Sunday, November 23, 2008

[HAPPYCLOUD] 1 New Entry: တက်ပြောင်းချိန်(၂)

တက်ပြောင်းချိန်(၂)


ရုတ်တရက် ငြိမ်သက်နေရာမှ ၀ှစ်ကနဲဆောင့်၍ တိုက်ခိုက်လိုက်သောလေကြောင့် အတွေးတို့ပြယ်လွင့် သွားသည်။ မြစ်ပြင်အလယ် သောင်ထွန်းနေသောနေရာ၌ စိုက်ပျိုးထားသော စပါးပင်ပျိုတို့ ယိမ်းထိုးဝှေ့ယမ်း နေကြသည်။ အနားမှဖြတ်သွားသော လေကြမ်းလေးက စပါးပင်ပျိုတို့အပေါ်တွင် ပြေးလွားဆော့ကစားရင်း သောင်ပြင်သဲဖြူပေါ် ရောက်သောအခါ ဝှေ့ပတ်လူးလွန့်ကာ လေပွေလုံး တစ်ခုဖြစ် သွားသည်။ ဝှေ့ဝဲတိုက်ခတ် လိုက်သောလေပွေက သဲမှုန်များ၊ အမှိုက်သရိုက်များကို သိမ်းကြုံးခေါ်ယူပြီး ကောင်းကင်ပြင်၌ စီးမျောပျောက် ကွယ်သွားသည်။ လေပွေလှိုင်းလေးကိုကြည့်ရင်း ငယ်စဉ်က ဖခင်ကြီးပြောခဲ့ဖူးသော စကားသံတို့ကို ပြန်လည်ကြားယောင်လာမိသည်။ ဖခင်ကြီးလက်ကိုဆွဲကာ မြစ်ကမ်းဘေးတွင် လမ်းလျှောက်ခဲ့ဖူးသည်။ ထိုစဉ်အချိန်က သားအဖနှစ်ယောက်ရှေ့မှ ယခုလို လေပွေလှိုင်းလေးဖြတ်ကာ သွားခဲ့သည်။ နှစ်ယောက်သား မျက်လုံးအစုံ မှိတ်ကာ လွတ်ရာသို့တိမ်းရှောင်ခဲ့ရသည်။
"ဘာဖြစ်တာလဲအဖေ" ဟုသိချင်ဇောဖြင့်မေးခဲ့သည်။
"လေပွေတိုက်တာသားရဲ့"
"ဘာဖြစ်လို့တိုက်တာလဲ" ဟုထပ်မေးတော့ ဖခင်ကြီးကရှည်လျားစွာရှင်းလင်းပြောပြခဲ့သည်။
"ပတ်ဝန်းကျင်မှာ အပူအအေး မမျှလို့သား"

အဖေတို့သားတို့နေတဲ့ ပတ်ဝန်းကျင်မှာ လေတွေရှိတယ်။ အဲဒီလေတွေဟာ နေရဲ့စွမ်းအင်၊ ပတ်ဝန်းကျင် ရေမြေ တောတောင်တို့ ရိုက်ခတ်မှုတွေကြောင့် အပူအအေးအပြောင်းအလဲ တွေဖြစ်နေတတ်တယ်။ အဲဒီပြောင်းလဲမှု တွေမှာ လေပူလေအေးတွေဖြစ်ပြီး လေတွေရွေ့လျားကြတယ်။ လေပူတွေဟာ အပေါ်ကိုတက်တယ်။ အဲဒီ အပေါ်တက်တဲ့ လေပူတွေနေရာမှ ပတ်ဝန်းကျင်မှာရှိတဲ့ လေအေးတွေက အစားဝင်ပေးတယ်။ အဲဒီတော့ ရွေ့လျားတဲ့ လေတွေဖြစ်ပြီး လေတိုက်တာတွေ ဖြစ်တာပေါ့။ အဲဒီလို ရွေ့လျားတဲ့လေတွေ ဘက်ပေါင်းစုံက စုပေါင်းဝင်ရောက်တဲ့အခါ အချင်းချင်းလမ်းကြောင်းမတူဘဲ တွေ့ဆုံကြတော့ ခုနကလို လေပူတွေ အပေါ်တက် တဲ့နေရာ၊ တစ်မျိုး ပြောရရင် လေဖိအား အနည်းဆုံးနေရာတွေမှာ လေပွေလှိုင်းတွေ ဖြစ်တတ်တာပေါ့သား။ ဒါဟာ အနိမ့်အမြင့် ကွာခြားချက်ကို သဘာဝတရားက ပြန်လည်ညှိပေးတာပေါ့ သားရေ။ အဲဒီလို ညှိတဲ့အချိန်မှာ လွင့်ပါသွားတဲ့ သဲမှုန်အမှိုက်သရိုက်တွေကတော့ စတေးခံရတဲ့ အရာတွေပဲပေါ့။ အခုသားမြင်ရတဲ့ အဲဒီလေပွေ သေးသေးလေးဟာ လေဖိအားကွာခြားချက် သေးသေးလေးကြောင့် ဖြစ်တဲ့အဖြစ်ပေါ့။
"ဟုတ်ကဲ့အဖေ…"


အခုလို လေပွေလှိုင်းလေးတွေဖြစ်တာက မထောင်းသာပေမယ့် ကြီးမားတဲ့လေဖိအား ကွာခြားမှုတွေကြောင့် ဆိုရင်တော့ ကြီးမားတဲ့ လေဖိအားပြောင်းလဲမှုတွေဖြစ်ပြီး လေမုန်တိုင်း၊ ဒါမှမဟုတ် လေဆင်နှာမောင်းလို အဖြစ်မျိုးတွေ ဖြစ်တတ်တယ်သားရေ။ လေမုန်တိုင်းတွေ ဖြစ်ရင်တော့ အရာရာဆုံးရှုံးနစ်နာမှာပဲ။ အဲဒါရဲ့ အကျိုးဆက်က ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း ပဲပေါ့။ အဲဒီလို မုန်တိုင်းဖြစ်ပေါ်ရာမှာ သဘာဝပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှုတွေကြောင့် ဖြစ်နိုင်သလို အခြားသာမန်လူသားတွေ မသိနိုင်တဲ့ အကြောင်းတရားတွေလည်း ရှိနိုင် တယ်သား။ အဲဒါတွေကို အဖေဥာဏ်မမှီလို့ သေခြာ မရှင်းပြနိုင်ပေမယ့် သားသိထားသင့်တာကတော့ လောက မှာ Balance ဆိုတဲ့ ညီမျှခြင်း နှင့် Level ဆိုတဲ့ အနိမ့်အမြင့် ကွာခြားချက်တွေဟာ သဘာဝတရားကြီးကို တမျိုးတဖုံ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေတယ်ဆိုတာပဲ။ အဲဒီလို သဘာဝတရားမှာရှိတဲ့ လေထုတွေ မညီမျှခြင်း၊ လေဖိအားတွေ၊ လေပူရှိန်တွေ အနိမ့်အမြင့်ဖြစ်ခြင်းတွေလိုပဲ အဖေတို့ လူသားတွေမှာလည်း စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေးနှင့် တန်ခိုးအာဏာ အခွင့်အရေး မညီမျှမှုတွေ ရှိတာပဲသား။ အဲဒီ မညီမျှမှုတွေမှာ အနိမ့်အမြင့် အရမ်းမကွာခြားရင်၊ ကွာခြားတဲ့ပမာဏ နယ်ပယ်မကျယ်ပြန့်ဘူးဆိုရင် လေပွေငယ်လေးတွေ လောက်ပဲ ဖြစ်တတ်တယ် သား။ အဲလိုမှ မဟုတ်ပဲ ကြီးမားကျယ်ပြန့်တဲ့ ကွာခြားမှုကြီးတွေ ဖြစ်လာရင်တော့ လေမုန်တိုင်းတွေတိုက်သလို အကြီးအကျယ် အဓိကကရုဏ်းတွေ ဖြစ်တတ်တော့တာပဲ သားရေ။

အဲဒီလို ဖြစ်လာခဲ့ရင် လူသားတွေ ကြားထဲမှာ ပေါ်ထွက်လာကြတာက သူရဲကောင်းတွေနှင့် လူစွမ်းကောင်းတွေ ပဲပေါ့။ "သူရဲကောင်းနှင့် လူစွမ်းကောင် အတူတူမဟုတ်ဘူးလား အဖေရ... "

သူရဲကောင်းဆိုတာနှင့် လူစွမ်းကောင်းဆိုတာကိုလည်း သားသဘောပေါက်အောင်ပြောရရင် လူသားတွေရဲ့ အဲဒီမတူညီမှု၊ ကွာခြားမှုတွေ ကို ခံစားနားလည်ပြီး အဲဒီလူသားတွေအတွက် တတ်စွမ်းနိုင်သလောက် အားထုတ်လုပ်ဆောင်မယ်ဆိုတဲ့ စိတ်ဓါတ်မျိုးနှင့် နိုင်နိုင်ခြင်း၊ မနိုင်နိုင်ခြင်း၊ ခွန်အားမျှခြင်း၊ ခွန်အားမမျှခြင်း တွေကိုလုံးဝ အလေးမမူဘဲ အသက်ပဓာဏမထား စွမ်းစွမ်းတမံကြိုးစား အားထုတ်ကြတဲ့ သူတွေကို သူရဲကောင်းတွေလို့ ခေါ်တယ်သား။ သူတို့တွေရဲ့ လုပ်ဆောင်ချက်တွေမှာ အောင်မြင်နိုင်သလို ကျရှုံးတာတွေလည်း ရှိတတ်တယ်။ ဒါပေမယ့် သူတို့တွေရဲ့ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓါတ်တွေကတော့ ဘယ်တော့မှ မရှုံးနိမ့်ခဲ့ဘူးသားရဲ့။ အဲဒီလို စိတ်မျိုးရှိတဲ့သူတွေကို သူရဲကောင်းတွေလို့ ခေါ်တယ်သား။ လူစွမ်းကောင်းဆိုတဲ့ ပုဂ္ဂိုလ်ကတော့ တမျိုးပိုတယ်သားရေ။ သူရဲကောင်းလို စိတ်ဓါတ်မျိုးရှိတဲ့အပြင် သူဖြစ်စေချင်၊ လုပ်စေချင်တာတွေကို အခြေအနေ အချိန်အခါတွေကို ရှုမြင်သုံးသပ်ပြီး သတိကြီးကြီး၊ ဥာဏ်ကြီးကြီးထားပြီး အောင်မြင်တဲ့အထိ ပေါက်မြောက်အောင်လုပ်ဆောင် သွားနိုင်တဲ့သူမျိုးတွေကို ခေါ်တယ်သား။

ပုံပြင်တစ်ခုကို ပြောရရင် သားရေ…

တခါတုန်းက တောအုပ်ကြီးတစ်ခုမှာ အင်မတန်ဆိုးတဲ့ မျောက်ကြီးတစ်ကောင်ဟာ မျောက်တွေကို အုပ်ချုပ်နေ တယ်... သူဟာ ဘယ်လိုဆိုးသလဲဆိုတော့ သူ့လက်အောက်က မျောက်မတစ်ကောင်မှာ ကိုယ်ဝန်ရှိရင် သူက ဂရုစိုက်နေတယ်… မွေးလာတာ မျောက်မကလေးဆိုထားပြီး မျောက်ထီးလေးဖြစ်နေရင် သတ်ပစ်တယ်တဲ့။ တချို့ မျောက်မတွေလည်း မွေးလာတဲ့မျောက်လေး အသက်ခံရမှာစိုးလို့ ထွက်ပြေးရင် မျောက်ကြီးက လိုက်ရှာ ပြီး သတ်တယ်တဲ့။

ဒီလိုနဲ့ တစ်နေ့မှာ အသိပညာရှိတဲ့ မျောက်မတစ်ကောင်မှာ ကိုယ်ဝန်ရှိလာတယ်။ သူဟာ အခြားမျောက်မတွေ လို သားကလေးမွေးခဲ့ရင် သူ့သားလေး အသက်ခံရမှာစိုးရိမ်လို့ အကြံဥာဏ်ထုတ်ပြီး ကြိုတင်ပုန်းစရာ နေရာရှာ ပုန်းအောင်းတာပေါ့။ အဲဒီလိုနှင့် လွတ်သွားတယ်သားရေ။ နောက်ပိုင်းပုန်းရင်း ရှောင်ရင်းနဲ့ မျောက်မကြီးမှာ သားလေးနှစ်ကောင်မွေးတယ်... အဲဒီမျောက်ကလေးတွေကို မိခင်မျောက်မကြီးက မျောက်ဆိုးကြီးအကြောင်း တွေ ပြောတာပေါ့။ တနေ့ မျောက်ကလေးတွေ အတော်အရွယ်ရောက်လာတော့ ကံဆိုးစွာ မျောက်ကြီးက ရှာတွေ့သွားတယ်။ အဲဒီမှာ အကြီးကောင်မျောက်ကလေးက အမေနဲ့ညီငယ်မျောက်ကို အရင်ပြေးခိုင်း လိုက်တယ်... မျောက်ဆိုးကြီးနှင့် မျောက်အကြီးကောင် တိုက်ရင်း နောက်ဆုံးခွန်အားချင်း မမျှတော့ အသက် ဆုံးသွားတာပေါ့။

နောက်ပိုင်းမှာ ကျန်ခဲ့တဲ့ မျောက်ငယ်လေးဟာ မျောက်ကြီးကိုပြန်တိုက်ဖို့ အစွမ်းကုန်ကြိုးစားတော့တယ်။ သူထွက်တိုက်ဖို့ မိခင်ကိုပြောတော့ မိခင်ကမျောက်အုပ်စုတွေ နောက်ကလိုက်ပြီး မျောက်အုပ်စုတွေ ဝေးသွားချိန်မှ သားငယ်မျောက်ကိုခေါ်ပြီး မျောက်အုပ်စုတွေအားလုံးရဲ့ ခြေရာတွေထဲက အကြီးဆုံးခြေရာပေါ် ကို ရပ်ခိုင်းတယ်။ အဲဒီမှာ မျောက်ငယ်လေးရဲ့ ခြေရာဟာ သေးငယ်နေသေးတာတွေ့တော့ "နေအုံး" ဆိုပြီး ပြန်တားထားလိုက်တယ်။ သားငယ်ရဲ့ စိတ်ထဲမှာ တခါတလေ မကျေနပ်တာ၊ ဒေါသတွေအုံကြွတာ ဖြစ်တိုင်း အမေက ခြေရာပေါ်မှာ ထပ်ပြီးနှိုင်းယှဉ်ခိုင်းတယ်။ တနေ့တခြား မျောက်သားငယ်လေးလည်း ကြီးမားသန်မာ လာပြီး။ ခြေရာအတူ ဖြစ်လာတယ်။ အဲဒီအချိန်မှာ သားငယ်က တိုက်ချင်နေပြီ။ အမေက နည်းနည်းထပ် စောင့်ပါပြောပြီး နောင်တစ်ခါထပ်တိုင်းချိန်မှာ သားငယ်ရဲ့ ခြေဖ၀ါးက မျောက်ကြီး ခြေရာထက် နဲနဲပိုကြီးပြီး ခြေရာကို လွှမ်းနိုင်တော့မှ မျောက်အမေကြီးကပြောတယ်...သားတိုက်ချင်တိုက်တော့တဲ့။ ဒါပေမယ့် သား သတိတော့ ထားပါ။ သားကခွန်အားသာနေပေမယ့် အတွေ့အကြုံနှင့် ပရိယာယ်မှာ သားသူ့ကို မမှီသေးဘူး အဲဒီတော့ သတိဝီရိယနှင့်သာပြိုင်ပါလို့ ပြောလွှတ်လိုက်တယ်။ တိုတိုပြောရရင် မျောက်သားလေးနိုင်သွားပြီး မျောက်တွေလွတ်မြောက်သွားတယ်ပေါ့။"

အခုပုံပြင်လေးမှာ သူရဲကောင်းရော၊ လူစွမ်းကောင်းရော တွေ့ရမယ်သား။ ဘယ်လိုပဲဖြစ်ဖြစ် လောကမှာ သူရဲကောင်းတွေရော လူစွမ်းကောင်း တွေရောဟာ လိုအပ်တယ်သား။ အဲဒီလို လူတွေကို သာမန်အချိန်တွေမှာ မသိနိုင်ဘူး။ အရေးအကြောင်း အခက်အခဲ ကြုံမှသာ သိနိုင်တယ်။ ဒါပေမယ့်သားရေ... အဲဒီပုံပြင်ထဲမှာပါတဲ့ မျောက်ကလေးတွေကတော့ ခွန်အားခြင်းယှဉ်ပြိုင်တာပေါ့။ လူ့လောကမှာတော့ အဲဒီမျောက်တွေရဲ့ တိုက်ပွဲထက်အဆပေါင်းများစွာ ရှုပ်ထွေးတယ်၊ ခက်ခဲတယ်၊ ပရိယာယ်မာယာများတယ်၊ လှည့်ပတ်မှုတွေ၊ ခြေထိုးမှုတွေ၊ ကောက်ကျစ်မှုတွေ၊ ရက်စက်ယုတ်မာမှုတွေ၊ ပြောရရင် အဆပေါင်းများစွာ ကျယ်ပြန့်တယ်ကွာ။ ဒါပေမယ့် သားရေ သဘောတရားခြင်းကတော့ အတူတူပါပဲ။ တခါတလေမှာ ခွန်အားခြင်း အရမ်းကွာခြားလွန်း ရင် သူရဲကောင်းတွေ အများကြီးဆုံးရှုံးရသလို၊ လူစွမ်းကောင်းတွေ အများကြီးစုပေါင်း လုပ်ဆောင်မှ အောင်မြင် နိုင်မယ့် ကိစ္စတွေလည်း ရှိတယ်သားရေ။

အခြားတခုအနေနှင့် စဉ်းစားစရာရှိတယ်သား။ အဲဒီမျောက်တွေရဲ့ ဒုက္ခကို ကယ်တင်ဖို့အတွက် အဲဒီမျောက်ကလေး မဟုတ်ပဲ အခြားသော ဥပမာကွာ မုဆိုးတစ်ယောက်က အဲဒီမျောက်ကြီးကို လေးနှင့် ပစ်သတ်လိုက်ပါပြီတဲ့။ အဲဒီမုဆိုးကြောင့် အခြားမျောက်တွေ လွတ်သွားတယ်။ ဒါပေမယ့် အဲဒီမုဆိုးကပဲ ကျန်တဲ့မျောက်တွေကို တကောင်ပြီးတစ်ကောင် မျောက်မျိုးတုံးအောင် လိုက်သတ်နေပြန်ရင်လည်း မဟုတ်သေးပြန်ဘူး။ နောက်တမျိုး စဉ်းစားရင်ရော... သူတောင်စင်တစ်ဦး အဲဒီသူတော်စင်က တန်ခိုးသိဒ္ဓိရှိပြီး သူယုတ်မာတွေကို ယဉ်ကျေးအောင် လုပ်နိုင်တဲ့ အစွမ်းရှိတယ်ဆိုရင်လည်း အဲဒီမျောက်ကြီးကို တရားပြပြီး ဆုံးမနိုင်ရင် ကောင်းလာနိုင်တာရှိတာပေါ့။ အဲဒါတောင်အဲဒီလို တန်ခိုးရှင်က ပေါ်အုံးမှ။ တန်ခိုးရှင်ပြောတာကို မျောက်ကြီးက နာခံအုံးမှ။

အင်း... စဉ်းစားရင်တော့ တွေးစရာတွေ အများကြီးပဲသား။ အဲဒီတော့ သားအနေနှင့် ဘ၀မှာ ဘယ်လိုလူအဖြစ်နှင့် နေထိုင်သွားချင်လဲ။ မျောက်အကိုလိုလူမျိုးလား။ မျောက်ညီငယ်လိုလူမျိုးလား။ သာမန် သူလိုငါလိုရိုးရိုး လူသားအဖြစ်လား။ မုဆိုးႀကီၤးလို လူလား။ ဒါမှမဟုတ် မျောက်ဆိုးကြီးလို လူမျိုးလား။ အဲဒါတွေ အားလုံးထက်သာလွန် အစွမ်းထက်တဲ့သူတော်စင်လို ပုဂ္ဂိုလ်မျိုးလား။ သားကိုဘယ်လိုလူ ဖြစ်ပါ လို့ အဖေ အတင်းအကျပ်မတိုက်တွန်းဘူးသား။ သားကိုယ်တိုင် ဆုံးဖြတ်ရမှာပဲ။

"ဂီး…."
စူးရှစွာ အော်မြည်သံကြောင့် အသိပြန်ဝင်လာမိသည်။ ကောင်းကင်၌ ၀ဲပျံနေသော သိန်းစွန်ငှက်မှာ တဘက်ကမ်းရှိ စိမ့်ညိုညို သစ်တောအုပ်စုအတွင်းသို တဟုန်ထိုး ပြေးဆင်းသွားသည်။ မျက်မှောင်ကြုတ်မိရင်း စွန်ရဲတစ်ကောင်၏ လျှင်မြန်သော အရှိန်အဟုန် အားမာန်တို့ကိုကြည့်ရင်း ကြက်သီးများထသွားမိသည်။ ကောင်းကင်ကို ကြည့်မိတော့ ငွေရောင်အနားကွပ်ထားသော တိမ်ဖြူဖြူ အမျှင်တန်းတို့က လွင့်မျောစီးဆင်း နေကြသည်။ စိတ်တွင်းပေါ်လာသည်က ဖခင်ကြီးဆက်ပြော ခဲ့သော စကားသံတို့ပင်။

သားဘယ်လိုပဲ ဆုံးဖြတ်ဖြတ် အဖေ့အနေနှင့် ရွေးချယ်ပိုင်ခွင့် မရှိဘူး။ လမ်းညွှန်ပြသရုံသာ တတ်နိုင်မယ်။ ဒါပေမယ့်သားရေ... အခုအချိန်မှာ သားငယ်သေးတဲ့အတွက် အမှားအမှန် ဝေဖန်ပိုင်းခြားဖို့အတွက် ခက်ခဲနေလိမ့်မယ်။ နောင်တချိန် အဖေမရှိချိန် သားကိုယ်တိုင် ရွေးချယ်စရာတွေ၊ ဆုံးဖြတ်စရာတွေ တွေ့ကြုံလာခဲ့ရင် လိုက်နာသင့်တဲ့ လမ်းညွှန်ကဗျာလေး တစ်ပုဒ်ကို ရွတ်ပြခဲ့မယ်။ ကဗျာဆရာမိုးဃ်ဇော်ရဲ့ "သားချော့တေး" ကဗျာလေးပဲသား။ သေချာနားထောင်ပြီး မှတ်သားထားပါ သားရေ…။

သားရေ….
ငိုသံတွေကို လမ်းခင်းပြီးမှ
မင်းရဲ့နန်းတော်ကြီးကို ရောက်မယ်ဆိုရင်
အဲဒီလမ်းကို မလျှောက်လေနဲ့။

မိုးလောက်ကြီးပဲ မြင့်ပါစေ
လူတွေရဲ့ ပုခုံးပေါ်တက်ပြီးမြင့်မှ
မင်းဘ၀ အထက်တန်းကျမယ်ဆိုရင်လည်း
အဲဒီအမြင့်ကို မလှမ်းလေနဲ့။

မင်းရဲ့ ယုံကြည်ချက်ကြောင့်
ဘ၀တွေပျက်၊ အိုးအိမ်တွေပျက်၊
မိသားစုတွေရဲ့ ပျော်စရာ အနာဂတ်တွေလည်း
ကြေကွဲပျက်စီး ရမယ်ဆိုရင်
အဲဒီယုံကြည်ချက်ကိုလည်း
မင်း…အကောင်အထည်မဖေါ်လေနဲ့။

မသိနားမလည်သူတွေကို လှည့်စားပြီးမှ
ဇိမ်ခံခွင့်ရမယ်ဆိုရင်
အဲဒီစည်းစိမ်ကို
မင်း…မမက်မောလေနဲ့။

ဒီလောကကြီးမှာ
သစ်သီးလေးတစ်လုံး သီးဖို့
အချိန်တွေ အများကြီး ယူရတယ်။
ပန်းကလေးတစ်ပွင့် ပွင့်ဖို့
အဆင့်ဆင့် တည်ဆောက်ခဲ့ရတယ်။

မြေနီလမ်းကလေး နံဘေးက
တောပန်းကလေးတွေက အစကြင်နာပါ။
ဒုက္ခရောက်သူကို ဖေးကူပါ။
လူ့သိက္ခာကို စောင့်ရှောက်ပါ။
အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။

ရိုးသားဖြူစင်သူတွေကို
တဖက်သက် အနိုင်ယူပြီးမှ
မင်းရဲ့ သရဖူကို ရမယ်ဆိုရင်
အဲဒီသရဖူကိုလည်း
မင်း…လုံးဝ မယူလေနဲ့။

တ၀ှီးဝှီး တိုက်ခတ်လာသောလေကြောင့် အ၀တ်အစားတို့ တဖျတ်ဖျတ်မြည်သွားသည်။ မညှပ်ဖြစ်သည်မှာ ကြာပြီဖြစ်သော ဆံနွယ်မျှင် တို့ပင် ဦးခေါင်းထက်မှာ တလွင့်လွင့်ဖြစ်သွားသည်။ ဖြောက်ခနဲ ဖြောက်ခနဲ ကြွေကျလာသော ထနောင်းပင်အိုမှ ထနောင်းကိုင်းခြောက်တို့က မြေပေါ်သို့ ထောက်ခနဲထောက်ခနဲ ကျလာ ကြသည်။ စိမ်းနုနု ထနောင်းရွက်ကလေးများကြားမှ ထိုးထွက်လာသည်က သာယာစွာဟစ်ကြွေးနေသော ချိုးငှက်ကလေး၏ တကူးကူးအော်သံပင်။

အတွေးစတို့မှ ပြန်လည်လွတ်မြောက်လာသည်။ တချိန်က ဖခင်ကြီး၏ ကဗျာရွတ်သံ၊ ဆုံးမစကား ပြောဆိုသံတို့ ကား နားဝတွင်အထပ်ထပ် ကြားယောင်နေမိသည်။ ကဗျာရွတ်ဆိုစဉ် ကြည်လင်ပြတ်သားစွာ ထွတ်ပေါ်လာ သော အနိမ့်အမြင့်အသံ၊ စူးရှစွာ တူရှုသို့ကြည့်နေသော ဖခင်ကြီး၏မျက်ဝန်းအစုံ၊ ပိရိပြတ်သားသော နှုတ်ခမ်း အစုံ၊ လေတိုက်တိုင်း တလွင့်လွင့်ဖြစ်သွားသော အညိုရောင်ဆံနွယ်များကြားမှ ဖြူလွင်လွင် အရောင်ပြေးနေ သော ဆံမျှင်များ၊ နဖူးပြင်၊ ပါးပြင်တို့၌ ရေးရေးလေး ပေါ်နေသော အရေးအကြောင်းလေးများ အားလုံးတို့ကို ကြည့်ရင်း ဖခင်ကြီး၏စကားသံတို့ကို မပြည့်သော၊ နူးညံ့သော နှလုံးသားနားအစုံဖြင့် နာယူနေပုံတို့ကို ပြန် လည် မြင်ယောင်နေမိသည်။

"ဖုန်း"
ကလေးတစ်သိုက် မြစ်ကမ်းစပ်သောင်ပြင်မှာ ဆော့ကစားရင်း ကန်လိုက်သော ဘောလုံးက မနီးမဝေးကမ်းစပ်ရှိ ရေပြင်မှ ဗေဒါပင် အုပ်စုအတွင်းသို့ ကျသွားသည်။ ရေ၀ပ်ရာရေပြင်၌ စုဝေးနေသော ဗေဒါပင်ပျိုတို့ လှုပ်ခတ်ရွေ့လျားသွားသည်။ ဗေဒါပင်ပျိုများကြားမှ ပြာလဲ့လဲ့ ဗေဒါပွင့်လေးနှင့်အတူ ဗေဒါပင်လေးတစ်ပင်မှာ ဘယ်ညာ ရမ်းခါရင်း ရေစီးကြောင်းအတွင်း ရောက်သွားသဖြင့် ရေစီးနှင့်အတူ တရွေ့ရွေ့ မျောပါသွားသည်။ ဗေဒါပင်ကလေးကို ကြည့်ရင်း ရင်ထဲ၌ပေါ်လာသည်က အဘယ်စီးကြောင်းဖြင့် မျောပါရမည်နည်း။ မျောပါသွား မည့် စီးကြောင်းသည် မည်သို့ပင်ဖြစ်ပါစေ ဖခင်ကြီးရွတ်ပြခဲ့သော ကဗျာလေးသည် ကျွန်တော့်ဘ၀၏ ပဲ့ကိုင် လမ်းညွှန်ပင် မဟုတ်ပါလား ခင်ဗျာ.......။

ဖိုးမောင်

You received this email because you are subscribed to the real_time feed for http://happycloud1000.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.