♠ Give me Ten!
ကျနော် လက်ပုံတွေ ကြိုက်ပါတယ်၊ လူသားတွေရဲ့ ကိုယ်အင်္ဂါတွေထဲမှာ လက်အစုံဟာ အင်မတန်မှ ထူးခြားပြီး ၁၀ ချောင်း တိတိတောင် ရှိပါတယ်၊ လက်ချောင်းတွေသာ မရှိခဲ့ရင် ညှပ်စရာလက်သည်း မရှိတော့ပဲ အံ့မခန်းတီထွင်မှုဖြစ်တဲ့ လက်သည်းညှပ်တွေဟာ အချီးနှီး ဖြစ်သွားမှာပါ၊ ကီးဘုတ် ကိုလည်း ခြေချောင်းဖြစ်ဖြစ်၊ တံတောင်ဆစ်ဖြစ်ဖြစ်နဲ့ ရိုက်နေရမှာဖြစ်ပြီး၊ ဝက်ခြံညှစ်ဖို့ လုံးဝ မဖြစ်နိုင်တော့ပါဘူး။ စုံတွဲတွေ တီးတိုးစကား ပြောတဲ့အခါ လက်မောင်းကြီးနဲ့ နှစ်ကိုယ်ကြား ကွယ်ထားရမှာဖြစ်ပြီး ရှူရှူးပေါက်ဖို့ ဆရာမကို ခွင့်တောင်းတဲ့အခါလည်း နှုတ်ခမ်းရှေ့မှာ ထောင်ပြစရာ လက်ညိုးမရှိတဲ့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ အပေါ့အပါးသွားဖို့လို ကိစ္စတွေမှာတောင် အခက်တွေ့လာနိုင်ပါတယ်၊ အယားကုတ်တာ၊ နှပ်ချေးကလော်တာ၊ ခြင်ရိုက်တာ၊ ကလိထိုးတာ စတဲ့ နေ့စဉ်နဲ့အမျှ လုပ်နေရတဲ့ အလုပ်မျိုးကို ဘယ်လိုဆက်လုပ်ရမလဲ ဆိုတာအထိတော့ တွေးတောင် မတွေးဝံ့အောင်ပါပဲ။ အဆိုးဆုံးကတော့ ဘုရားရှိခိုးလို့ မရတော့ဘူး Oh My Gosh! သို့သော်လည်း အဆိုးချည်းပဲတော့လည်း မဟုတ်ရပါ၊ တစ်ခုတည်းသော ကောင်းကွက်ကတော့ လက်ချောင်းတွေ မရှိတဲ့အတွက် လူသားအချင်းချင်း သတ်ဖြတ်ဖို့ရာ တီထွင်ထားတဲ့ လက်နက်တွေကို အသုံးပြုလို့ မရတော့တာပါပဲ။ အဲလိုအနေအထားမှာ တကမ္ဘာလုံး ငြိမ်းချမ်းစွာနဲ့ ဘောလုံးကန်နေကြမယ်လို့ မျှော်လင့်ရင်း...
အဲသလို အရေးပါလှတဲ့ လက်အစုံကို ဒီပို့စ်လေးနဲ့ ဂုဏ်ပြုလိုက်ရပါတယ်။ လင်းလက်မင်္ဂလာပွဲရဲ့ နောက်ဆက်တွဲပို့စ် လို့လည်း ပြောလို့ရပါတယ်။

Bonus : ညဖက် တရုတ်တန်းမှာ ပွဲဆက်ပါတယ်၊ (ဗလတောင့်တဲ့) သူငယ်ချင်းနဲ့ပါ။

--
စင်္ကာပူမှာ လက်မရှိတော့တဲ့ ဒုက္ခိတတွေ စုပေါင်းပြီး ပို့စ်ကဒ်ဆွဲရောင်းတဲ့ အဖွဲ့လေးတစ်ခုရှိတယ်၊ ပါးစပ် ဒါမှမဟုတ် ခြေထောက်နဲ့ ဆွဲကြရတာပါ။ ကျနော် နှစ်ကဒ် ရထားတယ်၊ နောက်မှ ပုံနဲ့တကွ ဖြေဆိုပါ့မယ်။ သူတို့ ဆွဲထားတာတွေ တော်တော်မိုက်တယ်။

♥ No Smoking
နောက်နှစ် နှစ်ဆန်းတစ်ရက်နေ့ကစပြီး ဆေးလိပ်မသောက်ရလို့ တားမြစ်ထားတဲ့ ဧရိယာတွေကို ထပ်မံ တိုးချဲ့လိုက်ပါတယ်။ လောဆိုသူရဲ့ အပြောအရ အဲလေ တရားဥပဒေအရ (by Law) တားမြစ်ထားသည် ဆိုတဲ့ သတိပေးစာတန်း ကပ်ထားတာတွေ့ရင် မသောက်ပါနဲ့တော့၊ အများဆုံး ဒေါ်လာ ၁၀၀၀ အထိ ဒဏ်ချနိုင်ပြီး အဲဒီလို ဧရိယာကို တာဝန်ယူသူက ထိထိရောက်ရောက် မတားမြစ်ဘူးဆိုရင် အများဆုံး ဒေါ်လာ ၂၀၀၀ ထိ ဒဏ်ချခြင်း ခံရနိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်းကို ဘယ်သူဘယ်ဝါက စထွင်ခဲ့တယ်မသိဘူး၊ သို့သော် အဲဒါက လူတွေအတွက် ကောင်းကွက် တစ်စက်မှမရှိတဲ့ ကိစ္စပဲ၊ ပိုက်ဆံမီးရှို့ရုံတင်မကပဲ ကိုယ့်ကျန်းမာရေးကိုလည်း မီးရှို့နေရာ ကျတယ်။ ကျနော့် ချစ်လှစွာသော ဒယ်ဒီဖခင်ဖေဖေက ဆေးလိပ်ကို ကိုးကွယ်သူပါ၊ သူ့ကြောင့် ကျနော် ဆေးလိပ်ကို ရှောင်ကြဉ်ခဲ့တာပဲ၊ အိမ်ခန်းထဲမှာ မီးခိုးတလူလူနဲ့ မွှန်နေတဲ့ အခြေအနေကို ဘယ်လိုမှ လက်ခံလို့မရဘူး။ သူသောက်ပြီဆိုရင် ကျနော်တို့ မောင်နှမတွေ မနှစ်လိုကြောင်း မျက်နှာရှုံ့၍တမျိုး၊ အသံပြု၍တဖုံ ဆန္ဒပြကြတယ်၊ အဲဒါဆိုရင် သူက စစ်ရှုံးသွားတဲ့သူရဲကောင်းကြီး စတိုင်ဖမ်းပြီး ဝရန်တာအပြင်ဖက် ထွက်သောက်ပါတယ်၊ ခုနောက်ပိုင်း လျှော့သောက်တယ် ပြောတာပဲ၊ ဟုတ်မဟုတ်ကိုတော့ အဝေးရောက်နေတဲ့ ကျနော်လည်း မသိဘူး။ ကျနော်တို့အိမ်မှာ လောဆိုသူ မသတ်မှတ်ထားပေမယ့် အိမ်အတွင်းပိုင်းက မီးခိုးကင်း ဧရိယာ ဖြစ်နေပြီး ဝရန်တာက မီးခိုးမှုတ်ဖို့ သီးသန့်နေရာလေး ဖြစ်နေပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ၊ မသောက်ရမနေနိုင်သူများ လျှော့သောက်ကြပါလို့ မှာကြားလိုက်ရပါတယ်။

新加坡從明年元月一日起將禁煙範圍擴大,這些範圍包括公共室內設施、電梯前的候客廳附近區域、禁止吸煙的建築進出口、兒童遊樂區和運動場所等等。違者將被罰高達一千新元的罰款,沒有上前阻止的管理者則將被罰高達兩千新元的罰款。呵呵,名副其實的 fine city (罰款之城),但我喜歡這種作法。
NEA : Smoking Ban Extension
♠ Ko NMA + Ma LLKS
ဆောင်ပါပြီ၊ ဆောင်ကုန်ပါပြီ။ မဆောင်သေးသူများ အမှီလိုက်၍ ဆောင်ပြီးသူများ အမြန်မွေးကြပါ။

ချင်ကာပူမှာ ဦးဆုံးအကြိမ် သွားဖြစ်တဲ့ ဟိုတယ်မင်္ဂလာဧည့်ခံပွဲပါ၊ ဒီက မင်္ဂလာဧည့်ခံပွဲတွေရဲ့ ထုံးစံကို မရင်းနှီးတော့ ဘယ်လောက် ထည့်ရမလဲလို့ လူမေးရပါသေးတယ်။ စားပွဲ ၁၀ ဝိုင်းလောက်ရှိပြီး သိုက်သိုက်ဝန်းဝန်းနဲ့ နွေးထွေးတဲ့ ပွဲလေးပါပဲ။ ဝိုင်းနံပါတ် ၉ မှာ နေရာချထားခြင်းခံရပြီး ကျရာနေရာမှာ ဖြစ်သလိုပဲ ဝအောင် စားခဲ့ပါတယ်။ ဇင်ကိုလတ်၊ မဗေဒါ၊ မယ်လိုဒီမောင် စတဲ့ ဘလော့ဂါများနဲ့ တဝိုင်းတည်းဖြစ်ပြီး ဓာတ်ပုံကိုလည်း အားမနာတမ်း ရိုက်ခဲ့ပါတယ်။ ကိုပေါဆိုသူ လူပျိုလေးကတော့ တနေ့ကတင် Nikon D90 ကင်မရာ ဝယ်လိုက်တဲ့အကြောင်း ဝင်ဝင်ချင်း ဆီးပြီး ကြွားတာကလွဲလို့ တခြား အထွေအထူး တင်ပြစရာ မရှိပါဘူး။ အဟမ်း၊ ထုံးစံအတိုင်း ဆုတောင်းပါတော့မယ်...
ကိုနိုင်မိုးအောင်နဲ့ မလင်းလက်ကြယ်စင်တို့ ပျော်ရွှင်သင့်မြတ်စွာနဲ့ အိုအောင်မင်းအောင် ရွှေလက်တွဲပြီး ပေါင်းဖက်နိုင်ကြပါစေဗျား။

Bonus :

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.