Saturday, December 13, 2008

[:: My Little World ::] 2 New Entries: 13th Month Payment or Bonus?

13th Month Payment or Bonus?

စင်္ကာပူက ကုမ္ပဏီတော်တော်များများမှာ ၁၂ လ အလုပ် လုပ်ပြီးရင် (13th Month Payment) ဆိုပြီး တစ်လစာ လခ ပေးတတ်ပါတယ်။ တချို့  ကုမ္ပဏီတွေက ဒီဇင်ဘာမှာ တစ်နှစ်အတွင်း ကိုယ်လုပ်ထားတဲ့ လနဲ့  တွက်ပေးတယ်။ တချို့ ကုမ္ပဏီတွေက ၁၂ လ ပြည့်တဲ့ အချိန်မှာမှ ပေးတယ်။ အဲဒီလို ၁၃ လစာ ရတာကို တချို့ က Bonus ၁ လစာ ရတယ်လို့  ပြောကြတယ်။ တကယ်တော့ ဒါဟာ Bonus မဟုတ်ပါဘူး။ အဲလို ၁၂ လလုပ်ပြီး ၁၃ လစာ လခရတာကို AWS (Annual Wage Supplement) လို့ ခေါ်ကြတယ်။

ဒီနေရာမှာ စင်္ကာပူက ကုမ္ပဏီ အားလုံးမှာ တစ်နှစ်လုပ်ရင် ၁၃ လစာ (AWS) အမြဲ ပေးတယ်လို့ မဆို လိုပါဘူး။ AWS က ဒီစင်္ကာပူမှာ ကုမ္ပဏီတိုင်း အလုပ်သမားတွေကို မပေးမနေရ (Compulsory) အရာ တစ်ခု မဟုတ်ပါဘူး။ တချို့ ကုမ္ပဏီ တွေက ပေးတယ်၊ တချို့  မပေးပါဘူး။ ဒီနိုင်ငံမှာ တစ်နှစ်မှာ လခ ၁၂ လစာ ကလွဲရင် ဘာမှ အပိုမပေးတဲ့ ကုမ္ပဏီ တွေလည်း အများကြီး ရှိသလို၊ တစ်နှစ်ကို ၁၂ လစာ + AWS ပေးတဲ့ ကုမ္ပဏီ တွေနဲ့  တစ်နှစ်ကို ၁၂ လစာ + AWS + Bonus ပေးတဲ့ ကုမ္ပဏီ တွေလည်း ရှိပါတယ်။ အဓိက ပြောချင်တာက AWS က သတ်သတ်၊ Bonus က သတ်သတ် ဆိုတာပါပဲ။ အလုပ် လျှောက်ရင် AWS ပါလား၊ Bonus ရောပါသေးလား ကွဲကွဲပြားပြားမေးဖို့ လိုပါတယ်။

ကျွန်မ သိသလောက်တော့ AWS က 13th Month Payment ဆိုတဲ့အတိုင်း တစ်လစာပါ။ ဒီထက်ပိုရတဲ့သူ ရှိလား မသိဘူး ကျွန်မတော့ AWS ရမယ်ဆို ၁ လစာပဲ ရတယ်။ Bonus ကတော့ ပေးမယ်ပြောထားရင် ကုမ္ပဏီ ရဲ့ စီးပွါးရေး အဆင်ပြေမှု့  မပြေမှု့ အပေါ် မူတည်ပါတယ်။ အဆင်ပြေရင် ရမယ်၊ အဆင်မပြေရင် မရဘူး။ တချို့  ကုမ္ပဏီ တွေမှာ Bonus ပေးတဲ့နေရာမှာ ရတဲ့ လခခြင်းတူတာတောင်မှ တစ်ယောက်နဲ့  တစ်ယောက် ရတဲ့ ပမာဏခြင်း မတူဘူး။ ကိုယ့်ရဲ့ လုပ်ဆောင်မှု့ ပေါ်မူတည်ပြီး အနည်းအများ ကွာတာမျိုးတွေ ရှိတယ်။ Bonus ကို တချို့ က နှစ်ကုန်မှာပေးတယ်။ တချို့ က တရုတ်နှစ်ကူးမှာပေးတယ်။ တခြားအချိန်မှာ ပေးတဲ့ ကုမ္ပဏီ တွေလည်းရှိပါတယ်။ နှစ်ကုန်နဲ့  တရုတ်နှစ်ကူးမှာ ပေးတာတော့ များတယ်။ ဒါကြောင့် ဒီမှာ လူအများစုက အလုပ်ပြောင်းမယ် စိတ်ကူးရင် နှစ်ကုန်ပိုင်းနဲ့  တရုတ်နှစ်ကူး ကျော်ပြီးမှသာ ပြောင်းလေ့ ရှိကြတယ်။ Bonus ယူပြီးမှ ပြောင်းတဲ့ သဘောပေါ့။


AWS နဲ့  ပတ်သတ်ပြီး ကြားဖူးတာတစ်ခုက....
ဗြိတိသျှတွေ ဒီမှာ အလုပ်လာလုပ်တဲ့ အချိန်က သူတို့ ကို လစဉ် မဟုတ်ပဲ အပတ်စဉ် လခပေးရပါတယ်။ ဒေသခံတွေကိုတော့ လစဉ်လခ ပေးတယ်။ အပတ်စဉ် လခရတဲ့ သူနဲ့  လစဉ် လခရတဲ့သူ တစ်နှစ်ပြည့်တဲ့အခါ ရတဲ့ လခက ကွာပါတယ်။
တစ်ပတ် လုပ်ခ ၁၀၀ ထား...
အပတ်စဉ် လခရမယ်ဆို တစ်နှစ်မှာ ၅၂ ပတ် ရှိတဲ့ အတွက်.. တစ်နှစ်လုံး အလုပ်လုပ်မယ်ဆို အားလုံး စုစုပေါင်း ၅၂၀၀ ရမယ်။
လစဉ် လခရမယ်ဆို တစ်လ လေးပတ်ဆိုပြီး တွက်တဲ့အတွက် တစ်လမှ ၄၀၀၊ တစ်နှစ်မှာ ၁၂ လ ဆိုတော့ တစ်နှစ်လုံး လုပ်မယ်ဆို ၄၈၀၀ ရတယ်။
အဲဒီကွာခြား ချက်ကြောင့် လစဉ် လခရတဲ့သူတွေကို ၁၂ လလုပ်ပြီးတဲ့ အခါတိုင်းမှာ တစ်လစာ အပိုပေးခြင်းဖြစ်တယ်။ ဒီအတွက် ၁၃ လစာ ရခြင်းရ ကိုယ်ရပိုင်ခွင့်ရှိတဲ့ ပိုက်ဆံကို ပေးခြင်းသာ ဖြစ်ပါတယ်တဲ့။ ဖတ်ဖူးတာလေးပါ။

ဘာပဲဖြစ်ဖြစ် ပုံမှန် ၁၂ လလုပ်ပြီး ပိုက်ဆံတွေ ပိုရတယ် ဆိုတာ ကောင်းတဲ့ ကိစ္စတစ်ခုပဲ မဟုတ်လား။ အားလုံးပဲ အလုပ်လုပ်ရာမှာ 12 Month Salary+ AWS+ Bonus ပေးတဲ့ ကုမ္ပဏီ တွေမှာ အလုပ်တွေရကြပြီး၊ ၁၂ လစာ လခတင်မကဘူး AWS လည်း ရ၊ ကုမ္ပဏီတွေ စီးပွါးရေး ကောင်းပြီး Bonus တွေလည်း များများ ရ ကြပါစေ။ တခြား OT (overtime payments) တွေ၊ Commissions တွေ၊ Allowances တွေ အကုန်ရကြပါစေ။

Work Smarter, Not Harder


You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.