မြစ်ကြီးနား (၂)
မြစ်ကြီးနား အထက (၃)မှာ ကျွန်တော်ဟာ အညတြ တစ်ဦးပါပဲ။ သိပ်စာတော်တဲ့ သူတွေကြားထဲမှာ ကျွန်တော့် အဆင့်ဟာ နောက်ဆုံးမှာ ရောက်နေခဲ့ရတယ်။ ဒါပေမယ့် ငယ်ငယ်ကတည်းက စာစီစာကုံးရေးတာမှာ ကျွမ်းကျင်ခဲ့သူ ကျွန်တော်ဟာ ပထမဆုံး စာစီစာကုံး ပြိုင်ပွဲမှာ မြို့နယ် ဒုတိယ ရလိုက်တော့ အတန်းသားတွေရဲ့ ဂရုစိုက်မှုကို အနည်းငယ် ခံခဲ့ရပါတယ်။ ကျွန်တော်တို့ အတန်း မော်နီတာက အဟောက်နဲ့ မီမီတဲ့။ ခွန်းအောင်ဆိုတဲ့ ကချင် သူငယ်ချင်းလည်း ပါသေးတယ်။ အဟောက်နာမည်က အောင်နိုင်လင်း။ ဒီကောင်က နောက်ပိုင်း ၁၀တန်းမှာ ၃ဘာသာနဲ့ သွားဘက်ဆရာဝန် ဖြစ်သွားတယ်။ အခုတော့ အိမ်ထောင်ကျလို့ ရာထူးတောင် တက်တော့မယ်။ ကျွန်တော်နဲ့ ကျောင်းမှာ တွဲမိတဲ့ သူငယ်ချင်းတွေက ယဉ်ထွန်း၊ ခွန်းအောင်၊ လအောင်၊ အဟောက်၊ ကျော်ကျော်ထွန်း၊ မြင့်ဆွေ၊ နိုင်လင်းထွန်း၊ စောစိုးနေဝါး ဒီလောက်ပဲ။ မိန်းခလေးထဲကဆိုရင် ကျားညိ၊ အကျား၊ အတူး၊ ပြုံးချို၊ မိစံ ဒါအကုန်ပဲ။ ကျွန်တော်ကျောင်းဝင်ချိန်မှာ ရန်ကုန်ကို ပြောင်းသွားတာ တစ်ယောက်ကို မှတ်မိသေးတယ်။ ထက်ထက်လင်းတဲ့။ သူ့ကို ဒဂုံတစ် ဆုပေးပွဲမှာ တစ်ခါတွေ့လိုက်သေးတယ်။ အခုဆို သူလည်း ဆရာဝန် ဖြစ်နေပြီထင်တယ်။
ကျွန်တော်တို့ ကျောင်းကြီးက ရေနံချေးတွေနဲ့ ဝနေတဲ့ကျောင်းကြီး။ ဒါပေမယ့် ကျွန်တော်တို့ ကိုးတန်းအေ အခန်းက ကျောင်းဝင်ဝင်ချင်း တံခါးပေါက်နားမှာ သီးသန့်လေး ရှိနေတယ်။ သူ့ရဲ့ဘေးမှာ စက်ဘီးထားတဲ့နေရာ ရှိတယ်။ ရာသီချိန်ဆို ရဲနေအောင် ပွင့်တတ်တဲ့ စိန်ပန်းပင်ကြီး ရှိတယ်။ ကျောင်းမှာ သူ့နေ့အလိုက် စက်ဘီးတွေကို အဖွဲ့လိုက် ညီနေအောင် စီပေးရတယ်။ ကျွန်တော့် စက်ဘီးလေးက အစိမ်းရောင် ပြိုင်ဘီးလေး။ အဲဒီဘီးလေးကို ကျွန်တော် တော်တော်ချစ်တယ်။ ကျောင်းကို ဆိုင်ကယ်နဲ့ လာတဲ့သူက တော်တော်နည်းပါတယ်။ အားလုံးလိုလို စက်ဘီးနဲ့ လာကြတဲ့ သူတွေချည်းပဲ။ ရေခပ်တော့လည်း အသင်းလိုက် ခပ်ကြရတယ်။ ရေတွင်းကနေ သွားခပ်ရတာ။ အဲဒီရေတွင်းကနေ ဆက်သွားရင် ကျောင်းဈေးတန်းရှိတယ်။ အဲဒီကနေ ဆက်သွားရင် မြို့နယ်ပညာရေးမှူးရုံးကို ရောက်သွားရော။
ဆယ်တန်းရောက်တော့ ကျွန်တော်တို့ အတန်းမှာ နာမည်ကြီး ဝိုင်းနှစ်ဝိုင်းရှိတယ်။ တစ်ဝိုင်းက ကျားညိတို့အိမ်ကဝိုင်း၊ နောက်တစ်ဝိုင်းက Sunflower ခေါင်နောတို့ အိမ်ကဝိုင်း။ သူတို့ နှစ်ဝိုင်းစလုံးက စာတော်သူတွေချည်းပဲ စုနေတာမို့ အခြားသူတွေကိုလည်း လက်ခံတာ မဟုတ်ဘူး။ ဈေးကလည်း ကြီးသေးတယ်။ ပထမ ကျွန်တော့်မှာ သူတို့နဲ့လည်း သိပ်မခင်သေးတာမို့ ဘယ်ဝိုင်းကိုမှ မတက်နိုင်ခဲ့ဘူး။ ကျောင်းမှာတော့ စာစီစာကုံး ပြိုင်ပွဲတွေ အမြဲဝင်ပြိုင်ဖြစ်တယ်။ ကျောင်းမှာဆို ပထမ၊ မြို့နယ်ရောက်ရင် အထက(၁)က ခိုင်သက်အောင်က ပထမ ရရသွားတာနဲ့ ကျွန်တော် ပြုတ်သွားတာပဲ။ ကြာတော့ သူပဲရနေလို့ သံသယတောင် ဖြစ်လာတယ်။ ဘက်လိုက်တယ်ပေါ့။ နောက်ပိုင်း သူနဲ့လည်း တော်တော် ရင်းနှီးသွားတယ်။ သူက ခေါင်နောတို့ဝိုင်းမှာ တက်တယ်။ အထက(၁)မှာ သိတာဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်။ သူ့အိမ်နဲ့ ကျွန်တော့်အိမ်က နီးတာကြောင့်လည်း ပါတယ်။ သူတို့က မြို့တော်ခန်းမ ရှေ့ကတိုက်၊ ကျွန်တော်က သီတာ ဆက်သွယ်ရေးရုံး ထဲမှာဆိုတော့။ ဆယ်တန်း နှစ်ဝက်လောက်မှာ သူရန်ကုန်မှာ သွားဖြေဖို့ ပြောင်းသွားတယ်။ သူထွက်သွားတော့မှပဲ ကျွန်တော့်မှာ မြို့နယ်ပထမ ဖြစ်လာတော့တယ်။ ရန်ကုန်မှာ ဆုတွေဘာတွေ သွားယူလိုက်ရသေးတယ်။ ဒီလိုနဲ့ ဝိုင်းတွေတက်ဖို့ အဆင်မပြေသေးခင်မှာ ဆရာတွေသင်တဲ့ တချို့ အချိန်ပိုင်း Class တွေကို လိုက်တက်ရတယ်။ အမှတ်တရ တစ်ခုကတော့ သင်္ချာဆရာ ဦးဝင်းစိန်ဆီမှာ စာမေးပွဲငါးခုဖြေတာ အမှတ် ၄၉၅ကျော် ရလို့လား မသိဘူး နာရီတစ်လုံးရတယ်။ နောက်ပိုင်း ဈေးနားက နန်းမြအေးတို့ အိမ်မှာ ဝိုင်းပုံစံ တက်လိုက်သေးတယ်။ ခဏပါပဲ။ အဲဒီနောက်ပိုင်းကျမှ ကျားညိတို့ဝိုင်းကို ရောက်တော့တယ်။ သူ့မိဘတွေနဲ့ ကျွန်တော့်ဦးလေးနဲ့က သူငယ်ချင်းတွေတဲ့။ ဒီဝိုင်းကိုရောက်မှ အခုသူငယ်ချင်းတွေနဲ့ အရမ်းခင်သွားကြတော့တယ်။
အဟောက်က ဝီရိယ အရမ်းကောင်းတယ်။ ကျောင်းမှာဆို အချိန်ရှိသရွေ့ အော်ကြီးဟစ်ကျယ် စာကျက် နေတတ်တယ်။ ဒီကောင်က သဘောကောင်းတယ် ဒါပေမယ့် ပေပေတေတေ နေတဲ့ကောင်။ စကားပြောချင်ရင်လည်း စိတ်လိုလက်ရတွေ လာပြောနေတတ်တယ်။ တခါတလေ ကိုယ်ကပြန်ပြောရင် မသိသလို လုပ်နေတတ်သေးတယ်။ Family ဆိုတဲ့ စာရေးကိရိယာဆိုင် ဖွင့်ထားတယ်။ သူ့အိမ်မှာ စာမေးပွဲ ဖြေခါနီး စာသွားကျက်တော့ သူ့မားသားကြီးက တရုတ်အားတိုးဆေးလုံးကြီး တိုက်လိုက်လို့ တမေ့မော အိပ်ပျော်သွားတာ မှတ်မိသေးတယ်။ ယဉ်ထွန်းက စာသိပ်တော်တယ်။ မှတ်ဉာဏ်လည်း ကောင်းတယ်။ ဒီကောင်နဲ့ စာပြိုင်ဆိုရင် ကျွန်တော် ပြတ်ကျန်ခဲ့တာချည်းပဲ။ လျှာကလည်း မြန်သလားမမေးနဲ့။ တွတ်တွတ်တွတ်တွတ်နဲ့ တရစပ် ပြန်ဆိုနိုင်တာ။ သင်္ချာတွက်ရင်လည်း အဲဒီလိုပဲ ပါးစပ်ကနေ အရင်တွက်သွားလိုက်တာ မြန်မှမြန်။ ဒီကောင်က အသံကောင်းတယ်။ အဲဒီဝိုင်းမှာ ရှောက်ချမ်းဆိုတာ တစ်ကောင် ရှိသေးတယ်။ သူနဲ့ကတော့ ကျွန်တော်တို့ သိပ်အဖွဲ့မကျလိုက်ဘူး။ ဒီကောင်လည်း အသံကောင်းတာပဲ။ လေးဖြူတို့လို အသံမျိုး။ အဲဒီတုန်းက လေးဖြူရဲ့ ကမ္ဘာသစ်တေး၊ မျိုးကြီးရဲ့ ကျောက်စာများနဲ့ ကျွန်တော်က ဂစ်တာတီး ယဉ်ထွန်းကအော်နဲ့ တော်တော်ပျော်ဖို့ကောင်းတယ်။ ကျော်လှက ကျွန်တော့်ရဲ့ တရုတ်ဘာသာဆရာ။ သူက ကျွန်တော့်ကို တရုတ်စာရေးနည်း အသံထွက်တွေ သင်ပေးဖူးတယ်။ ဒီကောင်က ကျွန်တော်တို့ အခန်းကတော့ မဟုတ်ဘူး။ ဒါပေမယ့် ယဉ်ထွန်းတို့နဲ့ ပတ်သတ်ပြီး တော်တော်ခင်သွားကြတာ။ ကျော်ကျော်ထွန်းရဲ့ တရုတ်နာမည်က အားနုံတဲ့။ ကျွန်တော်တို့က ဦးနုံပဲ ခေါ်တယ်။ ထူအအ ပုံစံပေါက်နေလို့။ တကယ်တမ်းက သူလည်း စာသိပ်တော်တယ်။ ယဉ်ထွန်းလိုပဲ။ ဒီကောင်က အားလုံးထက် ပိုငြိမ်တယ်။ ကျွန်တော်တို့ ညဘက်တွေ သောင်းကျန်းကြပြီဆို သူမပါတတ်ဘူး။ ဒီကောင်လည်း စာပဲလုပ်နေတော့ အဲဒီကတည်းက ဘိုးတော်ရုပ် ထွက်နေတယ်။ အခုတော့ မန္တလေး ဆေးတက္ကသိုလ်မှာ သမီးလေးတွေရဲ့ ဆရာလုပ်နေလေရဲ့။ ထွေးအောင်ဆိုတဲ့ အားနိမ့်နဲ့က ဆယ်တန်းမှခင်တာ။ ဒီကောင်ကမင်းသား။ Heskey ဆိုတဲ့ ဆိုင်ကယ်ကြီးစီးပြီး ကောင်မလေးတွေကို ဖမ်းစားတတ်တယ်။ ဒါပေမယ့် အချစ်ရေး ကံမကောင်းဘူး ဘာညာနဲ့ ကျွန်တော့်ကို ပြောဖူးသလားပဲ သေချာတော့ မှတ်မိတော့ဘူး (ဟိ)။
ဆယ်တန်းနှစ်မှာ ကျွန်တော်နဲ့ အတွဲဆုံးက မြင့်ဆွေ။ မြင့်ဆွေတို့ဝိုင်းက ကောင်မလေးတွေ ချောလို့တဲ့ နာမည်ကြီးတယ်ဗျား။ ဒီကောင်ကလွဲပြီး ကျန်တဲ့သူတွေနဲ့ သိပ်မခင်ပါဘူး။ ဒီကောင်က စာထက် အတွေးအခေါ်ပိုင်းမှာ ပိုသန်တယ်။ အလုပ်လည်း ကြိုးစားတယ်။ သူတို့က အရင် ဈေးမြောက်ဘက်မှာ အိုးတွေ ရောင်းတယ်။ သမာဓိနဲ့ ကပ်လျက်ပဲ။ ကျွန်တော်နဲ့ ဒီကောင်နဲ့တွေ့ရင် ကြီးကြီးကျယ်ကျယ်တွေ စကြာဝဠာကစလို့ ပြောဖြစ်ကြတယ်။ ဒီကောင့် တရုတ်နာမည်က သာဖိန့်တဲ့။ ဒါပေမယ့် သူက သူ့ကိုယ်သူ ဂျွန်လော့ဒ်ကို အားကျပြီး ဂျွန်ဖိန့်လို့ ပြောတတ်တယ်။ ဒီကောင်ကအခု ထိုင်ဝမ်မှာ ကျောင်းမပြီးသေးဘူးနဲ့တူတယ်။ သူရအောင်ဦး ဆိုတဲ့ အားတီက မြင့်ဆွေနဲ့ ပတ်သတ်ပြီး ခင်လာတာ။ ဒီကောင်က အရင် ဆီလုပ်ငန်းလုပ်တယ်။ သူလည်း မင်းသားပဲ။ အခုတော့ အိမ်ထောင်ကျပြီး အီလက်ထရောနစ် ပစ္စည်းတွေကိုင်နေလေရဲ့။ သူ့မိန်းမကို ကျွန်တော်တို့က အပျိုကြီးလို့ခေါ်တာ မှတ်မိတယ်။ ကျော်လှတို့အိမ်နားက စတိုးဆိုင်က။ နာမည်တော့ သိပ်မမှတ်မိတော့ဘူး။ စောစိုးနေဝါးဆိုတာ ကျွန်တော်တို့ ကျောင်းတက်တုန်းက သူ့အဖေက ကချင်ပြည်နယ် ရဲမှူးကြီး။ ဒီကောင်ကလည်း တခါတလေ အူကြောင်ကြောင်။ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ ကျွန်တော်ရယ် ဒီကောင်ရယ် အဲဒီတုန်းက အညံ့ဆုံးပဲ။ ဒီကောင့်မှာ အမတစ်ယောက် ညီမတစ်ယောက်၊ အကိုတစ်ယောက် ရှိတယ်။ အားလုံး ချောကြတယ်။ ဒါပေမယ့် ဒီကောင်က ကျန်တဲ့ ကျွန်တော့်သူငယ်ချင်းတွေနဲ့ သိပ်မခင်ဘူး။ တွဲဖြစ်တာက ကျွန်တော်ရယ်၊ မြင့်ဆွေရယ် နှစ်ယောက်ပဲ ရှိတယ်။ အားယုံနာမည်က အောင်နိုင်မြင့်။ သူတို့ဆိုင်က မြစ်ကြီးနားဈေး အနောက်မြောက်ထောင့်မှာ။ နာမည်ကြီးပဲ။ သူနဲ့ အားနိမ့်နဲ့က အတွဲညီတယ်။ လုပ်ပုံကိုင်ပုံတွေ တူကြတယ်။
မိန်းခလေးတွေထဲက ကျားညိ၊ အကျားနဲ့ ပြုံးချိုက ပုံစံတူတယ်။ သူတို့ကို ကြည့်လိုက်တိုင်း သနပ်ခါး ဘဲကြားလေးတွေနဲ့။ စကားလည်း နည်းကြတယ်။ စာမှာတော့ ဆရာကြီးတွေပေါ့။ အတူးက သူတို့နဲ့ သိပ်မတူဘူး။ သူက သွက်တယ်။ ကျောင်းမှာ စတားပေါ့။ ကျားညိက မန္တလေးဆေးကနေ ဒေါက်တာဖြစ်နေပြီ။ ဒီအလုပ်နဲ့ သူနဲ့က လိုက်ပါတယ်။ သူက အေးလည်းအေးတယ်။ စာလည်းတော်တယ်ဆိုတော့။ အကျားက MIT ကနေ စင်္ကာပူ NTU မှာဘွဲ့လွန်တွေတက်ပြီး အခုတော့ ထောနေပြီ ကြားတယ်။ ကျွန်တော်နဲ့သူနဲ့ စင်္ကာပူမှာ တစ်ခါပဲ ကောင်းကောင်း ဆုံလိုက်တယ်။ ခင်ခင်ထွေးလည်း အဲဒီမှာပဲ။ အတူးက မန္တလေးကနေ Pharmacy နဲ့ကျောင်းပြီးတယ်။ အခုတော့ ဒီဇင်ဘာမှာ ဘာလုပ်မယ် ဆိုလားပဲ။ မိစံက ဖြူမိစံကနေ ဖြူမင်းစံလို့ နာမည်ပြောင်းလိုက်တယ်။ ကျောင်းတုန်းက သူနဲ့ အဲဒီလောက် မခင်ဘူး။ သူလည်း ၁၀တန်းမှာ ရန်ကုန်ကို ပြောင်းသွားတာ။ ဒါပေမယ့် ခင်သာမခင်တယ် သူ့နာမည်က အမြဲကြားနေရတာမို့ (?) လူချင်း သေချာမခင်သေးခင် ကတည်းက ရင်းနှီးနေတာ။ ၁၀တန်းပြီးတော့ သူတို့ မြစ်ကြီးနား လာလည်တော့မှ ကျွန်တော်တို့ တော်တော် ခင်သွားကြတော့တယ်။ သူလည်း ထိုင်ဝမ်သွားလိုက်သေးတယ်။ အခုတော့ စင်္ကာပူမှာ အခြေကျနေပြီပေါ့။ ပြုံးချိုက နာမည်နဲ့လိုက်အောင် အမြဲပြုံးနေတတ်တယ်။ ကျွန်တော် စင်္ကာပူမှာတုန်းက သူဓာတ်လိုက်ခံရတဲ့သတင်း ကြားလိုက်ရတော့ စိတ်တော်တော်မကောင်း ဖြစ်သွားတယ်။ မဟာဓာတ်အားလိုင်းကြီး ကိုယ်ပေါ်ကို ဖြတ်စီးတာ ကံကောင်းလို့ မသေဘဲ လွတ်သွားတဲ့သူပေါ့။
ကျွန်တော်တို့ ဝိုင်းတက်တာ သိပ်ပျော်ဖို့ကောင်းတယ်။ စာသင်ပြီးရင် ကျွန်တော်တို့တွေ အုပ်စုလိုက် မြို့သစ်ထဲက အသုတ်ဆိုင်လေးမှာ အမြဲသွားတီးကြတယ်။ တခါတလေလည်း လီဒိုလမ်းတလျောက် ဆိုင်ကယ်တွေ ပတ်စီးကြပေါ့။ တခါတလေလည်း ကာရာအိုကေတွေ သွားဆိုကြသေးတယ်။ အောင်စာရင်းတွေ ထွက်တော့ ကျွန်တော် မြစ်ကြီးနား တက်လာတဲ့အချိန်မှာ ဗလမင်းထင် တံတားကလည်း ပြီးနေပြီ။ ဆိုင်ကယ်တွေနဲ့ တရုတ်တောင်ဘက်ကို သွားလည်ကြတာ ကျွန်တော့် ဘဝမှာ သူငယ်ချင်းတွေနဲ့ ပျော်စရာအကောင်းဆုံး အမှတ်တရ တစ်ခုပါပဲ။ ဒါမျိုးဟာ နောက်တစ်ခါ ပြန်မရနိုင်တော့ဘူးလေ။ ဒီလူတွေအားလုံး ပြန်စုံဖို့ ဆိုတာလည်း မလွယ်တော့ဘူး။ တရုတ်သင်္ချိုင်း ကန်တော့ပွဲမှာ သောက်ကြစားကြတာတွေလည်း ပြန်သတိရနေမိတယ်။ ဟိုးအရင်က ဆုတောင်းပြည့် ဘုရားရှေ့က လမ်းကြားလေးဟာ အခုဆို Lover Lane ဆိုပြီး နာမည်ကြီးနေပြီ။ ဧရာဝတီမြစ်တလျောက် ဆိုင်လေးတွေနဲ့ အတွဲတွေနဲ့ သာယာလို့နေတယ်။ အရင်ကျွန်တော်တို့ သွားတုန်းက တက္ကသိုလ်ရှေ့က ကျောက်ခင်းလမ်းကြီးလည်း အခုတော့ နိုင်လွန်ကတ္တရာတွေနဲ့ ဖြူးလို့။ ရေစင်ကြီးမှာတော့ ပျားအုံကြီးတွေ ရှိနေတုန်းပဲ။ အရင် ဘူတာတိုက်တန်းတွေ နေရာမှာ စတိုးဆိုင်တွေနဲ့ စည်ကားနေပြီ။ ညဈေးက ကြက်ဥကဇော်ကလည်း သောက်လို့ ကောင်းတုန်းပဲ။ ဒါပေမယ့် ညဈေးက အင်္ကျီဈေးတန်းကြီးလို ဖြစ်နေပြီ။ ညနေခင်းဆို နနွင်းတက်နံ့လေးတွေ၊ မီးခိုးနံ့လေးတွေကတော့ ရနေတုန်းပဲ။ ဟိုးတုန်းက ကျွန်တော် စားနေကျ ညီအမသုံးယောက်ရဲ့ အသုတ်ဆိုင်ကိုတော့ မတွေ့တော့ဘူး။
ဒီတစ်ခေါက် ၁၀နှစ်ကျော်အကြာမှာ ကျွန်တော် မြစ်ကြီးနားကို ပြန်သွားတော့ လူတွေ မစုံတော့ဘူး။ ကိုယ့်အလုပ်တွေနဲ့ကိုယ်လည်း ဖြစ်နေကြပြီ။ သူငယ်ချင်းဟောင်းတွေနဲ့ ကိုယ့်မြို့လေးမှာ ပြန်တွေ့တာ ဝမ်းသာမိပေမယ့် အရင်ကလို ကလေးဘဝ ပျော်ရွှင်မှုတွေကိုတော့ မရနိုင်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ သူငယ်ချင်းတွေအားလုံး ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ စီးပွားရေးသမားတွေ ဖြစ်ပြီး အောင်မြင်နေကြတာကို ကျွန်တော် ဂုဏ်ယူမိပါတယ်။ ကျွန်တော်ကတော့ သူတို့တွေကို ဒီနေရာကနေပဲ အမှတ်တရ မှတ်တမ်းတင်နိုင်သူပေါ့။
You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.