သူမနှင့် လွမ်းညနေ
တာဝန်ချိန်ပြီးလို့ အပြန်လမ်းမှာ ဆေးရုံဝင်ပေါက်နားတွင် ခဏရပ်ကာ အိမ်ပြန်ဖို့ကို သူမတွေဝေ နေမိသည်။ ဒီလိုနဲ့ ဒီနေ့လည်း နေစောင်းခဲ့ပြန်ပြီ။ ဒီရက်ပိုင်းမှာ သူမရဲ့တနေ့တာတွေက သမားရိုးကျဆန်ပေမယ့် အိပ်ပျက် ညတွေဆက်လာတော့ အနည်းငယ်ပင်ပန်းလို့နေသယောင်ယောင်။ စိတ်သက်သာမယ် အထင်နဲ့ သူမ တယောက် အမျိုးမျိုးကြိုးစားခဲ့ပေမယ့် အချည်းနှီးဖြစ်ခဲ့ရတဲ့ ရက်တွေက ကိုယ်တိုင်တောင် မရေတွက်နိုင်အောင် ဖြစ်ခဲ့ရပြန်တော့ အိပ်ပျက်ညတွေကို ကြောက်ရွံ့နေမိသည် ။ ကိုယ့်မြို့ ကိုယ့်ရွာမဟုတ်တာမို့ ဘယ်သူ့ကိုမှ နှုတ်ဆက်စရာမလိုတဲ့အခြေအနေကို အရင်က နှစ်သက်ခဲ့ပေမယ့် ဒီလိုရက်တွေ ကျတော့လည်း သူမ ဘယ်လောက် ခံစားနေရတယ်ဆိုတာ တယောက်ယောက်ကို ဖွင့်ဟ၀န်ခံ ချင်စိတ်တွေနှင့် ရင်ထဲမှာ မွန်းကျပ်လို့။ ခုလည်း သူ့မရဲ့ တောင်ရောက် မြောက်ရောက် အတွေးတွေက ခါတိုင်းလိုပင် ပန်းခြံကလေးရှိရာ သို့ဦးတည်နေပြန်သည်။
အလျှိုအလျှို ကျော်တက်သွားကြတဲ့ အပြေး လေ့ကျင့်နေသူတွေရဲ့မြင်ကွင်းက သူမ အတွက် ရိုးအီနေပေမယ့် အင်္ကျီ အနီကလေးဝတ်လို့ လှုပ်လီလှုပ်လဲ့ ပြေးနေတတ်တဲ့ သူတယောက်များ လူတွေကြားထဲမှာ ပါလေမလားလို့ သူမ လိုက်ကြည့်နေမိတာတော့ အမှန်။ မဖြစ်နိုင်ပေမယ့် မျှော်လင့်ချက် မှိန်မှိန်ကလေးက သူမရင်မှာ လင်းတလှည့်မှိန်တလှည့်…။ပန်းခြံတဖက်စွန်းက ရေစပ်နားကို မရောက်တရောက်ကလေးမှာပဲ သီချင်းသံ တိုးလျလျက သူမ၏ နားအစွန်းတဘက်မှာ တွဲလောင်းခိုနေဖို့ ကြိုးစားလာသည်။ ပတ်ဝန်းတခုလုံးလည်း ပြေးလွှား ဆော့ကစားတာတွေ ခဏရပ်ပြီး ညိမ်သက်လို့ ။ ဒီနိုင်ငံရဲ့ ချစ်စရာကောင်းတဲ့ ညနေခင်း ဖြစ်စဉ်ကလေး တခုဖြစ်တာမို့ သူမလည်း အလိုက်သင့် ကလေးရပ်နေလိုက်သည်။ သီချင်းသံနှင့် အတူ လူတကိုယ်လုံး မလှုပ်မယှက် ရှိနေပေမယ့် ဘာရယ်မဟုတ် သူမရဲ့ ထိန်းမနိုင် သိမ်းမရ စိတ်ကလေးတွေက ဒီပတ်ဝန်းကျင်သစ်ကို ရောက် စရက်တွေမှာ သူမ ဘာရယ်မှန်း မသိခဲ့သေးတဲ့ အဖြစ်ကလေးတွေကို ပြန်တွေးနေမိသည်။ သီချင်းသံဆုံးလို့ ပတ်ဝန်းကျင်တခုလုံး ပုံမှန်လှုပ်ရှားနေကြပေမယ့် အတွေးတွေကတော့ အတိတ်မှာ နစ်မွန်းနေဆဲ…။ တချိန်တုန်းက ပျော်ခဲ့ကြတာတွေက သူမရင်ကို ခါတိုင်း ညနေတွေလိုပင် နာကျင်စေကြဆဲ…။အမြဲတမ်း ရန်ဖြစ်ပြီး ဒီအချိန်လွှင့်နေကျ သီချင်းသံကိုတောင် မကြားခဲ့ကြတာတွေ၊ weekend market မှာ ပစ္စည်းတွေကို သွားရည်တငန်းငန်းနဲ့လျှောက် ကြည့်နေလို့ ရပ်ဖို့ မေ့နေခဲ့ကြတဲ့ ညနေတွေ… ။ တစ်ခါတစ်ရံ သူမလက်ကို သူ့အားကြီးနှင့် တအားဆွဲကာ ဘန်ကောက်မြို့ရဲ့ လမ်းကလေးတလျှောက် သွားခဲ့ကြတဲ့ အချိန်တွေ။ သက်ပြင်းတစ်ချက်နှင့်အတူ သူမ ခေါင်းကလေးကို တွင်တွင် ခါပြီး ရှေ့ဆက် လျှောက်လိုက်သည်။ မမေ့ချင်ပေမယ့် အမြဲတွေးနေတော့လည်း သူမအတွေးတချို့က စိတ်တ္တဇ ဆန်နေသလိုလို။ ဆေးရုံမှ သူနာပြုဆရာမလေးက ခပ်လှမ်းလှမ်းမှ လက်ဟန်ခြေဟန်နှင့်ခေါ်နေပေမယ့် အခြားနေ့တွေလို လေ့ကျင့်ခန်းလုပ်ရလောက်အောင် သူမမှာ အားမရှိနိုင်တော့တာမို့ ပန်းခြံတနေရာက ကျောက်ဆောင်ကလေးပေါ်မှာ ထိုင်ပြီး ပင်လယ်ပြင်ကြီးကို ငေးကြည့်နေမိသည်။ နေ၀င်ချိန်ရှုခင်း ကိုကြည့်ရင်း သူမ အနားမှာ သူရှိနေတဲ့ အချိန်ကလေးတွေကို ပြန်တေွး ချင်နေတာကို သူမကိုယ်သူမ မတားမိပြန်ဘူးလေ။ ခပ်ကျဉ်းကျဉ်း မြို့ပြကလေးရဲ့ ဒီလိုအပန်းဖြေစရာ နေရာကို သူနဲ့အတူမလာဖူးပေမယ့် သူမ ဒီမြို့ကို ရောက်ပြီး ၂ ရက်အကြာတစ်ညနေမှာ ဒီကျောက်ဆောင်ကလေးပေါ်မှာ ထိုင်ရင်း သူ့သတင်းတွေကို သူမ သူငယ်ချင်းမကတဆင့် သိခဲ့ရသည်လေ။ အဲဒီနေ့က သူနဲ့ တိုက်ရိုက် စကားမပြောခဲ့ပေမယ့် သူမကို လွမ်းနေတဲ့ သူ့အသံ ခပ်တိုးတိုးကလေးကို တယ်လီဖုန်းထဲမှာ အမှတ်တမဲ့ ကြားခဲ့သေးသည် မဟုတ်လား ။ မြို့ပြခရီးလေးရက်မြောက်တဲ့နေ့မှာပဲ မျက်နှာငယ်ကလေးနဲ့ သူမနောက်ကို လိုက်လာတဲ့ သူ့ကို အမှတ်တမဲ့ တွေလိုက်ရတော့ သူမအတော်လေးကို မှင်သက်သွားမိသေးသည်။ သူ့ကိုယ်ထွားထွားကြီးနဲ့ သူမကို ပြေးဖက်လိုက်တဲ့အချိန်မှာ သူဘယ်လောက် လွမ်းနေတယ်ဆိုတာ သူမ မမျှော်လင့်ခဲ့တဲ့ အသိတခုပါပဲ။ စကားနည်းလွန်းပေမယ့် သူမနဲ့ဆို အမြဲပျော်နေတတ်တာမို့ အချိန်တွေကို သူမနဲ့ပဲအတူကုန်ဆုံးတတ်တဲ့ သူ့ကို ရင်ထဲမှာတိတ်တဆိတ် ခင်တွယ်နေမိတယ် ဆိုတာ အခုလိုခွဲကြရတဲ့အချိန်မှာ ပိုလို့တောင် သေချာခဲ့ရပြန်သည်။ တကယ်တမ်းခွဲဖြစ်ခဲ့ကြတာဟာ ကြာခဲ့ပြီလို့ ဆိုနိုင်ပေမယ့် ပြသနာကို မသိ ကျိုးကျွံပြုခဲ့တဲ့ သူမအနေနဲ့ကတော့ မနေ့တနေ့ကလိုပါပဲ။ ကျောင်းတက်တဲ့ အချိန်တွေမှာရော စာတမ်းပြုစုနေတဲ့အချိန်တွေမှာပါ သူမနားမှာ အတူရှိနေခဲ့ပေမယ့် သူ့ကို ဂရုမစိုက်မိခဲ့တာတွေအားလုံးဟာ သူမ တမင်ရည်ရွယ်ပြီးလုပ်ခဲ့တာ မဟုတ်ဘူးဆိုတာ ကို နောင်တတွေအပြည့်နဲ့ တောင်းပန်ချင်နေမိသေးသည်။ တကယ်တော့လည်း သူမဘ၀အတွက် ပညာရေးဟာ သိပ်အရေးကြီးနေတာ သူသိကောင်းသိနိုင်ပါရဲ့။ သူ့ကို စိတ်ကောက်တဲ့နေ့တွေမှာ ၊ သူအိမ်ပြန်နောက်ကျတဲ့ ညတွေမှာ အိမ်တံခါး ထမဖွင့်ပေးခဲ့ပဲ အိပ်ချင်ယောင်ဆောင် နေခဲ့တာတွေ ၊ သူမ မကြိုက်တဲ့ သူ့အပေါင်းအသင်းတွေကို အိမ်ခေါ်လာရင် ဧည့်ဝတ်မကျေနိုင်ပဲ အပြင်မှာ သွားတွေ့ကြဖို့ ငြူစူ ခဲ့တာတွေဟာ နောင်တခါ အဲလိုမလုပ်အောင် မိန်းကလေးဆန်ဆန် ပြုမူခဲ့တာတွေပါပဲ။ တခါတရံ သူဆေးခန်းသွားဖို့ လိုနေပေမယ့် ဆရာဝန်ဖြစ်တဲ့ သူမ က အိမ်မှာပဲ ဆေးကုပေးခဲ့တာ တွေဟာ သူ့ကို မချစ်လို့ မဟုတ်ဘူးဆိုတာ သူနားလည်စေချင်သည်။ အမှားလုပ်ခဲ့ဖူးသော သို့မဟုတ် အမှန်လုပ်ဖို့ရာ နှောင့်နှေးခဲ့ဖူးသော အဖြစ်တွေနှင့် စို့နင့်တဲ့ ခံစားချက်တချို့က အသက်ရှုနှုန်းတွေကိုတောင် မမှန်နိုင်တော့အောင် သူမကို ပြုစားနေပြန်သည်။ အနီးကပ်ဆုံး သူတစ်ယောက်ကို လစ်လျှုရှုမိခဲ့တဲ့ သူမအတွက် လျော်ကြေးဆိုရင်လည်း သူ့ကိုတော့ အဲဒီလောက် ပြင်းထန်တဲ့ ဝေဒနာတွေ မခံစားစေသင့်ဘူး မဟုတ်လား ။ တွေ့ကြရတာ ခွဲဖို့ဆိုရင်တောင် သူ့ဘ၀ရဲ့ နောက်ဆုံးအချိန်တွေက ညင်သာ နေသင့်တယ် မဟုတ်လား ။အတွေးတွေ … အတွေးတွေ.. ယောက်ယက်ခက်ကာ သူမတစ်ယောက်တည်း ကျောက်ဆောင် ကလေးပေါ်မှာ ရှိုက်ငိုနေလိုက်မိသည်။ သူနှင့် သူမ ပျော်ရွှင်ခဲ့တဲ့အချိန်တွေက အနီးမြင်ကွင်းနှင့် တမျိုး အဝေးမြင်ကွင်းနှင့်တမျိုး သူမ အာရုံမှာ …။ ဘယ်လောက်ကြာကြာ သူမ ငိုနေမိသည် မသိ သူ့ကိုယ်သင်းနံ့လေးနှင့် ရင်းနှီးနေခဲ့ဖူးတဲ့ အထိအတွေ့တခုကြောင့် သူမ တကိုယ်လုံးကြက်သီးမွေးကလေးများ ထလို့လာသည်။ ခေါင်းငုံ့ ငိုနေတဲ့ကြားက သူမရင်းနှီးနေတဲ့အင်္ကျီ နီနီကလေးက မြင်ကွင်းကျဉ်းကျဉ်းကလေးဖြစ်တဲ့ မြက်ခင်းစိမ်းကလေးမှာ အထင်းသားမြင်နေရတာမို့ သူမ မျက်ရည်တွေကို အမြန်ကလေးသုတ်ကာ ခေါင်းမော့ကြည့်လိုက်သည်။ သူမ လက်ပွေ့အိတ်ကလေးထဲကို စိတ်ဝင်တစားငုံ့ကြည့်နေပြီး သူမ ဆောင်ထားတတ်သည့် မုန့်ကလေးများကို အသာအယာ ဆွဲယူနေသော အကောင်ငယ်ကလေးရဲ့ မြင်ကွင်းက သူနှင့် သူမ စတွေ့ခဲ့သည့် အချိန်တွေကို ပြန်အမှတ်ရစေပြန်သည်။ ချစ်စနိုးနှင့် ထိုကလေးငယ်လေး မျက်နှာကို သူမလက်နှင့် အသာထိဖို့ကြိုးစားမိတော့ မနှင့်မြို့သော မျက်နှာညိုညိုနှင့် အဝေးသို့ ပြေးရှောင်သွားခဲ့သည်။ ထိုကလေးနှင့် အတူပါလာသော အသက် နှစ်ဆယ်ကျော် အရွယ်ရှိ ယိုးဒယားမလေးက သူမကိုအားတုံ့အားနာဖြစ်ကာ ယိုးဒယားသံချိုချိုကလေးနှင့် တိုးလျိုးတောင်းပန်ရင်း သူနှင့်တူသော ကလေးငယ်ကို သူမနှင့်ဝေးရာသို့ခေါ်သွားပေးသည်။ ထိုသူနှစ်ယောက်၏မြင်ကွင်းက အတိတ်ကဖြစ်ရပ်တွေကို ကိုယ်တိုင်ပြန်မြင်နေရသလို ဖြစ်ရပြန်တော့ ခံစားချက်တွေက အဆုံးစွန်ဆုံးဆီမှာရောက်လို့လာပြန်သည်။ခပ်သုတ်သုတ်ကလေး အနောက်မှပြေးလိုက်ကာ မေးလိုက်မိသော မေးခွန်းကြောင့် နားမလည်နိုင်သော မျက်လုံးများနှင့် အချိန်တော်တော်ကြာကြာ ကြည့်နေသော မိန်းကလေးအား သိချင်သော အကြောင်းရင်းကို ယိုးဒယားစကား မတတ်တတတ်နှင့် ပြောပြကာ မျက်ဝန်းစိုစိုများဖြင့် ထိုနေရာမှ အပြေးကလေး ထွက်လာဖြစ်ခဲ့လိုက်သည် ။ ဂရုဏာသက်သော အဖြေတချို့က နောက်ကျောဘက်ဆီမှ ကပ်ပါလာတာကို သူမရှိုက်သံတွေကြားမှာ ကြားတလှည့် မကြားတလှည့်။ သူမ၏ အပြန်လမ်းက ကြေကွဲမှုတွေနှင့် ကျေနပ်မှုတချို့ ယှက်တင်ကာ မျက်ရည်များနှင့် စိုရွှဲလို့နေသည်။ အခုမှပထမဆုံး တခါတွေ့လိုက်တယ်ဆိုပေမယ့် ထိုယိုးဒယားမလေးကို သူမ အပြည့်အ၀ ယုံကြည် နေတာတော့အံ့သြစရာ ။ ဘာပဲဖြစ်ဖြစ် ဂျက်ကီဆိုတဲ့ ထိုအကောင်ငယ်ကလေးကိုတော့ ထိုမိန်းကလေးက ခွေးရူးပြန် ရောဂါကာကွယ်ဆေး ထိုးပေးမယ်လို့သူမအား ပြောခဲ့သည်မဟုတ်ပါလား ။ဒီလိုနှင့် ထိုတစ်ညလည်း သူမအတွက်ဆေးရုံကပေးထားသော အိမ်ကလေးထဲမှာ ငိုကြွေးသံသဲ့သဲ့နှင့် အရင်ညတွေလိုပဲ ကုန်ဆုံးခဲ့ပြန်သည်။ ရယ်ဖို့ရာမဖြစ်နိုင်သေးပေမယ့် အနည်းငယ်ပြုံးနိုင်လာသော ကြည်လင်သည့် မျက်ဝန်းတချို့နှင့် တနေ့နေ့မှာ သူမစိတ်တွေ ငြိမ်းချမ်းစေနိုင်မယ်ဟု သူမ မျှော်လင့်မိပါသည်။ အဲဒီနေ့ကတော့ သူမရဲ့ ကြေကွဲရာသီ နှောင်းချိန်ထဲက လွမ်းညနေ တခုမှာ ဖြစ်ပါလိမ့်မည

မွန်းသက်ပန် (ဆေး-၁)
padauk nway internet magazine
9th November 2008
You received this email because you are subscribed to the real_time feed for http://www.moonthetpan.com/feeds/posts/default. To change your subscription settings, please log into RSSFWD.