Sunday, November 23, 2008

[မေမိုးမခ] 1 New Entry: သတင်း

သတင်း

၂၀၂၅ မှာ ကမ္ဘာကို ဘယ်သူကြီးစိုးမလဲ


၂၀၂၅ ဆိုရင် ကမ္ဘာပေါ်မှာ အမေရိကန်ရဲ့ ဘုန်းမီးနေလ ကျဆင်းသွားနိုင်တယ်လို့ အမေရိကန်အမျိုးသား ထောက်လှမ်းရေးကောင်စီက ဆိုပါတယ်။





စီးပွားရေးပြောင်းလဲမှု ခုလောလောဆယ် ကြုံနေရတဲ့ ကမ္ဘာ့ငွေကြေး အကျပ်အတည်းဟာ စီးပွားရေး ပြောင်းအလဲရဲ့ အစပဲ ဖြစ်ပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ ဘရာဇီးစတဲ့ နိုင်ငံတွေက အမေရိကန်နဲ့ ပခုံးချင်းယှဉ်လာကြတော့မှာ ဖြစ်သလို ဥရောပသမဂ္ဂကိုလည်း လျှော့တွက်ထားလို့ မရတော့ပါဘူး။ ကမ္ဘာမှာ ငွေမာလုပ်နေတဲ့ ဒေါ်လာဟာလည်း အရင်လို လက်မထောင်နိုင်ဖို့ မလွယ်လှပါဘူး။

စီးပွားရေးမှာလည်း အစိုးရရဲ့ သြဇာဟာ ခုထက်ပိုညောင်းလာမှာဖြစ်ပါတယ်။ ခု ဖြစ်နေတဲ့ စီးပွားရေး ကျဆင်းမှုကိုပဲ အစိုးရတွေက ဝင်ကူနေရတာ မဟုတ်ပါလား။ နိုင်ငံရေးမျက်နှာစာ တရုတ်၊ ရုရှား၊ အီရန်တို့ လက်စောင်းထက်လာမယ့် အချိန်မှာ အမေရိကန်လည်း ခုလိုတကိုယ်တော် သူရဲကောင်းလုပ်ဖို့ မလွယ်လှတော့ပါဘူး။ ခုကတည်းက တရုတ်ပြည်ဟာ အာကာသ စစ်ရေးတိုးချဲ့မှုတွေ လုပ်နေပြီဖြစ်သလို အမေရိကန်ရဲ့ စစ်ရေးခြေလှမ်းပြင်သမျှကိုလည်းဝင်ပြီး ကဖျက်ယဖျက် လုပ်နေပါတယ်။ အနောက်တိုင်းရဲ့ စံနှုန်းဖြစ်တဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးနဲ့ ဒီမိုကရေစီဟာလည်း ခုလောက်တော့ ရေပန်းစားတော့မှာ မဟုတ်ပါဘူး။ ရာသီဥတု အပြောင်းအလဲနဲ့ သယံဇာတရှားပါးမှုကြောင့် စွမ်းအင်ပဋိပက္ခတွေလည်း ပေါ်လာဦးမယ်။ ဒါတွေကို ရင်ဆိုင်ဖို့ ကုလသမဂ္ဂလို အဖွဲ့အစည်းကြီးတွေဟာ အသင့်ဖြစ်နေဦးမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါသေးတယ်။

ဒါပေမယ့်လည်း ထောက်လှမ်းရေးခန့်မှန်းချက်ဆိုတာ အမြဲတမ်းတော့ မှန်တတ်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ကမ္ဘာ့အရေးကိစ္စဆိုတာ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းမှုပေါ်မှာသာ အဓိက မူတည်နေတာပဲ ဖြစ်ပါတယ်။


ဘီဘီစီမှ ကူးယူဖော်ပြသည်။

You received this email because you are subscribed to the real_time feed for http://thepalaungpeople.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.