Tuesday, October 28, 2008

[ဆုံဆည်းရာ] 3 New Entries: ဒေါ်စုခြံရှေ့မှ အတားအဆီးများ ဖယ်ရှား

ဒေါ်စုခြံရှေ့မှ အတားအဆီးများ ဖယ်ရှား

ဧရာဝတီ | အောက်တိုဘာ ၂၇၊ ၂၀၀၈

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံရှေ့တွင် တားဆီးထားသည့် သံဆူးကြိုး အတား အဆီးများကို ယမန်နေ့ကစ၍ စစ်အစိုးရက ဖယ်ရှားထားကြောင်း သိရသည်။

အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက "မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့က အတားအဆီး တွေဖယ်လိုက်တယ်၊ ဘာကြောင့်မှန်းတော့မသိဘူး။ အရင်က ဒီလို ရှင်းရှင်းလင်းလင်းလုပ်တာမျိုး တခါမှမရှိခဲ့ဘူး" ဟု ဧရာဝတီကို ပြောသည်။

ပုံမှန်အားဖြင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားသည့်ကာလများအတွင်း ၎င်း၏ခြံရှေ့ လမ်းမပေါ်တွင် သံဆူးကြိုးတပ်ဆင်ထားသည့် အတားအဆီးများနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ကို အစောင့်ချထားလေ့ ရှိပြီး အဆိုပါအတားအဆီးများကို ယမန်နေ့မှစ၍ ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခြံရှေ့ရှိ အတားအဆီးများကို ရုပ်သိမ်းလိုက်သော်လည်း ၎င်းအား လွှတ်ပေးမည့် အစီအစဉ်မျိုး စစ်အစိုးရတွင်မရှိနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။

ဝါရင့် စာရေးဆရာကြီးတဦးက "ဥပဒေအရဆိုရင်တော့ လွှတ်ကိုလွှတ်ရမှာ၊ ဒါပေမယ့် ဥပဒေဆိုတာကလည်း လူတယောက် ထဲရဲ့လက်ထဲမှာရှိနေတာကိုး … အမှန်က ဟိုအရင်ပြန်လွှတ်တုန်းကဆိုရင် ဘာမှရုပ်သိမ်းစရာမလိုဘူး၊ လွှတ်လိုက်တဲ့အချိန် ကျမှ ဖယ်စရာတွေကို ဖယ်လိုက်တယ်။ အလွန်ဆုံးကြာ တနာရီပဲ" ဟု ပြောသည်။

နအဖ က နိုင်ငံတကာအသိုင်းအ၀န်းက ၎င်းတို့ကို အမြင်ကောင်းစေရန် ဟန်ရေးပြခြင်းသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အား အမှန်တကယ်လွှတ်ပေးရန် ဆန္ဒမရှိကြောင်း အဆိုပါ စာရေးဆရာက ဆက်ပြောသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ၁၉၈၉ ခုနှစ် ဇူလိုင်လ၊ ၂၀၀၀ ခုနှစ် စက်တင်ဘာလနှင့် ၂၀၀၃ ခုနှစ် မေလတို့ တွင် အကျယ်ချုပ် ၃ ကြိမ် ချမှတ်ခဲ့သည်။

ယခုလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့မှာက တရုတ်နိုင်ငံမြို့တော် ဘေဂျင်းတွင်ကျင်းပြခဲ့သည် အာရှ-ဥရောပ ထိပ်သီးအစည်း အဝေးကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် စစ်အစိုးရကို တောင်းဆိုထားသည်။
လွန်ခဲ့သည့်သောကြာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် နေရသည့်သက်တမ်း ၁၃ နှစ် ပြည့်သွားခဲ့ပြီး အမေရိကန်နှင့် ဥရောပပါလီမန်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် နအဖ စစ်အစိုးရအား ဖိအားပေးခဲ့သည်။

နေပြည်တော်လွှတ်တော်ရုံးအဖွဲ့ ၂၀၀၉ မှာ စတင်ရုံးထိုင်မည်

ခေတ်ပြိုင်၊ ၂၇ အောက်တိုဘာ ၂၀၀၈

၂၀၁၀ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာမည့် ရုပ်သေးအရပ်သားအစိုးရသစ်အတွက် ရည်ရွယ်ဆောက်လုပ်နေသည့် နေပြည်တော် လွှတ်တော်အဆောက်အဦတွင် ၂၀၀၉ ခု စက်တင်ဘာလမှ စတင်၍ ရုံးဝန်ထမ်းများ စတင်ရုံးထိုင်တော့မည်ဟု ၀န်ကြီးချုပ်ရုံး သတင်းရပ်ကွက်က ပြောသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ချောချောမောမော ကျင်းပခွင့်ရမည် မရမည် မသေချာသေးသော်လည်း ၂၀၀၉ ခု စက်တင်ဘာလမှ စတင်ပြီး နေပြည်တော် လွှတ်တော်မှာ ရုံးအဖွဲ့ စတင်ရုံးတက်ဖို့ စစ်အစိုးရ ခေါင်းဆောင်ပိုင်းက စီစဉ်ခဲ့ခြင်း ဖြစ်သည်။ နေပြည်တော် လွှတ်တော်ရုံးအဖွဲ့တွင် တာဝန်ပေးနိုင်ရေးအတွက် စစ်တပ်မှ ဗိုလ်ကြီးအဆင့်နှင့် အရာခံဗိုလ်များကို စတင်ရွေးချယ်နေပြီဟုပါ အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

တည်ဆောက်နေဆဲ လွှတ်တော် အဆောက်အဦကြီးမှာလည်း ၅၀ ရာနှုန်းကျော်ပြီးစီးနေပြီ ဖြစ်သည့်အတွက် ရုပ်လုံးပေါ်နေသော်လည်း အပေါ်ပိုင်းတွင် သံမဏိဂဟေလုပ်ငန်းများ လုပ်ကိုင်နေဆဲဖြစ်သည်ဟု နေပြည်တော်ဆောက်လုပ်ရေးတာဝန်ခံတဦးက ပြောသည်။

မြန်မာယူနီဗာဆယ်ဘဏ်မှ ငွေလာမထုတ်ပါက နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းမည်

ခေတ်ပြိုင်-ပီတာအောင်/ ၂၇ အောက်တိုဘာ ၂၀၀၈

ငွေကြေးခ၀ါချမှုနှင့်ပါတ်သက်၍ အပိတ်ခံထားရသည့် မြန်မာယူနီဗာဆယ်ဘဏ် (MUB)တွင် ငွေအပ်နှံ ထား သူများအနေဖြင့် ငွေများလာရောက် ထုတ်ယူနိုင်ပြီဖြစ်ကြောင်းနှင့် မထုတ်ယူပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းယူ တော့မည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်က ထုတ်ဖော်ပြောကြားသည်။

ငွေကြေးအပ်နှံထားသူ မြီရှင်တို့အနေဖြင့် အောက်တိုဘာလ (၂၂)ရက်မှ စတင်၍ လာမည့် ၂၀၀၉ ခု မတ်လ (၃၁) ရက် နောက်ဆုံးထား၍ အထောက်အထားအပြည့်အစုံဖြင့် ရန်ကန်မြို့ ပန်းဆိုးတန်းလမ်းရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲ (၁) အပေါ်ထပ်၌ လာရောက်ထုတ်ယူနိုင်ကြောင်းသိရသည်။

မြန်မာ့စီးပွားရေး ဘဏ်ခွဲ (၁)ရှိ မြန်မာယူနီဗာဆယ်ဘဏ်ရေးရာ တာဝန်ရှိသူတဦးက " ငွေစုစာအုပ်ရယ်၊ လူကိုယ်တိုင်ရယ်၊ မှတ်ပုံတင်ရယ် ယူလာခဲ့ပါ။ နေ့ချင်းထုတ်ပေးပါတယ်။ ကာယကံရှင်ကတော့ ကိုယ်တိုင် လာရမှာပါ။ တခြားထောက်ခံစာတွေမလိုပါဘူး။ MUB ကတော့လုံးဝပိတ်သိမ်းလိုက်ပြီး မြန်မာ့စီးပွားရေးဘဏ်က ဆက်ပြီးတော့တာဝန်ယူထားတာပါ။ အပ်ထားတဲ့ ပိုက်ဆံတွေ သိပ်အများအစားကြီးတော့မရှိပါဘူး။ (၃)နှစ် အတွင်းမှာ အတော်များများလာထုတ်ပြီးကြပါပြီ။ စားရင်းပိတ်ဖို့အတွက်ကို နှိုးဆော်လိုက်တာပါ" ဟု ပြောကြား သည်။

မြန်မာယူနီဗာဆယ်ဘဏ်ကို မြန်မာစစ်အစိုးရက ငွေကြေးခ၀ါချမှုများနှင့်စပ်လျဉ်း၍ ၂၀၀၅ ခု သြဂုတ်လတွင် စတင်ပိတ်သိမ်းအရေးယူခဲ့ပြီး ၂၀၀၇ခု ဧပြီလတွင် ဘဏ်ပိုင်ရှင် ဦးတင်စိန်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သောဥပဒေ၊ တရားမ၀င်ငွေကြေးခ၀ါချမှုနှင့်ပတ်သက်သည့် ဥပဒေများဖြင့် ထောင်ဒဏ် (၁၀)နှစ် အပြစ်ပေးအရေးယူခဲ့သည်။

ဘဏ်ပိတ်သိမ်းပြီး (၃)နှစ်တာကာလအတွင်း ငွေကြေးအပ်နှံထားသူများအား မြန်မာယူနီဗာဆယ်ဘဏ်က အပ်နှံငွေများကို ပြန်ထုတ်ပေးခဲ့ပြီး မြန်မာယူနီဗာဆယ်ဘဏ်၏ အုပ်ချုပ်မှု အားလုံးကို မြန်မာ့စီးပွားရေးဘဏ်က အောက်တိုဘာ (၁)ရက်မှ စတင်၍ လွဲပြောင်းယူကာ လာမထုတ်ယူသေးပဲ ကျန်ရှိ နေသူတို့၏ ငွေများကို ယခု နောက်ဆုံးအနေဖြင့် ပြန်ထုတ်ပေးရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

အလားတူ မူးယစ်ဆေးဝါးနှင့်ပါတ်သက်သည်ဟု အမေရိကန်၏ စွပ်စွဲခံထားရပြီး ၂၀၀၅ မတ်လ ကုန်က ပိတ် သိမ်းခံခဲ့ရသည့် အာရှဓနဘဏ်နှင့် မြန်မာမေဖလားဝါးဘဏ်တို့ကလည်း လာမည့် ဒီဇင်ဘာလ နောက် ဆုံး ထား၍ ငွေများလာရောက်ထုတ်ယူကြရန် ယင်းဘဏ် (၂)ခု၌ ငွေအပ်နှံထားများအား ပြီးခဲ့သည့် ဇူလိုင်လ က တည်းက အသိပေးကြညာထားသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.