ကျွန်တော့်အတွေးအစအနများ
ရဲရင့်တင့်ဆွေ
(အောက်တိုဘာ ၂၄ ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ် က ရဲရင့်တင့်ဆွေရဲ့ဆောင်းပါးကို မိတ်ဆွေတစ်ဦးထံကရလို့ ထပ်ဆင့် ဖော်ပြပေးလိုက်ပါတယ်။ ကလောင်အမည် ရဲ့ရင့်တင့်ဆွေ ခေါ် ဗိုလ်မှူးတင့်ဆွေဟာ အစိုးရစာပေစိစစ်ရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။ သူ့ကို စာပေလောကကို နှိပ်ကွပ်သူ၊ စာပေကင်ပေတိုင်အဖြစ် သတ်မှတ်ကြသလို တစ်ချို့ကလည်း ဖြစ်နိုင်တဲ့ အတိုင်း အတာထဲကနေ လိုက်လျောတတ်တဲ့ စာပေစိတ်ရှိတဲ့လူလို့ သတ်မှတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ သူ့အမြင်ကို သိနိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်။)
စာပေပွဲတစ်ပွဲတွင် ဆရာကြီးဦးမျိုးသန့် (မောင်ဆုရှင်)က ကျွန်တော်၏ စာအုပ်ခေါင်းစဉ်များနှင့် ပတ်သက်၍ ပြောဖူးသည်။ ``ရဲရင့်တင့်ဆွေသည် သူ၏ စာအုပ်အမည်များကို တစေ့တစောင်း၊ အပိုင်းအစ စသဖြင့် ပေးတတ်သည်။ ဒါက စာရေးသူအနေဖြင့် လက်လှမ်းမီသလောက်ကို လေ့လာပြီး စုစည်းရေးဖွဲ့တာဖြစ်ကြောင်းကို ဖော်ပြရာလည်း ရောက်ပါသည်´´ ဟု ဖေးဖေးမမ ပြောပေးခြင်းလည်းဖြစ်သည်။ တကယ်တော့ ကျွန်တော်ကိုယ်တိုင်ကလည်း အကြောင်းအရာတစ်ခုကို ထဲထဲဝင်ဝင် နှံနှံ့စပ်စပ် တတ်သိသူ မဟုတ်သဖြင့် အဲဒီလိုခေါင်းစဉ်လေးများ တပ်မိခြင်းမှာ စာဖတ်သူများအပေါ် ၀န်ခံရာရောက်သလို မိမိကိုယ်ကိုလည်း လုံခြုံသည်ဟု ယူဆသဖြင့် ပေးမိခြင်းဖြစ်ပါသည်။ ယခုလည်း အစအနများဟူ၍ အမည်တပ်ထားဖြင့် ဆရာမောင်ဆုရှင် ဖတ်မိလျှင်တော့ မည်သို့ ထောမနာပြုဦးမည်မသိ။
လက်ရှိ အချိန်ကာလမှာ သီတင်းဝါကျွတ်ချိန်ဖြစ်သဖြင့် ဗုဒ္ဓဘာသာမြန်မာတို့၏ ထုံးတမ်းဓလေ့အတိုင်း အနန္တော အနန္တငါးပါးဂိုဏ်းဝင် မိဘဆရာ၊ သက်ကြီးဝါကြီးသူများကို ရိုသေဂါရ၀မှုဖြင့် ကန်တော့ကြချိန်ဖြစ်သည်။ ကျွန်တော်သည်လည်း ကျွန်တော်၏ မိဘအရင်းကဲ့သို့သော အကြီးအကဲ ဆရာတစ်ဦးဖြစ်ခဲ့သူ စာရင်းစစ်ချုပ်ဟောင်း ဗိုလ်မှူးချုပ်တင်အေး(ငြိမ်း)နှင့် အစ်မဒေါ်စိန်ညီတို့ကို သွားရောက် ဂါရ၀ပြုကန်တော့ဖြစ်ပါသည်။ ကန်တော့ပြီးချိန်တွင် ဗိုလ်ချုပ်က ``မင်းကို MRTV-4 အစီအစဉ်တစ်ခုမှာ တွေ့လိုက်သေးတယ်။ မင်းတို့တောင် ဦးလေး၊ အန်ကယ်အရွယ်တွေ ဖြစ်နေပြီပဲ´´လို့ အမိန့်ရှိသဖြင့် ကျွန်တော်ကလည်း´´ ဟုတ်ပါတယ် ဗိုလ်ချုပ်ခင်ဗျာ၊ ကျွန်တော်တို့လည်း လူလတ်ပိုင်း အရွယ်ဟိုင်း ရောက်ကုန်ကြပါပြီ´´ဟု ပြန်ပြောခဲ့မိသည်။ တကယ်တော့လည်း ဗိုလ်ချုပ်နှင့် စတွေ့စဉ်က ကျွန်တော့အရွယ်မှာ စစ်ကျောင်းဆင်းခါစ ၂၀စွန်းစွန်းသာ ရှိပါလိမ့်ဦးမည်။ ဗိုလ်ချုပ်ကတော့ အသက် ၅၀ နီးပါးအရွယ်နှင့် ခြေမြန်တပ်မတစ်ခုကို ကွပ်ကဲအုပ်ချုပ်နေရသူတစ်ဦး ဖြစ် သည်။
၈၈ခုနှစ် လူထုဆူပူအုံကြွမှု အရေးအခင်းကြီးဖြစ်စဉ်တွင် ဘားအံ၌ ဗိုလ်ချုပ်၏ ကွပ်ကဲမှုအောက်တွင် ကျွန်တော် တာဝန်ထမ်းဆောင်ရချိန် ဖြစ်သည်။ ဆန္ဒပြသူတွေက အုပ်စုလိုက် တန်းစီလျှောက်ကြပြီး စစ်တပ်အ၀န်းအ၀ိုင်းအပါအ၀င် ဘားအံမြို့ တစ်မြို့လုံးကိုပတ်၍ အော်ဟစ်ဆန္ဒပြကြသည်။ တောင်းဆိုမှုတွေကများလွန်း၍ ဘာမှန်းပင် မမှတ်မိတော့။ နှစ်ရက်ခန့်အကြာတွင်တော့ ပြည်ထောင်စုရပ်ကွက် အတွင်းမှ ပြည်သူတစ်ဦးကို ခေါင်းဖြတ်ပြီး သံလွင်မြစ်ထဲမျှောသည်ဟု ကြားရသည်။ မြို့ထဲမှာလည်း သပိတ်စခန်းပေါင်းများစွာနှင့် စစ်ကားများပင် သွားလာ၍မရတော့။ ထိုစဉ်က မြို့တော်ရန်ကုန် အပါအ၀င် မြို့ကြီးတိုင်းနီးပါး၌ ဆူပူရမ်းကား သတ်ဖြတ်မှုတွေက တစ်စထက်တစ်စ လွန်ကဲလာကြောင်း သိရသည်။ ဒီလိုနှင့် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးအတွက် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းရယူလိုက်ရသည်။ တစ်ပြိုင်နက်တည်းတွင် ကေအင်န်ယူ အကြမ်းဖက်သောင်းကျန်းသူများ၏ နိုင်ငံရေး အချိန်ကိုက် စစ်ရေးထိုးစစ်များကို ပြန်လှန် တိုက်ခိုက်ခဲ့ရသည်။ ၁၉၈၉ ခုနှစ် နှောင်းပိုင်းတွင်မူ နိုင်ငံတစ်ဝန်းအခြေအနေများ အတော်အတန် ပြန်လည်တည်ငြိမ်လာပြီး စစ်ရေးချိန်ခွင်လျှာတွင်လည်း တပ်မတော်က ထိုးစစ်ဆင်သူဘ၀သို့ ပြန်ရောက်ရှိလာခဲ့သည်။
ထိုးစစ်များ၌ ကျွန်တော်အမှတ်ထင်ထင်ရှိလှသော အောင်ပွဲကတော့ ဖလူးစခန်းသိမ်းတိုက်ပွဲပင် ဖြစ်သည်။ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ နှစ်ကုန်ရက်ပိုင်းအတွင်း ကေအင်န်ယူအကြမ်းဖက်သောင်းကျန်းသူတို့၏ ဖလူးစခန်းကို ထိုးစစ်ဆင်ရသည်။ ထိုးစစ်စတင်သည့် ရှေ့တန်းကွပ်ကဲမှုဌာနချုပ်ကို သင်္ကန်းညီနောင်တွင် ထားရှိပြီး ရှေ့တန်းစစ်ဆင်ရေးအား ဗိုလ်ချုပ်က ဦးစီး ဦးဆောင်ပြုရခြင်းဖြစ်သည်။ ထိုးစစ်စဆင်သည့် ညပိုင်း၌ တပ်မမှူးဖြစ်သူ ဗိုလ်ချုပ် (ထိုစဉ်ကတပ်မမှူးများမှာ ဗိုလ်မှူးကြီး အဆင့်သာဖြစ်သည်) မှာ ဆက်သွယ်ရေး စက် အနီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း စိတ်လှုပ်ရှားနေပုံ ပေါ်ပါသည်။ အလားတူပင် ထိုစဉ်က ဆက်သွယ်ရေးတပ်မှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ကြည်လွင် (နောင် ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(ငြိမ်း)) ဖြစ်သူမှာလည်း ဆက်သွယ်ရေးစက် မှ မိမိတပ်အသံများကို နားစွင့်နေပါသည်။ ဗိုလ်ချုပ်နှင့် ဗိုလ်မှူးကြီးကြည်လွင်တို့မှာ တစ်ပတ်စဉ်ထဲဆင်း သူငယ်ချင်းများလည်း ဖြစ်ကြသည်။ ညဦးပိုင်း အရောက်တွင် တော့ ကျွန်တော်တို့တပ်များမှ သက်ဆိုင်ရာ ရည်မှန်းချက်များကို ချဉ်းကပ်နေကြပြီဖြစ်သည်။ တစ်ပြိုင်တည်းမှာပင် ရန်သူမရိပ် မိစေရေးအတွက် အခြားစစ်မျက်နှာတစ်ခု၌ ယောင်ပြထိုးစစ်တစ်ခုကိုလည်း အမြှောက်နှင့် လက်နက်ကြီး အသံများအကြား ဆက်သွယ်ရေးစက်များမှ အော်ဟစ်နေကြသည်ကို ကျွန်တော် ကောင်းကောင်းမှတ်မိပါသည်။ ညဥ့်ဦးယံမှစခဲ့သော တိုက်ပွဲသံများသည် အရုဏ်ဦးအရောက်တွင်မှာတော့ တိုက်ပွဲကို ကျွန်တော်တို့ဘက်ကကောင်းစွာ ထိန်းချုပ် လာနိုင်ပြီဖြစ်ကြောင်း တွေ့လာရသည်။ ဆက်သွယ်ရေးစနစ်များထဲမှ ရှေ့တန်းတိုက်စစ်တပ်ရင်းမှူးများ၏ ကွပ်ကဲသံများနှင့်အတူ တပ်မမှူးအတွက် နှစ်သစ်ကူးလက်ဆောင်ဟူသော ပျော်ရွှင်ဖွယ်စစ်အောင်သံများမှာ ကျွန်တော်တို့ကို တက်ကြွစေလှပါတော့သည်။
ဖလူးစခန်းသိမ်းတိုက်ပွဲအပြီးတွင် ဗိုလ်ချုပ်လည်း ဘားအံသို့ ပြန်ရပါသည်။ အခြေအနေများအား ရန်ကုန်သို့ သွားရောက်မတင်ပြမီ ဘားအံမြို့ ရွှေရင်မျှော်ဘုရားသို့ ဗိုလ်ချုပ်သွားရောက် ဖူးမြော်ရာ၌ ကျွန်တော်လည်း လိုက်ပါသွားရပါသည်။ ၎င်းနေ့ရက်သည် ဗိုလ်ချုပ်၏ မွေးနေ့ဟူ၍လည်း ကျွန်တော် အထင်ရောက်မိပါသည်။ ဆီမီးတိုင်များ ပူဇော်ပြီး ဖယောင်းတိုင် အရေအတွက် ၅၀တိုင်လား၊ ၅၁တိုင်လားတော့ ကျွန်တော် မမှတ်မိတော့ပါ။ ဒီနောက် နှစ်လခန့်အကြာတွင်တော့ ရန်ကုန်စစ်ရုံးချုပ်သို့ ဗိုလ်ချုပ် ပြောင်းရွှေ့မိန့် ထွက်ခဲ့သည်။ ကျွန်တော်က ဘားအံတွင် ကျန်ခဲ့ပါတော့သည်။
ထို့နောက်တွင် ကရင်ပြည်နယ် စစ်မျက်နှာ၌ တပ်မတော်က ထိုးစစ်များ ဆက်လက်ဆင်နွှဲပြီး အောင်ပွဲတွေလည်း အလီလီရရှိခဲ့သည်။ ၁၉၉၂ခုနှစ်၊ မေလအရောက်တွင် မြန်မာတစ်နိုင်ငံလုံး အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ရှေးရှု၍ တပ်မတော် ထိုးစစ်များအား ရပ်ဆိုင်းရန် နိုင်ငံတော်အကြီးအကဲ၏ ညွှန်ကြားချက်အရ ကရင်ပြည်နယ်၌ တပ်မတော်၏ ထိုးစစ်အသံများ စဲသွားခဲ့ပါသည်။ တစ်ပြိုင်နက်တည်း၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တော်တော်များများလည်း လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ် ရောက်ရှိလာခဲ့ကြ သည်။ နိုင်ငံတော်သစ်၏ အသက်သွေးကြောဖြစ်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ရေးဆွဲရေးအတွက် အမျိုးသားညီလာခံကျင်းပရန် ခြေလှမ်းသစ်များစတင်ခဲ့သည်။
တကယ်တော့ နှစ် ၂၀ရှိခဲ့ပါပြီ။ ယခုဆရာဖြစ်သူ ဗိုလ်ချုပ်လည်း အငြိမ်းစားယူပြီ။ ကျွန်တော်တို့လည်း လူလတ်ပိုင်း အရွယ်ဟိုင်း ရောက်ပြီ။ သို့သော်လည်း ကရင်အကြမ်းဖက်သောင်းကျန်းသူတို့၏ စစ်ခေါ်သံ၊ ရန်လိုသံတွေကတော့ ယခုတိုင် အဆုံးမသတ်နိုင်သေး။ ပြည်နယ်လွတ်မြောက်ရေးဆိုသည်သာမကတော့ဘဲ နိုင်ငံတော်၏ အလုံးစုံအာဏာကို ရယူနိုင်ရေး အတွက် မြေပေါ်မြေအောက် ဆန့်ကျင်ဘက်အုပ်စုအမျိုးမျိုးကို ဆွဲဆောင်စုစည်းပြီး အကြမ်းဖက်မှုမျိုးစုံကို ဆောင်ကြဉ်းနေဆဲ ပင်ဖြစ်သည်။ မြန်မာ့စစ်သမိုင်းတွင် ဆွေတော်မျိုးတော်အချင်းချင်း သိလျက်နှင့် တိုက်ခဲ့ကြသည့် အ၀-ဟံသာဝတီစစ်ပွဲသည် ပင်လျှင် နှစ် ၄၀ အကြာ၌ ဆုံးခန်းတိုင် ခဲ့သော်လည်း ၁၉၄၉ ခုနှစ်က စခဲ့သော စစ်ပွဲကတော့ ယခုတိုင် အတောမသတ် နိုင်သေးကြောင်း တွေ့ရသည်။ တပ်မတော် အစိုးရအနေဖြင့် ၁၉၉၂ ခုနှစ်ကတည်းက အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ပြီး ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ဖော်ဆောင်နိုင်ရေးအတွက် လမ်းပြမြေပုံ ခုနစ်ရပ်ဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်နေသည်ကို မသိကျိုးကျွန် ပြုသည့်အလား ယခုကျမှ ယင်းအဖွဲ့များက အမျိုးသားပြန်လည် သင့်မြတ်ရေးဟူသော စကားမျိုးကိုဆိုလာခြင်းမှာ လက်တွေ့မကျ တော့ဟု သုံးသပ်ရမည်သာ ဖြစ်သည်။
ဆရာကြီးမောင်စူးစမ်းရေးသကဲ့သို့ နိုင်ငံရေးဆိုသည်မှာ အမှန်တကယ်ဖြစ်နိုင်ခြေရှိသော အကြောင်းအရာများကိုသာ မှန်းဆ ဆောင်ရွက် သည့် အတတ်ပညာဖြစ်ပါက မျက်မှောက်ချိန်၌ နိုင်ငံအတွက် ကျွန်တော်တို့အားလုံး ဘာလုပ်သင့်သည်ဆိုသည်ကို ယုံကြည်ချက်နှင့် သန္နိဋ္ဌာန်ချမှတ်နိုင်ကြရမည်ဖြစ်သည်။ နိုင်ငံ့အရေးပြီးတော့ ကမ္ဘာ့အရေးကြည့်ပြန်တော့လည်း ၂၀၀၈ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စားနပ်ရိက္ခာပြဿနာ၊ လောင်စာပြဿနာနှင့် သဘာဝဘေးပြဿနာတွေက နမိတ်ပြခဲ့ သည်။ ဒီအထဲမှာ အိမ်ခြံမြေအပေါင်ပြဿနာနှင့် အချိန်ပိုင်း စတော့ဈေးကစားမှုများက စခဲ့သော အမေရိကန်စီးပွားပျက်ကပ်က သူတို့သမ္မတ ရွေးကောက်ပွဲသတင်းကိုပင် မှေးမှိန်သွားစေ ခဲ့သည်။ အမေရိကန်တို့၏ စီးပွားပျက်ကပ်နှင့် ငွေကြေး အကျပ် အတည်းကြောင့် ဒေါ်လာနှင့်ချိတ်ဆက်နေရသော၊ စတော့ ဈေးကွက်များနှင့် ချိတ်ဆက်ထားကြသော အခြားကမ္ဘာ့နိုင်ငံ အသီးသီး၏ စီးပွားရေး၊ ဘဏ္ဍာရေးအခြေအနေများကိုလည်း ယိုယွင်း အခြေယိုင်သွားစေခဲ့သည်။ အကျပ်အတည်းကာလ ရှည်ကြာလာသည်နှင့်အမျှ ထိုဒဏ်ကို ကမ္ဘာ့နိုင်ငံအားလုံး အနည်းနှင့်အများ ခံစားကြရပါဦးမည်။ ဒေသအရေး ကြည့်ပြန်တော့လည်း ရတက်အေးစရာ မတွေ့ရ။ အရှေ့အာရှမှဖြစ်စေ၊ တောင်အာရှမှဖြစ်စေ၊ အရှေ့တောင်အာရှမှဖြစ်စေ၊ အစိုးရတွေ၊ စနစ်တွေ၊ ပြဿနာတွေက ဖြစ်ပြီးပျက်၊ ပျက်ပြီးဖြစ်နှင့် လုံးချာလည်လိုက်လျက်ရှိသည်။ ဘယ်အစိုးရက မှန်လို့၊ ဘယ်စနစ်က မှားမှန်းပင် မဝေခွဲနိုင်တော့။ မည်သို့ပင်ဆိုစေကာမူ သေချာသည်တစ်ခုကတော့ လူတွေအားလုံး ကြိုက်နှစ်သက်သည်မှာ၊ လိုလားကြသည်မှာ အပြောင်းအလဲပင်ဖြစ်သည်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ အိုဘားမားမဲဆွယ်ပွဲတိုင်း တွေ့ရသည့် စာတန်းကလေးဖြစ်သော ``We Need Change´´ဆိုသည်ကိုတော့ ကျွန်တော် သဘောကျမိပါသည်။
ဆောင်းပါးအစက ဟိုဟိုဒီဒီအတွေးအစအနများ ဆိုသည့်အတိုင်း နောက်ဆုံးတော့ စားပွဲပေါ်က ၂၀၀၈ခုနှစ်၊ အောက်တိုဘာလထုတ် ပိတောက်ပွင့်သစ် မဂ္ဂဇင်းမျက်နှာဖုံးကို အတွေးရောက်မိပြန်သည်။ အဖုံးမှာ ဆရာကြီး ဦးသိန်းဖေမြင့်က အိတ်ကလေးတစ်လုံးကို လက်၌ဆွဲထားပြီး အဝေးက တောင်တန်းများဆီကို မျှော်ငေးကြည့်နေပုံဖြစ်သည်။ ဆရာကြီး ဘာကို တွေးတောနေသည်ကိုတော့ ဆရာကြီးကိုယ်တိုင်ကို မေးမှသိနိုင်ပါတော့မည်။ သို့သော်လည်း ဆရာကြီးက မရှိတော့ပြီ။ ကိုယ်ယုံကြည်ရာ ၀ါဒများ၊ အတွေးအခေါ်များ ကို ကိုင်စွဲပြီး ဘ၀ကိုဖြတ်သန်းရင်း တိုင်းပြည်၏ အနာဂတ် ရှေ့ရေးကို မျှော်တွေး ငေးနေသည်လား မပြောတတ်။ သူမျှော်တွေးရင်း ငေးနေခဲ့သလိုပဲ ကျွန်တော်တို့ မျိုးဆက်တိုင်အောင် နိုင်ငံအရေးကတော့ ငေးနေရဆဲဖြစ်သည်။ မျိုးဆက်သစ်တွေရော ဒီလိုပဲ ဖြစ်နေရကြရ ဦးမည်လား။ တကယ်တမ်း တွေးကြည့်တော့ နိုင်ငံရေး အပြောင်းအလဲအတွက် ခင်းပေးထားသော လမ်းသစ်တွင် လျှောက်နိုင်သမျှလျှောက်ပြီး ရနိုင်သမျှ၊ ပိုင်ဆိုင်နိုင်သမျှသော ဒီမိုကရေစီအသီးအပွင့်ကို ညီညီညွတ်ညွတ် ရယူထားနိုင်ခြင်းသည် အနာဂတ်နိုင်ငံတော်နှင့် မျိုးဆက်သစ်များ ၀င့်ကြွားစေဖို့ အကောင်းဆုံးသော အခြေခံအုတ်မြစ်တစ်ခုဖြစ်လာလိမ့်မည်ဟု ကျွန်တော် ယုံကြည်မိပါသည်။

၂၆ . ၁၀. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ
- NLD ပါတီ ပိုမိုအားကောင်းရေး ဆွေးနွေးပွဲများ ကျင်းပ ဗွီအိုအေ click here
- မောင်ဝိတ်တပည့်များနှင့် စကားများသဖြင့် အန်အယ်ဒီ ပါတီဝင်များ တိုက်ပိတ်ခံရ မဇ္ဈိမ click here
- အထက်မြန်မာနိုင်ငံမှ အန်အယ်ဒီအဖွဲ့ဝင် ၆ ဦးကို ထောင်ဒဏ်အများဆုံး ၁၃ နှစ်အထိချမှတ် ခေတ်ပြိုင် click here
- မြန်မာနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အာရှနဲ့ ဥရောပ ခေါင်းဆောင်တွေ တောင်းဆို ဗွီအိုအေ click here
- အာရှ-ဥရောပခေါင်းဆောင်များ ငွေကြေးအကျပ်အတည်းကို ပူးပေါင်းဖြေရှင်းကြမည် ဗွီအိုအေ click here
- အရှင်ဂမ္ဘီရ ထောက်လှမ်းရေးတွေရဲ့ ဖိအားပေး စစ်ဆေးခံရတဲ့အတွက် ဆေးရုံတက်နေရ အာရ်အက်ဖ်အေ click here
- ဖောက်သည်နိုင်ငံတွေ အဝယ်ရပ်၊ မြန်မာ့ရာဘာနဲ့ ပဲမျိုးစုံ ပြည်ပကို မတင်ပို့နိုင် အာရ်အက်ဖ်အေ click here
- မန္တလေး၊ နေပြည်တော်ရထား သံဘောင်နဲ့ တိုက်မိလို့ စက်ဗိုလ်သေဆုံး အာရ်အက်ဖ်အေ click here
- အရှင်ဉာဏိဿရ ဟောကြားခဲ့တဲ့ ရတနာမိုး တရားတော် နောင်မဖွင့်ဖိုႛ ခံဝန်လက်မှတ်ထိုးခဲ့ရ အာရ်အက်ဖ်အေ click here
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အမေရိကန်နဲ့ ဗြိတိန်မှာ ဆန္ဒပြ အာရ်အက်ဖ်အေ click here
- မြန်မာခရီးသွားလုပ်ငန်း မရှုမလှ ကျဆင်းနေ မိုးမခ click here
- ထီလက်မှတ်ရောင်းဈေးနှင့် ဆုကြေးငွေများ နှစ်ဆ တိုးမြှင့် မြန်မာဖိုရမ် click here
- မုံရွာမြို့တွင် တစ်ပိုင်တစ်နိုင် မှိုကျင်းစိုက်ပျိုးသူများပြား ၀ိကလီးအလဲဗင်း click here
- ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကျန်းမာရေး၊လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးများအတွက် မြန်မာတာဝန်သိ စောင့်ရှောက်ခြင်းဆိုင်ရာကောင်စီ ဖွဲ့စည်း ၀ိကလီးအလဲဗင်း click here
- ယာဉ်ကြောပြောင်းပြန်ရပ်တန့်ကာ ဈေးရောင်းချမှုများ လျှက်တစ်ပြက် click here
- ကြွပ်ကြွပ်အိတ်သုံးစွဲခြင်းကို လျှော့ချသင့်ပြီ လျှက်တစ်ပြက် click here
You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.