်ဖို့က ခဲယဉ်းပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သာမန် မြင်နေသော စကားလုံးတွေကို သေချာ အဓိပ္ပါယ်ဖွင့်ဆို ရှင်းလင်းဖို့ လိုလာပြီထင်ပါတယ်။

(နောက်ထပ် အဆင့် တစ်ခုသို့ ရောက်ရန် ဒီနေရာမှာ ညီညွတ်ရေး ပြုလုပ်ရန် လိုအပ်ပြီလား ဆိုသော မေးခွန်းကို အားလုံး ဖြေပြီး အားလုံး၏ စိတ်ထဲတွင် ညီညွတ်ရန်လိုအပ်သည် နောက်တစ်ကြိမ် ညီညီညွတ်ညွတ် လုပ်ဆောင်ကြပါဆိုသော တိုက်တွန်းစကားမျိုး ပြောကြားရန် မလိုအပ်သော လက်ခံခြင်းမျိုးအထိ လက်ခံထားရန် လိုအပ်ပါသည်။)

၁။ ညီညွတ်ရေးနှင့် ပုံစံတူ ပြုလုပ်ရေး ကွဲပြားချက်

ပုံစံတူ ပြုလုပ်ရေးနှင့် ညီညွတ်ရေး ဆိုတာကို ရောထွေးနားလည်တတ်ကြတာကို ညီညွတ်ရေး တည်ဆောက်မှု စကားဝိုင်းတိုင်းမှာ တွေ့ရတတ်ပါတယ်။

ညီညွတ်ရေးအတွက် ပြောဆို ဆွေးနွေးကြတိုင်း ပုံစံတူ ပြုလုပ်ရေးဆိုသည့်ဘက်ကို ရောက်ရှိသွားတတ်ကြပြီး အတ္တ မာန တွေနှင့် .. လိုအပ်သော ညီညွတ်ရေး မရပဲ မလိုအပ်သော အမုန်းတရားတချို့ မမြင်ကွယ်ရာမှာ ကြီးထွားလာတတ်ကြတာကို တွေ့ရပါတယ်။

ပုံစံတူ ပြုလုပ်ရေး ဆိုသည်မှာ စက်ရုံ တစ်ရုံမှ "ကား" မော်ဒယ်တစ်ခုကို အမြောက်အများ ထုတ်လုပ်သလို ပုံစံတူ ကွဲပြားခြားနားမှုမရှိသည့် ထုတ်လုပ်ရေး လုပ်ငန်းဖြစ်ပြီး၊
ညီညွတ်ရေး ဆိုသည်မှာ ကားတစ်စီးဖြစ်မြောက်ရန် ပုံစံ မတူသော အစိပ်အပိုင်းများ အတူတကွ တွဲစပ်တည်ဆောက်ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် သောင်းကျန်သူ နအဖအား တိုက်ထုတ်ရေးဆိုသည်မှာ ကားတစ်စီးကို တည်ဆောက်ရန်သာဖြစ်ပြီး၊ ကားအမြောက်အများကို ပုံစံတူ ထုတ်လုပ်ရန်မဟုတ်ပါ။

ပုံစံတူပြုလုပ်ခြင်းမှာ ၁၉၈၈ ကာလက မြန်မာ့မြေပေါ်မှ မောင်းထုတ်လိုက်သော မဆလ ဆိုရှယ်လစ် စနစ်ဖြစ်ပြီး၊ ညီညွတ်ရေး ဆိုသည်မှာ ဒီမိုကရေစီ စနစ်ဖြစ်သည်။

အဖွဲ့အစည်းတွေမြောက်များစွာရှိလည်း ကိစ္စ မရှိပါ၊ မတူညီသော အမြင်တွေ ရှိလည်း ကိစ္စ မရှိပါ။ မတူကွဲပြားခြားနားနေခြင်းသည်ပင် "အား" တစ်ရပ်ဖြစ်နေပါသည်။ ထိုသို့ မတူ ကွဲပြားခြားနားနေသော အင်အားစုများကို တစ်စု တစည်းတည်း ပုံစံတူ ပြုလုပ်ရေးထက် အတူတူ ပူးပေါင်းလုပ်ကိုင်နိုင်သော ညီညွတ်ရေးတစ်ခု တည်ဆောက်ရန်သာ လိုအပ်ပါသည်။


၂။ အာဏာရှင် စနစ် နှင့် ခေါင်းဆောင် စနစ်

အာဏာရှင်နှင့် ခေါင်းဆောင် ဆိုသော စကားလုံးကိုလည်းရောထွေး တတ်ကြပါသည်။

အားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်သည့်အခါ ဦးဆောင်မှုပေးသော ခေါင်းဆောင်ကို ရွေးချယ်ကြရသည့်အခါ အာဏာရှင်ဆိုသော အမြင်နှင့် ခေါင်းဆောင် ဆိုသော အမြင်ကို ခွဲခြားမြင်တတ်ရန် အရေးကြီးပါသည်။

အာဏာရှင် စနစ် ဆိုသည်မှာ ထိပ်ဆုံးမှ လူပုဂ္ဂိုလ်၏ စိတ်တိုင်းကျ လုပ်ဆောင်ရသော စနစ်ဖြစ်ပြီး၊ ခေါင်းဆောင် စနစ် ဆိုသည်မှာ တိကျသော မူဝါဒကို တာဝန်ယူ ဖေါ်ဆောင်ပေးရသော စနစ်ဖြစ်သည်။

ထိုအခါ အတူတူ ပူးပေါင်း လုပ်ကြမည်ဟု ဆိုလျှင် အရင်ဆုံး မြင်လိုက်သည့် အချက်မှာ ဘယ်သူက ပူးပေါင်းမှုမှာ ခေါင်းဆောင်မှာလဲ(အာဏာရှင် လုပ်မှာလဲ) ဆိုတာကို အရင် ကြည့်တတ်ပြီး၊ ... တကယ့် အရေးပါသော မူဝါဒတစ်ခုကို ဘယ်လိုဖေါ်ဆောင်မလဲ၊ ဘယ်လို မူဝါဒတွေကို ငါတို့ ချမှတ်မလဲ၊ ခေါင်းဆောင်၏ လုပ်ပိုင်ခွင့်တွေကို ဘယ်လို ကန့်သတ်မလဲဆိုသော တွေးခေါ် ပြောဆိုမှုအားနည်းနေသည်ကို တွေ့ရပါသည်။

လူပုဂ္ဂိုလ် အာဏာရှင်ကို ဦးတည်စဉ်းစားသော အာဏာရှင် ပုံစံကို မြင်မိသောအခါ ထိုလူပုဂ္ဂိုလ်၏ ကိုယ်ရေးကိုယ်တာ အားနည်းချက်များကိုပါ ထည့်သွင်းပြောဆို အပြစ်မြင်တတ်လာကာ ဘေးတွင် မကျေမနပ်ပြောဆိုသော လူ့အဖွဲ့အစည်း တရပ် ဖြစ်ပေါ်လာတတ်ပါသည်။ (ထိုသို့ ပုဂ္ဂိုလ်ရေး ပြောဆို တိုက်ခိုက်နေမှုများကို ယနေ့အထိ မြင်တွေ့နေရသည်မှာ စိတ်မချမ်းမြေ့ဖွယ် တစ်ခု ဖြစ်ပြီး၊ သောင်းကျန်းသူ နအဖ စိတ်ကြိုက် ဖြစ်နေပါသည်။)

အကယ်၍ မူဝါဒကိုသာ ဖေါ်ဆောင်သော ခေါင်းဆောင်မှု စနစ်ဖြင့် သွားမည်ဆိုလျှင် ညီညွတ်စွာ အတူတူ လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

ဆက်ရန်

လေးစားစွာဖြင့်
ကိုထိုက်

အားလုံး တူညီသော မူဝါဒ မချမှတ်နိုင်ခြင်း မရှိသေးခင်၊ ခေါင်းဆောင် ရွေးချယ်နိုင်ခြင်း မရှိသေးခင် လုပ်ဆောင်နိုင်မည့် လုပ်ငန်းစဉ်နှင့် စကားလုံးများကို ထပ်မံရေးပါဦးမည်။

(မှတ်ချက် ။ ကျွန်တော်၏ အတွေးအခေါ်နှင့် မြင်တာ ရေးသားခြင်း ဖြစ်ပါသည်။ လိုအပ်ချက်၊ အားနည်းချက်၊ ဆွေးနွေးရန် အချက်များရှိပါက မေးလ်သို့လည်းကောင်း၊ comment တွင်လည်းကောင်း ဆွေးနွေးဝေဖန်နိုင်ပါသည်။)

၂၁ ရာစု ခေတ်မီ ဖွံ့ဖြိုးတိုးတတ်သော မြန်မာနိုင်ငံတော်ကြီး

နအဖ အဖွဲ့ဝင် လူကြီးများ၏ မအိပ် မနေ နေ့မအား၊ ညမအား တိုင်းပြည်တာဝန် ထမ်းဆောင်နေခြင်း၏ အကျိုးကျေးဇူးရလဒ်ကား အံ့သြကုန်နိုင်ဖွယ် မျက်မြင် တွေ့မြင်နိုင်ကြရန် အလို့ငှာ ရန်ကုန် ရွှေမြို့တော်ကြီး လျှပ်စစ်မီး ဖြန့်ဖြူးရေး အချိန်ဇယား တစ်ခုကို ပြန်လည် ဝေငှ လိုက်ခြင်းဖြစ်ပါသည်။ (မှတ်ချက် ... မီးရမည်ဟု ပြောသည့် အချိန်တွင်လည်း သဘာဝ လမင်း၏ အရသာကို ပြည်သူလူထု အပြည့်အဝ ခံစားစေရန် ရည်မှန်းချက်ထား၍ ဖြတ်တောက်ခြင်းများလည်း မကြာခဏ ပြုလုပ်လေ့ရှိကြောင်း သိရှိသလောက် ပြန်လည် ဖေါ်ပြလိုက်ပါသည်။)

၂၁ ရာစုရဲ့ ခေတ်မှီ ဖွံ့ဖြိုးတိုးတတ်သော စည်းကမ်းကျနသည့် မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေဆီ နိုင်ငံတော်သစ်ကြီးဆီသို့ ချီတတ်ရန် ရန်ကုန်မြို့သို့ လျှပ်စစ်မီးပေးချိန် ဇယား၊

You received this email because you are subscribed to the real_time feed for http://ko-htike.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.