Friday, December 26, 2008

[အတွေးရပ်ဝန်း] 1 New Entry: ဆောင်း

ဆောင်း

`ဆောင်း´တဲ့ … ။
အတိတ်ကို နှိုးဆွ အမှတ်ရစေဖို့
တကျော့ပြန် ရောက်လာခဲ့ပြန်ပြီပေါ့ … ။

တရိပ်ရိပ်တိုးလာတဲ့ အအေးဓါတ်နဲ့အတူ
ရင်ထဲကဒဏ်ရာဟောင်းတွေက
တစစ်စစ်နာကျင်ကိုက်ခဲလို့ …
ဘယ်တော့များမှ လွတ်မြောက်ခွင့်ရမှာလဲ
အိပ်မရတဲ့ဆောင်းညတွေရဲ့
အေးစက်တဲ့ကျိန်စာတွေကနေ … ။

`ခရစ္စမတ်´ တဲ့ …
မပြောကြပါနဲ့
ဂစ်တာလေးတစ်လက်နဲ့ ဆိုညည်းခဲ့တဲ့
သံစဉ်အပိုင်းအစတွေကို တမ်းတမိလို့ပါ … ။

`New Year´ တဲ့ …
ပျော်နိုင်ပါတော့မလား
လာမယ့်နှစ်သစ်မှာလဲ
မင်းနဲ့မဆုံနိုင်မှာ သေချာနေမှတော့ … ။

တကယ်တော့ ငါဟာ
အတိတ်ရဲ့တစ္ဆေတွေ ကိုယ်ထင်ပြတဲ့
နှင်းသက်တဲ့ဆောင်းရက်တွေကို
ပုန်းရှောင်နေချင်သူတစ်ယောက်ဆိုတာ
ဝန်ခံလိုက်ပါရစေတော့ ချစ်သူရယ် … ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက တင်ထားပြီးသား ကဗျာလေးတစ်ပုဒ်ပါ။ ဒီရက်ပိုင်း စာမရေးဖြစ်လို့ ကျွန်မကြိုက်တဲ့ ကဗျာအဟောင်းလေးကိုပဲ ပြန်တင်လိုက်ပါတယ်။ တဆက်တည်း ကျွန်မရဲ့ မှားယွင်းမှုတစ်ခုကိုလဲ ပြောပြချင်ပါတယ်။ ချစ်သူပေးတဲ့အတွေး အပါအ၀င် ကျွန်မရေးခဲ့တာ ပို့စ် ၁၇၈ ပုဒ်ပဲ ရှိပါသေးတယ်။ အဲဒါကို ၁၉၈ ပုဒ်ဆိုပြီး မှားရေးမိပါတယ်။ ကိုဇူလိုင် လာမပြောခင်အချိန်ထိ အဲဒီအမှားကို ကျွန်မ မမြင်မိပါဘူး။ နမော်နမဲ့နိုင်လွန်းတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း အမှားကို ခင်မင်စွာနဲ့ ထောက်ပြသွားတဲ့ ကိုဇူလိုင့်ကိုလဲ ကျေးဇူးတင်ကြောင်း ဒီပို့စ်လေးကနေ ပြောပါရစေ။

You received this email because you are subscribed to the real_time feed for http://suthetlin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.