Sunday, November 23, 2008

[ရွှေပြည်သူ] 1 New Entry: အသက်ဝင်ရုပ်ထုများ

အသက်ဝင်ရုပ်ထုများ

ကျွန်မရဲ့အဒေါ်ပို့လိုက်တဲ့ Forward email ထဲက ရတဲ့ စိတ်ဝင်စားစရာ ပုံတွေကို ဝေမျှလိုက်ပါတယ်။ ပုံတွေက လန်ဒန်မှာ အခြေချနေထိုင်တဲ့ သြစတေးလျန်းလူမျိုး ရွန်မြူအက်(ခ်) (Ron Mueck) ရဲ့ လက်ရာရုပ်ထုတွေပါ။ ရွန်မြူအက်(ခ်)ကို ကစားစရာအရုပ်လုပ်တဲ့ မိဘတွေက မွေးဖွားခဲ့တာကြောင့် မိဘတွေဆီက ဗီဇ အရင်းခံတွေလည်း ပါခဲ့ဟန်တူပါတယ်။ သူဟာ ကလေးတွေအတွက် ရုပ်သံအစီအစဉ်မှာ ၁၅နှစ်ကြာ အလုပ်လုပ်ခဲ့ပြီးနောက် (၁၈၉၆ ခုနှစ်တုန်းက ရိုက်ကူးပြသခဲ့ပြီး ထူးထူးဆန်းဆန်း သဘာဝလွန် ဇာတ်ကောင်တွေပါဝင်တဲ့) Labyrinth (၀င်္ကဘာ) လို ရုပ်ရှင်ဇာတ်ကားမျိုးတွေအတွက် Special Effect တွေ ပြုလုပ်ပေးသူ ဖြစ်လာခဲ့ပါတယ်။ အဲဒီအလုပ်ကို လုပ်ရင်းနဲ့ပဲ ရွန်မြူအက်(ခ်)ဟာ "ဓာတ်ပုံက မူရင်းအရာဝတ္ထုတွေရဲ့ ရုပ်သဘာဝအနေအထားကို တော်တော်လေး ဖျက်ဆီးတယ်"ဆိုတဲ့ ကောက်ချက်နဲ့ နောက်ဆုံး Fine Art နဲ့ ပန်းပုဘက်ကို ပြောင်းခဲ့ပါတယ်။ ၁၉၉၀ အစောပိုင်းနှစ်တွေမှာတော့ ရွန်မြူအက်(ခ်)ဟာ အင်မတန် အသက်ဝင်တဲ့ ဖန်တီးမှုတစ်ခု လုပ်ဖို့ဖြစ်လာပြီး အဲဒီအတွက် သင့်တော်တဲ့ ပစ္စည်းကို လိုက်ရှာခဲ့ပါတယ်။ ခါတိုင်း Latex (သိပ္ပံနည်းနဲ့ ပြုလုပ်ထားတဲ့ ရာဘာစေးလိုအရာမျိုး) ကို သုံးနေကျဖြစ်ပေမယ့် သူဟာ အဲဒါထက်ပိုပြီး မာကျောတိကျခိုင်မာတာကို လိုချင်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ အ၀တ်အထည်ရောင်းတဲ့ ဆိုင်ခန်းငယ်တစ်ခုရဲ့ နံရံမှာ အလှဆင်ထားတဲ့ ပန်းရောင်အရာဝတ္ထုကို တွေ့ပြီး ဆက်စုံစမ်းရာကနေ Fiberglass Resin ကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ Fiberglass Resin နဲ့ လုပ်ထားတဲ့ ရွန်မြူအက်(ခ်)ရဲ့ အသက်ဝင်လွန်းတဲ့ လက်ရာတချို့ကို အောက်မှာသူတို့ရဲ့ ခေါင်းစဉ်တွေနဲ့တကွ ကြည့်နိုင်ပါတယ်။


"In Bed" လို့ အမည်ရတဲ့ ဒီရုပ်ထုကိုကြည့်ရင်းနဲ့ အိပ်ယာထဲက အမျိုးသမီးကြီးရဲ့ အထီးကျန်မှုကို ခံစားရပြီး သူ့ရဲ့အတွေးတွေကိုပါ ဘာတွေများလည်းလို့ ဖြတ်ကနဲစဉ်းစားမိပါတယ်။ ရုပ်ထုကို ရိုက်ထားတဲ့ Video ကို ဒီမှာ ကြည့်နိုင်ပါတယ်။

ဒီပုံရဲ့အမည်ကတော့ "Mask II" ပါ။ လူတစ်ယောက်ရဲ့ တကယ့်မျက်နှာအတိုင်းကို အသေးစိတ်ပုံဖော်ထားတာ တကယ်ကို လက်ရာမြောက်လွန်းပါတယ်။

"Two Women" ~ အသက်ဝင်လွန်းတဲ့ အဘွားကြီး ၂ယောက်ရဲ့ ရုပ်ထုတွေပါ။

"Crouching Boy in Mirror" ပါ။ ဒီပုံမှာ ကျွန်မသဘောအကျမိဆုံးကတော့ ရုပ်ထုကို မှန်ရှေ့မှာ ချထားတဲ့ Idea ကိုပါ။ အတွေးတွေလည်း အများကြီးပေးပါတယ်။
ရုပ်ထုကို ရိုက်ထားတဲ့ Video ကို ဒီမှာ ကြည့်နိုင်ပါတယ်။


"Big Man" ပါ။ အခန်းထောင့်မှာ ထိုင်နေတဲ့အဘိုးကြီးရဲ့ ဒီရုပ်ထုကိုကြည့်ရင်း ဘာကြောင့်မှန်းမသိဘဲ နာကျင်ဆင်းရဲမှုကိုပါ ခံစားမိပါတယ်။ သူရဲ့မျက်နှာကိုအမူအရာကိုပါ ခံစားချက်ပါအောင် အသေးစိတ်ပုံဖော်ထားတာ တွေ့ရပါတယ်။
ရုပ်ထုကို ရိုက်ထားတဲ့ Video ကို ဒီမှာ ကြည့်နိုင်ပါတယ်။

ရွန်မြူအက်(ခ်)ရဲ့ လက်ရာလူရုပ်ထုအားလုံးမှာ မျက်နှာအသွင်အပြင်ကို တကယ့်လူနဲ့တူအောင် ဖန်တီးရုံတင်မကဘဲ စိတ်ခံစားချက်တွေကိုပါ ပေါ်လွင်အောင် အသေးစိတ်ပုံဖော်ထားတာ တွေ့ရပါတယ်။ ဒီ့အပြင် ရုပ်ထုတွေကို နေရာချတဲ့နေရာမှာလည်း အဲဒီမျက်နှာပေါ်က စိတ်ခံစားချက်တွေကိုပံ့ပိုးပေးတဲ့ အနေအထားတွေပါ ဖန်တီးထားတယ်လို့ မြင်မိပါတယ်။ အရမ်းကို အနုပညာဆန်တဲ့ ပညာသားပါတဲ့လက်ရာတွေကို ဖန်တီးနိုင်တဲ့ ရွန်မြူအက်(ခ်)ဟာ တကယ်ကို Genius တစ်ယောက်ပါပဲ။ သူရဲ့ တခြားလက်ရာတွေကို ကြည့်ချင်သေးရင် အောက်က YouTube Linkမှာ သွားကြည့်နိုင်ပါတယ်။

http://www.youtube.com/watch?v=FABx51-Fi1k

မှတ်ချက်။ ။ အပေါ်မှာ ဝေမျှထားတဲ့ ဓာတ်ပုံတွေကို Brooklyn Museum Website နဲ့ Art Knowledge News Website တို့ကနေ ကူးယူထားတာပါ။

You received this email because you are subscribed to the real_time feed for http://shwepyithu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.