Friday, December 26, 2008

[ဆုံဆည်းရာ] 7 New Entries: မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ

မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ

မဇ္ဈိမ-မျိုးကြီး၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၀၈

ရွှေလီ (မဇ္ဈိမ)။ ။ ရှမ်းပြည်(မြောက်ပိုင်း) မူဆယ်မြို့တွင် ပြီးခဲ့သည့် တနင်္လာနေ့က လုယက်မှု၌ တရက်အတွင်း လူနှစ်ဦး သေဆုံးခဲ့သည်။

လုယက်သူများ လက်ချက်ဖြင့် သေဆုံးသူများမှာ မူဆယ်မြို့ မန်မိုင်ရွာသား ကချင်အမျိုးသား ကိုခေါင်ဇယ် (ခ) လနုတ် (၃၈ နှစ်) နှင့် ခရစ်ယာန်ရပ်ကွက်မှ အိမ်ဖော် အမျိုးသမီးတို့ဖြစ်သည်။

''မနက် ၈ နာရီနဲ့ ၉ နာရီကြားမှာ မန်မိုင်ကနေ ကောင်းမှုကို ကလေးကျောင်း သွားပို့အပြန်မှာ ရေချောင်းလေး ရှိတယ်။ အဲဒီလမ်းမှာပဲ လူနှစ်ယောက်၊ ကုလားလိုလို လူတယောက်ပါတယ်၊ ခေါင်းကို ဒုတ်နဲ့ ရိုက်ထည့်လိုက်တယ်။ ခဏလေးပဲ အသက်ရှင်ပြီး သေသွားတယ်'' ဟု သေဆုံးသွားသူ ကိုခေါင်ဇယ်၏ ယောက်ဖက မဇ္ဈိမကို ပြောသည်။

လုယက်သူများက ဦးခေါင်းကို ရိုက်လိုက်ပြီးနောက် စီးလာသည့် မော်တော်ဆိုင်ကယ်ကို ယူသွားကြသည်။

ကျောင်းဆရာမ နှစ်ဦးက အခင်းဖြစ်ပွားမှုကို တွေ့မြင်ရသောကြောင့် ရဲစခန်းသို့ ဖုန်းဆက်တိုင်သဖြင့် ရဲများ လာရောက်ခဲ့ကြောင်းနှင့် ထိုနေ့ ညနေပိုင်း၌ပင် ရုပ်အလောင်းကို သင်္ဂြိုဟ်ခဲ့ပြီး ယမန်နေ့က ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သူက ပြောသည်။

အလားတူပင် ထိုနေ့ ည ၁၁ နာရီခန့်က ခရစ်ယာန်ရပ်ကွက်မှ နေအိမ်တအိမ်ကို လူတစုက မှောင်ရိပ်ခိုနေရာ အိမ်ဖော် အမျိုးသမီးတဦးက အိမ်သာတက်ရန် အိမ်အပြင်ထွက်စဉ် တွေ့ရှိအော်ဟစ်သဖြင့် လည်ပင်းကို ဓားဖြင့် ထိုးနှက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သေးသည်။

''နာမည်ကတော့ အတိအကျ မသိဘူး။ ဒီနေ့ပဲ သင်္ဂြိုဟ်တယ်။ အိမ်ဖော်အမျိုးသမီး လည်ပင်းကို ဓားနဲ့လှီးလို့ သွေးကြောပြတ် သေသွားတယ်။ အိမ်ကို လူကပ်ထားတာ၊ အိမ်သာအတက် လူတွေ့လို့ အော်တော့ အဲလို သတ်သွားတာ'' ဟု မူဆယ်ဒေသခံ နောက်တဦးက မဇ္ဈိမကို ပြောသည်။

ယခုလို ခိုးဆိုးလုယက်မှုများသည် နေ့စဉ်နီးပါး ဖြစ်နေကြောင်း အဆိုပါ ဒေသခံကပင် ယခုလို ဆက်ပြောသည်။

''ဆိုင်ကယ် accident (မတော်တဆမှု) မပါဘူး။ အသတ်ခံရပြီး သေတာ။ ဒီရက်ပိုင်းအတွင်း ၃ လောင်းရှိပြီ။ ၁၀၅ မိုင်နဲ့ မူဆယ်ကြားထဲမှာ အေးဂျင့်တယောက် ဆိုင်ကယ်အလုခံရပြီး အသတ်ခံရသေးတယ်။ ခိုးဆိုးလုယက်မှုက နေ့တိုင်းလိုလို ဖြစ်နေတယ်။ ဒီကြားထဲမှာ ခရစ်ယာန်ရပ်ကွက်မှာပဲ အိမ်တအိမ် အဖောက်ခံရပြီး ရွှေ ၂၀ ကျပ်သား ပါသွားသေးတယ်'' ဟု သူက ပြောသည်။

လွန်ခဲ့သည့် ၃ လခန့်မှ စတင်ကာ မှုခင်းဖြစ်ပွားမှုများ သိသာစွာ တိုးပွားလာသော်လည်း ဒေသခံ ရဲတပ်ဖွဲ့က လက်သည်တရားခံများအား ဖမ်းဆီးနိုင်မှု မရှိလှကြောင်း ဒေသခံများက ဆိုသည်။

ယခုလို အခြေအနေများနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန်အတွက် မူဆယ်ရဲစခန်းသို့ ဆက်သွယ်ခဲ့ရာ တစုံတရာ ပြန်လည်ဖြေကြားခြင်း မရှိပါ။

စစ်အစိုးရက ဘိန်းစိုက်ခိုင်းနေဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ပြောဆို

မဇ္ဈိမ၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၀၈

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်တပ်က ဒေသခံ ကျေးရွာသားများကို အခွန်အကောက် ရရှိရန်အတွက် ဘိန်း အတင်းအကျပ် စိုက်ပျိုးခိုင်းနေသဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဘိန်းစိုက်ပျိုးမှု များပြားလာနေသည်ဟု ထိုဒေသတွင်း လှုပ်ရှားနေသော တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတစုက ပြောသည်။

ဒေသခံကျေးရွာသားများကို အတင်းအကျပ် စိုက်ပျိုးခိုင်းနေသဖြင့် မြန်မာစစ်တပ်သည် အဆိုပါ ဘိန်းစိုက်ပျိုးရေး လုပ်ငန်းတွင် တိုက်ရိုက် ပါဝင်ပတ်သက် လာနေကြောင်းဖြင့် လားဟူ ဒီမိုကရက်တစ်တပ်ဦး (LDF) ဥက္ကဋ္ဌ အိုက်လုံခမ်းမွယ် (Ailong Khammwe) က ပြောသည်။

မြန်မာစစ်တပ်က ပါဝင်ပတ်သက်ပြီး အားပေးအားမြှောက် လုပ်နေ၍ ဒေသခံကျေးရွာသားများ ဘိန်းစိုက်ပျိုးမှုမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ မိုင်းဆတ်ဒေသအတွင်း တိုးပွားလာနေသည်ဟု ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော ခမ်းမွယ်က မဇ္ဈိမကို ပြောကြားသည်။

"မြန်မာစစ်တပ်က ဒေသခံလူထုကို ဘိန်း အတင်းအကျပ် စိုက်ခိုင်းနေပြီး၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာလည်း အကူအညီပေးနေတယ်" ဟု ခမ်းမွယ်က ပြောသည်။

ဒေသခံလူထု ဤသို့ဘိန်းစိုက်ပျိုးခြင်းလုပ်ငန်းမှ အခွန်အကောက်များ ကောက်ယူနေခြင်းဖြင့် မြန်မာစစ်တပ်သည် အမြတ်အစွန်းများ ရရှိနေသည်ဟု သူက ဆိုသည်။

ဤသို့ ဘိန်းစိုက်ပျိုးရေးလုပ်ငန်းတွင် မြန်မာစစ်တပ် ပါဝင်ပတ်သက်နေမှုနှင့် ဒေသခံ ကျေးရွာသားများအား အတင်းအကျပ် ဘိန်းစိုက်ပျိုးခိုင်းနေသည့် သတင်းကို သီးခြား လွတ်လပ်သော အတည်ပြုချက် မရယူနိုင်သော်လည်း၊ ထိုင်းအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းအေဂျင်စီ (S.H.A.N) မှ အယ်ဒီတာ ဦးခွန်ဆိုင်းဂျိုင်ယန် (Khuensai Jaiyen) ကမူ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် ၂ဝဝ၅ ခုနှစ်ကတည်းက စတင်၍ ဘိန်းစိုက်ပျိုးမှု တစတစ တိုးလာခဲ့ရာ ယခုနှစ် ၂ဝဝ၈ သည် အများဆုံးနှစ်ဖြစ်ကြောင်း ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း အထူးသဖြင့် ဝ နှင့် ကိုးကန့် အထူးဒေသများတွင် ဘိန်းစိုက်ပျိုးမှု လျော့ကျသွားပြီးနောက် ဘိန်းစိုက်ပျိုးမှု လုပ်ငန်းသည် ပြည်နယ်တောင်ပိုင်း ဒေသများသို့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သည်ဟု ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အခြေအနေကို အသေးစိတ် လေ့လာရေးသား တင်ပြနေသော ဦးခွန်ဆိုင်းက ပြောသည်။

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ၂ဝဝ၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဘိန်းစိုက်ပျိုးမှု ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှိုင်းယှဉ်ချက်အရ လျော့နည်းကျဆင်းသွားခဲ့သော်လည်း ဤလုပ်ငန်းသည် ပြည်နယ်တောင်ပိုင်းသို့ ရွှေ့ပြောင်းရောက်ရှိသွားခဲ့သည်ဟု ဦးခွန်ဆိုင်းက ပြောသည်။

"စီးပွားရေး မပြေလည်တာရယ်၊ နေထိုင်စားသောက်ရေးအတွက် လုံလုံလောက်လောက် ဝင်ငွေရဖို့ ခက်တာရယ်တို့ကြောင့် ဘိန်းမစိုက်ချင်ဘဲ စိုက်ရတယ်လို့ ဒေသခံလူထုက ပြောပါတယ်" ဟု ဦးခွန်ဆိုင်းက ပြောသည်။ ထို့ပြင် စစ်တပ် အပါအဝင် ဒေသခံအာဏာပိုင်များက အတင်းအကျပ် အခွန်အကောက်များ ကောက်ခံသည့်အတွက် အခြေအနေမှာ ပို၍ဆိုးသွားရသည်ဟုလည်း သူက ဆက်ပြောသည်။

သို့သော် မိုင်းဆတ်မြို့နယ်ရှိ ဒေသခံ ကျေးရွာသားတဦးကမူ LDF ၏ ပြောဆိုချက်အတိုင်း မဟုတ်ဘဲ မြန်မာစစ်တပ်က ကျေးရွာသားများကို ဘိန်း အတင်းအကျပ် စိုက်ပျိုးခိုင်းသည် ဆိုသည်ကို သူ မသိကြောင်း မဇ္ဈိမကို ပြောကြားသွားပြီး၊ မကြာသေးမီနှစ်များအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု သိသာစွာ တိုးလာသည်ဆိုခြင်းကိုမူ ဝန်ခံ ပြောကြားသွားခဲ့သည်။

"အာဏာပိုင်တွေက အတင်းအကျပ် စိုက်ခိုင်းတယ်ဆိုတာတော့ ကျနော်မသိဘူး။ အဲဒီလိုပဲ ဘိန်းစိုက်ပျိုးတာကို တားမြစ်တာ၊ ကန့်သတ်တာတွေ လုပ်တာလည်း ကျနော် မသိဘူး၊ မကြားဖူးဘူး။ ဒီတော့ အာဏာပိုင်တွေက လူထုကို စိုက်ခွင့်ပေးထားတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တာပေါ့" ဟု အမည်မဖော်လိုသူ အဆိုပါ ကျေးရွာသားက ပြောသည်။

လွန်ခဲ့သော ၁ဝ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှုလုပ်ငန်း အကြီးအကျယ် တိုးများလာသည်ကို ကိုယ်တိုင်တွေ့ရှိသော်လည်း မြန်မာစစ်တပ်က ဒေသခံကျေးရွာသားများကို အတင်းအကျပ် စိုက်ပျိုးခိုင်းနေသည် ဆိုခြင်းကိုမူ မိမိ မသိကြောင်း ငြင်းဆိုပြောကြားသွားသည်။

အာဏာပိုင်များသည် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေကြသဖြင့် အပြန်အလှန် အကျိုးရှိခြင်းကြောင့် ဒေသခံကျေးရွာသားများကို ဘိန်းစိုက်ရန် အတင်းအကျပ် ခိုင်းစေရန် မလိုကြောင်းဖြင့် အဆိုပါ ကျေးရွာသားက ပြောသည်။

မည်သို့ပင်ဖြစ်စေ ခမ်းမွယ်ကမူ သူ့ပြောဆိုချက်ကို မှန်ကန်ကြောင်း သက်သေပြရန်အတွက် စိတ်ဝင်စားသူ မည်သူမဆိုကို မိုင်းတုံ၊ မိုင်းဆတ်ရှိ ဒေသခံကျေးရွာသားများနှင့် ပေးတွေ့ပြီး ကိုယ်တိုင်ကြည့်စေလိုကြောင်းနှင့် အထူးသဖြင့် လားဟူတိုင်းရင်းသားများကို ဤသို့ ဘိန်း အတင်းအကျပ် စိုက်ခိုင်းလေ့ရှိကြောင်း ပြောသည်။

"နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကိုယ်တိုင် ဒီကိစ္စတွေကို ကိုယ့်မျက်စေ့နဲ့ ကိုယ်တိုင် မြင်ချင်တယ်ဆိုရင်လည်း ကျနော်တို့ လားဟူ LDF အဖွဲ့အနေနဲ့ 'နအဖ' ရဲ့ ဘိန်းခင်းတွေရှိတဲ့ မိုင်းဆတ်၊ မိုင်းတုံနယ်မြေကို ခေါ်သွားပြီးပြဖို့ အဆင်သင့် ရှိပါတယ်" ဟု မြန်မာစစ်အစိုးရ၏ တရားဝင် အမည်ဖြစ်သော 'နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ' (SPDC) ဟူသော အမည်ကို ရည်ညွှန်း၍ ခမ်းမွယ်က ပြောကြားသွားသည်။

(ဆော်လမွန် သတင်းပေးပို့၍ မုံပီးရေးသားသည်)

မြန်မာနိုင်ငံမှာ ဖမ်းခံထားရတဲ့ မြောက်ကိုရီယား နိုင်ငံသားတွေ အမှုကိစ္စ တောင်ကိုရီယား ရှေ့နေ့များ ကူညီမည်

ဗွီအိုအေ၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၀၈

မြန်မာနိုင်ငံထဲကို တရားမ၀င်ပဲ ဖြတ်ကျော်ရောက်လာတဲ့ မြောက်ကိုရီယားနိုင်ငံသား ထွက်ပြေး လာတဲ့ အုပ်စုတစုကို မြန်မာနိုင်ငံမှာ တရားရုံးတင်ဖို့ ပြင်ဆင်နေတာ အပေါ် ဒီလူတွေကို အကူအညီပေးဖို့ တတ်နိုင် သလောက် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ တောင်ကိုရီယား ရှေ့နေအဖွဲ့တခုက ပြောပါတယ်။ ဒီအုပ်စုထဲမှာ တောင်ကိုရီယားဖက်ကို ခိုလှုံရောက်ရှိနှင့်ပြီးသား မြောက်ကိုရီယား နိုင်ငံသားတွေရဲ့ ကလေးငယ်တွေလည်း ပါဝင် နေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ တောင်ကိုရီယား ဆိုးလ်းမြို့တော်ကနေ ဗီအိုအေ သတင်းထောက် Kurt Achin သတင်းရေးသားပေးပို့ထားတာကို - ကိုသားညွန့်ဦးက အပြည့်အစုံ ပြောပြပါမယ်။

အခု မြန်မာနိုင်ငံမှာ နိုင်ငံတွင်း တရားမ၀င် ၀င်ရောက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြောက်ကိုရီးယား နိုင်ငံသား ၁၉ဦး ပြန်လည် လွတ်မြောက်လာရေး လိုက်ပါ ကူညီဆောင်ရွက်ဖို့ သူတို့ကို စွဲချက်တဲ့ တရားရုံးကို တင်ပြ သွားမယ်လို့ တောင်ကိုရီယားက လူ့အခွင့်အရေး ရှေ့နေ့ အဖွဲ့အစည်းက ပြောပါတယ်။ ဒီအဖွဲ့ အမည်ကတော့ တောင်ကိုရီယား လူ့အခွင့်အရေး ရှေ့နေ့များ အဖွဲ့ပါ။ ရှေ့နေတွေဟာ လိုအပ်မယ်ဆိုရင် မြန်မာနိုင်ငံထိ သွားရောက်ဖို့ ပြင်ဆင်ထားတယ်လို့ ဒီအဖွဲ့ရဲ့ ရှေ့နေတဦးဖြစ်တဲ့ Park Min-Jae က ပြောပါတယ်။

တရားမ၀င် နိုင်ငံတွင်း ၀င်ရောက်မှုနဲ့ ဒီလူတွေကို တရားစွဲဆိုထားပြီး၊ ဘယ်လို ရလဒ် ထွက်လာ မလဲဆိုတာတော့ ခန့်မှန်းရ ခက်တယ်လို့ သူက ကိုရီယား ဘာသာစကားနဲ့ ပြောသွားတာပါ။

အခု မြန်မာ အာဏာပို်င်တွေက ဖမ်းဆီးထားတဲ့ မြောက်ကိုရီယား နိုင်ငံသား ခိုလှုံသူ ၁၉ဦးဟာ သူတို့တိုင်းပြည်တွင်းမှာ ဆင်းရဲ ဒုက္ခတွေနဲ့ နိုင်ငံရေး ဖိနှိပ်မှုတွေကို နှစ်အတန်ကြာ ခံစားခံကြရတာကြောင့် တိုင်းပြည်က ထွက်ပြေးလာသူတွေ ဖြစ်ကြပါတယ်။ ဒီလို ထွက်ပြေးသူတွေဟာ ထုံးစံအားဖြင့်တော့ အန္တရာယ် ကြီးကြီးနဲ့ တရုတ်နိုင်ငံကို တရားမ၀င် ကျော်ဖြတ် ဒီကနေ အခြားအရှေ့တောင်အာရှနိုင်ငံတွေကို သွား ခုံလှုံခွင့် တောင်းပြီး တောင်ကိုရီယား နိုင်ငံမှာ အခြေချနိုင်ဖို့ ကြိုးစားလေ့ရှိပါတယ်။ တရုတ်ကတော့ မြောက်ကိုရီယား ကနေ အခုလို ထွက်ပြေးလာသူတွေကို ဒုက္ခသည်တွေလို့ မသတ်မှတ်ပါဘူး။ ဒါကြောင့်လည်း ဒီလူတွေဟာ တရုတ်ကနေ ပြန်ပို့ခံရပြီး သူတို့နိုင်ငံ အရောက်မှာတော့ ပြင်းထန်တဲ့ ပြစ်ဒဏ်စီရင်မှုတွေ အချို့ အသက်ပါ ဆုံးရှုံးတဲ့အထိ ခံကြရပါတယ်။

အခု ၁၉ဦးပါ မြောက်ကိုရီယားက ထွက်ပြေးလာသူတွေဟာ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံကို အသွား မြန်မာနိုင်ငံကို အဖြတ် တာချီလိတ် အနီး တာချီလိတ် ရဲတပ်ဖွဲ့ကနေ ဖမ်းမိတာလို့ သိရပါတယ်။ သူတို့ကို မြန်မာနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်မှုနဲ့ ကျိုင်းတုံ တရားရုံးကို ရုံးတင်လိုက်တယ် လို့လည်း သိရပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကတည်းက မြန်မာနိုင်ငံအရှေ့ဖက်ခြမ်းမှာ တရားမ၀င် နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို လာမယ့် နှစ်မကူးခင်မှာ တရားရုံးတင် စစ်ဆေးမယ်လို့ သတင်းတွေမှာ ဖော်ပြပေမယ့်လို့ သီးခြား အတည်ပြုချက်တော့ မရခဲ့ပါဘူး။

အခု ကိစ္စမှာ စိတ်ဝင်စားစရာ အချက်ကတော့ အခု ဖမ်းဆီးခံရသူ ၁၉ဦးအထဲမှာ ကလေးငယ် လေးဦး ပါဝင်ပုံရပြီး၊ သူတို့မိခင်တွေဟာ တောင်ကိုရီယားမှာ အခြေကျနေကြသူတွေ ဖြစ်ပါတယ်။ အဲဒီအထဲက ကလေးနှစ်ဦးရဲ့ မိခင်ဖြစ်သူက တောင်ကိုရီယား သတင်းဌာနတွေကို ပြောရာမှာ - ဒီအုပ်စုဟာ ထိုင်းနိုင်ငံကို သွားရောက်ဖို့ ရှိပြီး ဒါကို လျို့ဝှက် ပွဲစားတဦးက စီစဉ်ပေးခဲ့တာလို့ ပြောပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ ထိုင်းမရောက်ပဲ မြန်မာနိုင်ငံကို အပို့ခံလိုက်ရတာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ မြောက်ကိုရီယားတွေ အဖို့တော့ တောင်ကိုရီယားကို သွားဖို့ အခုလို တဆင့်ခံ ခိုလှုံ ရောက်ရှိနိုင်မယ့် နိုင်ငံရေးအရ သင့်လျော်တဲ့ အခြေအနေရှိတယ်လို့ ယူဆရပါတယ်။ မြန်မာအစိုးရဟာ မြောက်ကိုရီယား အစိုးရနဲ့ ပြီးခဲ့တဲ့နှစ်မှာ သံအဆက်အသွယ် ပြန်လုပ်ခဲ့တာကြောင့် ဒီ မြောက်ကိုရီယား နိုင်ငံသား ၁၉ ဦးကို သူတို့နေရပ် အတင်းပြန်ပို့မယ့် အလားအလာ ရှိနေပါတယ်။

တောင်ကိုရီယား တာဝန်ရှိသူတွေဖက်ကတော့ ဒီအုပ်စုတွေကို အကူအညီပေးဖို့ အကောင်းဆုံး ဆောင်ရွက် နေတယ်လို့ တောင်ကိုရီးယားရှေ့နေ Park က ပြောပါတယ်။ ဒါပေမယ့်လည်း ဒီလူတွေရဲ့ ကံကြမ္မာဟာ မြန်မာအစိုးရ လက်ထဲမှာ ရောက်နေတယ်လို့ ပြောပါတယ်။

တတိယနိုင်ငံက အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတရပ် လိုမျိုးအနေနဲ့ကတော့ ဒီအမှုကို အကောင်းဆုံး လုပ်နိုင်တာဟာ သူတို့ရဲ့ နိုင်ငံသား ရပိုင်ခွင့် အပေါ် တည်ပြီး ဆောင်ရွက်ဖို့ပဲ ဖြစ်တယ်လို့ သူမက ကိုရီယားစကားနဲ့ ပြောတာပါ။ နိုင်ငံတကာ ဥပဒေအတိုင်း တရားဝင် ဒုက္ခသည် အဆင့်အတန်းနဲ့ အကာအကွယ် ရနိုင်မှာတော့ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

တောင်ကိုရီယားမှာတော့ မြောက်ကိုရီယားနိုင်ငံသား ၁၄၀၀၀ လောက် ရွှေ့ပြောင်းခိုလှုံခဲ့ကြပါတယ်။ တောင်ကိုရီယား နိုင်ငံ ဖွဲ့စည်းပုံ ဥပဒေအရ ဒီလူတွေကို နိုင်ငံသားအဖြစ် အလိုအလျောက်ကို အသိအမှတ် ပြုထားတာပါ။ အခုလက်ရှိမှာကို မြောက်ကိုရီယားကနေ တောင်ကိုရီယားကို ရောက်နိုင်ဖို့ ကြား တရုတ်နိုင်ငံမှာ တရားမ၀င် ရှိနေတဲ့ အရည်အတွက်ဟာ သောင်းဂဏန်းရှိမယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

အမေရိကန်မှာ အလုပ်လက်မဲ့နှုန်း ၂၆နှစ်အတွင်း အမြင့်ဆုံး

ဗွီအိုအေ၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၀၈

အလုပ်တွေကနေ အနားပေးခံရတာကြောင့် အလုပ်လက်မဲ့ အထောက်အပံ့ တောင်းခံကြတဲ့ အရည်အတွက် ဟာ အမေရိကန်ပြည်ထောင်စုမှာ ၂၆နှစ်အတွင်း အမြင့်ဆုံးဖြစ်လာပါတယ်။ အစီရင်ခံစာ အတော်များများ မှာလည်း အမေရိကန်စီးပွားရေးဟာ ကျဆင်းမှုနဲ့ ရင်ဆိုင်ကြုံနေရပြီလို့ ဖော်ပြပါတယ်။

အလုပ်သမားရေးဌာနက ဒီကနေထုတ်တဲ့ အစီရင်ခံစာမှာတော့ အခုလို အလုပ်လက်မဲ့ အထာက်အပံ့ တောင်းခံမှုဟာ ပြီးခဲ့တဲ့အပတ်အတွင်းမှာ လူဦးရည် ၅သိန်း၈သောင်း၆ထောင်ရှိနေပြီး အခု ဒီတောင်းခံမှုဟာ ၃သောင်း ထပ်တိုးလာတယ်လို့ ဆိုပါတယ်။

အခြား အစီရင်ခံစာ တခုမှာတော့ အမေရိကန်ပြည်ထောင်စုအတွင်း သုံးစွဲမှုတွေဟာ ၅လ ဆက်တိုက် ကျဆင်းနေပြီး။ ဒါဟာ ရာစုနှစ်ဝက်အတွင်း အဆိုးဆုံးပဲလို့ ဖော်ပြထားပါတယ်။

အခြားအစီရင်ခံစာတခုမှာလည်း အမေရိကန်ပြည်ထောင်စုအတွင်း စက်ရုံအလုပ်ရုံတွေမှာ အလုပ်အော်ဒါ လက်ခံရရှိမှုဟာ နိုဝင်ဘာလထဲမှာ ၁ရာခိုင်နှုန်းကျဆင်းသွားပြီး ဒါဟာလည်း ဒီမတိုင်ခင်က အခြေအနေထက် ပိုနည်းလာတာလို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ဘက်ငွေ တထောင်တန် အတုများ ထွက်ပေါ်နေ

ဗွီအိုအေ၊ ဒီဇင်ဘာလ ၂၅ ရက် ၂၀၀၈

ထိုင်းနိုင်ငံမှာ အခု လတ်တလော တထောင်တန် အတုတွေ ထွက်ပေါ်နေတဲ့အတွက် ထိုင်းနိုင်ငံအတွင်းမှာ သွားရောက်ပြီး ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေကြား ထောင်တန်အတုနဲ့ မိမှာစိုးရိမ်စိတ်တွေ ဖြစ်ပေါ် နေကြပါတယ်။ ဒေသခံတွေကို ထောင်တန် အတုနဲ့ အစစ်ခွဲခြားနိုင်အောင် ပညာပေးလုပ်ငန်းတွေ လုပ်နေကြပါပြီ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် အေးအေးမာက တင်ပြပေးပါတယ်။

ထိုင်းနိုင်ငံမှာ ထွက်နေတဲ့ ဘက် တထောင် အတု ပြဿနာ နဲ့ ပက်သက်ပြီး ထိုင်းနယ်စပ်မှာ အလုပ်လုပ်နေတဲ့ ဗမာတွေ အကြားမှာ အတုအစစ် ခွဲခြားနိုင်အောင် ဗဟုသုတတွေ မရှိသေးတဲ့အတွက် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေပါတယ်။ ထိုင်းမြန်မာ နယ်စပ်မှာ အလုပ်လုပ်နေတဲ့သူ တဦး ပြောပြတာကတော့

"ကိုယ် ကိုင်လိုက်တဲ့ အချပ်ကလေးမှာပဲ အမြဲတမ်း ထိတွေ့နေတယ်ဆိုရင်တော့ ခွဲခြားလို့ ရတာပေါ့။ ကိုယ်က ရံဖန်ရံခါ ကိုင်တယ်ဆိုတော့ ဘယ်လိုမှ ခွဲခြားလို့ မတတ်ဘူး။ ကိုယ့်ထဲက သိတဲ့ သူတွေကို မေးရမြန်းရမှာပေါ့။ စက်ရုံသမား ဆိုရင်လည်း လခထုတ်တဲ့ အချိန်လေး ကိုင်တာပါ။ ကျန်တဲ့အချိန်မှာတော့ ထောင်တန် မကိုင်ပါဘူး။ ကိုယ်ကိုင်တာကတော့ အများဆုံး ၂ရွက်ပါပဲ။ ၂ရွက် ၃ ရွက်ပေမယ့်လည်း ပါနိုင်တာပဲလေ။"

ကုန်သည်တွေ ကြားမှာတော့ အရင်တုန်းကလည်း တထောင်တန် အတု ရှိခဲ့ဘူးတဲ့အတွက် အတွေ့အကြုံတွေ ရှိတယ်လို့ ဆိုပါတယ်။ ကုန်သည်တဦးပြောပြတာက

"အမြဲတမ်း ပိုက်ဆံကိုင်တဲ့သူက သတိရှိတယ်လေ။ အဲဒီ အများကြီးကြားထဲက အတုကို ဆွဲထုတ်နိုင်တယ်။ ကုန်သည်တွေ ပိုင်းမှာ ပြဿနာ မတက်ဘဲ၊ စားသုံးသူပိုင်းမှာ ပြဿနာတက်တယ်။

တထောင်တန်အတုနဲ့ အစစ်ဟာ နီးစပ်စွာတူနေတဲ့အတွက် ခွဲခြားရခက်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့မှာတော့ အုပ်ချုပ်ရေး အာဏာပိုင်တွေက ဈေးရောင်း ဈေးဝယ်သမားတွေကို ဘက်တထောင်တန်နဲ့ ငါးရာတန်တွေကို ယူတယ်ဆိုရင် မယူခင် စစ်ဆေးဖို့၊ မသင်္ကာ ဘူးဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားဖို့ နိုးဆော်နေပါတယ်။

အခုဆိုရင် ထိုင်းအစိုးရကလည်း တထောင်တန် အတုအစစ်တွေကို ခွဲခြားနိုင်ဖို့အတွက် နယ်မြေ အသီးသီးမှာ လူထု ပညာပေး လုပ်ငန်းတွေကို လုပ်ဖို့အတွက် အစည်းအဝေးတွေ လုပ်နေပါတယ်။ လောလောဆယ်တော့ ထိုင်းနိုင်ငံမှာ ဘက်တထောင်အတုနဲ့ ဖမ်းမိတာကတော့ ကမ္ဘောဒီးယားနိုင်ငံက ကျောင်း ဆရာဟောင်းတဦးနဲ့ စမုတ်ပရာဟန် နေရာက လူငယ်တဦးစီမှာ အများအပြား ဖမ်းဆီးရခဲ့ပါတယ်။ ဒီငွေတွေဟာ နယ်စပ်တွေအထိ ပြန့်နှံ့သွားပြီလို့လည်း အာဏာပိုင် တွေက ပြောနေပါတယ်။

တထောင်တန် အတု ပြဿနာဟာ ထိုင်းအစိုးရအသစ် တက်လာပြီးနောက်ပိုင်းမှာ ကမ္ဘောဒီးယားနယ်စပ်နဲ့ ချင်းမိုင်၊ ချင်းရိုင်ဘက်မှာ တွေ့ရှိလာရတာဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်သစ်ကတော့ ဘန်ကောက်မြို့ ပါလီမန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူ့အနေနဲ့ ဒီကိစ္စဟာ ပြဿနာအဖြစ် မယူဆကြောင်း စုံစမ်းစစ်ဆေးပြီးတော့ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သူတို့အနေနဲ့ စီးပွားရေး မူဝါဒတွေကို စီမံချက် ချထားပြီး ဖြစ်တဲ့အတွက် ဒီကိစ္စမှာ နိုင်နိုင်နင်းနင်း ကိုင်တွယ်မယ်လို့ ပြောသွားပါတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ ဘဏ်အတော်များများကတော့ ဘဏ်တွေမှာ သေချာစီစစ်ထားတဲ့အတွက် သူတို့ ဘဏ်က ထုတ်တဲ့ ဘက် တထောင်တန်တွေဟာ ခိုင်မာမှုရှိတယ်။ ပြည်သူတွေ အနေနဲ့ စိတ်ချစွာ သုံးစွဲနိုင်တယ်လို့ ပြောဆိုနေပါတယ်။

နအဖ ပြည်ထဲရေး ၀န်ကြီးရဲ့  ထိုးဖောက်မှု အစီအစဉ်

ပြည်ထဲရေး အရာရှိတဦး (ခေတ်ပြိုင်၊ ၂၄-၁၂-၀၈)

နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ စီမံကွပ်ကဲမှုအရ ရဲမှူးသန်းထွန်း ဦးစီးသည့် အောက်ဖော်ပြပါ အဖွဲ့ဝင် (၂၀) ဦးဟာ ရန်ကုန်မှ မြ၀တီ၊ မြ၀တီမှ မဲဆောက်သို့ ဒီဇင်ဘာ (၁၉) ရက်နေ့တွင် ရောက်ရှိခဲ့သည်။ အဆိုပါအဖွဲ့၏ ဦးတည်ချက်များမှာ ပြည်တွင်းမှ လာရောက်မည့် နယ်စပ်ဒေသရှိ အတိုက်အခံ အဖွဲ့အစည်းများ တချို့ က ဖွင့်လှစ်မည့် သင်တန်းပေါင်းစုံ တက်ရောက်မည့်သူများအား ထောက်လှမ်းရန်၊ ရရှိသည့် အချက်အလက်များကို ပြည်တွင်းသို့ အချိန်မီ သတင်းပို့ရန်၊ သင်တန်းဖွင့်လှစ်မည့် အဖွဲ့အစည်းများ ရုံး၊ နေရာ၊ သင်တန်း ကျင်းပသည့် နေရာထိ ထိုးဖောက်သွားရေး စီမံဆောင်ရွက်ရန် ဖြစ်ပါသည်။

နောက်ဦးတည်ချက်မှာ နယ်စပ်ဒေသတွင် UG (Underground) လုပ်သူများ လျှို့ဝှက်စွာ ပြည်တွင်းသို့ ၀င်ရောက်မည့် အစီအစဉ်လမ်းကြောင်းနှင့် ရည်ရွယ်ချက်များကို ဖော်ထုတ် ထောက်လှမ်းသွားရန်၊ အတိုက်အခံ အဖွဲ့အစည်း ရုံးများတွင် ပြည်တွင်းက တရားမ၀င် လာရောက်လုပ်ကိုင်နေသူများ၏ လှုပ်ရှားမှု သတင်းများကိုပါ ဖော်ထုတ်သွားရန် စသည့် ဦးတည်ချက်များ ပါဝင်ကြောင်း သိရသည်။ ထိုးဖောက်ရေးအဖွဲ့၌ ပါဝင်သူများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။သန်းထွန်း
၂။ဇော်မင်းထွန်း
၃။တင်ထွန်းအောင်
၎။ထွန်းထွန်းဝင်း
၅။စောကျော်ထွေး
၆။ညီမင်းသူ
၇။မောင်ထွေး
၈။အောင်ထွေး
၉။နေလင်း
၁၀။သူရအောင်
၁၁။ကျော်နိုင်
၁၂။စိုးစိုးထွေး
၁၃။မိုးပပအောင်
၁၄။မိအေးမာ
၁၅။ဆွေဆွေဝင်း
၁၆။သီသီအောင်
၁၇။မသန်းအေး
၁၈။နိုင်နိုင်ဇော်
၁၉။သက်မာ
၂၀။ဆင့်ဆင့်အေးတို့ ဖြစ်ကြသည်။

အဖွဲ့ခေါင်းဆောင် ရဲမှူးသန်းထွန်းဟာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော် အရာရှိတဦးဖြစ်ပြီး မှော်ဘီ ရဲတပ်ရင်းသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ ရဲမှူးသန်းထွန်းဟာ ထူးချွန်သူတဦး ဖြစ်ပြီး ဗိုလ်ချုပ်မြ၏ သားအငယ်ဆုံးကို စည်းရုံးနိုင်စွမ်း ရှိခဲ့သူ ဖြစ်ကာ DKBA အဖွဲ့၏ ပံ့ပိုးမှုဖြင့် မြ၀တီမှ မဲဆောက်ကို ထိုးဖောက်နိုင်အောင် စီစဉ်နေသူ ဖြစ်သည်။ ရဲမှူး သန်းထွန်းနှင့် အဖွဲ့ကို လှုပ်ရှားနိုင်ရန် အောက်ပါအတိုင်း နေရာချ စီမံဆောင်ရွက်ခဲ့ပါသည်။

၁။ မယ်တော်ဆေးခန်းတွင် တာဝန်ချထားသူ (၅) ဦး
၂။ စက်ရုံ အလုပ်ရုံများတွင် တာဝန်ချထားသူ (၃) ဦး
၃။ မဲဆောက်မြို့ ပေါ်တွင် တာဝန်ချထားသူ (၇) ဦး
၎။ မြ၀တီမြို့ တွင် အရေးပေါ် စစ်ဆင်ရေးအတွက် အရန်အင်အား (၅) ဦး

မယ်တော်ဆေးခန်း၊ စက်ရုံ အလုပ်ရုံနှင့် မဲဆောက်မြို့ ပေါ်တွင် တာဝန်ချထားသူ စုစုပေါင်း (၁၅) ဦးတို့ကို ထိုင်း လက်ကိုင်ဖုန်းများ ကိုယ်စီ ပေးထားပြီး မြ၀တီကို စဉ်ဆက်မပြတ် သတင်းပို့ဆက်သွယ်ရေးအတွက် အထူးမှာကြားထားခဲ့သည်ဟု သိရသည်။ သူတို့ကို မြ၀တီသို့ နေ့ချင်းပြန် မသွားခိုင်းဘဲ မဲဆောက်မြို့  တ၀ိုက်တွင် အခြေပြုကာ လှည့်လည်လှုပ်ရှားခိုင်းပါ သည်။ သူတို့ရဲ့  လုံခြုံရေးအတွက် နာမည်ဝှက်များကို အောက်ပါ အတိုင်း အသီးသီးပေး ထားသည်။

အဖွဲ့ခေါင်းဆောင် သန်းထွန်းအား (ဗိုက်ကြီး)၊ ထွန်းထွန်းဝင်းအား (ခေါင်းပြောင်)၊ ဇော်မင်းထွန်း အား (ဒီကေး)၊ တင်ထွန်းအောင်အား (ကုလားလေး) ၊ စောကျော်ထွေးအား (ကိုသွက်)၊ ညီမင်းသူ အား (မောင်ချွန်)၊ မောင်ထွေးအား (မယက)၊ အောင်ထွေးအား (ကိုရှုတ်)၊ နေလင်းအား (ဂျော်နီ)၊ သူရအောင်အား (သိန်းသိန်း)၊ ကျော်နိုင်အား (ကောက်ကောက်)၊ စိုးစိုးထွေးအား (ပေါက်စီ)၊ မိုးပပအောင် အား (ငကန်း)၊ မိအေးမာအား (မမွန်)၊ ဆွေဆွေဝင်းအား (ဒေါ်ကြီး)၊ သီသီအောင်အား (ဒေါက်တို)၊ မသန်းအေးအား (ဒွေးလေး)၊ နိုင်နိုင်ဇော်အား (မိဇော်)၊ သက်မာအား (ငကြောက်)၊ ဆင့်ဆင့်အေး အား (ဒေါ်အေး) ဟု အသီးသီး ဖုန်းထဲမှာ ခေါ်ပြောကြရန် မှာကြားထားသည်။

သူတို့ (၂၀) ဦးထဲမှာ ကရင်လူမျိုးများနဲ့ မွန်လူမျိုးများကို ထည့်ထားခြင်းကြောင့် နယ်စပ်ဒေသတွင် ရှိသော တိုင်းရင်းသား လူမျိုးစုထဲထိ ထိုးဖောက်ဝင်ရောက်မည် ဖြစ်ပြီး လိုအပ်ပါက ဘာသာစကား ကန့်သတ်ချက်ကို ကျော်လွှား ထောက်လှမ်းနိုင်မည် ဖြစ်သည်။ စိုးရိမ်စရာ ကောင်းသည့်အချက်တခုက မိန်းကလေး အင်အားစု တ၀က်နီးပါး ပါဝင်နေ၍ အတိုက်အခံ အဖွဲ့အစည်းများ အနေဖြင့် လျှော့တွက်ပြီး မိမိ၏ အတွင်းစည်းထဲကို အလွယ်တကူ ၀င်ခွင့်ပေးသွားမည့် အလားအလာ ဖြစ်နေသည်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦး မှာထားချက်က အခု လွှတ်ထားသည့် ထောက်လှမ်းရေး အဖွဲ့အား အတိုက်အခံ အဖွဲ့အစည်းများက ရိပ်မိသိရှိသွားခဲ့ပါက ချက်ချင်း ပြန်လာခဲ့ရန် မှာကြားထားသည်ဟု သိရသည်။

ယခုအခါမှာ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး မရှိတော့သည့်အတွက် ပြည်ထဲရေး ၀န်ကြီးဌာနအနေဖြင့် SB (Special Branch) အထူးရဲတပ်ဖွဲ့ကို အမာခံထားကာ CID မှုခင်းတပ်ဖွဲ့နှင့် BSI အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်များကို ထုတ်နုတ်ပြီး အပတ်တကုတ် ကြိုးပမ်းဆောင်ရွက်နေရသည်။

ထောက်လှမ်းရေးများက ၎င်းတို့၏ အမာခံ သတင်းပေးများနှင့် အချက်အလက်များကို ဖျက်ဆီးခဲ့ခြင်းကြောင့် စမ်းတ၀ါးဝါးဖြင့် မြေစမ်းခရမ်းပျိုး လုပ်နေရသည့် အနေအထား ရှိပါသည်။ လက်ရှိ လွှတ်လိုက်သည့် ထောက်လှမ်းရေး အဖွဲ့၏ အားထားရာ အမာခံ သတင်းပေးမှာ DKBA ဖြစ်ပြီး DKBA တို့၏ မဲဆောက်မြို့ အခြေစိုက် နေရာများကို အမှီပြုပြီး လှုပ်ရှားကြမည့် အနေအထားမျိုး ရှိပါသည်။

ပြည်ထဲရေး ၀န်ကြီးဌာနအနေဖြင့် ထောက်လှမ်းရေး တပ်ဖွဲ့ကဲ့သို့ လျှို့ဝှက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး၏ ပါဝါကို အသုံးပြုပြီး မြ၀တီ မြို့ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ ကူညီပေးရေး ညွှန်ကြား တိုက်တွန်းထားသည်ကို တွေ့ရသည်။

မည်သို့ဆိုစေ အတိုက်အခံ အဖွဲ့အစည်းများအနေဖြင့် မဲဆောက်တခွင်တွင် ဖထီး ပဒိုမန်းရှာ လုပ်ကြံခံရမှုနှင့် မယ်ပတွင် (UG) ကိုရဲ အား ပြန်ပေးဆွဲခံရမှုများကို သင်ခန်းစာယူပြီး လုံခြုံရေးအထူးသတိဖြင့် အတွင်းစည်းကို တင်းကျပ်ကာ အဆိုပါ အဖွဲ့ဝင်များကို ဖော်ထုတ် ချေမှုန်းကြရန် စေတနာကောင်းဖြင့် တိုက်တွန်း ရေးသားလိုက်ရပါသည်။

လှိုင်သာယာမှာ ယနေ့ထပ်လောင် သိန်းထောင်ကျော်ဆုံးရှုံး

NEJ/ ၂၄ ဒီဇင်ဘာ ၂၀၀၈

လှိုင်သာယာစက်မှုဇုန် (၂) တွင် ယနေ့နံနက် (၁၀) နာရီခန့်က မီးလောင်မှုဖြစ်ပွားသည်။ အမှတ် (၁၅၇) ဗြဲဝန် ဦးအောင်သူလမ်းရှိ The Peak အမည်ရှိ "၀" ဥ အမှုန့်ကြိတ်စက်ရုံတွင် ဖြစ်ပွားရာ သိန်းထောင်ကျော်ဖိုးဆုံးရှုံး သွားသည်။

အမှုန့်ကြိတ်သည့်စက်မှာ ဘီးမလည်ဘဲနေရာမှ အပူလွန်ကာ လောင်ခြင်းဖြစ်သည်ဟု သိရသည်။ ဘီးမလည်ခြင်းမှာ လျှပ်စစ်ဓာတ်အားအပြည့်မရရှိသဖြင့် လျှပ်စစ်ဓာတ်အား မနိုင်၍ဖြစ်ကြောင်း စက်မှုဇုန် (၂) ၏ လုပ်ငန်းရှင်တဦးက ပြောသည်။

"မီးကပြတ်တော့ ကိုယ်ပိုင်ထရန်စဖော်မာနဲ့ စက်တွေလည်ရတယ်။ သူတို့ရဲ့ လျှပ်စစ်က ရပြန်တော့ မီးအားမနိုင်၊ ဘာပဲလုပ်လုပ် ရှော့ခ်ရှိနိုင်တာပဲ။ စိတ်ချလို့ မရတော့ဘူး" ဟု အဆိုပါ စက်မှုဇုန်ရှိ လုပ်ငန်းရှင်တဦးက ပြောသည်။

လှိုင်သာယာမြို့နယ် အာဏာပိုင်တဦးက "ကိုယ်လုပ်နေတဲ့အလုပ်ကို သေသေချာချာ စစ်ဆေးနေဖို့လိုတယ်။ စက်လည်နေတာကို လည်နေတာပဲဆိုပြီး ဒီအတိုင်း လက်မလွှတ်ထားသင့်ဘူး။ လူတွေက ပေါ့ကို ပေါ့တယ်" ဟု ဆိုသည်။

အမှုန့်ကြိတ်စက်ရုံတွင် ပုံသေ၀န်ထမ်း (၅၀) ကျော်ရှိပြီး အဆိုပါအမှုန့်ကြိတ်စက်ကို မှီခိုနေထိုင်ကြသူချည်းဖြစ်ကြောင်း၊ စက်ပြန်လည်ပတ်နိုင်ရန် လ၀က်ခန့် အချိန်ယူပြင်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် စက်ရုံ (၅၀'x ၂၀၀') RC သွပ်မိုး တထပ်အဆောက်အအုံတလုံးနှင့် အမှုန့်ကြိတ်စက်၊ "၀" ဥ ကုန်ကြမ်းအိတ်များ၊ အသုံးအဆောင်ပစ္စည်းများ စုစုပေါင်း တန်ဖိုး သိန်းထောင်ကျော် ဆုံးရှုံးခဲ့သည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.