Saturday, December 13, 2008

[Welcome] 2 New Entries: အဝေးဆုံးကို .... လှမ်း

အဝေးဆုံးကို .... လှမ်း

 
နှောင်ကြိုး

မမြင်နိုင်တဲ့ သံယောဇဉ် အမျှင်တန်း လေးတစ်မျှင်ရဲ့ ရစ်နှောင်ဖွဲ့မှုဟာ
ဖြေမပြေနိုင်အောင် ခိုင်မြဲ လွန်းလှပါတယ်။

စမှတ်နဲ့ ဆုံးမှတ်ဟာ ဝေးကွာလွန်းလှ ပေမယ့် 
ဒီသံယောဇဉ် ကြိုးလေးဟာ ပြတ်တောက်နိုင်စွမ်း မရှိပါဘဲ
ပိုမို ရစ်တွယ် နေမိတာကို ၀န်ခံပါတယ်။

သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ရစ်ပတ်ထုံးနှောင်ထားတဲ့
ဒီသံယောဇဉ်ကြိုးလေးကို တင်းမာမှုတွေနဲ့ ပြိုင်ဆိုင်ပြီး ဖြတ်တောက်ပစ် မယ်ဆိုရင်
ဖြစ်ပေါ်လာမယ့် နာကျင်မှု ဝေဒနာတွေကို
တဆွေးမြေ့မြေ့ ခံစားရမှာ အသေအချာပါ။

သို့ပေမယ့် တစ်ဖက်သတ်ဆန်လွန်းတဲ့ ဒီနှောင်ကြိုးလေးအတွက်
စောင်းကြိုးညင်းသလို အလျော့အတင်း ညှိပါသော်လည်း
ပြတ်တောက်အောင် အကြောင်းဖန်ဖန်လာတာမို့
ဖယ်ခွာဖို့ အကြောင်း မနှောင်းခင် အချိန်မှာ
အသိတရားလေး ထွန်းလင်းခဲ့ပြီ .. .. ။

လောကဓံဆိုလားပဲ


ပစ္စည်းဥစ္စာပေါများ ကုံလုံကြွယ်ဝခြင်း၊ ခြွေရံသင်းပင်း များပြားခြင်း၊ အများရဲ့ ချီးကျူးခံရခြင်း၊ ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်း စတဲ့ ကောင်းမြတ်သော လောကဓံ တရားလေးပါးကို ရင်ဆိုင်ရပါက လူတွေဟာ တုန်လှုပ်တတ် ကြပါတယ်။ အကောင်းလောကဓံ တရားလေးပါးနဲ့ ကြုံတွေ့ ရလို့ ၀မ်းသာ အားရ ဖြစ်တတ်တာပါ။

ပစ္စည်းဥစ္စာ ရှားပါးခြင်း၊ အခြွေအရံ နည်းပါးခြင်း၊ သူတကာ ကဲ့ရဲ့ခံရခြင်း၊ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်း စတဲ့ ဆိုးဝါးတဲ့ လောကဓံ တရားလေးပါးကို ရင်ဆိုင် ကြုံတွေ့ ရပါကလည်း ခြောက်ခြားစွာ တုန်လှုပ် တတ်ကြပါတယ်။ လူတွေဟာ ၀မ်းသာလည်း တုန်လှုပ်၊ ၀မ်းနည်းလည်း တုန်လှုပ် တတ်တာ သဘာဝလို ဖြစ်နေပါမယ်။ လိုတာရလျှင် နှစ်သက်တယ်၊ ၀မ်းသာတယ်။ နှစ်နာဆုံးရှုံးလျှင် စိတ်ပျက်တယ်၊ ကြေကွဲ ၀မ်းနည်းတယ်။ ဒါတွေဟာ လောကဓံ တရားတွေပါ။

လောကဓံ တရားများသည် လူတွေရဲ့ နောက်ကို လိုက်တတ်ပါတယ်။ လူတွေကလည်း လောကဓံတရားများ နောက်ကို လိုက်တတ်ကြပါတယ်။ ပိုဆိုးတာက လူတွေက လောကဓံ တရားနောက်ကို လိုက်ပါတတ်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ တရားခံကတော့ မိမိကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ မိမိပြုလုပ်တဲ့ ကောင်းမှုကံ၊ မကောင်းမှုကံ တွေက အကျိုးပေးခြင်းသာ ဖြစ်ပါတယ်။ မိမိရဲ့ အကျိုးအမြတ်ကို မိမိကသာ ခံစားရခြင်းမျိုး ဖြစ်ပါတယ်။

လောကဓံ တရားဆိုတာ မကျရောက်နိုင်တာ မရှိပါဘူး။ ကျွန်တော်တို့ အနေနဲ့ အကောင်း အဆိုး လောကဓံ တရားတွေကို ရင်ဆိုင် ကြုံတွေ့နေရ ပါမယ်။ ဒါကြောင့် အဆိုး လောကဓံ တရားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အလွန်အမင်း ၀မ်းမနည်းဖို့၊ အလွန် အမင်း စိတ်မပျက်ဖို့ လိုအပ်ပါတယ်။ အကောင်း လောကဓံတရား တွေနဲ့ ရင်ဆိုင်ရရင် လည်းပဲ အလွန်အမင်း ၀မ်းမသာဖို့၊ လွန်လွန်ကျူးကျူး မပျော်ရွှင်ဖို့ လိုအပ်ပါတယ်။ ဒုက္ခကို သည်းခံ ကြရပါမယ်။ သည်းခံတတ်ပါမှ လောကဓံတရားကို ရင်ဆိုင် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ လောကဓံတရား ဆိုတာ ကျရောက်တတ်မြဲ ဖြစ်တာမို့၊ ရင်ဆိုင်ရမြဲ ဖြစ်တာမို့ မလွဲမသွေ ရင်ဆိုင်ရမည်လို့သာ နှလုံးသွင်း ထားမယ် ဆိုပါက အကောင်းဆုံး ဖြစ်ပါမယ်။ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။



You received this email because you are subscribed to the real_time feed for http://winzaw-mdy.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.