Sunday, November 23, 2008

[ပန်းခရမ်းပြာ] 1 New Entry: ရေချိုးကန်ထဲက ဝိုင်ချို တစ်ခွက်

ရေချိုးကန်ထဲက ဝိုင်ချို တစ်ခွက်

သတင်းထဲမှာ Wine bath အကြောင်း ဖတ်လိုက်ရတယ်။ Hakone (Japan) မှာတဲ့…။ Beaujolais Nouveau Wine Company က လုပ်တဲ့ပွဲပါ။ နှစ်စဉ် နိုဝင်ဘာလရဲ့ တတိယပတ် ကြာသာပတေးနေ့မှာ လုပ်တယ် ဆိုပဲ …။ ရာသီဥတုက အရမ်းအေး …။ အချိန်က ညသန်းခေါင် …။ ဒါပေမဲ့ ဝိုင် Spa မှာလာစိမ်တဲ့ သူတွေကတော့ ချွေးတလုံးလုံးနဲ့ ဝိုင်ကို သောက်နေကြပါသတဲ့ …။

ဓာတ်ပုံထဲမှာ တွေ့ရတာကိုက ပျော်စရာ။ ဇိမ်ရှိလိုက်တာ …။ NTUC က Cheap wine တွေ သောက်ရတာတောင် ကောင်းလှပြီ မှတ်တာ။ ဝိုင်ကို ရေချိုးရတဲ့ အရသာ ရချင်စမ်းပါဘိ။


ဆက်စပ်မိလို့ ပြီးခဲ့တဲ့ စနေညက ဝိုင်အကြောင်းလေး သတိရသေးတယ်။ ကြက်သားဘူးသီး ကာလသားဟင်း စုချက်စားကြတော့ ကာလသား အစ်မတွေက ရှေ့ဆုံးကပေါ့။

NTUC က ဝိုင်တစ်ပုလင်း ဝယ်သွားတယ်။ Fortunella တဲ့ …။ တစ်ခါမှ မမြည်းဘူးပေမဲ့ Sweet wine လို့ တံဆိပ်ကပ်ထားလို့ မျက်စေ့ကျပြီး ရွေးလိုက်မိတာ။

အတော် ကောင်းတယ်လို့ ဆိုရမှာပဲ။ အရင်တစ်ခါက ရေးခဲ့ဘူးတဲ့ Rosemount လို ပုံမှန်ဝိုင် အနီရင့်ရင့် အပြစ် ခါးသက်သက်လေး မဟုတ်ဘူး။ အရောင်ဖျော့ ခပ်ကြဲကြဲနဲ့ ချိုမြမြလေး။ သံဗူးထဲက ပန်းသီးဖျော်ရည် သောက်နေရသလို။ ဒါပေမဲ့ "တက်" တာကတော့ အမြန်သား…။ ဒီတော့ ကိုယ့်ဘာသာ ဟိုး …ထား လုပ်ရတာပေါ့။

မှတ်မှတ်ရရ အဆိုးဆုံး ကြုံခဲ့ရတဲ့ ဝိုင်ကတော့ သူငယ်ချင်း တစ်ယောက်ရဲ့ မင်္ဂလာဆောင်၊ စကာင်္ပူ China Town က စားသောက်ဆိုင်ကြီး တစ်ခုမှာ။ အဲဒီက စားပွဲထိုးတွေရဲ့ ကျွမ်းကျင်မှုကတော့ အံ့မခန်းပဲ။ ဝိုင်နဲ့ အတူ ရေခဲတုံးတွေ ထည့်ပေးတယ်လေ။ ဝိုင်ဖန်ခွက် လှလှထဲမှာ ပေါလောပေါ်နေတဲ့ ရေခဲတုံးတွေကို မြင်ရတာ ရွာက ဇီးဖျော်ရည်ကို ကြည့်ရတာနဲ့ အတူတူပဲလို့ ထင်မိတယ်။

ကောင်းတာလေးတွေ ရှိသလို ဆိုးတာလည်း ကြုံခဲ့ဘူးဦးမှ …။

You received this email because you are subscribed to the real_time feed for http://pan-khayan-pyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.