Tuesday, October 28, 2008

[မင်းဒင်] 1 New Entry: မင်းဒင် ရဲ့ သက်ခိုင်။(၅၁)

မင်းဒင် ရဲ့ သက်ခိုင်။(၅၁)



မင်းဒင် ရဲ့ သက်ခိုင်၊(၅၁)

ကိုသက်ခိုင် ကို ကျနော်တို့ မေးစရာရှိလို့  ခဏလိုက်ခဲ့ ပါတဲ့ ..။ ဖမ်းတာကို ဖမ်းတယ် မပြောဘူး၊ ဒါလောက်တော့ ကျနော်လို လူလည်မပြောနဲ့  ကလေးတောင် သိနေတာ၊ ကျနော် စိတ်ကို လျော့ထားလိုက်တယ်။ မောင်မောင်မြင့် ကတော့ ကျနော့် ဘေး ၊ လိုက်ခဲ့ ပါ မြနန္ဒာ ပြောနေတဲ့  မောင်နဲ့  ဓားလွယ်ခုတ် မှာ အကျီချွတ် ၊ပုဆိုးကို မိန်းမတွေထမိန်ရင်လျား

ထားသလို ပုံစံနဲ့  ပါးစပ်လေး ဟ.. နေတယ် ။ ကျနော်လည်း .. ခေါင်းငြိမ့် လိုက်ရော ။ သူက ကိုမောင်မောင်မြင့် ကိုသိလားတဲ့ ။ ဒီလူထောက်လှမ်းရေး သာလုပ်နေတာ တော်တော်ညံ့  တာပဲလို့  စိတ်ထဲမှာ တွေးလိုက်မိတယ်။ ကျနော်က ခပ်အေးအေးလေသံနဲ့ .. သိတယ်..လို့  လည်း ဖြေလိုက်ရော ၊ သူဘယ်မှာနေသလဲ တဲ့ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျနော်က တကယ့်ကို တည်ငြိမ်အေးဆေးတဲ့  လေသံနဲ့ .. မောင်မောင်မြင့်နဲ့ ကျနော် တနေ ကုန်အတူရှိနေတာ ဗျ။ မနက်ရှစ်နာရီ လောက်က ကျနော်ရုံးကို လာတယ်၊ တနေကုန်နီးပါး နေပြီး ညနေ သုံးနာရီ လောက်ကမှ သူ့ အိမ်ပြန်သွားတာလို့ ..။ ဗြောင်လိမ်လိုက်ရော ဗျာ။ လူလည်ပါဆို မောင်မောင်မြင့် အကြောင်းပြန်ဖြေတော့  မောင်မောင်မြင့်ဘက် ဘယ်လှည့် ကြည့်မလဲ ။ ကျနော်လှိမ့်လုံးက ထောက်လှမ်းရေး ကိုယ်တော်ရဲ့  ဂိုးပေါက်ထဲကို တန်းဝင် သွားတော့ တာပဲ ဗျာ။
ကိုမောင်မောင်မြင့် အိမ်ကို လိုက်ပြပေးပါတဲ့ ။ သူက ခပ်လောလော ကျနော်လက်မောင်း ကို ကိုင်ပြီး ကားပေါ်တက်ဘို့  လက်ဟန်ပြလိုက်တယ်။ ကျနော်ပေါင်မုန့် ကားထဲ ဝင်ထိုင်လိုက် တယ် ။ ထိုင်လို့ တောင် နေရာမကျသေးဘူး။ ကျနော့် ဘေးမှာ ဝင်ထိုင်တဲ့ တယောက်သော မောင်က စိတ်တော့ မရှိပါနဲ့ ဗျာ။ ဒါလေး စွတ်လိုက်ပါတဲ့ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။


အးပေါ့ဗျာ..။ နက်ပြာရောင် ခေါင်းစွပ်ပေါ့ ။ အနက်ရောင်မဟုတ်ဘူး ။ နက်ပြာရောင် ။ ပိတ် ခပ်ထူထူနဲ့ ချုပ်ထားတာ ။ ဘယ်တတ်နိုင်မလဲ ။ စွတ်ဆို စွတ်ရုံပေါ့ ။စွပ်ပြီးတော့လည်း မပြီး ဘူးဗျာ။ ကျနော် သေချာထိုင်လိုက်တော့မှ ကျနော့်အရပ်ကြီး နဲ့  ထိုင်နေတာ ကားအပြင်က ထင်းထင်းကြီး မြင်နေရတယ် ။ ဒီတော့ ခင်ဗျား ခေါင်းငုံထား တဲ့ ။ ငုံ့ တယ်။ မရဘူး ဗျာ။ ဘေးမှန် အောက်ကို မရောက်ဘူး ။ ဒါနဲ့  သူက ကိုသက်ခိုင် လှဲပြီးတော့ သာအိပ်နေပါ ဗျာ တဲ့ ။ လှဲတယ်ဗျာ။ အိပ်တယ် ဗျာ။ ကားမောင်းထွက်တော့  ကျနော်လည်း ကောက်ကောက် ကွေးကွေးနဲ့  လှဲလျက်ပါသွားတယ်။ မောင်မောင်မြင့် ကတော့  ဘယ်လို ပုံနဲ့ ကျန်နေခဲ့  သလေ သလဲ မသိတော့ ဘူး ။ ကျနော့်  ဝတ္တရားတော့  ကုန်လောက်ပြီ ထင်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မောင်မောင်မြင့်  အိမ်ကိုဘယ်လိုမောင်းရမယ် ဆိုတာ လှဲနေရင်း လမ်းညွှန်၊ လမ်းညွှန်ရင်း လှဲ နဲ့ ရောက်သွားရော ဆိုပါတော့ ။ မောင်မောင်မြင့် အိမ်ကို ရောက်တော့  သူတို့ ကောင်စီ လူကြီးကို ရှာသေးတယ်။ ကောင်စီလူကြီးရော ထောက်လှမ်းရေး နှစ်ယောက်ပါ မောင်မောင် မြင့် အိမ်အတွင်း ထဲ ကို နေရာအနှံ့ ဝင်ပြီး ပိုက်စိတ်တိုက်နေတာ ကို အသံတွေ ကြားနေရ တယ် ဗျို့ ။ မောင်မောင်မြင့်  အမေ ရဲ့ အသံတောင် ကြားရသေး။ ဘာတဲ့ ..။ ကိုသက်ခိုင် ရုံးဘက်ကို မနက်ရှစ်နာရီလောက်ကတည်းက ထွက်သွားတာ ခုထိ ပြန်မလာသေးဘူး တဲ့ ။
မောင်မောင်မြင့် ရှေ့ ကထွက်လာပြီး မောင်မောင်မြင့် ကိုလာရှာနေတာ ဘယ်တွေ့ မလဲ ဗျ။နာရီဝက်သာသာလောက် အိမ်ထဲ မွှေပြီး မကျေမချမ်း အသံတွေ နဲ့ ပြန်ထွက်လာကြတယ် ။ကျနော်လည်း ကားထဲမှာ လှဲနေရင်း ရီချင်စိတ် ပေါက်နေတယ်ဗျ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ထုံးစံ အတိုင်းပေါ့ ဗျာ။ ထောက်လှမ်းရေးက ဖမ်းခေါ်လာတယ် ဆိုတော့  လမ်းကိုဖြောင့် ဖြောင့် တန်းတန်း မမောင်းပဲ ဟိုကွေ့  ဒီကွေ့ မောင်းနေတာ ပေါ့ ။ သူတို့ အချင်းချင်း တိုးတိုး လုပ်နေတာ ကျနော် ရိပ်မိနေတယ် လေ။ ကျနော်လည်း မထူးတော့ပါဘူး ဆိုပြီး အသက် လေး မှန်မှန်ရှူပြီး မျက်လုံးမှိတ်နေလိုက်တာ အိပ်ပျော်သွားသဗျာ။
အချိန် ဘယ်လောက်ကြာသလဲ တော့ မသိဘူး။ ဟေ့လူ ကိုသက်ခိုင် ထတော့ တဲ့ ၊ ခင်ဗျား ဗျာ ၊ ဒါအိပ်ပျော်နေရမဲ့  အချိန်လားဗျတဲ့ ။ ကျနော်လည်း လူးလဲထပြီး ကားပြင်လည်း ထွက် လိုက်ရော ..၊ တယောက်သော မောင်က ကျနော်လက်တဖက် ကိုတွဲပြီး အဆောက်အဦး တခုတည်း ကို ခေါ်သွားသဗျာ။ မျက်စေ့ကတော့  မမြင်ရဘူးလေ။ ဒါပေမဲ့  အောက်က သမံ သလင်း ကို ခြေထောက်က သတိပြုမိ၊နောက် အဆောက်အဦး အတွင်းအပြင် အလင်းအမှောင် ခြားနာချက်ရှိတော သိနေတယ်လေ..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အဆောက်အဦး ထဲမှာ ဟိုကွေ့ ဒီကွေ့  သုံးလေးကွေ့  လည်း ကွေ့ ပြီးရော အခန်းတခု ထဲ ကိုရောက်လာရော။ နောက် ကျနော့်  ခေါင်းက အစွပ်ကို ဖြုတ်ပေးလိုက်တယ်။ ဟာ ။ တခန်း လုံး မှောင်အတိ ဖုံးနေပါရောလား ဗျာ..။
ဟုတ်တယ်ဗျ။ သူတို့  ကျနော့် ကို အမှောင်ခန်း တခုထဲမှာ ထားခဲ့ပြီး ထွက်သွားကြပြီ။ တကယ့်  အမှောင်ခန်း ဗျာ။ အလင်းရောင် တစက်မှ မဝင်နိုင်တဲ့  အပြင် နံရံကိုတောင် ဆေး အမဲ တွေ သုတ်ပြီး မဲမှောင်နေအောင် လုပ်ထားတာ ဗျ။မသိဘူးလေ။ ဘာကြောင့် ဖမ်းလာတဲ့  လူတယောက်ကို အမှောင်ခန်း ထဲ စထည့် ရဆိုတာတော့ ..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ကျနော် အမှောင်ခန်း ထဲလည်းရောက်ရော ၊ အမှောင်ထဲမှာ တောင်စမ်းမြောက်စမ်း လုပ်ရင်း အခန်းဘယ်လောက်ကျယ်သလဲ ၊ ဘာစက် တွေများ တပ်ထားသလဲ လျောက်စပ်စုတယ်။ အခန်းက ၁၅ ပေ ၈ ပေ လောက်ရှိမယ် ၊ အမြင့် ၉ ပေလောက်ရှိတယ်။ အရမ်းမှောင်နေ တယ် ဆိုပေမဲ့  နည်းနည်းကြာလာတော့  ခပ်ရေးရေး မြင်နိုင်တာတွေ ရှိတယ်လေ။ ဝင်လာတဲ့ တံခါးပေါက်နဲ့  တည့် တည့် အခန်းအဆုံး နံရံအထက် ၈ ပေလောက်အမြင့်  မှာ စပီကာသေးသေးတလုံးလို ဟာမျိုးကိုတွေ့ နေရတယ်။
ခင်ဗျား က ရှုပ်တယ် ပြောလည်း ခံရုံပဲ ဗျာ။ ကျနော် သတိပြန်ဝင်လာတော့  ရင်ထဲမှာ ဒိတ် ကနဲ ဖြစ်သွားတယ်။ ထိတ်ရမှာ ပေါ့ဗျာ။ ကျနော့် အိတ်ကပ်ထဲမှာ ဒေါ်လာတသန်း တန်တယ် ဆိုလား။ ၁၉၀၄ ခုနှစ်က အမေရိကန်မှာ ထုတ်တဲ့  ရှေးဟောင်း ငွေဒင်္ဂါး တပြားပါလာတာ ကို အခုမှ သတိရတော့တယ် ဗျာ။ ဒုက္ခတော့  ရောက်ကြပြီ ထင်ပါရဲ့ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ဒီလိုဗျာ..။ ကျနော့်မှာ ငယ်ဆရာတယောက် နာမည်က ဦးမြမောင်တဲ့ ၊ ကျနော် အလယ် တန်း ကျောင်းသားဘဝ က စာသင်ခဲ့တာ ။ နှစ်တွေ အများကြီး ကွဲနေပြီးတော့  လွန်ခဲ့  တဲ့  တနှစ်ကျော်လောက် ကမှ အဆက်အသွယ်ပြန်ရတာ။ သူက အင်းသား ဗျာ။အင်းသား ဆိုတာ အင်းလေးမှာ မွေးတာ
လို့ ပြောတာဗျ။

သူက ကျောင်းဆရာအလုပ်က ထွက်ပြီး ကျောင်းသုံးစာအုပ်တွေ ထုတ်နေတာ။ သူတို့ အင်း လေးမှာ ရှေးဟောင်း ပစ္စည်းတွေ တော်တော်များများ ရှိတယ် ဆိုပဲ ။ တနေ့  ကျနော့်  ရုံးခန်း ရောက်လာပြီး ရှေးဟောင်း ဒင်္ဂါး တပြားထုတ်ပြတယ် ။ ထုတ်တဲ့  ခုနှစ်က ၁၈၀၄ ခုနှစ်။ တဖက်မှာ အမျိုးသမီး တယောက်ရဲ့ ခေါင်း ၊ နောက်တဖက်မှာ လင်းယုန်ငှက်တကောင် က မြှားတွေကို ခြေသည်းမှာ ဆုတ်ထားပြီး သံလွင်ခက်တွေ ရံထားတဲ့ ပုံ။
ဒင်္ဂါး တခုတည်း ပြရုံနဲ့ တော့  ဘယ်လောက်တန်ပါတယ် ဆိုတာ ယုံပါ့မလား ဗျာ။ ကျနော့်  ဆရာက ဒင်္ဂါးရော ။ ဒင်္ဂါး တွေ အကြောင်း အသေးစိတ်ဖော်ပြထားတဲ့  စာအုပ်တအုပ် ရော ။ နောက် အဲဒီ ၁၉၀၄ ခုနှစ် အမေရိကန် ဒင်္ဂါး ရဲ့  နောက်ဆုံး လေလံ ပွဲ အကြောင်း မှတ်တမ်း တင်ထားတဲ့  ဗွီဒီယို အခွေ တခုပါ ပါတာ ဗျ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကားဖြတ်ပြောရရင် ကျနော်တောင် အင်းလေးဖက်ကို ဆရာနဲ့ လိုက်သွားဘူးတယ်။ မှတ်မှတ် ရရကတော့ ။ ဖောင်တော်ဦး ရောက်တော့လည်းသောက်ထားတာပဲ ။ အင်းလေး ရေပြင်ကျယ်ကြီးမှာ လှေတစီးနဲ့  ရွာနီးချုပ်စပ်တွေ လျောက်လည်တော့ လည်း သောက်ထား တာပဲ။ ကျနော် ရောက်သွားတာ အင်းလေး ဟဲယားရွာမဗျ။ ဆရာ ဦးမြမောင် ဇာတိလေ။
ရေပေါမှာ ခရမ်းချည်သီးလို စိုက်ခင်းတင် မကဘူး ဘောလုံးကန်တဲ့ ကွင်းရော ၊ ဘောလီဘော ရိုက်တဲ့ ကွင်းရော ရှိတယ်။ ဆရာအမ အိမ်ကနေ အင်းလေးက အရက်ဆိုင် သွားရင် ဘောလီဘောကွင်းကို ဖြတ်ဖြတ်သွားရလို့  တအံ့တသြနဲ့ မှတ်မိနေတာ ဗျ။
နေဦးဗျ။ ကျနော်မူးမူးနဲ့  ဘီလူးချောင်းအတိုင်း ဆန်တက်သွားဘူးတယ်။ ခပ်တိမ်တိမ် ခပ်ကျဉ်းကျဉ်း ချောင်းလေးပါ ဗျာ။ တချို့ နေရာတွေ ဆို လှေအသေးစားတောင် မြေကြီး နဲ့  မလွတ်လို့  လှေကို လူက ဆင်းဆင်းတွန်းနေရသေးတယ်။
ချောင်းတဖက် တဖက်မှာ ခြံတွေချည်းပဲ ဗျာ။ လိမ္မော်ခြံတွေ ကျွဲကောခြံတွေ ၊ အပြန်တောင် ဆရာအသိ ကျွဲကောခြံတခြံထဲ ဝင်ပြီး ရွှေလိမ္မော် တပုလင်းချခဲ့ သေးတယ်..။ ကြိုက်တယ်လေ..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ချောင်းအထက်ကို လေးနာရီ ခရီးလောက် တော်တော်ဝေးဝေး သွားလိုက်တော့ ဈေးနေ့  လို ဈေးရောင်းနေတဲ့ နေရာတခု ကိုရောက်တယ် ၊ နံမည်တော့ မမှတ်မိဘူး တော်တော် ခေါင်တဲ့ နေရာ ဗျ။ တောင်ရိုးပေါ်မှာ နေတဲ့  လူတွေ ဆင်းလာပြီး ရောင်းကြဝယ်ကြတာ။
ထူးထူးဆန်းဆန်း ဗျ။ အဲဒီဈေးနေ့ မှာ ထမင်းရောင်းတာ ပိသာချိန်နဲ့ ..။တပိသာ နှစ်ရာ လောက်ရှိမယ် ။ ထမင်းဝယ်ရင် ပဲဟင်းခပ်ညိုညို အလကားပေးတယ် ဗျာ။ ကျနော် က မိုးလင်း လှေပေါ်ရောက်ကတည်းက သောက်ထားတော့  ဗိုက်ထဲ ဟာတာတာ ရှိတာနဲ့  ပဲဟင်းနဲ့ ထမင်းကို နယ်ပြီး တလုပ်လွှေးလိုက်တာ ..။ ဟာ..။ ခါးလိုက်တာ ဗျာ။ ဘယ်လိုကြောင့်  ပဲဟင်းအခါး ကြီးကို အများကြိုက်နေကြသလဲတော့  ကျနော်လည်း အခုထိ မသိဘူး။ ဆရာ ပြောတာတော့ အဲဒါ ရိုးရာ အစားအစာ ဆိုပဲ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နောက် ဈေးနဲ့ မလှမ်းမကမ်း မှာ ဥာဏ်တော် ခပ်မြင့်မြင့်နဲ့  စေတီတော်တဆူရှိတယ် ။ ဥာဏ်တော်က ပေတရာကျော်လောက်ကို ရှိနိုင်တယ် ဗျ။ ကျနော် လှေခါးအတိုင်း တက်သွားသေးတယ်။ ဆရာ ပြောတော့  မင်းတုန်းမင်းကြီး ကောင်းမှုတဲ့ ။ ဘယ်နှယ့်  ဒီလောက် ချောင်ကျတဲ့  နေရာမှာ ဒီလောက် ဘုရားအကြီးကြီး ဘယ်လိုလုပ် လာတည်ထားသလဲ တောင်တွေးမိသေးဗျာ။
အမယ်.. ။ ဘုရားရဲ့ ပရဝုဏ်ကို ကာထားတဲ့  တံတိုင်းမှာ ဗိုလ်မှူးကြီး သူရကျော်စွာ ကောင်းမှုတဲ့ ၊ အေးလေ ။ အရေးအခင်းတုန်းက စစ်ကိုင်းမှာ ဆန္ဒပြတဲ့  ပြည်သူတွေကို ရာနဲ့ ချီပြီး သေအောင် ရက်ရက်စက်စက် ပစ်ခတ်ဖို့ အမိန့် ပေးခဲ့တဲ့  သူရကျော်စွာ ပေါ့ ။
ဟုတ်ပါတယ်..။ အဲဒီရက်စက်မှုကြောင့် သဲကုန်း ဆရာတော် ဦးဥာဏိဿရ က ရာဇော ဝါဒ ဆိုပြီး မင်းကျင့်တရား ဆယ်ပါးအကြောင်း ဟောဖြစ်တာ
ပေါ့ ။ဒါနဲ့ စကားမစပ် ရွှေကျင်ကျောက်ကြီးဖက် ကျနော်ရောက်တုန်းကတောင် စေတီတဆူထီးတင်တာ ။ မဟာရံတံတိုင်း ကာတာတွေ ကျနော် ဝင်လှူုခဲ့သေးတယ်။ ကျောက်ကြီးရောက်ရင် အကြီးဆုံး ရှေးဟောင်းဘုရားရဲ့  မဟာရံတံတိုင်းမှာ ဦးသက်ခိုင် မိသားစု ကောင်းမှုဆိုပြီး စာတမ်းထိုးတာ တွေ့ လိမ့်မယ်။ အဲဒါ ကျနော့် အလှူပဲ ။ ဘာလို့ လှူသလဲ ဟုတ်လား ။ တိုင်းမှူးက ကိုသက်ခိုင်လည်း တခန်းလှူအုံး ဆိုလို့ ။

အဲဒီ ဈေးထဲမှာ ဟင်းသီးဟင်းရွက်ကနေ ရွှေထည်တွေ အထိရောင်းတယ် လေ။ ဆိုင်ခန်းတော့ သီးခြားမရှိဘူး။ ပါလာတဲ့  မိုးကာဖျင်ကာစကို မြေကြီး ချခင်းလိုက်ရင် ဆိုင် ဖြစ်ရော ။ အင်ရွက်တွေနဲ့ တော့  အမိုးမိုးထားတာပေါ့  ဗျ။ ခင်ဗျားကလည်း ကပ်တီးကပ်ဖဲ့  အမိုးမရှိပဲတော့  ဘယ်နေမလဲ ..။ကျနော်လိုက်လာတဲ့  လှေက အဲဒီဈေးမှာ ရွှေထည်လာ ရောင်းတဲ့  ဆရာဦးမြမောင် တူ ရဲ့ လှေဗျာ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


အရေးထဲ ခင်ဗျားက ဒင်္ဂါးအကြောင်း စိတ်ရောက်နေပြန်ပါ ပြီ။ အဲဒီ ဒင်္ဂါးအကြောင်းက ပြောရ ရင် အရှည်ကြီး ဗျ..။အစစ်ဟုတ်မဟုတ် ခွဲတဲ့  အချက်တွေတောင် နှစ်ဆယ်နီးပါးလောက် ရှိ တယ်။ UNITED STATE OF AMERICA , IN GOD WE TRUST , E. FLURIEUS ,UNUM ONE DOLLAR , ဆိုတဲ့  စာတန်း တွေက ဘယ်လို၊ ကြယ်တွေ ကဘယ်ပုံ။ အမျိုးသမီး ခေါင်း က ဆံပင် ဒီဇိုင်း က အတုအစစ် ဘယ်လိုကွဲတယ်။ သံလွင်ခက်က တမျိုး ၊ တော်တော့် ကို ရှုပ်ရှုပ်ထွေးထွေး ခက်ခက်ခဲခဲ ခွဲရမဲ့  အလုပ်ပါဗျာ။ အေးလေ...။ ဒါကြောင့် ကျနော်ဆီရောက်လာတာပေါ့ ။
တကယ်တမ်း စစ်မစစ်တော့ မသိဘူး ။ ထိတ်ထိတ်ကြဲ သူဌေးတွေ တယောက်နှစ်ယောက် ပြကြည့်တော့  သူတို့  လည်း တော်တော် စိတ်ဝင်စားကြတယ်။ ကျနော်ကတော့  အဖြေမှန် ထွက်အောင် ရှေးဟောင်းသုတေသန က ကျွမ်းကျင်သူတယောက်ယောက်နဲ့  ချိတ်ပြီး စစ်ဆေး ဘို့ လုပ်နေတုန်း ၊ တခု အံ့သြဖို့  ကောင်းတာက အဲဒီ ဒင်္ဂါးပြားကို လက်ညှိုးနဲ့  လက်မကြား မှာ ထားပြီး ပါးစပ်နဲ့ မှုတ်လိုက် ။ နောက်နားနားမှာ ကပ်ပြီး နားထောင်ရင် လိုဏ်သံကြားတယ် ဗျ။ တော်တော်ကို သိသာတာ ။ထောက်လှမ်းရေး က လာခေါ်တော့ ကျနော့်  အိတ်ကပ်ထဲ ပါလာတာ ပဲဗျာ။ ဒီလို ပဲဗျာ့ ။ ကျနော့်  အကျင့်က တခြားလူတွေ သိပ်ဂရုစိုက်နေတာ ကို ကျနော် က သိပ်အလေးမထားတတ်ဘူး ။ ကောင်းတဲ့ အကျင့်
တော့ မဟုတ်လောက်ဘူး ။ အခု ကြည့်လေ။ ဒီလောက်တန်ဖိုး ရှိပါတယ် ဆိုတဲ့  ပစ္စည်းက ကျနော့်  အိတ်ကပ်ထဲ က နေ ထောက်လှမ်းရေးက
တွေ့ သွားရင် ပြဿနာ ပို ရှုပ်ပြီ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ကံဆိုးရင် ကျနော့်  ဆရာတောင် အဖော်ပါလာအုံးတော့ မယ်။ အမှန်က ကျနော့် ကို ခေါ်လာတဲ့  မောင်တွေက ငတုံးတွေ မို့ ဗျ။ တကယ်လည် တဲ့ ကောင်ဆို ကျနော့် ကို အမှောင်ခန်း ထဲ မသွင်းခင် တကိုယ်လုံး ပိုက်စိတ်တိုက်ရမှာ..။
ကျနော်လည်း ခေါင်းအေးအေးနဲ့  အကြံထုတ်လိုက်တယ်။ ရပြီ..။ ကျနော် စီးလာတဲ့  ခြေညှပ် သားရေ ဖိနပ် မြမာလာ အသစ်ကြီးရဲ့  အောက်ခံ သားရေကို အစ မရရအောင် ရှာပြီး အသာလေး ခွာတယ် ၊ အများကြီး ခွာလို့ မရဘူး လေ။ ဒင်္ဂါးတပြားစာ သာသာပေါ့ ။
ပြီးတော့  အဲဒီအောက်ခံသားရေနဲ့  အပေါ်သားရေကြားကို ဒင်္ဂါးပြား ကို ညှပ်နေအောင် သေချာထိုးထည့် လိုက်တယ်။
ကံကြီးပါပေ့ ဗျာ။။ ကျနော့် လွတ်တဲ့  အထိ အဲဒီ ဒင်္ဂါးပြားဟာ အပြင်ကို ပြန်ပါလာသဗျာ။
။။။။။။။။။။။။။။။။။။။။။။။။။။။။
မောင်မောင်မြင့်ကို မျက်နှာပြောင်ပြောင်နဲ့ ဗြောင်လိမ်ပြီး ချန်ထားခဲ့တဲ့  ကိစ္စလား ။
ပထမ နှစ်ရက် ကျနော့် ကို စစ်ဆေးနေတဲ့  အထိ ဘာပြဿနာ မှ မရှိပေမဲ့  နောက် သုံးရက် မြောက်မှာ မောင်မောင်မြင့် ကို ဖမ်းမိတော့  ကျနော် ဂျောက်ကျတော့  တာပဲ ။
သုံးရက်မြောက် မနက်မှာ ကျနော့် ကို တိုက်ပိတ်ထားတဲ့  အခန်းထဲ ကနေ အပေါက်ကျဉ်းကျဉ်းလေးထဲ က ချောင်းကြည့်လိုက်တော့  ခေါင်းကို နက်ပြာရောင် စွပ်ထား တဲ့ မောင်တယောက်ကို တွေ့ တာနဲ့ သေချာအောင် စပ်စုလိုက်တာ ..။ ဟာ..။ အဲဒါ မောင်မောင်မြင့်ပါ ပဲဗျာ ။ သေချာတာ ပေါ့ ။ ကျနော့်တော့  ခေါင်းထဲမှာ ချာချာလည်သွား တော့ တာပဲ ဗျို့ ။ ကွိုင်ကတော့ တက်ပြီ ဗျာ။ အေးလေ။ မောင်မောင်မြင့်ကို ကျနော်ထားခဲ့  တယ် ။ နောက်မောင်မောင်မြင့်နဲ့  ကျနော် လုပ်ခဲ့သမျှ ကိစ္စတွေကို ကျနော် အားလုံး မလိမ့် တပါတ်လုပ်ထားတာလေ။
မကြာပါဘူး ဗျာ။ မောင်မောင်မြင့် ကို သွားဆွဲတဲ့ မောင်က ကျနော်ကို ဆွဲခဲ့ တဲ့ မောင်ပဲ ဆို တော့  ကျနော့် ကို ထည့်ထားတဲ့  အခန်း ရှေ့ ကို မောကြီးပန်းကြီး ရောက်လာပြီး သံဇကာ ပေါက်သေးသေးလေးကနေ ကိုသက်ခိုင်..။ မောင်မောင်မြင့်ကို ကျနော်တို့ မိလာပြီး..။
ခင်ဗျား တော်တော့်ကို လည်တဲ့ လူပဲ ဗျာ။ ကျနော်တို့ ကိုတောင် တပါတ်ရိုက်တယ်။ တပ်မှူး သိရင်တော့  အလုပ်ပြုတ်ပေါက်တဲ့ ။ ခင်ဗျား သတိကြပ်ကြပ်ထားပါ တဲ့ ... ။ ကဲ ..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


စစ်ပုံဆေးပုံလေး အသေးစိတ်ပြောပြမှ ပြည့်စုံပါလိမ့် မယ်ဗျာ..။
အမှောင်ခန်းထဲကို ထည့်ထားပြီး ကျနော်လည်း ဒင်္ဂါးပြားကို ဖိနပ်အောက်ထိုးသွင်းပြီးရော ကိုယ်တော်နှစ်ယောက် ရောက်လာပြီး ကျနော့် ကို ပြန်ထုတ်သွားကြတယ်။ခေါင်းစွပ် တော့  မစွပ်တော့ ဘူး ဗျာ။ အခန်းတခုထဲကိုရောက်တော့  ကုလားထိုင်တလုံးမှာ ထိုင်ခိုင်းတယ်။ ကျနော်တို့ ခေတ်က မင်္ဂလာဆောင်တွေမှာ သုံးတဲ့ သစ်သားခေါက်ကုလားထိုင်မျိုး ပါဗျာ။
အခန်းက စစ်ဘို့ ဆေးဘို့ သီးသန့် လုပ်ထားတဲ့ အခန်း ဗျ။ ဘာမှ ရုံးသုံးပစ္စည်း မရှိဘူး ။ စာပွဲသေးသေး တလုံးနဲ့  ကုလားထိုင် သူတလုံး ကိုယ်တလုံး ။ သူ့ ကုလားထိုင်က ကျနော် လို မဟုတ်ဘူး။ လက်တန်းနဲ့ လက်တင်နဲ့ .။
ဘာမှတောင် မမေးရသေးဘူး ဗျာ။ ဘယ်ကရောက်လာမှန်း မသိတဲ့ မောင်တကောင်က ကျနော့် ရှေ့ က စားပွဲကို လက်ဝါးနဲ့  ဝုန်းကနဲ့ ခပ်ပြင်းပြင်းရိုက်လိုက်တယ် .. ။ပြီးတော့  ပြောသေးတယ် ။ ကောင်းကောင်းမေးတာကို ကောင်းကောင်းဖြေ..တဲ့ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရုတ်တရက်တော့ လန့် သွားတာ အမှန်ပဲ ။ နောက် ချက်ချင်းဒေါကန်သွားတယ်။ သက်ခိုင် ဗျာ ။ ဒင်နဲ့ ဒိတ် ဆိုတဲ့ လူမိုက်တွေ ကြားမှာ ကြီးလာတာ ။ ဟိုဒင်းကို ဟိုဒင်းနဲ့  လာခြောက် သလိုဖြစ်နေလို့ ။။ကျနော့်ကို စစ်မဲ့ မောင်က လုပ်သေးတယ် ။ အဲဒီလူက ခါးပတ်နက်တဲ့ ။
အေးပေါ့ဗျာ ။ ခါးပတ်နက် နဲ့ ခြောက်တော့လည်းဖြေလိုက်ရတာပေါ့ ။ ဖြေလိုက်တာမှ အရေးကြီးတဲ့ နေရာတွေ မှာ ယောင်ဝါးနဲ့ အမှားကြီးပဲ။
ဒါလည်း ကျနော့်  အကျင့်ဗျ။ ကျနော်က ခြိမ်းလားခြောက်လား။ မင်းဘာလဲ ငါဘာလဲ လုပ် တဲ့ကောင်တွေကို ဖြိုရမှ အရသာ ရှိတယ် ထင်တဲ့ကောင်။
။။။။။။။။။။။။။။။။။။။။။။။။။။။။


ကျနော့်မျက်နှာ ရှေ့ မှာ ဓာတ်ပုံရိုက်တဲ့ အခန်းတွေထဲက အားကောင်းကောင်းမီးဆလိုက် တလုံး ထိုးထားပြီး စ စစ်တော့ တာပဲ ဗျို့ ။။ကျနော့် ကို စစ်
တဲ့ အဖွဲ့ ခေါင်းဆောင် နံမည် က စိုးသန်းတဲ့ ။ တပ်ြံကပ်ကြီး အဆင့်။ ကျနော်ကို လာဖမ်းတဲ့  မောင်ပဲ လေ..။

နံမည်.. ။ သက်ခိုင် ..။ တခြားနံမည်ရှိသေးလား ။ အဖေနံမည်ပြော ဆိုတာတွေနဲ့  ည ရှစ်နာရီလောက် က စလိုက်တာ မနက်ခြောက်နာရီထိုးရော။ အဲဒီတော့ ခဏအိပ်ဆိုပြီး စစ်တဲ့ မောင်က ထွက်သွားတယ်။ နောက်ခြောက်နာရီခွဲတော့ နောက်တယောက် ရောက်လာတယ်။ ထတော့ တဲ့ ။မျက်နှာသစ်လိုက်တဲ့ ။ ဒန်ခွက်ခပ် ကြီးကြီးနဲ့ ရေတခွက် လာချပေးတယ်။ မျက်နှာတောင် သစ်မပြီးသေးဘူး ။ ဗိုလ်မှူးကြီး စိန်မြအကြောင်း ဆက်ကြ ရအောင်တဲ့ ။ ဆက်လိုက်တာ ညနေ လေးနာရီထိုးပြန်ရော။ထမင်းချိန်တော့ ထမင်းပန်းးကန် လာလာချပြီး စားရင်းနဲ့ ဖြေပါလုပ်တယ် ဗျ။ ဘယ်စားနိုင်မလဲ ဗျာ။ စားချင်စိတ်လည်း မရှိဘူး ဗျ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သူတို့ သာ လူလဲတာ ကျနော်က တယောက်တည်း ဒိုင်ခံ။ နောက်နေ့ လေးနာရီမှာ စစ်တာ ခဏရပ်ပြီး သူတို့ အပြင်ထွက်သွားတယ်။ ခဏတော့ အိပ်လိုက်ဦးမယ် လုပ်ခါရှိသေး ။ မရှင်း တာရှိလို့  ထပါဦး တဲ့ ။ ကျနော်သိလိုက်ပါပြီ..။ ကျနော့်ကို တမင် ညှင်းနေတယ် ဆိုတာကို ပေါ့ ။ နောက်ညလည်း မအိပ်ရဘူး ဗျာ။ မှတ်မှတ်ထင်ထင် ပြောရရင် စုစုပေါင်း မနားတမ်း နာရီငါးဆယ်ကျော်လောက် ရှိမယ်။ ကြာတော့ မခံနိုင်ဘူး ဗျ။ နေ့ လားညလား သိပ်မကွဲ တော့ ဘူး ။ စိတ်ကလည်း မရှည်ချင်တော့ ဘူး။
အေးလေ..။ ကျနော် အိပ်ချုင်စိတ်ကြောင့် ရှေ့ ကိုငိုက်ငိုက်ကျတော့  စားပွဲနဲ့ နဖူးနဲ့  ခဏခဏ ရိုက်မိနေတော့  ကျနော် နဖူးတခုလုံး ကျိန်းနေပြီ။ မျက်နှာသစ်တဲ့ ရေခွက်ထဲ ကို လှမ်းကြည့်လိုက်တော့  ကျနော့် နဖူးတခုလုံး သပြေသီးမှည့်ရောင်ပေါက်နေပြီ ..။
ကျနော်လည်းမေးသမျှကို လှိမ့်နိုင်သလောက် လှိမ့်တာပဲ ။ ထောင်စကားနဲ့ ပြောရရင် ရိုက် တော့ရိုက်တယ် မမှတ်မိပေါ့ ။
တခု ကျနော့် ဘက်က အားသာနေတာက ဗိုလ်မှူးကြီး စိန်မြ တို့ ရှိနေတဲ့ မော်လမြိုင်ကို ကျနော်လိုက်သွားတာ မဟုတ်ဘူး။ မောင်မောင်မြင့် လိုက်သွားတာ ဆိုတော့ 
မောင်မောင်မြင့်  ကိုမမိပဲ ဘယ်လို မှ သူတို့ အမှန်အတိုင်း မသိနိုင်ဘူး။ ဒါကြောင့် ကျနော် ပါတ်တာလှိမ့်တာကို သူတို့ ခံနေရတာ ။ ထိုနေ့ က ကျနော် လိုက်ပါ မသွားပါ..။ မုတ်ဆိတ် လက်ဖက်ရည် ဆိုင်တွင် ဆုံခဲ့သူများမှာ ငါးဦးခန့် ရှိမည် ထင်ပါသည်..။နာမည်များတော့ မ မှတ်မိပါ..။နေ့ စွဲ အတိအကျ ကို မမှတ်မိတော့ ပါ ..။လူမြင်လျှင်မှတ်မိပါသည်..။ တောခိုသွားသူများ ယခုဘယ်ရောက် နေသည်ကို မသိပါ..။ စသည်ဖြင်ပေါ့ ဗျာ။ အားလုံး ဂျက်စီဂျိန်း အဖြေတွေ ချည်း ဆိုပါတော့ ။မောင်မောင်မြင့် အတွက် ကျနော်မပူဘူးလေ။ ဘေးလွတ်အောင် ကျနော်လုပ်ပေးထားခဲ့ ပြီ။ သူ့ အစီအစဉ်နဲ့ သူ ရွှေသွေးတို့ နောက် လိုက် သွားရုံပဲ ပေါ့ ။
ကျနော် စိတ်မရှည် နိုင်လို့ ခင်ဗျား တို့ ရေးချင်တာသာ ရေးတော့ ဗျာလို့  နှစ်ခါလောက် ပြန် တွန်းလိုက်သေးတယ် ဗျာ။ ဒါလည်း နောက်ပိုင်း ပြဿနာ တက်ပြန်တာပဲ ..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


နာရီငါးဆယ်ကျော်လောက်လည်း စစ်ပြီးရော စစ်ဆေးချက် စာရွက်ပေါင်း ရှစ်ဆယ်ကျော် ရှိသွားတယ်။ သိတယ်လေ။ တရွက်ချင်းထိပ်မှာ နံပါတ်စဉ်တွေ တပ်ထားလို့ ..။
ကျနော့်ကို မျက်နှာဖုံးပြန်စွပ်ပြီး အလုံပိတ် အခန်းတခု ထဲကို ပို့ လိုက်တယ်။ အခန်းထဲ မသွင်းခင် ကိုစိုးသန်းက ကျနော့်ကို တိုးတိုးလေး မေးတယ်။ ခင်ဗျားအခု ဘယ်ရောက်နေ သလဲ ဆိုတာ သိလားတဲ့ ။ ကျနော်က သိတယ် လို့ လည်း ဖြေလိုက်တော့..။ ဘယ်နေရာ လဲ တဲ့ ။ မင်္ဂလာဒုံထောက်လှမ်းရေးတပ် လို့ လည်း ပြန်ဖြေရော..။ ဟ..။ ကိုသက်ခိုင် ဘယ်လိုသိတာလဲ တဲ့ မျက်ကလဲ ဆန်ပြာလုပ်ပါရော ။။
ခင်ဗျားဗျာ .. ။အခု ခင်ဗျား ပြန်ခေါ်လာတုန်း ကျနော် မျက်နှာဖုံးစွပ်ထဲက ချောင်းကြည့်တော့ အဖြူအနီ ကြားဆေးသုတ်ထားတဲ့  တိုင်ကီတွေ တင်ထားတဲ့ ရေစင်အမြင့်ကြီး တွေတွေ့  တယ်။ စစ်နေတဲ့  နေ့ တွေ ညတွေ လေယာဉ်ပျံ ဆင်းသံတက်သံတွေ ကြားရတယ် ။ ဒါ မင်္ဂလာဒုံ မဟုတ်လို့  ဘယ်နေရာဖြစ်ရမလဲ လုပ်လိုက်ရော ဗျာ။
သူ ကခပ်ညစ်ညစ် အသံနဲ့  ခင်ဗျားသိလည်း မတတ်နိုင်ဘူး ဗျာ။ ဒါပေမဲ့  ခင်ဗျားသိတယ် ဆိုတာ တပ်မှူး မသိပါစေနဲ့ တဲ့ ။ အခန်းထဲ သွင်းလိုက်ရော ဗျ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျနော့် ကိုချုပ်ထားတဲ့  အခန်းဟာ စံနစ်တကျ ဆောက်ထားတဲ့  အကျဉ်းခန်း မဟုတ်ဘူး ဗျာ။ လက်နက်တိုက် တခြမ်းကို အခန်းနှစ်ခန်း ဖွဲ့ ပြီး အချုပ်ခန်း လို ဖြစ်ကတတ် ဆန်း လုပ်ထားတာ ။ ပေလေးဆယ်ကျော်လောက် အဆောက်အဦးဟာ အလယ်ခေါင်တည့် တည့်မှာ လမ်းရှိတယ်။ ဘေးတဖက်တချက်မှာ အခန်းနှစ်ခန်း စီ စုစုပေါင်း လေးခန်း ရှိ တယ်။ညာဖက် က နှစ်ခန်း က အချုပ်ခန်း ။ ဘယ်ဖက်မှာက လက်နက်တွေ သိမ်းထားတာ။ ဖြစ်ကတတ်ဆန်းလို့ ပြောရတာက တချို့ ပြူတင်းပေါက်တွေ ကို အထပ်သား အဟောင်းတွေ ကတ္တူစက္ကူချပ်တွေ နဲ့  ကာထားတာကို ပြောတာ။ ဂျီသရီး ကိုင်ပြီး နေ့ ရော ညရော စောင့်နေတဲ့ အစောင့်စစ်သား သုံးယောက်အမြဲ ရှိတယ်။ သူတို့ က လက်နက်တိုက် ကိုလည်း စောင့် ကျနော်တို့ ကိုလည်း စောင့် ။ တချက်ခုတ် နှစ်ချက်ပြတ် လုပ်ထားတာ..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အခု မင်္ဂလာဒုံထောက်လှမ်းရေး အကူတပ် ကိုဝင်လာရင် အဝင်ဝကနေ ဓာတ်တိုင်လေး ငါး တိုင်လောက် အကွာ၊ ညာဖက်မှာ ရှိတဲ့ အဆောက်အဦးပဲ ။
ဒီနေရာကို ဘာလို့  တိတိကျကျပြောနိုင်သလဲ ဟုတ်လား။ ကျနော် နောက်တခေါက် ရောက် သေးတယ်လေ။ ဘယ်ကလာ။ အချုပ်ထပ်ကျရမှာလည်း ။ ဝ အမျိုးသားများ ဖွံ့ ဖြိုးတိုးတက် ရေး အဖွဲ့ ရဲ့  ရန်ကုန်တိုင်း စီးပွားရေး တာဝန်ခံ အဖြစ် ဦးသက်ခိုင် အားအသိအမှတ်ပြုပါ သည် ။ ပုံ သန်းကြိုင် ..။(ဗိုလ်မှူး) တပ်မှူး..။တပ်မတော် ထောက်လှမ်းရေး အကူတပ် ...။ဆိုတဲ့  ထောက်ခံချက်ကို လာထုတ်တာ။ ကျနော့်ကို သူတို့ ဧည့်သည်ဟောင်းကြီး မှန်းမသိကြတော့ ဘူးလေ။ တပ်မှူး ကလည်း နောက်တယောက် ပြောင်းသွားပြီကိုး။ အံ့သြသွားလား။ ဟုတ်ပါတယ်။ ဝ လွတ်မြောက်ရေး တပ်မတော် က ပေါက်ယူချန်း တို့ အဖွဲ့  ပေါ့ ။ ဒီအကြောင်း ပြောရင် နည်းနည်းရှည်မယ် ။ နောက်များ ကြုံမှ ပြောကြစို့ ။ ပေါက်ယူချန်း ရဲ့  ညာလက်ရုံး ဦးကျောက်အိုက်နပ်က ကျနော်နဲ့ ဘယ်လို ခင်မင်သွားတယ် ဆိုတဲ့  အကြောင်း ပေါ့ ။ အခုတော့  ငရဲခန်းလေးပဲ ဆက်လိုက်ကြအုံးစို့  ..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အခန်းထဲ ရောက်တော့  ဖျာတချပ်စောင်တထည် တွေ့ တယ်။ ရေသောက်ချင် ရင် အပြင်က ခပ်ပေးမယ်တဲ့  သေနတ်ကိုင်ထားတဲ့  မောင်က ခပ်တင်းတင်း ပြောတယ်။အခန်းက ဆယ်နှစ်ပေပါတ်လည်လောက်ရှိတယ် ဗျ ။
ကျနော့် ကို ထည့်ပြီး မကြာပါဘူး ။ ဘေးခန်းက အသံကြားတယ် ။ သောကြာထွက်မယ်တဲ့ ။ သောကြာ အပြင်ထွက်မယ်တဲ့ ။ အော်..။ မောင်မောင်မြင့် ဘော်ဒါ သောကြာ က ကျနော့်  အခန်းနဲ့ ကပ်လျက် အခန်းမှာ ရောက်နေတာကိုး ။ ကိုရန်ဝင်း လည်း ရောက်လောက်ပြီ ပေါ့  ။ အေးလေ ။ တပ်ကြပ်ကြီး စိုးသန်း ကျနော့်ကို စစ်နေတုန်း မှာ ကိုရန်ဝင်းပြောတော့  ဘယ် လို ဘာညာ ထည့်ပြောတာကိုး ၊ ကျနော် ရိပ်မိတာ မထူးဆန်းပါဘူး ဗျ ။
အခန်းထဲကို ကျနော် ရောက်တော့  မနက်ခုနှစ်နာရီလောက် အိပ်မပျော်သေးလို့  အပြင်ဖက် ကို ကျနော် ချောင်းကြည့်လိုက်တာ မောင်မောင်မြင့်ကို တွေ့ တာပေါ့ ။
ပြဿနာ ကတော့  စ တက်နေပါပြီ ဗျာ..။
ခင်ဗျားတို့ ရေးချင်သလို သာရေးတော့  ဗျာလို့ ပြောမိတဲ့  စနက်ပေါ့ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တိုက်ထဲ စပိတ်တဲ့ နေ့  ညနေ လေးနာရီလောက်မှာ ကျနော့် ကို မျက်နှာဖုံးစွပ်ပြီး လာခေါ် ပြန်တယ်။ ငါးမီးနစ် ကျော်ကျော်လောက် လျှောက်မိတော့ အရာရှိ ရုံးခန်း တခု ထဲကို ရောက်သွား တယ်။ ကျနော် ရောက်စက အရာရှိ ရောက်မလားသေးဘူး ။ တအောင့်ကြာ မှ အင်ဒိုနီးရှား ပါတိတ် ဟာဝေယံ ရှပ်အကျီ နဲ့  ဆရာ ကရောက်ချလာတယ်။
ကျနော် ဗိုလ်မှူးသန်းထွန်း ပါတဲ့ ..။ ဟုတ်ကဲ့  ကျနော် သက်ခိုင်ပါ ပေါ့ဗျာ..။
အေးပေါ့ ဗျ။ နောက်ပိုင်း ထောက်လှမ်းရေးမှာ ဗိုလ်မှူးချုပ်အထိ ဖြစ်လာပြီး ကမ္ဘာ ပေါ်မှာ လူတွေ မြန်မာပြည် က စဖြစ်တယ် ဆိုတာမျိုး ရုပ်ကြွင်း ပရိုင်းမိတ်တွေ တူးဖော် မှတ် တမ်း တင် တဲ့ ဖက်မှာ လူတွင်ကျယ် ဖြစ် လာတဲ့ မောင်ပေါ့ ..။
သူက ကျနော် ထွက်ချက် အရှည်ကြီး ကိုအကြာကြီးဖတ်နေတယ်.။ ကျနော် နောက်မှာ ကိုစိုးသန်း ကမတ်တတ်ရပ်ပြီး စောင့်နေတယ် ။ ကျနော့် စိတ်ထင် တနာရီ နီးပါးလောက်ကို ကြာမယ်ထင်တယ်။ ထွက်ချက်တွေ ဖတ်လို့  လည်းဆုံးရော ။။ ဗိုလ်မှူးသန်းထွန်းဟာ စိတ်ပျက်လက်ပျက်ပုံစံနဲ့ ..။
ကိုသက်ခိုင် ..။ ခင်ဗျား ဗျာ။ တပ်မတော်ကို လက်နက်စွဲကိုင် တော်လှန်မှ ဒီမိုကရေစီ ရမယ် လို့ ခင်ဗျား ယုံကြည်တယ် ဆိုတယ် ဆိုတာ တကယ်ပဲလား ဗျာ.. ။။တော်တော် ခက်တဲ့  လူပဲ ဗျာ..တဲ့ ။ သူက ဆက်ပြောသေးသဗျာ။ ကျနော်တို့ လုပ်နေတာ ဦးနေဝင်းခိုင်းလို့  မဟုတ်ဘူး ။ ဗိုလ်မှူးကြီး ခင်ညွန့် ခိုင်းလို့ မဟုတ်ဘူး ။ ရွေးကောက်ပွဲ ပြီးရင် ကျနော် တို့  ဘာလုပ်နေတယ် ဆိုတာ အားလုံးရှင်းသွားမှာပါ .. တဲ့ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


အမှန်တော့ အရှင်းကြီး ဗျ။ တောခိုမဲ့  လူငယ်ကျောင်းသားတွေကို အိမ်မှာ တည်းခိုင်း စား ရိတ်ထုတ်ပေး ၊ လွတ်အောင်လိုက်ပို့ ။ ပြည်ထဲရေးဝန်ကြီး ဟောင်းကို လည်း မလွတ်လွတ် အောင် လုပ်ပေး။ ဒါဟာ လက်နက်ကိုင်လမ်းစဉ်ကို ယုံကြည်လို့ ပေါ့..။
ဒါပေမဲ့  သူက ကျနော့်  စစ်ထွက်ကို ကိုင်ပြောနေတော့  စစ်ချက်ထဲမှာ ငါလည်း မပြောမိ ပါလား ဆိုပြီး တချက်ပြန်ထောက်လိုက်တယ်..။
နေပါဦး ။ ဗိုလ်မှူး..။ ကျနော်လုပ်ခဲ့တာ ကိုယ်ကျိုးတပြားသားမှ မပါခဲ့ဘူး။ မဆိုင်တဲ့  ကလေး တွေ မပါအောင်သာ ထွက်ခဲ့တာ။ အခု ဗိုလ်မှူးက ကျနော့် ထွက်ချက်မှာ ဘာရေးထားတာ တွေ့ လို့ လည်း လို့ ....။
ကျနော်လည်း မေးလိုက်ရော .. ။ ဟ.။ ခင်ဗျားက ခင်ဗျားထွက်ချက်ကို ခင်ဗျား ပြန်မဖတ်ဘူး လား ။ ဒီမှာ ဖတ်ကြည့် ခင်ဗျားထွက်ထားတာ.. ဆိုပြီး နောက်ဆုံးစာရွက်နှစ်ရွက် ကို ကျနော့် ရှေ့ ထိုးပေးလိုက်တယ်။
ကျနော် ဖတ်တာပေါ့။ အမယ် ..။ တပ်မတော်ကို လက်နက်စွဲကိုင် တော်လှန်မှ ဒီမိုကရေစီ ရမယ်လို့  ကျနော် ယုံကြည်တဲ့  အကြောင်း ရေးထားလိုက်တာ ဖတ်လို့ တောင် ကောင်းနေ သေးဗျာ။အဲဒီ အချက်နဲ့ ကို နိဂုံးချုပ်ထားတာ။
ဒါနဲ့ ကျနော်လည်း ဖတ်ပြီးရော..။ ဝမ်းနည်းပါတယ် ဗိုလ်မှူး ။ ဒီစာထဲက စာလုံးတွေကို ကျနော် မပြောခဲ့ဘူး။ ခင်ဗျားတို့ ရေးချင်တာရေး လို့ တော့  ပြောမိတယ်.. ။ လို့ လည်း ပြောမိရော ..။ ဗိုလ်သန်းထွန်း ဟာ သူတပည့် ရှိရာကို ကျနော့် စစ်ချက် စာရွက်ထပ်ကြီး နဲ့  လှမ်းပေါက်လိုက် ပါလေရော ဗျာ။
ဟေ့ကောင်။ စိုးသန်း ။ မင်းသူဘာဘွဲ့ ရထား သလဲ ဆိုတာ ဖတ်မကြည့်ဘူးလားတဲ့ ။ သူပြောမှ ကျနော်လည်း သတိရတယ်။ ဟုတ်သားပဲ ။ ကျနော်မှာ စာပေးစာယူ ဥပဒေ ဘွဲ့  လေး ရှိသေးတယ်လို့ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ခင်ဗျား အထင်သေးလည်း မတတ်နိုင်ဘူး ဗျာ။ လုပ်စရာရှိတာ လုပ်ခဲ့ ပြီးပြီ။ ဒါကို ရင် ကော့ပြီး အပြစ်ပိုကြီးချင်ကြီးပေ့စေ လို့  သဘောထားပြီး သူရေးသလို စကားမျိုးတော့  ကျနော် မပြောခဲ့တာ အမှန်။
ဘာဘဲ ဖြစ်ဖြစ် မိုးကိုတော့ မီးလောင်စပြုနေပါပြီ။
နောက်တနေ့ မနက် ဆယ်နာရီ လောက်ကျတော့ ကျနော်မတွေ့ ဘူးတဲ့  မောင်နှစ်ယောက် ရောက်လာပြီး ခေါင်းစွပ်စွပ် ၊ ကားပေါ်တင်ခေါ်သွားပြန်ရော။ ကားကလည်း တီအီးကားကြီးပါ ဗျာ။ ထုံးစံအတိုင်း လှဲအိပ်ပြီး လိုက်လာရတာပါပဲ။ လှည်းတန်းမရောက်ခင် ရန်ကုန်ဝိဇ္ဖာသိပံ္ပ တက္ကသိုလ်ကို နှစ်ပါတ်ပါတ်နေသေးတယ်။ နောက်ဆုံးတော့ ဘာလမ်း ရောက်တာပါ ပဲ။ သိတယ်ဗျ ။ ကျနော်က လစ်တာနဲ့ ခိုးခိုး ကြည့်နေတာ။
ဘားလမ်းလည်း ရောက်ရော ကျနော့်  ခေါင်းစွပ်ကို စွပ်ပြီး ပထမထပ်ကို ဘေးနှစ်ဖက် လူနှစ် ယောက်ညှပ်ပြီး ခေါ်သွားတယ်။ နောက် တရားသူကြီး တယောက်ရဲ့  ရုံးခန်းထဲကို ရောက်သွားတယ် ။ အဲဒီတရားသူကြီးက ဟိုမောင်တွေ တင်ပြတဲ့  စာရွက်တချို့ ကို ဖတ်ပြီး ကျနော့် ကိုလှမ်းပြောတယ်။
ကိုသက်ခိုင် .။ ခင်ဗျားကို ပုဒ်မ(၁ရ)(၁)။ ပုဒ်မ ၅(ည) တွေ နဲ့ ချုပ်နှောင်ခွင့် ရီမန်ယူတယ် ။ ခင်ဗျား ဘာပြောစရာ ရှိသလဲ တဲ့ ။
ကျနော်လည်း နည်းနည်းတော့ လျှာရှည်လိုက်မိတယ်။ အဲဒီပုဒ်မတွေက ဘာတွေလည်း ကျနော် သိချင်တယ် လို့ ..။
တရားသူကြီးက မျက်မှန်ကို ကျော်ပြီး ကျနော့်ကို ကြည့်တယ်။ သက်ပြင်းချတယ်။ နောက် တခွန်းချင်း ပြောတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပုဒ်မ (၁၇)(၁) က လက်နက်ကိုင် သောင်းကျန်းသူနဲ့ ဆက်သွယ်မှု၊ ပုဒ်မ ၅(ည) က ၁၉၅၀ ပြည်နှစ် နိုင်ငံတော် လုံခြုံရေး အရေးပေါ် အက်ဥပဒေ တဲ့ ။။ဒါနဲ့ ကျနော်လည်း ရှင်းပါပြီ ဆို တဲ့  အဓိပ္ပါယ်နဲ့  ခေါင်းငြိမ့် ပြလိုက်တယ်။
ဘေးကမောင်နှစ်ယောက်ကလည်း တရားသူကြီး လက်မှတ်ထိုးထားတဲ့  စာရွက်ကို ကောက် ယူပြီး ကျနော့် ကို အပြင်ပြန်ခေါ်ထုတ်လာတယ်။ ပါးစပ်ကလည်း ဆီမန်းမန်း သလိုပြောနေ လေရဲ့ ။ ဒါကြောင့် တပ်မှူးက မှာလိုက်တာ .. ။ သက်ခိုင် ဆိုတဲ့မောင် စာတတ်တယ် သတိ ထားလို့ တဲ့ ။။ တခုထူးတာက ကိုရန်ဝင်းတို့ သောကြာတို့  ကို ရုံးထုတ်ပြီး ရီမန် မယူဘူး ။ ခိုးမှုတို့ မသင်္ကာမှုတို့ နဲ့ အချုပ်ထဲက မထုတ်ယူ တာတဲ့ ။ သူတို့ လွတ်လာတော့ ပြန်ပြောတယ်လေ။
ရီမန်ယူပြီးလို့  ဘားလမ်းရုံးကြီး ပေါ်ကနေ လှေခါးတထစ်ချင်းဆင်းလာကြတယ်။ ကျနော် က အလယ်က ဘေးလူနှစ်ယောက် က တိုက်ပုံကိုယ်စီနဲ့ ၊ သူတို့ က တိုက်ပုံ အကျီတွေ အိတ်ထဲ ကိုလက်နှိုက်ထားကြတယ်။ အော် ..။ ကျနော် ကိုလက်ထိပ် ခတ်မထားဘူး ဗျာ့ ။
လက်ထိပ်ခတ်မထားလို့ ပေါ့ ဗျာ။။ လှေခါးတဝက်လောက် ရောက်တော့  ကျနော် တို့  ဂျီတီအိုင် ကျောင်းသားများသမဂ္ဂ ထဲမှာ ဆုံခဲ့ တဲ့  တင်ဌေး ဆို
တဲ့ မောင်က ကျနော့် ကို လှမ်းမြင်သွား ပြီး ..။ဘာအရိပ်အကဲ မှ မသိပဲ ..။

ကျနော် ရှေ့ တည့်တည့် ကနေ လာရပ်တယ်။ ပြီးတော့  ဝမ်းသာအားရ ယောက်ဖ ကိုတွေ့  တဲ့  လေသံနဲ့ ...။
ဟား...။ ကိုသက်ခိုင်ကြီး နေကောင်းရဲ့ လားတဲ့ ..။ ခက်တော့ နေပါပြီ...။
(ဆက်လက် ရေးသားးပါဦးမည်။)

You received this email because you are subscribed to the real_time feed for http://mindinn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.