ခိုး၊ တိုက်၊ သတ် ရာပါ ပစ္စည်း လက်ခံမှု
ကျနော့် ဘလော့ဂ်မှာပဲ လွန်ခဲ့တဲ့ နှစ်တုန်းက သေစားသေစေ ပြစ်ဒါဏ်နဲ့ ထောင် နှစ်ခုနဲ့ ပတ်သက်လို့ ကျနော့် အမြင်တွေကို ရေးခဲ့ဖူးပါတယ်။ ကျနော်ဟာ ဥပဒေနဲ့ ပတ်သက်လို့ လေ့လာဖူးခြင်း မရှိပါဘူး။ အဲဒီအတွက် အမှားအယွင်းတွေ ပါလာရင် စိတ်မကောင်းပါ။
မြန်မာဘာသာနဲ့ ဥပဒေနဲ့ သက်ဆိုင်တဲ့ စာအုပ်ကလည်း မရှိ၊ အင်္ဂလိပ်လို ဥပဒေနဲ့ ပတ်သက်တဲ့ စာတွေဟာ သိပ် ဖတ်ရ ခက်ခဲလွန်းတာကြောင့် ကျနော် ပြူးပြဲပြီး လိုက်ရှာတော့ မီရှီဂန်နဲ့ ကယ်လီဖိုးနီးယား ဥပဒေနဲ့ ပတ်သက်တဲ့ ဆိုက်တွေမှာ အဲဒါနဲ့ ပတ်သက်လို့ ပြဌာန်းချက်တွေ နည်းနည်း တွေ့တော့ သူတို့လည်း သူတို့နည်း သူတို့ဟန်နဲ့ တန်ဖိုးအပေါ် မူတည်ပြီး အပြစ်ပေးထားတာ တွေ့ရှိရပါတယ်။
မြန်မာပြည်မှာတော့ ခိုးရာပါ ပစ္စည်း လက်ခံမှုတွေနဲ့ ပတ်သက်လို့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အနေနဲ့ တရားခံနဲ့ ပတ်သက် ဆက်နွယ်မှု အပေါ် မူတည်မှုနဲ့ ငွေဒါဏ် ကနေ ထောင်ဒါဏ်အထိ ကျနိုင်ပြီး ပစ္စည်း အဟောင်းဆိုင်၊ ရွှေနဲ့ ရတနာဆိုင်၊ အပေါင်ဆိုင် လို လူအများနဲ့ ဆက်ဆံပြီး အလုပ်လုပ်နေ၊ ပစ္စည်းရဲ့ ဇစ်မြစ်ကို လေ့လာရန် ခက်ခဲတဲ့ ဆိုင်တွေ အနေနဲ့ အဆိုပါ ပစ္စည်း အသိမ်းခံရတာတွေ ရှိနိုင်ပါတယ်။ ပစ္စည်းကို အသိမ်းခံရခြင်း အနေနဲ့ နိုင်ငံတော်က ခိုးရာပါ ပစ္စည်းကို သိမ်းယူတာသာ ဖြစ်ပြီး ဆိုင်တွေအနေနဲ့ ဆုံးရှုံးမှုကို ထည့်သွင်း စဉ်းစားခြင်း မရှိပါ။
လူတွေကို ထောင်ဒါဏ်ချတာ အနေနဲ့ ခိုးရာပါ ပစ္စည်းကို လက်ခံထားခြင်းဟာ ခိုးရာပါမှန်း သိဖို့က အတော်လေး ရာခိုင်နှုန်း နည်းပါတယ်။ သိရဲ့သားနဲ့ လက်ခံထားတာ ဟုတ်မဟုတ် ဆိုတာကို အစိုးရနဲ့ တရားဥပဒေက သေချာ စုံစမ်း စစ်ဆေးဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ကျနော်ခိုးလာတဲ့ ပစ္စည်းကို ခများဆီ လာရောင်းတဲ့အခါ ကျနော် ဒါကို ခိုးလာတာဗျ လို့ ဘယ်တော့မှ ၀န်ခံမှာမဟုတ်ပါ။
ဝယ်ယူဖို့ အခွင့်အရေးလည်း ပေါ်ပေါက်လာ၊ ၀ယ်ယူနိုင် စွမ်းအားလည်း ရှိနေတဲ့အချိန်မှာ လိုချင်တဲ့ ပစ္စည်းကို ၀ယ်ယူထားလိုက်ခြင်း၊ ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်း ပွဲစား အလုပ်အဖြစ် ပစ္စည်းကို ခိုးရာပါမှန်း မသိပဲ ရောင်းပေးခြင်းကြောင့် ထောင်ကျဖို့ ဆိုတာဟာ တကယ်တော့ မဖြစ်သင့်တဲ့ ကိစ္စပါပဲ။ (၀ယ်ယူခွင့်နဲ့ ပတ်သက်လို့ တရားဝင် သတ်မှတ်ထားတဲ့ ဆိုင်တွေမှာမှ ၀ယ်ယူရမယ်လို့ ဥပဒေ စည်းကြပ်ထားတာ မရှိသေးလို့ ယူဆတယ်)
ဆိုင်တွေ အနေနဲ့လည်း သူတပါး လာရောက် ရောင်းချထားတဲ့ ပစ္စည်းဟာ ခိုးရာပါ ပစ္စည်း ဖြစ်နေလို့ ဥပဒေ အကြောင်းတရား အရ သိမ်းယူတဲ့အခါ အဆိုပါ ပစ္စည်းအတွက်ကို အစိုးရက လျော်ကြေးပေးပြီး ပြန်လည် သိမ်းယူခြင်း၊ ဒါမှမဟုတ် ပေးရန်လိုအပ်သော လျော်ကြေးကို တရားခံဆီက တောင်းဆိုပြီး ဆိုင်ကို ပြန်လည် ပေးဆောင်တာမျိုး လုပ်သင့်တယ်လို့ မြင်ပါတယ်။ ပြည်သူ့ စီးပွားရေး လည်ပတ်မှုမှာ လာရောက် ရောင်းချသွားတဲ့ ပစ္စည်းအတွက် ပိုက်ဆံပေးလိုက်ပြီး အစိုးရက အလကား သိမ်းယူသွားတဲ့အခါ ဆိုင်အနေနဲ့ စာရင်းပြရ ခက်ခဲတဲ့ ဆုံးရှုံးမှု ဖြစ်သွားရပါတယ်။
အစိုးရအနေနဲ့ အဆိုပါ ဥပဒေမှာ ဆွေးနွေးသွားတဲ့ အတိုင်း အားနည်းချက် ဖြစ်နေရင် ပြင်ဆင်ဖို့ လိုအပ်ပါမယ်။ ဒါမှမဟုတ် အလုပ်လက်မဲ့ ပပျောက်ရေး ဖက်ကို ဦးတည်ပြီး လုပ်သွားနိုင်ရင် ခိုးမှု လျော့ကျလာနိုင်ပါမယ်။ အဲဒီလုပ်ငန်းစဉ်တွေ အတွက် ဥပဒေကို ပြင်ဆင်နိုင်ဖို့ ပြည်သူတွေရဲ့ ထောက်ပြချက်၊ ဒါမှမဟုတ် အတိုက်အခံ ပါတီရဲ့ အကြံပေးချက်ကို လက်ခံမဲ့ အစိုးရကို အရင်ဆုံး တင်မြှောက်ဖို့ လိုအပ်ပါတယ်။ လတ်တလော လိုအပ်ချက် အနေနဲ့က တင်မြှောက်ဖို့ အာဏာရှင် အစိုးရကို ဖြုတ်ချဖို့ လိုအပ်ပါတယ်။

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.