မြစ်ကြီးနားခရီး (၁)
မြစ်ကြီးနားခရီး (၁)
အမှန်ကတော့ ကျွန်တော့်မှာ မြစ်ကြီးနားကိုသွားဖို့ အစီအစဉ် မရှိခဲ့ဘူး။ အဓိက အကြောင်းရင်းကတော့ ပိုက်ဆံ မရှိလို့ပါပဲ။ မရောက်တာ ၁၀နှစ်ကျော် ကြာပြီဖြစ်တဲ့ ကျွန်တော်ချစ်တဲ့ ဒေသလေးကို ပြန်သွားချင်စိတ်ကတော့ ပေါ်နေတာ တော်တော်ကြာပါပြီ။ ဒီလိုနဲ့ တစ်နေ့ကျတော့ သွားဖို့ အကြောင်းက ဖန်လာတယ်။ UNDP ရဲ့ HDI ပရောဂျတ်တွေကို စစ်တမ်းကောက်ပေးတဲ့ အဖွဲ့တစ်ခုက ကျွန်တော့်ကို အဲဒီကို လိုက်ဖို့ ခေါ်တယ်။ ခရီးစရိတ်ဘာညာ အကုန်အကျအကုန် ခံမယ်လို့ ဆိုတယ်။ အားကလည်းနာ၊ ကိုယ်ကလည်း သွားချင်ဆိုတော့ လိုက်သွားဖြစ်ခဲ့တာ။ ညနေ ငါးနာရီ ကားထွက်မယ်ဆိုတာ ၄နာရီမှ အသဲအသန် အဝတ်အစားတွေ ပြင်ရတာ။ ကျွန်တော်ရယ် ယောသားရယ် နှစ်ယောက်လိုက်သွားကြတယ်။ အိတ်ထဲမှာ တစ်သောင်းကျော်ကျော်လေးပဲ ပါတယ်။
တကယ်တမ်း ကျွန်တော်သူများ ပိုက်ဆံကို သုံးရတာ အရမ်းအားနာတယ်။ ပြီးတော့ ကိုယ်က သူများ ပိုက်ဆံကို သုံးတဲ့အခါ ကန့်သတ်မှုတွေ ထားရတယ်။ အဲဒီအခါ စိတ်က မလွတ်လပ်ဘူး။ ဒါကြောင့် အိမ်ကို ပိုက်ဆံလှမ်းတောင်းပါတယ်။ အလုပ်မလုပ်ဘဲ ခရီးတွေ လျှောက်သွားနေတဲ့ ကျွန်တော် အိမ်ကို တောင်းရတာလည်း တော်တော်တော့ မျက်နှာပူတယ်။ ဒါကြောင့် အလုပ်နဲ့ သွားတာ ဆိုပြီး နဲနဲ မုသားဖြူလေးနဲ့ လိမ်လိုက်တယ်။ ဟုတ်တယ်လေ ခရီးသွားပြီး Observation လုပ်တာက ကျွန်တော် ဝါသနာပါတဲ့ အလုပ်ပဲကိုး။ ဒီတော့ အိမ်က ပိုက်ဆံ တစ်သိန်းခွဲ လွှဲပေးလိုက်တယ်။
မန္တလေးမှာ ကျွန်တော်တို့အဖွဲ့ တည်းရမယ့် နေရာက ဘုရားကြီးနားက ဘုန်းကြီးကျောင်းတစ်ခု။ ကျွန်တော်က အဲဒီညမှာ ဘီယာသောက်ဖို့က သေချာသလောက် ရှိနေတာမို့ ဘုန်းကြီးကျောင်းမှာ မအိပ်ဘဲ သူငယ်ချင်းတစ်ယောက် အိမ်မှာ အိပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ညကျတော့ ကိုဂျေရယ်၊ ကျွန်တော်ရယ်၊ ပုဃံနတ်လေးရယ်၊ မျိုးကျော်ထွန်းရယ် ဆုံဖြစ်ကြတယ်။ 74လမ်းက Beer House မှာ။ စကားတွေပြောကြ စကြနောက်ကြပေါ့။ ၁၂နာရီလောက်မှ စခန်းသိမ်းသွားတယ်။ နဲနဲမူးတယ်။ ဒါတွေကိုသိလို့ ကျွန်တော် ဘုန်းကြီးကျောင်း ပြန်မအိပ်တာ။ အရက်သောက်ပြီး ကျောင်းပေါ်တော့ မတက်ချင်ဘူးလေ။
မြစ်ကြီးနားရထားက ၅နာရီထွက်တယ်။ ဒုတိယအမြန် ရိုးရိုးတန်းပဲရတယ်။ တကယ်ဆို ကျွန်တော် ရိုးရိုးတန်းကို တော်တော် စိတ်ပျက်တာ။ အဲဒီအတန်းအကြောင်းကို ကောင်းကောင်းကြီး သိထားတယ်။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲ။ သွားပေါ့။ ခရီးလမ်းတစ်လျောက်က ရထားစီး အတွေ့အကြုံတွေကိုတော့ ဒီနေရာမှာ ရေးထားတာမို့ ထပ်မရေးတော့ပါဘူး။ ရထားပေါ်မှာ ယောသားက တော်တော်မူးနေတယ်။ သောက်တာကိုး။ မူးနေတာ ဘာမှ မဖြစ်ဘူး ယစ်တာက ဆိုးတယ်။ ဒီကောင်ယစ်ရင် စကားတော်တော်များတယ်။ နောက်တော့ ဒီကောင့်ကို အတင်းအိပ်ခိုင်းလိုက်တယ်။ ကျွန်တော်က မသောက်ဘူး။ ဒီအဖွဲ့ထဲက တော်တော်များများက ကျွန်တော်နဲ့ သိပ်ရင်းနှီးတာ မဟုတ်သေးလို့ သတိထားရတယ်။ ကိုယ့်ကြောင့် သူများ စိတ်အနှောက်အယှက် မဖြစ်စေချင်တာလည်း ပါတယ်။ ရင်းနှီးတဲ့သူတွေ မဖြစ်သေးတဲ့ အချိန်မှာ စိတ်ကို အရှိအတိုင်း လွှတ်မပေးရဘူး၊ အရာရာ သတိထားရမယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဒါကြောင့် ကျွန်တော် မသောက်ပါ။
ဒီလိုနဲ့ ရထားအကြာကြီး စီးလိုက်တော့မှ ကျွန်တော်တို့ တော်တော်ရင်းနှီးသွားကြတယ်။ ကိုဆင်၊ ကိုထွန်း၊ ကိုကြည်၊ ကိုအုတ်၊ ကိုငယ်၊ မအိ၊ မခိုင်၊ မမိုး၊ မနီ အားလုံးက ခင်ဖို့ကောင်းကြပါတယ်။ လမ်းမှာ ထမင်းတွေ ဝယ်စားလိုက်၊ မုန့်တွေ ဝယ်စားလိုက်နဲ့ ပိုက်ဆံကလည်း တအိအိ ကုန်လာတယ်။ မြစ်ကြီးနားကိုရောက်တော့ ည၁၀နာရီ ထိုးပြီ။ တည်းခိုခန်းဟာ တော်တော်စုတ်တယ်။ ကျွန်တော် ခရီးသွားရင် တဘက်တွေ၊ ဆပ်ပြာတွေ ထည့်မသွားတတ်တော့ ဟိုရောက်မှ အကုန် ဝယ်ရရော။ အခန်းထဲမှာ ထွန်းထားတဲ့မီးက လက်သန်းလောက်လေး၊ အဲဒါကို ည၁၁နာရီထိုးရင် ပိတ်သေးတယ် စဉ်းစားသာ ကြည့်တော့။ သရဲခြောက်လို့တဲ့ အဖွဲ့သားတွေ ကြောက်နေကြတယ်။ ယောသားကြီးဆိုတာ ပြောစရာတောင် မရှိတော့ဘူး။ အိမ်သာသွားရင်တောင် လိုက်စောင့်ပေးနေရတယ်။
နောက်တစ်နေ့ မနက်ကျတော့ ကျွန်တော်နဲ့ ယောသားက မြို့ပေါ်မှာ နေရစ်ခဲ့ပြီး သူငယ်ချင်းဟောင်းတွေနဲ့ တွေ့ဆုံပါတယ်။ အားတီရယ်၊ ကျော်လှရယ်၊ အားနိမ့်ရယ်၊ အတူးရယ်၊ ကျားညိရယ်။ ကျားညိက ဒေါက်တာဖြစ်နေပြီ။ ကျော်လှနဲ့ အားနိမ့်က ထိုင်ဝမ်မှာ ကျောင်းသွားတက်ပြီး အခုတော့ မြစ်ကြီးနားမှာပဲ ပြန်အလုပ်လုပ်ကြတယ်။ အားတီက အရင်ဆီလုပ်ငန်းကို ဖြုတ်ပြီး အီလက်ထရောနစ် ပစ္စည်းဆိုင် ဖွင့်ထားတယ်။ အောင်မြင်နေပြီ။ အတူးက ဒီဇင်ဘာ မင်္ဂလာဆောင်မယ်။ အားယုံလည်း ဒီဇင်ဘာပဲတဲ့။ အဟောက်ဆိုတဲ့ Family စတိုးက ဘူဇွာကတော့ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ အစောဆုံး အိမ်ထောက်ကျတာပဲ။ ဒီကောင်နဲ့တော့ မတွေ့ခဲ့ဘူး။ ဖားကန့်မှာ ဒီဇယ်ဘူဇွာကြီး ဖြစ်နေတယ်ကြားတယ်။ အားတီဆီက ဆိုင်ကယ်ကို ယူပြီး နေ့လည်ဘက်ကျတော့ ကျွန်တော် နေခဲ့တဲ့ အထက(၃)ကို သွားတယ်။ ဆရာဆရာမတွေကို နှုတ်ဆက်တယ်။ ဒေါ်သိန်းမြင့်အိမ်ကို သွားတယ်။ ဆရာမက ချော်လဲပြီး ခြေထောက် မကောင်းတော့ဘူး။ ချောစုစံနဲ့လည်း တွေ့သေးတယ်။ ညဘက် ညစာစားဖို့ ချိန်းကြတာ လွဲသွားတယ်။ ဒါနဲ့ ညဈေးမှာ ကြက်ဥကဇော်သောက်တယ်၊ အမဲသားလုံးစွပ်ပြုတ် သောက်တယ်။ စောစောအိပ်တယ်။
နောက်တစ်နေ့ကျတော့ ကျားညိနဲ့ အတူး လာရှာပြီး မုန့်သွားစားကြတယ်။ ပြီးတော့ ကျွန်တော် ကျားညိ ဆိုင်ကယ်နဲ့ အရင်က ကိုယ်သွားခဲ့ဖူးတဲ့ နေရာလေးတွေ လိုက်ကြည့်တယ်။ မြစ်ကြီးနားဟာ ၁၀နှစ်အတွင်းမှာ ပြောင်းလဲသွားတယ်။ ရုပ်ဝတ္ထုအနေနဲ့ အများကြီး မပြောင်းလဲပေမယ့် မြို့ဟာ အများကြီး စည်ကားလာတယ်။ လမ်းပေါ်မှာ စိနတိုင်းက ဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ ကားတွေနဲ့ ဆူညံနေတယ်။ မြို့ထဲက အရင်တန်းလျားတွေ နေရာမှာ တိုက်ကြီးတွေ ဖြစ်လာတယ်။ စတိုးဆိုင်တွေ အများအပြား ဖြစ်လာတယ်။ တရုတ်က ခင်းပေးထားတဲ့ လမ်းတွေဟာ ရန်ကုန်ထက် အများကြီး သာတယ်။ မြစ်ကြီးနား တက္ကသိုလ်ဘက်က အရမ်းစည်ကားသွားတယ်။ တက္ကသိုလ် လာတက်တဲ့ သူတွေနဲ့ ဘော်ဒါတွေနဲ့။ အရင်တုန်းက ကျောက်ခင်းလမ်းကြီးဟာ အခုဆို နိုင်လွန် ကတ္တရာဖြစ်သွားပြီး ဆိုင်ကယ်စီးရတာ တော်တော် အရသာရှိတယ်။ ဒါပေမယ့် မြစ်ကြီးနား တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ နာမည် မကောင်းကြဘူး။ မူးယစ်ဆေးဝါး၊ လိင်ကိစ္စတွေနဲ့ ပတ်သတ်နေတယ်လို့ ကြားရတယ်။ ကောင်းတဲ့လူတွေလည်း ရှိမှာပါပဲ။ လဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း တရုတ်ပြည်နဲ့ ကားလမ်းပေါက်သွားတဲ့အတွက် ဒီဆယ်နှစ်အတွင်းမှာ မှောင်ခိုလုပ်ငန်းတွေ အရမ်း အောင်မြင်ခဲ့တယ်ဆိုတဲ့သတင်း ကြားရတယ်။ တရုတ် သစ်မုဆိုးတွေရဲ့ အံ့မခန်း အစွမ်းတွေကိုလည်း ကြားရပါပြန်တယ်။ အစိုးရ စစ်ဆေးရေးဂိတ်တွေ ပိတ်တဲ့အချိန်တွေမှာ သစ်တင်ကားတွေ အစီးရာနဲ့ချီ လာကြသတဲ့။ ပြီးရင် သစ်တွေတင်ပြီး ယာဉ်တန်းကြီးနဲ့ သယ်ကြတယ်။ တကယ်လို့များ ရှေ့ကကားတစ်စီးစီး ပျက်သွားရင် ပြင်မနေပါဘူးတဲ့။ ပြင်နေရင် ကျန်တဲ့ကားတွေပါ အဖမ်းခံရမှာ စိုးတာမို့ အဲဒီပျက်တဲ့ကားကို ချောက်ထဲတွန်းချလိုက်ကြတယ်။ ပြီးရင် ကားပေါ်က သစ်တွေကို သယ်တယ်။ ဟိုဘက်ကိုရောက်ပြီး သစ်တွေချ၊ အားလုံးပြီးပြီဆိုမှ ခုနက ချောက်ထဲကကားကို လာဆယ်ကြတယ်တဲ့။ ကောလဟာလတွေလား အစစ်အမှန်သတင်းတွေလား ဆိုတာတော့ ကျွန်တော်လည်း သေချာမသိဘူး။ အဲဒီကလူတွေ ပြောနေကြတာပဲ။
ညရောက်တော့ ကျွန်တော်တို့ သူငယ်ချင်းတွေ မိတ်ဆုံစားပွဲ လုပ်ကြတယ်။ အားလုံး ဒီလို မတွေ့ရတာ ၁၀နှစ်ကျော် ကြာခဲ့ပြီပေါ့။ ဘီယာတစ်ခွက်နှစ်ခွက်သောက်ပြီး ကျွန်တော်တို့ အနှိပ်ခန်းကို ချီတက်ကြတယ်။ အနှိပ်ခန်းဆိုလို့ တလွဲမတွေးပါနဲ့ဦး။ ရိုးရာအနှိပ်ခန်းပါ။ ခြေ၊လက်၊ နဖူး၊ တံတောင်၊ ဒူးတွေနဲ့ ထိုးနှက်တိုက်ခိုက်တဲ့ဒဏ်ကို ခံရအပြီးမှာတော့ ကျွန်တော်တို့ တည်းခိုခန်းကို ပြန်လာခဲ့တော့တယ်။
30.10.2008
မနေ့က ကွန်ပျူတာနဲ့ ဓာတ်ပုံလေးတွေ ပြင်နေရင်း အကြောဆန့်လိုက်တာ ဇက်ကြောဘာဖြစ်သွားတယ် မသိဘူး။ အုန်းလွဲသလိုလည်း မဟုတ်ဘူး။ ဇက်ကြောညပ်သွားတယ်။ အိပ်နေရင် ခေါင်းကို မလို့မရတော့ဘူး။ တောင့်တောင့်ကြီး ဖြစ်သွားတယ်။ ဗူးလေးရာ ဖရုံဆင့်၊ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ။ မျက်နှာသွားသစ်တော့ အောက်မှာ ချထားတဲ့ သံပြားချွန်ကို ခြေထောက်နဲ့ တည့်တည့်ကြီး သွားထိုးမိပြန်တယ်။ နာချက်ကတော့ ကမ်းကုန်။ ဒါနဲ့ ခြေထောက်လည်း တောင့်တောင့်ကြီး ဖြစ်သွားပြန်ရော။ ခြေထောက်တောင့်၊ ခေါင်းတောင့်နဲ့ အိပ်ယာဝင်တော့ မန်လည်ဆရာတော်ကြီးရဲ့ ပဒုမ ပေါင်တိုကဗျာလေး သွားသတိရမိပြီး ရယ်နေမိတယ်။ တလွဲမတွေးကြပါနဲ့ဦး။ ကျွန်တော့်မယ် ဒဏ်ရာတွေကြောင့် ခါးပါတောင့်တောင့်ကြီး ဖြစ်သွားလို့ပါဗျား။
ခြေတောင့် ဇက်တောင့် ခါးပါတောင့်သည်
တောင့်တောင့်သုံးတောင့် တောင့်တောင့်တောင့်
You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.