♠ Sigma 70-300 test
ကင်မရာကြီးတွေ လက်ထဲရောက်လာတာကို မျောက်အုန်းသီးရတာနဲ့ ခိုင်းနှိုင်းကြလို့ ကင်မရာတောင် အုန်းသီးဖြစ်ရသတဲ့၊ ကင်မရာကိုင်တဲ့သူကိုကျတော့ မျောက်လို့ မခေါ်ကြတာ တော်သေးတယ်။ လန်းစ်ကတော့ ရှည်မျောမျောဆိုတော့ ငှက်ပျောသီးဖြစ်မှာပေါ့၊ အင်း၊ ဒီည ငှက်ပျောသီးနဲ့ နှစ်ပါးသွားလိုက်တယ်။
အရင်ဆုံး ကင်မရာဝယ်ကတည်းက ပါလာပေမယ့် အခုထိ ဖောက်မသုံးရသေးတဲ့ ခြေသုံးချောင်း ထရိုင်ပေါ့ကို အကျအန ထောင်တယ်၊ တောင့်တင်းခိုင်မာပြီး အားကိုးချင်စဖွယ် နီကွန်တံဆိပ် ထရိုင်ပေါ့ဟာ ပရိုနီးနီးကောင်းတယ်၊ ကင်မရာနဲ့ ထရိုင်ပေါ့ကို တွဲတပ်ပေးရမယ့် အထိုင် pan/tilt head က ဘောလုံးပုံစံ ၃၆၀ ဒီဂရီလှည့်လို့ ရတာမျိုး၊ အဲသလောက် ကောင်းမယ်လို့ မထင်ခဲ့လို့ တခါမှ ထုတ်မသုံးတဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်မိတယ်။
ကင်မရာပေါ် လန်းစ်တပ်တယ်၊ ထရိုင်ပေါ့ပေါ် အသေအချာ ဆင်လိုက်ပြီး 1:2 ဆရှိတဲ့ Macro ကို ဦးဆုံးစမ်းပါတယ်၊ ဒီလန်းစ် ဆွဲဆောင်မှုရှိတာ သက်သာတဲ့ ဈေးနှုန်းအပြင် အနီးရိုက် Macro function လည်း ပါနေလို့ပါ။ ဒါပေမဲ့ အရှေ့ပို့စ်မှာ ရေးခဲ့သလို 200-300 range အတွင်းမှာပဲ ရိုက်လို့ရတယ်၊ အဲဒါကြောင့် အရာဝတ္ထုနဲ့ အနည်းဆုံး လေးပေကျော်ကျော် 150cm လောက် ခြားထားမှ focus မိမှာပါ။ အကယ်၍ ပြန်ပြင်လိုက်တာ အိုကေခဲ့ရင် 95cm လောက်နဲ့တင် ရိုက်လို့ရသွားမှာပါ၊ အခုတော့ စမ်းသပ်ဆဲကာလ၊ နည်းနည်းပါးပါး ရိုက်ပြီးမှ DIY ဖြုတ်တာ တပ်တာလုပ်ဖို့ စိတ်ကူးတယ်၊ မတော်လို့ ကြွသွားရင် အမှတ်တရပုံလေး နည်းနည်းကျန်ခဲ့တာပေါ့။ ဒါက သူ့ကိုယ်တိုင်ရေးပုံတူပါ၊ ကွန်ပြူတာကို ရိုက်ထားတာ။

အောက်ပုံက ၁၀ ပြားတန် အကြွေစေ့ကို ကွန်ပြူတာစကရင် အောက်နားမှာ ထောင်ထားပြီး ရိုက်တာပါ၊ ထွက်လာတဲ့ပုံကို 500px ရအောင် crop လုပ်ပါတယ်၊ ပုံချုံ့တာမဟုတ်ဘူး၊ ဒါကြောင့် အဲဒါက အော်ရီဂျင်နယ် ၁၀၀ ရာနှုန်းပုံပါ။ အတွင်းက အနီရောင်ကွပ်ထားတဲ့ inset ပုံလေးကတော့ အပြင်မှာမြင်ရတဲ့ အရွယ်အစားနီးပါး ရောက်သွားအောင် ချုံ့ထားတာ၊ ယှဉ်ကြည့်ရအောင်ပါ။ 300mm အစွန်းမှာ ထားရိုက်တာဖြစ်ပြီး remote နဲ့ ခလုပ်နှိပ်ပါတယ်၊ လက်နဲ့နှိပ်ရင် ခါသွားမှာပါ၊ timer နဲ့ဆိုရင် ဖြစ်ပေမယ့် စောင့်ရတာ စိတ်မရှည်ဘူး။ ဒါနဲ့ ကျနော့် စကရင် ရီဆိုလူးရှင်းက 1280x800 ဖြစ်ပါတယ်၊ အဲဒါချင်းမတူရင် မြင်ရတဲ့ အကြွေစေ့ အရွယ်အစားချင်းလည်း မတူနိုင်တော့ဘူး။

ဒါကတော့ Macro မဟုတ်တဲ့ ပုံမှန်အခြေအနေမှာ ရိုက်တာပါ၊ 70mm မှာ ရိုက်ထားတာက နောက်ခံပုံ၊ ကျနော့်အခန်း ပြတင်းပေါက်ကနေ ဘောလုံးကွင်း ကွင်းဝက်စာလောက် အကွာအဝေးမှာရှိတဲ့ တခြား တိုက်တစ်လုံးကို ရိုက်ထားတာပါ။ 300mm အစွန်းထိ zoom ဆွဲလိုက်တော့ inset ထဲကအတိုင်း မြင်ရပါတယ်၊ မျက်နှာကိုပါ မြင်ရလို့ ဖျက်လိုက်ရတယ်။ ကိုကိုရာဇာတို့ ဟိုဖက်ခြမ်းကို မျက်နှာမူထားလို့ ကံကောင်းတယ်မှတ်၊ နို့မို့ဆို ပြတင်းပေါက် ဖွင့်မယ်မကြံနဲ့တော့။ စမ်းသပ်ခြင်းကတော့ ဒီလောက်ပါပဲ၊ အပြင်ထွက်ရိုက်ဖို့ပဲ ကျန်ပါတော့တယ်၊ လာမယ့်ရက်သတ္တပတ်တွေမှာ နေအရမ်းသာတဲ့နေ့တွေနဲ့ပဲ ပြည့်နေပါစေ။

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.