Friday, October 31, 2008

[နတ်သမီးလေးရဲ့ ပုံပြင်] 1 New Entry: အချစ်

အချစ်

ဖတ်ခဲ့ဖူးတဲ့ဆောင်းပါးလေးတစ်ပုဒ်ပါ။ ကြာခဲ့ပါပြီ။
အမေရိကန်ပြည် ကယ်လီဖိုးနီးယားနယ်က ဆေးရုံကြီးတစ်ရုံမှာ နှစ်ပေါင်းများစွာ coma ဝေဒနာနဲ့ မျောနေခဲ့တဲ့ လူနာအမျိုးသမီးတစ်ယောက်အကြောင်းလေးပါ။ ဒီလိုဆိုတော့ အခုရေးမယ့်အကြောင်းအရာမှာ အဓိကဇာတ်ဆောင်ဟာ ဒီအမျိုးသမီးလို့ သဘောသက်ရောက်ပါလိမ့်မယ်။ တကယ်တော့ ဒီဇာတ်လမ်းမှာ တကယ့်ဇာတ်လိုက်က မင်းသမီးမဟုတ်ပါ မင်းသားလဲမဟုတ်ပါဘူး ဒါဆို ခွေးကြောင်လို တိရိစ္တာန်လားဆိုတော့လဲ ဟင့်အင်းပါ။ တကယ့်ဇာတ်ဆောင်က သက်ရှိသတ္တဝါတောင်မဟုတ်ခဲ့ပါဘူး။ သူ့ကိုဝိုင်းပြီး ဇာတ်ပို့ကြတဲ့ ယောကျာ်းမိန်းမ သက်ကြီးသက်ငယ်တွေဟာ သူဆိုတဲ့ဇာတ်ဆောင်အတွက် ဇာတ်ဆရာအလိုကျ ငိုကြရယ်ကြ ခံစားကြပူဆွေးကြနဲ့ သူရုပ်လုံးကြွလာဖို့ အရူးအမူးပေးဆပ်ကြရ။ သူဆိုတာက ဒီဇာတ်လမ်းရဲ့ ငွေကြယ်ပွင့် အဓိကဇာတ်ဆောင် သူက "အချစ်" တဲ့။

ဆောင်းပါးကတိုတိုလေးပါ။ ဖတ်ခဲ့တာကလဲ ကလေးဘဝက။ နာမည်တွေလဲ မမှတ်မိတော့ဘူး။ အမြဲစွဲပြီးမှတ်မိနေတာက သတင်းအချက်အလက်လေးတခုလောက်ပါပဲ။ အကျယ်ချဲ့ပြီး ဝတ္ထုတစ်ပုဒ်လို စိတ်ထဲအခါခါရေးခြစ်မိခဲ့။ ထားပါတော့ အမျိုးသမီးနာမည်က ဂျင်နီပဲ။ မတော်တဆထိခိုက်မှုတစ်ခုကြောင့် အရွယ်ကောင်းဆဲ ဂျင်နီဟာ အိပ်ရာပေါ်မှာပက်လက်ဖြစ်ခဲ့ရတယ်။ ခံစားမှုဆိုတာ ဘာမှမသိ အသက်ရှုတာကလွဲရင် သေလူ။ ဆေးတွေ အစာပိုက်တွေ အောက်ဆီဂျင်တွေနဲ့ ဂျင်နီ့ရဲ့ ရှည်ကြာတဲ့နေ့တာတွေ လွန်မြောက်လာတာ ဆယ်နှစ်လုလု။ ပွင့်နေတဲ့မျက်လုံးတွေထဲမှာ မလှုပ်ရှားတော့တဲ့ သူငယ်အိမ်ဟာ သူ့ခင်ပွန်းရဲ့အနမ်းတွေကြောင့်တောင် တချက်မတုန်လှုပ်ခဲ့ဘူး။ မာ့ခ်က ချစ်ဇနီးအတွက် နှင်းဆီပန်းတွေ မနက်တိုင်း မပျက်မကွက် သယ်ဆောင်ပြီး အေးစက်စက်လက်တွေ ပူနွေးလာအောင် တနေ့တာလုံး ဆုပ်ကိုင်ထားတတ်သူပေါ့။ ငယ်ချစ်တွေမို့ ဂျင်နီရဲ့ စိတ်ကိုကောင်းကောင်းကျက်မိခဲ့သူ ကြားနေပေမယ့် အကြားအာရုံအတွက် အလဟဿဖြစ်နေတဲ့ နားတွေဘေးမှာ တီးတိုးစကားတွေပြော အလုပ်မလုပ်တော့တဲ့ ဂျင်နီ့ဦးဏှောက်ထဲကို အတွေးလှလှတွေ အတိတ်ချိုချိုတွေ ထည့်ပေးဖို့ကြိုးစားရင်း ကောင်းကင်ဘုံကိုရောက်နှင့်နေနိုင်တဲ့ ဂျင်နီ့ရဲ့ စိတ်တွေအတွက် သူ့ဘဝကို ပေးဆပ်ထားသူ။



မာမီနဲ့ဒက်ဒီ။ တဦးတည်းသော သမီးလေးအတွက် ဘယ်လောက်များ စိတ်ထိခိုက်နေရှာမလဲ။ အားကစားတော်အောင် လေ့ကျင့်ပေးခဲ့တဲ့ ဂျင်နီ့ဒက်ဒီ၊ ဇာထိုးပန်းထိုးနဲ့ ပြင်သစ်စာသင်ပေးနေကျ ဂျင်နီ့မာမီ။ တောင့်တင်းနေတဲ့ ခန္ဓာနဲ့ ဖြူရော်နေတဲ့ လက်ချောင်းတွေ ခပ်ဟဟပွင့်နေဆဲ့ နှုတ်ခမ်းတွေ နေ့စဉ်နဲ့အမျှ။ သမီးကိုအဝတ်လဲပေးတိုင်း သမီးနိုးလာတဲ့တနေ့ ပင်ပေါင်ပြန်ကစားနိုင်အောင် ကိုယ်လက်တွေကို သံလွင်ဆီ မှန်မှန်လူးပေးဖို့ ဒက်ဒီမှာတတ်တယ်။ tracheostomy လုပ်ထားတဲ့ သမီးရဲ့လည်ချောင်းတွေက အသံကြားဖို့ကို ဆရာဝန်နဲ့ဆွေးနွေးဆဲ မာမီ မျှော်လင့်ချက်မရှိတော့ပါဘူးဆိုတဲ့ အတည်ပြုချက်တွေကို လျစ်လျူရှုထားတုန်းပါ။ ဂျင်နီသတိပြန်ရလာဖို့ဆိုတာ ရာခိုင်နှုန်းမရှိတော့တဲ့ ဒီဆေးရုံမှတ်တမ်းတွေ အောက်ဆီဂျင်ပိုက်တွေ အစာပေးဖို့ဝမ်းဗိုက်ကပိုက်တစ်ခုနဲ့ လက်မောင်းက ဆေးပိုက်တွေကိုဖြုတ်ပြီး မိနစ်ပိုင်းအတွင်းမှာ ဂျင်နီဟာ ထွက်ခွါသွားတော့မှာပါဆိုတာတောင် မာမီ့လက်တွေက ဒီဆေးထိုးအပ်တွေ အောက်ဆီဂျင်ပိုက်တွေထက် ခိုင်မာဆဲပါလို့ မာမီက ဒက်ဒီ့ကိုတိုင်တည်မိတုန်း။ ဒီလက်တွေနဲ့ပဲ ဒီကလေးလဲကျတိုင်း ထူစေထစေခဲ့တာလေ။ လောကထဲကိုသူ့ကိုဆွဲသွင်းခဲ့ပြီး လောကထဲကနေ သူ့ကိုဒက်ဒီတို့မောင်းမထုတ်ပါရစေနဲ့ သူ့အသက်ရှုခွင့်တွေနဲ့ သူရနေတဲ့ နောက်ဆုံးရပိုင်ခွင့် ဒီအောက်ဆီဂျင်တွေကို ဒက်ဒီပေးထားပါရစေလို့ ဆေးရုံအုပ်ကို ငိုယိုပြောပြမိရဲ့။ ဒီလိုနဲ့ မာမီနဲ့ဒက်ဒီ သူတို့အရိုးကိုသယ်လို့ ဒီအခန်းလေးထဲ နှစ်ပေါင်းများစွာ အဝင်အထွက်။

မာ့ခ်ရေ ကိုယ်သွားပါရစေနော် လွတ်လပ်မှုကိုမြတ်နိုးတဲ့ကိုယ်၊ မိမိကိုယ်ကို ရပ်တည်တတ်တဲ့ကိုယ် ကိုယ့်စိတ်ကိုမင်းသာအသိဆုံးပါနော်။ ကျောင်းတုန်းက ကိုယ်တို့အတူ တောင်တက်ခဲ့ကြတာ မှတ်မိလား။ ဒီတညနေတောင်ထိပ်မရောက်ရင် ကိုယ်တို့ကျောင်းအတွက် အလံကိုမစိုက်နိုင်ပဲ အရှုံးပေးရတော့မယ့် အခြေအနေလေ။ ခရီးဆုံးကာနီးမှ ခြေနာသွားတဲ့ကိုယ်။ ပြန်ကြရအောင် တွဲပြီးပြန်မယ်ဆိုတဲ့ မင်းစကားကို ဘယ်လောက်ငြင်းဆန်ခဲ့သလဲ။ ကိုယ်သာ တယောက်ထဲ တရွတ်ဆွဲပြန်ပြီး လမ်းမခွဲခဲ့ရင် ပြီးတော့ မင်းသာကိုယ့်စိတ်ဓာတ်ကိုနားလည်စွာ ကိုယ့်ဆန္ဒကိုလိုက်လျောပြီး အလံကိုတောင်ထိပ်ထိ မသယ်ဆောင်သွားခဲ့ရင် ကိုယ်တို့ကျောင်းအတွက် အလုပ်တွေပြီးမြောက်ခဲ့မှာမဟုတ်သလို မင်းကိုယ် ကိုယ်အဖော်ကောင်းတစ်ယောက်အဖြစ် နောင်တစ်ချိန်မှာ ရွေးချယ်ခဲ့မှာမဟုတ်ဘူး။ မင်းသာကိုယ့်ကို နားအလည်နိုင်ဆုံးသူ မင်းသာကိုယ့်ရဲ့အဖော်ကောင်း။ ကိုယ်ငြီးငွေ့လှပါပြီ ကိုယ်လွတ်မြောက်ချင်လှပြီ။ ဟိုတဖက်မှာ သဘာဝတရားဟာ ကိုယ့်အတွက်။ အချိန်တချိန်မှာ ကိုယ်ဟာလမ်းခုလတ်မှာ လမ်းခွဲဖို့ ဖြစ်လို့လာခဲ့ပြီ။ ဒါဟာကိုယ့်ဆန္ဒ။ မျှော်လင့်ချက်မဲ့တဲ့ဘဝမှာ ကိုယ့်ကိုပိတ်လှောင်ပြီး ဒီအခန်းကျင်းထဲမှာ အနာတရတွေနဲ့ ကိုယ့်ကိုမင်းသာ ကယ်တင်နိုင်တာ။ ဒါလင် မင်းသာကိုယ့်ကိုချစ်တယ်။

တရားရုံးမှာ ရင်ဆိုင်ခဲ့ရတဲ့ ဒီအမှုဟာ ရှည်ကြာလွန်းခဲ့ပါတယ်။ သူ့ကိုချစ်လွန်းလို့ သူ့အတွက် လွတ်လပ်ခွင့်ကို ပေးချင်တယ်။ သူ့စိတ်ဓာတ်နဲ့သူ့အကျင့်ကို နားအလည်ဆုံးဟာ ကျွန်တော်ပါ။ သူသာဆိုရင်လဲ သွားချင်မှာပဲလို့ မာ့ခ်က လျှောက်လဲခဲ့တယ်။ ဒီဆေးတွေ ဒီပိုက်တွေ ဒီအခန်းကျဉ်းထဲကနေ သူ့ကိုလွတ်မြောက်ခွင့်ပေးပါတော့။ ဆရာဝန်ရဲ့အဖြေက No လို့ဆိုခဲ့တာ နှစ်ချီလာခဲ့ပြီ။ ဘာကြောင့်သူ့ကို ဒီလိုလှဲလျောင်းခိုင်းနေမှာပါလဲခင်ဗျာ။ ဒါဟာ သူ့ကိုချစ်တဲ့ အချစ်ရဲ့သက်သေပါ။ သူလွတ်မြေက်ဖို့ရာ ကျွန်တော်တိုက်ပွဲဝင်သွားပါမယ်တဲ့။

ဟင့်အင်း။ ဒါသူ့အတွက်မတရားတာ။ ဂျင်နီဟာ ဇွဲကောင်းတဲ့ကလေး ထက်မြက်တဲ့သူငယ်မ သူ့ဘဝကိုသူချစ်တဲ့ သူ့ပတ်ဝန်းကျင်ကိုသူတန်ဖိုးထားတဲ့ ကျွန်တော်တို့ရဲ့ ကောင်မလေးပါ။ သူ့ကိုဒီလို ရက်ရက်စက်စက် မလုပ်နိုင်ပါဘူး။ သူရနေတဲ့ နောက်ဆုံးအထောက်အပံ့လေးကိုမှ ဖြတ်တောက်ပြီး သူ့ကိုလောကထဲကထွက်သွားစေမယ်ဆိုရင် သမီးကလေးကို သတ်တဲ့သူဟာ ဘယ်သူပါလဲ။ သူကလေးသာ အသက်ရှုနေဦးမယ်ဆိုရင် သူ့ရဲ့ဝန်ထုပ်ဝန်ပိုးဆိုတာတွေကို သယ်ဆောင်ပြီး ကျွန်တော်ကျွန်မတို့ ဇနီးမောင်နှံ သမီးကို ထာဝရချစ်သွားပါ့မယ်။ သူ့ကိုကျွန်တော်တို့ သိပ်ချစ်ရပါတယ်တဲ့။

တကယ်တော့ အချစ်အတွက် တိုက်ပွဲဝင်နေကြတာ သူတို့တွေပါ။ အချစ်အတွက် ခံစားနေရတာလဲ သူမအပါအဝင် သူတို့။ အချစ်တွေမတူညီကြဘူးလို့ သူတို့ကပြောတယ်။ အချစ်ဟာ ချစ်ရသူအတွက် စဉ်းစားပေးခြင်းသာပါ။ သူ့အတွက် လွတ်မြောက်စေချင် စွန့်လွှတ်ချင်တာလဲ အချစ်ဖြစ်သလို၊ သူ့ကို မစွန့်လွှတ်ချင် မဝေးကွာချင်တာကလဲ အချစ်ပါ။ အင်းလေ ဒါတွေဟာ လူတွေရဲ့ ခံစားချက်သက်သက်ပါ။ အချစ်က သူ့အတွက် သူရုပ်လုံးကြွလာအောင် ပူလောင်မှု ရူးသွပ်မှုတွေနဲ့ အရောင်ခြယ်ပေးနေတဲ့ ဇာတ်ပို့ဇာတ်ရံတွေကြားက ဇာတ်လမ်းတွဲတိုင်း နာမည်ရနေတဲ့ မင်းသားပါပဲ ဟုတ်တယ်မဟုတ်လား။

အကိုကြီး ကိုလင်းထက်က ညည်းစိတ်ဝင်စားတာ ရည်းစားထားဖို့ပဲ မဟုတ်လားလို့တောင် အငေါ်တူးတတ်တယ်။ ညီမလေးစာတွေမရေးတာ စိတ်တွေဖမ်းဆုပ်မရတာ အဲဒီ့မင်းသားကြောင့်တော့ မဟုတ်ပါဘူးနော် အကိုကြီးရဲ့ ညီမဆိုးလေးက အပျင်းကြီးတာကြောင့်ပါ။ ကြားဖူးခဲ့တဲ့ ဒီဇာတ်လမ်းလေးကို အငှားခံစားပြီးရေးပေမယ့် ကိုလင်းထက်ကြီးကိုတော့ ချစ်ခြင်းမုန်းခြင်း ညီမလေးမသိပါလို့ပဲ ထပ်မရေးခိုင်းအောင် ပြောရတော့မယ်ထင်တယ် ဟီး။ အရင်ကရေးဖူးတယ်လေ michael learns သီချင်းလို့ Love will never Lie ( အချစ်ဟာ ဘယ်တော့မှ ဥမဥဘူး)ပဲသိပါတယ်ဆို။ ဒါလေးကို tag လာကတည်းက ရေးဖို့စိတ်ထဲမှာ စာစီပြီးပေမယ့် စာမေးပွဲရယ် တခြားလူမှုရေးကိစ္စတွေရယ်ကြောင့် ကြာနေခဲ့ရတယ်။ တကယ်တော့ မွန်က tag ပို့စ်တွေကို အရမ်းလက်တွေ့ပြီး အကြွေးလဲ မှန်မှန်ဆပ်တတ်တဲ့ ဘလော့ဂါကောင်မလေးပါ နော်း))။ ။

ပြောထားပြီးသားဖြစ်တဲ့အတိုင်း
ချစ်တဲ့သူငယ်ချင်းလေီး ရယ်
ကိုလွမ်းလုင် ရယ်
ပေါ်တော်မူ ကိုကျန်စစ် ရယ်ကို tag မယ်။ မီက လုပ်ပါနဲ့ဆိုပေမယ့် မရဘူးလို့ စကထဲက ပြောပြီးသားနော် ။


You received this email because you are subscribed to the real_time feed for http://www.natthimilay.com/feeds/posts/default. To change your subscription settings, please log into RSSFWD.