အမုန်းမြို့ရဲ့ အဝေးဆုံးတစ်နေရာ
၂၀၀၅ ခုနှစ်ရဲ့ နိုဝင်ဘာလ… နေရာက ပုဂံ… အခင်ဆုံး သူငယ်ချင်း ခြောက်ယောက်… တစ်လမ်းလုံး ဟိဟိခွိခွိတွေ လုပ်ပြီး.. ပုဂံရဲ့ ခပ်ချာချာ ဟိုတယ်လေး တစ်ခုကို မနက် ၅နာရီကျော်လောက်မှာ ရောက်လာခဲ့ကြပါတယ်… ဟိုတယ်ရဲ့ နာမည်.. ကိုယ်စီးလာတဲ့ ခရီးသည်တင်ကားရဲ့ နာမည်.. နေ့ရက်အချိန် အတိအကျကိုတော့ အခုအချိန်မှာ သေချာမမှတ်မိတော့ပါဘူး… သေချာမှတ်မိနေတာ တစ်ခုကတော့ ဘဝမှာ ပျော်စရာအကောင်းဆုံး အချိန်တွေထဲက တစ်ချိန်ဆိုတာနဲ့.. သူငယ်ချင်းတွေအတွက် အမှတ်တရ အဖြစ်ခဲ့ဆုံး ခရီးလေးတစ်ခု ဆိုတာကိုပဲ…
ပုဂံကို ရောက်ခဲ့ဖူးတာ ညိုထက် တစ်ယောက်ပဲ ရှိမယ် ထင်ပါတယ်… ကျန်တဲ့သူတွေ အဖို့ကတော့ ပထမဦးဆုံး တစ်ခေါက်လို့ ဆိုရပါမယ်… ကျနော်ကတော့ ထုံးစံအတိုင်း အူကြောင်ကြောင် ဘာလုပ်ရမယ်မှန်း မသိ.. ဟိုလိုလို ဒီလိုလို ဖြစ်နေချိန်မှာပဲ လေးမောင်က ကားသမားနဲ့ ညှိပြီး ဘုရားတွေဖူးဖို့ ဈေးသဘောတူလိုက်ပါပြီ… ဆရာသမားရဲ့ ကောင်းမှုကြောင့် အဲဒီနေ့ မနက်ကနေ စပြီး အထုပ်ရှုပ်တွေ ရှင်းရမယ်ဆိုတာကို ဘယ်သူမှ မသိကြသေးပါဘူး… ဟိုတယ်ပေါ်တက်.. အထုပ်တွေချ.. ရေမိုးချိုးပြီး.. ပြင်ကြဆင်ကြပေါ့…
နေထွက်ချိန်လောက်မှာတော့.. ကျနော်တို့ သူငယ်ချင်းတစ်သိုက်.. ရှေလီလမ်း ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးထဲ ရောက်နေကြပါပြီ… ကားသမားကလဲ အဆင်သင့်ပေါ့… စားပြီးသောက်ပြီး ထွက်ဖို့ ပြင်ကြပါတယ်… သိပ်မကြာလိုက်ခင်မှာပဲ လေးမောင်ရဲ့ ဟန်းဖုန်းလေး မြည်လာပါတယ်… အော်.. ပုဂံမှာလဲ ဟန်းဖုန်းက မိသား လို့ တွေးမဆုံးခင်မှာပဲ.. တဖက်က ကျုပ်တို့ရဲ့ ဘော်ဘော်ကြီး ပိစိကွေး ဖြစ်နေတာကို သိလိုက်ရပါတယ်… ပိစိကွေးက ဘောစိ.. ကျုပ်တို့ ပုဂံသွားမယ်ဆိုတော့ သူကူညီပါရစေဆိုပြီး ပုဂံမှာ သွားဖို့လာဖို့ တောင်းအေ့စ် ကားတစ်စီးကို သူ့အမျိုးရဲ့ ဟော်တယ်ကနေ စီစဉ်ပေးလိုက်ပါတယ်…
တေဘီပေါ့… ကျုပ်တို့က ဒီမှာ ထွက်နေပြီ… တောင်းအေ့စ် ကားသမားကလဲ စောင့်နေပြီ… ဆရာလေးမောင်တစ်ယောက် ပိစိကွေးနဲ့ ဘာညာကွိကွ နေကြာကွာစေ့တွေ လုပ်ရပြီပေါ့… ပိစိကွေးကလဲ စိတ်တွေဆိုးပေါ့… လေးမောင်ကြီးကလဲ ဘာလို့ ဘယ်လို လုပ်လိုက်ရပါတယ် ဘာညာ ပြန်ရှင်းပေါ့… အဲဒီနေ့အတွက်ကတော့ လေးမောင်အဖို့ တနေ့လုံး ဖုန်းပေါ်မှာအချိန်ကုန်သွားရတဲ့ နေ့ပါပဲ… ကျုပ်တို့တွေ အတွက်ကတော့ အဲဒီလို တလွဲဖြစ်သွားရတာကပဲ ရယ်စရာတစ်ခုအဖြစ် ဖြစ်ကျန်ခဲ့ပါတယ်…
ကျန်ပါသေးတယ်… "ပန်းမြိုင်လယ်က ဥယဉ်မှူး" ထဲက ကျော်ဟိန်းလို ထန်းတောကြီးထဲမှာ ထန်းရည်သောက်ချင်တယ်လို့ သူငယ်ချင်းတွေကို ပြောတော့.. ကားသမားကို မေး.. ကားသမားက အယူသည်းသူ ဖြစ်နေတော့ ဘယ်လိုပြောပြော လိုက်ကို မပို့.. နောက်ဆုံးတော့ မြန်မာအဝစား ထမင်းဆိုင်လေးထဲက မြန်မာဘီယာ မအေးတအေးလေးကိုပဲ မြိုခဲ့ကြရတာတွေ… တဝဂူကို ရောက်ဖြစ်အောင် သွားကြည့်နော်လို့ မှာလိုက်တဲ့ ကောင်မလေး တစ်ယောက် နဲ့ ဂူတစ်ခုရဲ့ နံရံပေါ်က စာတွေကြောင့် သူငယ်ချင်း တစ်အုပ်လုံး ချာလပတ်လည်ပြီး ပဟေဋ္ဌိ အဖြေညိခဲ့ရတာတွေ… ကျားကိုးစီး စားမကုန်တဲ့ မောင်သင်္ကြန် တစ်ယောက် ဖျားပြီး ဂျီတိုက်တာတွေ… စုံလို့ပါပဲ… သူငယ်ချင်းတွေ အတူလျှောက်လည်နေရတာမို့.. ဒုက္ခဆိုတာလဲ ရယ်စရာပျက်လုံးတစ်ခု ဖြစ်ဖြစ်သွားရပါတယ်…
မနေ့ကတော့ ပုဂံမှာတုန်းက ရိုက်ခဲ့တဲ့ ဗီဒီယိုလေးတွေကို MTV ပုံစံ လုပ်ထားတဲ့.. အပိုင်းအစလေးတွေကို ကွန်ပြူတာထဲ ပြန်ရှာတွေ့လိုက်ပါတယ်… အဲဒီ ဗီဒီယိုလေးတွေကို ပုဂံခရီး အမှတ်တရ ဘလော့မှာ ပြန်တင်ပေးလိုက်ပါတယ်… သူငယ်ချင်းတွေ အားလုံးအပြင် တခြားစာဖတ်သူတွေပါ ကြည့်နိုင်ပျော်နိုင်အောင်လို့ပေါ့…
A Mone Myo Ye Away Sone Ta Nay Yar from Gu Gu on Vimeo.
You received this email because you are subscribed to the real_time feed for http://smsy.mmwordpress.com/?feed=rss2. To change your subscription settings, please log into RSSFWD.