Sunday, November 23, 2008

[Ywar Thar Lay (YTU)] 1 New Entry: တခါတခါ ပျော်စရာ တခါတခါ အတွေးကမ္ဘာ

တခါတခါ ပျော်စရာ တခါတခါ အတွေးကမ္ဘာ



ငယ်ငယ်တုန်းက စက်ရုံမိသားစု ရပ်ကွက်ရုပ်မြင်သံကြားရှေ့မှာ အမြဲကြည့်ဖြစ်တာပေါ့။ ပထမဆုံးမှတ်မိတာက မစ်ကီမောက် စူပါမန်းကား။ နောက်ထပ်က တစ်တောက်တောက်နဲ့ဇာတ်ကားဖွင့်တတ်တဲ့ သစ်တောက်ငှက်ကား။ ပြီးတော့ မှတ်မိနေသေးတဲ့ တစ်ခါပဲပြဖူးတဲ့ ကာတွန်းကားရုပ်ရှင်ဇာတ်လမ်း လိပ်ပြာလေးတွေ။ ကြီးလာတော့ တူနှစ်ကောင်ကို ပြရင်း ကိုယ်တိုင်ပါကြိုက်သွားတဲ့ A bug's life, Toy Story, Finding Nemo ပြီးတော့အများကြီးရှိသေး။ ချစ်စရာအရုပ်တွေ အရောင်အသွေးလှလှတွေနဲ့ ပရိတ်သတ်ကို ဖမ်းစားမြဲ ကာတွန်းကားတွေကို ကျနော်တော့ အခုချိန်ထိကြည့်ဖြစ်တုန်းပါ။ ကလေးဘ၀တုန်းကတော့ အပျော်အဖြစ်ကြည့်ဖြစ်ခဲ့ပေမယ့် အခုကြည့်တဲ့အချိန်မှာတော့ ဇာတ်ကားလေးကပေးလာတဲ့ အတွေးတွေ အသိတွေနဲ့ ရှုပ်ယှက်ခပ်နေခဲ့ပြီလေ။

ရုပ်ရှင်ဇာတ်ကားတွေ ၀တ္တုတွေက ပြင်ပဇာတ်လမ်းမှာ ကိုယ်မရနိုင်တဲ့ အတွေ့အကြုံအသစ်တွေ အမြဲတွေ့ရမြဲ။ ပြီးတော့ လုပ်ငန်းခွင်မွန်းကြပ်မှုတွေနဲ့ စိတ်လက်ပင်ပန်းမှုတွေကို ဟားတိုက် ရယ်မောခြင်းဖြင့် ကုသနိုင်မယ်ထင်ပါတယ်။ အခုလည်း အစ်ကိုတစ်ယောက်က ရီရတယ် ကြည့်ပါဆိုလို့ ကြည့်ဖြစ်လိုက်တဲ့ ကာတွန်းကားလေးက Escape to Africa ပါ။ ဟားတိုက်ရယ်မောချင်တယ်ဆိုရင် ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဗျာ။ ပြောနေတဲ့စကားတွေ လုပ်နေတဲ့ အမူအယာတွေက မပြုံးပဲဝါးလုံးကွဲစေပါလိမ့်မယ်။ တစ်ခုတော့ရှိတယ် ဘေးနားကတစ်ဟားဟားရယ်နေတဲ့ လူတွေကိုကြည့်ရင်း ကိုယ်တိုင်လိုက်ရယ်တတ်မယ်ဆိုရင် ပိုပျော်ဖို့ကောင်းပါတယ်။

ကျနော်ကြိုက်တဲ့အကွက်ကတော့ လေယာဉ်က Alarm ပြနေလို့ ခေါင်းဆောင်က manual ပေးပါဆိုပြီး alarm ကိုဖျောက်ပြလိုက်တဲ့ အခန်းရယ် ခေါင်းဆောင်ရဲ့ လေယာဉ်ပျက်ကျခါနီးပြောတဲ့ စကားတွေကိုရယ်ပါ။ အင်ဂျင်နီယာမို့လားမသိဘူး ကျနော်တို့တွေ Manual ကိုသိပ်အားကိုးပါတယ်။ ဆီပျောက်မီးပျောက်လေးတောင် မလိုက်ပဲ Manual ကြီးတစ်ကိုင်ကိုင်လုပ်နေတဲ့ ကျနော့အရင်အလုပ်က Automation Engineer များကို သတိရလို့ ပိုအားထည့်ရီလိုက်မိပါတယ်ဗျာ။

နောက်တစ်ချက်ကတော့ လူတိုင်းလူတိုင်းမှာ ကိုယ်သန်ရာ သန်ရာရှိတယ်ဆိုတာပါ။ ကိုယ်ညံ့ဖျင်းတယ် အသုံးမကျဖူးလို့ မသတ်မှတ်လိုက်ကျပါနဲ့ဗျာ။ ခင်ဗျားတို့ အသုံးဝင်တဲ့နေရာတစ်နေရာ ဆိုတာ ဒီမြေပေါ်မှာရှိကိုရှိပါတယ်။ လိုအပ်နေတဲ့အသိုင်းအ၀ိုင်းဆိုတာလည်း ရှိပါတယ်။ ကိုယ်မသိနိုင် အမှတ်တမဲ့ ဖြစ်စေနိုင်တဲ့ ကိုယ်ပိုင်အရည်အချင်းဆိုတာ တစ်နေ့နေ့မှာ ထွက်ပေါ်လာမှာပါ။ ဒီကားထဲက Alex လည်း ဒီလိုပဲဖြစ်ပါလိမ့်မယ်။ ဘောင်အမြဲခတ်တတ်တဲ့လောကကြီး မှာ ခြင်္သေ့ အင်္ဂါရပ်နဲ့ မညီတဲ့ အကပညာကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်မှုက သူ့ကို အောင်မြင်မှုတွေ အများကြီးပေးခဲ့စေတာပါ။ ဟုတ်တယ်လေ ခြင်္သေ့ဖြစ်တာနဲ့ သူမကရတော့ဘူးတဲ့လား။

သူငယ်ချင်းဆိုတဲ့ ခံစားချက်ကိုလည်း မြင်ရပါသေးတယ်။ ဇီးဘရားလေး Marty နဲ့ Alex တို့ရဲ့ သူငယ်ချင်းမေတ္တာကို တစ်ချို့တစ်ဝှက်လှစ်ဟပေးထားပါတယ်။ တစ်ယောက်တည်းရပ်တည်ဖို့ ဆိုတာ သိပ်ပျင်းရိငြီးငွေ့ဖွယ်ကောင်းပါလား။ ဒုက္ခ သုခကို မျှဝေခံစားဖို့ သူငယ်ချင်းဆိုတာ ရှိသင့်တယ်လေ။ Alex ရဲ့စကားလေးလိုပဲ မင်းငါ့ကို မကြည့်ပင်မယ့် ငါသိနေတယ်ဆိုတာမျိုး ပြောရဖို့ ကျနော်တို့မှာ သူငယ်ချင်းလိုအပ်ပါတယ်။

ချစ်ခြင်းမေတ္တာဆိုတဲ့ အလှကိုတော့ ရေမြင်းမလေးနဲ့ သစ်ကုလားအုတ်လေးမှာ ဖွဲ့သွားခဲ့ပါတယ်။ တစ်ချိန်လုံးအနားမှာနေပြီး ဂရုတစိုက်ရှိနေတဲ့ သစ်ကုလားအုတ်လေးကို ရေမြင်းမလေး နောက်ဆုံးတော့ အသိအမှတ်ပြုလိုက်ရတာပါပဲ။ အနားမှာရှိနေတဲ့ ကိုယ့်ကိုချစ်တဲ့လူကို အမှုမဲ့အမှတ်မဲ့ထားတတ်ကြပြီး အဝေးကို တမ်းတနေတတ်ကြတဲ့ လူ့သဘာဝကို သရော်တဲ့ အမြင်လေးကို မြင်မိတယ်။ ဟုတ်တယ်ဗျာ များသောအားဖြင့် အနားကို မြင်ဖို့ မျက်စိရှမ်းတတ်ကြတာကိုး။ သူတို့နှစ်ယောက်လို ပျော်ရွှင်စွာ ရွှေလက်တွဲနိုင်တဲ့ အချစ်တွေဖြစ်တည်ကြမယ်ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့ဗျာ။ သစ်ကုလားအုတ်လေးပြောလိုက်သလို ဘယ်နေရာပဲဖြစ်ဖြစ် မင်းရှိနေရင် ပြည့်စုံပြီပေါ့။

ပြင်ပတင်မကဘဲ ကာတွန်းကားထဲမှာ လည်း ဘက်လိုက်မှုကို ထည့်ဖြစ်အောင်ထည့်သွားပါသေးတယ်။ မျောက်အထီးတွေရဲ့ ကိုယ်ဝန်ဆောင်ခွင့် တိုင်တဲ့အခန်းလေးပေါ့။ ခေါင်းဆောင်ပင်ဂွင်းကို သူ့ရဲ့ ပျော့ကွက်နဲ့ ညှိနှိုင်းပြီး အထီးတွေက ကိုယ်ဝန်ဆောင်ခွင့်ရသွားတယ်ဆိုတာကိုပါ။ ရုံးမှာလည်း တစ်လလောက်ခွင့်ရတယ်ဆိုပြီး လက်တွေ့မလုပ်နေကြလောက်ပါဘူးနော့။

ပြီးခဲ့တဲ့ ကျနော်ကြည့်ခဲ့မိတဲ့ ကာတွန်းကားတွေအရဆိုရင်လည်း Wall-E ဆိုတဲ့လူသားဆန်တဲ့ စက်ရုပ်ကလေးရဲ့ မေတ္တာတရား ကမ္ဘာမြေရဲ့ ပျောက်ဆုံးလုဆဲဆဲ သဘာဝစိမ်းလန်းစိုပြေမှုများအတွက် ကာကွယ်ဖို့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ။ ပြီးတော့ Bee ဆိုတဲ့ ကာတွန်းကား လူတိုင်းလူတိုင်းမှာ တာဝန်တွေ အသီးသီးထမ်းဆောင်မှသာ အရာအားလုံး ပုံမှန်လည်ပတ်ပြီး လှပသာယာမယ်ဆိုတဲ့ ဇာတ်ကားလေး။ တကယ်တမ်းနောက်ကွယ်မှာ ဘာလျှို့ဝှက်ချက် Recipe မှ မရှိပါဘူး ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုသာလိုတယ်ဆိုတဲ့ Kung Fu Panda ကားလေး။ စူးရှတဲ့နှာခေါင်းနဲ့ ဟင်းချက်ခြင်းအတတ်ပညာကို ကျွမ်းကျင်လေတဲ့ ကြွက်ကလေး ဇာတ်ကား Ratatouille လူသားတွေက ကြွက်တွေကို ဘယ်လိုသတ်နေတယ်ဆိုတာ ဒီကားလေးမှာပြသွားပါတယ်။ ကိုယ့်ကို ရန်ရှာမယ့်လူတွေ အတွက် ဘာကိုကောင်းကျိုးပြုသင့်သလဲ။ ပြီးတော့ အောင်မြင်မှုဆိုတာကို မူးယစ်ပြီး အောက်ခြေလွတ်တတ်တဲ့ လူသားစရိုက်။ စသည် စသည် သိပ်ကို များပြားတဲ့ ဇာတ်ကားကောင်းတွေကို အတွေးကောင်းကောင်းနဲ့ ဇာတ်အိမ်ဖွဲ့တည်ထားတာ သိပ်ကြည့်လို့ကောင်းပါတယ်။

ကလေးဆန်တယ်ပဲ ပြောပြော ကလေးစိတ်မကုန်သေးဘူးပဲဆိုဆို လောကရဲ့မွန်းကြပ်မှုတွေထဲက ခဏလောက်ပြေးထွက်ပြီး ပြန်မရနိုင်ပေမယ့် စားမြုံ့ပြန်နေနိုင်သေးတဲ့ ကလေးဘ၀ကို ဒီကာတွန်းကားတွေကို ကြည့်ရင်း ကမ္ဘာတစ်ခု ဖန်ဆင်းနေဖြစ်တာပါ…..

ကိုဗီလိန်နဲ့ ကိုဂျူလိုင်ကျေနပ်နိုင်ကောင်းပါရဲ့ဗျာ.

You received this email because you are subscribed to the real_time feed for http://ywartharlay-ytu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.