Saturday, December 13, 2008

[Nine Nine SaNay] 1 New Entry: ဟိုးတုန်းက..... သူ ငယ် ချင်း

ဟိုးတုန်းက..... သူ ငယ် ချင်း


မနေ့က သူငယ်ချင်းတင်မေရဲ့ ဖုန်းရပြီးနောက် ကျွန်မတစ်နေ့လုံး နေလို့မကောင်းဘူး။ တင်မေပြောတာကို နားထောင်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ခေါင်းထဲမှာလည်း တစ်ခုခု ငါဘာများလုပ်ပေးနိုင်မလဲ ဆိုတဲ့အဖြေကို အပြေးအလွှား ရှာမိတယ်။ ကိုယ်တိုင်မျက်မြင် မဟုတ်ခဲ့လို့ အခြေအနေက အဲလောက်ကြီးဆိုးနိုင်မှာ မဟုတ်ပါဘူးလေလို့လည်း ဖြေမိတယ်။

ဒီဘလော့ဂ်ကို အမြဲဝင်သူတွေ ကျွန်မရေးခဲ့ဖူးတဲ့
"ဟိုတုန်းက... သူ ငယ် ချင်း" ကို မှတ်မိနေအုန်းမယ် ထင်ပါတယ်။ အဲဒီတုန်းက ဇာတ်လမ်းထဲက ဇာတ်လိုက်နဲ့ အပြင်မှာ ပြန်တွေ့နိုင်ဖို့ လူတွေ ဆုတောင်းပေးခဲ့ကြတာကို ကျွန်မမှတ်မိနေသေးတယ်။ ကျွန်မ မြန်မာပြည် ပြန်ရောက်ရင် ဒီဆုတောင်းပြည့်မယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ လူတစ်ယောက်ကို ခင်မင်ရင်းနှီးဖူးပြီးရင် တော်ရုံနဲ့ မမေ့တတ်တဲ့ကျွန်မ၊ သူနဲ့က တက္ကသိုလ်တက်တဲ့ ကာလတစ်လျှောက်မှာ ပိုရင်းနှီးခဲ့ဖူးတာကြောင့် သူ့ကို ကျွန်မ မမေ့ခဲ့ပါဘူး။

တကယ်လည်း တောင်ကြီးပြန်ရောက်ပြီး ၃,၄ရက်အကြာမှာ သူငယ်ချင်းတွေနဲ့ သူ့ကို ကျွန်မသွားရှာခဲ့ပါတယ်။ သူဘယ်ဘဝရောက်ရောက်၊ ဘာပဲဖြစ်နေဖြစ်နေ သူငယ်ချင်းဆိုတဲ့ သံယောဇဉ်နဲ့ သူ့ကို ကျွန်မ တွေ့ခွင့်ရှိနိုင်သေးတယ်ဆိုပြီး ရှာခဲ့ပါတယ်။ လှည့်စားဆဲ ကံကြမ္မာက သူနဲ့ အတွေ့မခံခဲ့ပါဘူး။ သူ့အိမ်ကို ကျွန်မ ပြန်ရောက်ကြောင်း၊ အိမ်မှာလာရှာဖို့ မှာခဲ့တယ်။ ဒါပေမယ့် ကျွန်မ တာချီလိတ်လာတဲ့နေ့အထိ သူလာမရှာခဲ့ပါဘူး။ ကျွန်မဆိုတဲ့ ဒီသူငယ်ချင်းကို သူမခင်တော့လို့ပဲလား? မေ့နေလို့လား? လာရှာဖို့ အဆင်မပြေလို့လား? ...? ... ? မေးခွန်းပေါင်းများစွာနဲ့ ကျွန်မ နားလည်ပေးလိုက်ပါတယ်။

မနေ့က တင်မေဆီက ဖုန်းရမှ အဖြစ်မှန်ကို ကျွန်မသိလိုက်တယ်။ ကျွန်မတို့ သူ့ကို သွားရှာခဲ့တဲ့ ညနေကပဲ သူ ကျွန်မကို လာရှာခဲ့ပါတယ်တဲ့။ ဘဲလ်မတီးရဲလို့၊ အိမ်ထဲ မဝင်ရဲလို့၊ မခေါ်ရဲလို့ အိမ်ရှေ့မှာပဲ တစ်ညနေလုံး ထိုင်စောင့် နေခဲ့တယ်လို့ဆိုပါတယ်။ (အိမ်နဲ့ ခြံဝင်းတံခါးဝက ဝေးတဲ့အတွက် သူလာစောင့်မှန်း မသိခဲ့ဘူး)

တင်မေက ဆက်ပြောပါတယ် (သူ့ညီယောက္ခမရဲ့ ပြောပြချက်အရ) သူ တော်တော် ပျက်စီးနေပါတယ်တဲ့။ ပျက်စီးနည်း အမျိုးမျိုးထဲမှာ သူဘယ်နည်းနဲ့ ပျက်စီးနေသလဲလို့ ကျွန်မ မေးလိုက်ပါတယ်။ အရက်တွေ အလွန်အကျွံသောက်နေပါတယ်တဲ့။ အသဲတောင် ကျွမ်းလုနီးပြီလို့ ပြောပါတယ်။ ကျွန်မ နားလည်လိုက်ပါတယ်။ အမေလည်းဆုံး၊ အိမ်ကိုလည်း ရောင်း၊ မောင်ညီမတွေကလည်း အိမ်ထောင်ကျကုန်ပြီး သူလည်း ဘာလုပ်လုပ် မအောင်မြင်ခဲ့လို့ စိတ်ဓာတ်တွေကျ၊ ထွက်ပေါက်အနေနဲ့ အရက်သောက်တွေပဲ ဖိသောက်နေခဲ့တယ် ထင်ပါတယ်။ ဒါဟာ ပျော့ညံ့သူတွေမှ လုပ်တဲ့အလုပ်ဆိုပေမယ့် ဒီလိုအခြေအနေ၊ ဒီလိုဝန်းကျင်က ဒီလိုဖြစ်အောင် ဖန်တီးနေသလိုပါပဲ...

ဘာလုပ်လုပ် မအောင်မြင်၊ စိတ်တွေကျ၊ စိတ်တွေလေပြီး အရက်တွေသောက်နဲ့ အားငယ်စိတ်၊ သိမ်ငယ်စိတ်တွေ အလိုလိုနေရင်း ဝင်နေခဲ့လို့ အခင်ဆုံး သူငယ်ချင်းဆိုတဲ့ ကျွန်မကိုတောင် တွေ့ဖို့ သူမဝံ့ရဲခဲ့ပါဘူး။ တင်မေက ကျွန်မကို မှာပါတယ်။ သူနဲ့ အဆက်အသွယ်ရရင် အားပေးစကားလေးတွေ ပြောနော်တဲ့။ ဒီအချိန်မှာ ငွေကြေးထက် အားငယ်နေတဲ့ သူ့စိတ်တွေ အင်အားပြန်ပြည့်လာဖို့ အရေးကြီးတယ်တဲ့။ စိတ်ဓာတ်တစ်ခု ကျပြီဆိုတာနဲ့ အရာအားလုံးက နောက်ကနေ လိုက်ကျတော့တာပဲတဲ့။

ဒီတစ်ခေါက် ကျောင်းပိတ်လို့ တောင်ကြီးပြန်ဖြစ်ခဲ့ရင် သူ့ကို မတွေ့တွေ့အောင် ရှာပြီး ကျွန်မ မတတ်နိုင်တဲ့ ငွေကြေးထက် အကောင်းဆုံးအဖြင့် အားပေးစကားတစ်ခွန်း ဒါမှမဟုတ် အကူအညီလေး တစ်ခုတော့ ပေးနိုင်တန်ကောင်းပါရဲ့...... အဓိက, က အချိန်တွေ နှောင်းမသွားဖို့ပဲ အရေးကြီးနေတော့တယ်။

နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.