Friday, October 31, 2008

[ဒေါက်တာလွဏ်းဆွေ] 1 New Entry: ကျနော်ကိုင်တဲ့အထဲမှာ ‘နော်ဝေ’ မပါ

ကျနော်ကိုင်တဲ့အထဲမှာ 'နော်ဝေ' မပါ

အဟိ

အဟိတို့ မြန်မာပြည်ကို သေနတ်တေ့ပြီး ဗိုလ်ကျစိုးမိုးနေတဲ့ စစ်အာဏာရူးတွေရဲ့ အရည်အချင်းကတော့ ကြာ လေလေ ပိုသိသာလေလေပါပဲ။ တိုင်းပြည်ကို ခေတ်နောက်ကျန်သထက်ကျန် ဆင်းရဲတွင်း နက်သထက်နက် မွဲ သထက်မွဲ စုတ်သထက်စုတ်ပြတ်အောင် လုပ်တတ်ခဲ့တာကလွဲရင် ကောင်းတာဆိုလို့ တစက်ကလေးမှ မတွေ့ ရအောင်ပါပဲ။ ဒီလိုပြောလို့ အဟိကို အဆိုးမြင်ဝါဒီဆိုပြီး ဆန့်ကျင်ရင်လည်း ခံလိုက်ရုံသာ ရှိတာပ။ အကောင်း မြင်ဝါဒီလုပ်ချင်စရာ တကွက်မှ မတွေ့ရဘဲကိုး။ မြန်မာပြည်ကြီးကို အမှောင်တိုက်နက်နက်ထဲ ရောက်သထက် ရောက်အောင် ဒင်းတို့ တွန်းပို့နေတယ်လို့ပဲ အဟိခံစားနေရတယ် … အဟုတ်။

ဘယ်သူတွေ ယုံကြလဲတော့မသိ၊ မြန်မာ့အသံတို့ မြ၀တီရုပ်မြင်သံကြားတို့ကိုတော့ ဒင်းတို့ (စစ်အာဏာရူး တွေ) က မြန်မာပြည်ကြီး ဖွံ့ဖြိုးတိုတက်နေပါတယ်လို့ တချက်လွှတ်အမိန့်တော်နဲ့ လိမ်ခိုင်တုန်း၊ ညာခိုင်း နေတုန်းပါပဲ။ ကမ္ဘာကြီးက ဘယ်ဆီရောက်လို့ သူတို့ ဘယ်နားမှာ ကျန်နေခဲ့မှန်းလည်း ဒင်းတို့ကလေးတွေ သိပုံမပေါ်။ သူတို့တတ်ကျွမ်းတဲ့ လိမ်တတ်ညာတတ်တဲ့ ပညာလေးတခုနဲ့ တိုင်းပြည်ကိုဖျက်ဆီးလို့ ကောင်းနေ တုန်းပါတကားလို့ အဟိစဉ်းစားတော်မူမိရဲ့ … ။

ဟော … အခုလည်းကြည့်၊ ဘုရင်ရူးရူးပြီး အကန့်ပျက်နေတဲ့ ဗိုလ်သန်းရွှေကိုကပ်ပြီး ဘယ်မင်းခစားက ခွင်ဖန် လိုက်ပြန်ပြီလဲမသိ။ တတိုင်းပြည်လုံး ကိုယ့်အလုပ်ကိုယ်မလုပ်ရဘဲ ကြက်ဆူပင်စိုက်နေရပြန်ပြီ။ သြော် … ရှေး လူကြီးသူမတွေ ပြောကြားခဲ့တဲ့ 'အနှစ်မရှိတဲ့တော ကြက်ဆူပင်မင်းမူ' ဆိုတဲ့ စကားဟာ ဗိုလ်သန်းရွှေအုပ်စိုးလို့ စုတ်ပြတ်သတ်နေတဲ့ မြန်မာပြည်နဲ့မှ အံဝင်ခွင်ကျ လာဖြစ်နေတော့တာကိုးလို့ တွေးမိရဲ့။ သူတို့ကတော့ တီဗွီ ထဲမှာ လက်ကြိတ်စက်နဲ့ ကြိတ်ပြပြီး ထွက်ကျလာတဲ့ ဘိုင်အိုဒီဇယ်နဲ့ မီးအိမ်ထွန်းပြနေလေရဲ့။

မြန်မာပြည်သူတွေကို သမိုင်းဦးဘုံမြေခေတ်ဆီကိုများ အရောက်ပြန်ပို့တော့မလို့လားမသိ၊ ကိုယ့်ထမင်းကိုယ် ရှာမစားရဘဲ ကြက်ဆူစေ့ကြိတ်ရင်းနဲ့ အချိန်ကုန်ရတော့မယ်ထင်ပါရဲ့။ သူတို့ ဘယ်လိုပဲ လိမ်လိမ် ဘယ် လောက်ပဲ ညာညာ မြန်မာပြည်လူထုကတော့ တနေ၀င်လို့ တမိုးချုပ်ပြီဆိုတာနဲ့ 'ညမှောင်မှောင် … လမှောင် မှောင် … ကြယ်ရောင်သော်မလင်း' ဆိုတဲ့ တွံတေးသိန်းတန်သီချင်းကို ဆိုမြဲဆိုရလျက်ပါပဲ။ ဖယောင်းတိုင် ထုတ်လုပ်သူတွေသာ ချမ်းသာကုန်တယ်၊ လျှပ်စစ်မီးကတော့ ဘယ်ဆီဘယ်ဝယ်ပါပဲ။

ရွှေမြို့တော်ရန်ကုန်မှာဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီးတွေ၊ ဗိုလ်ချုပ်မှူးကလေးတွေနေတဲ့ ၀င်ဒါမီယာ၊ ဗိုလ်ချုပ် ရွာ၊ ကုန်းမြင့်သာတို့လောက်ကိုသာ လျှပ်စစ်မီး အချိန်ပြည့်ပေးပြီး ကျန်တဲ့မြို့နယ်တွေကိုတော့ အိမ်သာနှစ်ခါ ညှစ်စာလောက်သာ ခွဲတမ်းစနစ်နဲ့ အလှည့်ကျပေးလေရဲ့။ မီးပေးတဲ့အခါလည်း နေ့ခင်းနေ့လယ် အလုပ်လုပ်ရ မယ့်အချိန်မှာ မပေးဘဲ ညဥ့်နက်သန်းခေါင် အိပ်မောကျတဲ့ အချိန်ကျမှ ပေးတယ်။ အဲဒီအချိန်ကျမှ ရေထ တင်ကြ၊ ရေထ ချိုးကြ၊ ထမင်းထချက်ကြ (တခါတခါ ထမင်းမကျက်ခင်မှာပဲ မီးက ပြန်ပျက်သွားသတဲ့ … ဒုက္ခ … ဒုက္ခ … အို ဒုက္ခ) နဲ့ဆိုတော့ ရန်ကုန်တမြို့လုံးဟာ ညဥ့်နက်သန်းခေါင် ဟိုနေရာ ဆူညံဆူညံ၊ ဒီနေရာ ဆူညံ ဆူညံနဲ့ ဖြစ်နေတော့တာပေါ့။ အဲဒါကိုပဲ နအဖသကောင့်သားတွေက 'ရန်ကုန်မြို့ကြီးဟာလည်း နယူးယောက် မြို့ကြီးလိုပဲ ညမအိပ်တဲ့ မြို့ကြီးပါ' လို့ ကြွားလုံးထုတ်နေဦးမလားမသိ။

လျှပ်စစ်ရုံးက တာဝန်ခံတွေဆိုရင်လည်း မီးလာမယ့်အချိန် စုံစမ်းတဲ့ တယ်လီဖုန်းတွေကို ထိုင်ဖြေနေရတာနဲ့ပဲ အားရတယ်ကို မရှိပါဘူးတဲ့။ ကြာတော့ မမြင်ရတဲ့ စုံစမ်းသူတွေကို မျက်နှာပူပြီး 'ကျနော်တို့ အတိအကျ မပြော နိုင်ပါဘူးခင်ဗျာ၊ စိတ်ရှည်ရှည်စောင့်ပါ၊ လာမှာပါ၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ' ဆိုတဲ့ စကားကိုသာ ကက်ဆက် နဲ့သွင်းပြီး ဖွင့်ပြချင်တော့ရဲ့လို့ လျှပ်စစ်ရုံးက တာဝန်ခံမိတ်ဆွေတဦး ညည်းတွားပြတာကို အဟိ သတိရနေမိ ရဲ့။ အဲဒီမိတ်ဆွေကို လွမ်းဆွတ်မိရင်း လွတ်မြောက်နယ်မြေက အဟိမိတ်ဆွေ သတင်းထောက် ပြောပြတာကို လည်း သတိရပြီး ပြုံးမိပြန်ရဲ့။

သူပြောပြတာကတော့ … တရက်မှာ သူက မြန်မာပြည်မှာ မီးပျက်တာတွေ ပိုပိုဆိုးလာတာနဲ့ ပတ်သက်ပြီး မြို့ နယ်တခုက လျှပ်စစ်ရုံးတာဝန်ခံနဲ့ အင်တာဗျူးလုပ်ဖို့ ပြည်တွင်းကို ဖုန်းလှမ်းဆက်ပါသတဲ့။ သူဖုန်းဆက်တဲ့အခါ တာဝန်ရှိသူတဦးက ဖုန်းလာကိုင်ပြီး 'ဟုတ်ကဲ့ --- လျှပ်စစ်ရုံးကပါ၊ အမိန့်ရှိပါခင်ဗျာ' လို့ ပြောသတဲ့။ အဲဒါနဲ့ သူ က 'မီးပျက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းမေးချင်လို့ပါ' လို့ ၀မ်းသာအားရ အင်ထရိုဝင်လိုက်သတဲ့။ အဲဒီမှာ ဟိုဖက်က ဖုန်းကိုင်သူက 'ဟုတ်ကဲ့ လူကြီးမင်းက ဘယ်က ဆက်တာပါလဲခင်ဗျာ' လို့ ပြန်မေးပါသတဲ့။ အဲဒါနဲ့ သူက 'နော်ဝေကပါ၊ ဒီဗွီဘီကပါ' လို့ မကြားမှာစိုးလို့ အသံကို မိုင်ကုန်မြှင့်ပြီး အော်ပြောလိုက်သတဲ့။

အဲဒီမှာတင် ဟိုဖက်က ဖြေကြားသူက စကားတခွန်း ပြန်ပြောပြီး ဂွပ်ခနဲ ဖုန်းချသွားလို့ သူတယောက်တည်း ပြုံးစေ့စေ့ဖြစ် ကျန်ခဲ့ရပါသတဲ့။ ဟိုဖက်က ဆရာသမား ဖြေကြားလိုက်တဲ့ အဖြေစကားကတော့ 'အဲဒါဆို ဆော ရီးပါခင်ဗျာ၊ ကျနော်ကိုင်တာက လမ်းမတော်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း လေးမြို့နယ်ထဲပါ၊ နော်ဝေက ကျနော်ကိုင်တဲ့အထဲမှာ မပါပါဘူးခင်ဗျာ' တဲ့။

အဟိ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီးဖြစ်ပါသည်)

You received this email because you are subscribed to the real_time feed for http://drlunswe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.