Friday, October 31, 2008

[အောင်မြေ] 1 New Entry: ကမ္ဘာ့ဘာသာအယူဝါဒများ (၁)

ကမ္ဘာ့ဘာသာအယူဝါဒများ (၁)

ဘ၀ကိုဘယ်လို ရပ်တည်နေထိုင်ကြမလဲ၊
တစ်ပါးသူကို ဘယ်လို ဆက်ဆံပြုမူကြမလဲ၊
ဒုက္ခဆင်းရဲတွေကို ဘယ်လို ရှောင်ရှား ကြမလဲ ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့၊ ဘဝဆိုတာဘာလဲ၊

စကြဝဠာဘာကြောင့် တည်ရှိနေရသလဲ၊
လူတွေသေပြီးရင် ဘာဖြစ်ကြကုန်သလဲ စတဲ့ စိတ်ပိုင်းဆိုင်ရာ မေးခွန်းတွေက လူသားတွေကို ဒီနေ့ထိ ဒုက္ခပေးနေဆဲ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို ဖြေဆိုဖို့ ဘာသာတရားအသီးသီးက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ကြိုးစားခဲ့ကြပါတယ်။ လူ့သမိုင်း အတွက် လူများစုရဲ့ ဘဝနေနည်းနဲ့ ဘဝအဓိပ္ပာယ်ကို ဘာသာရေးက ပေးခဲ့ပါတယ်။ အယူဝါဒချင်း တွေ့ကြတဲ့အခါ ဒါမှမဟုတ် အယူဝါဒနဲ့ ဘာသာမဲ့တို့ ဆုံကြတဲ့အခါမှာ ဒီနေ့ကမ္ဘာကြီးမှာရော၊ တိုးတက်မှုနှေးကွေးတဲ့ အတိတ်တုန်းကပါ အငြင်းအခုန်တွေ နှလုံးထိခိုက်ရတဲ့ အကြမ်းဖက်မှုတွေ စိမ်ခေါ်မှုနဲ့ အပြောင်းအလဲတွေ မကြာခဏ ကြုံတွေ့ကြရ ပါတယ်။

တစ်ဦးရဲ့ယုံကြည်မှုကို တစ်ဦးကပိုပြီး သဘောပေါက် နားလည်လာမယ်ဆိုရင် ယုံကြည်မှု စနစ်ချင်းမတူ ကွဲပြားမှုကြောင့် ပေါ်ထွက်လာတဲ့ ပြဿနာတွေကို ပိုပြီးလွယ်လွယ်ကူကူ ဖြေရှင်းနိုင်လိမ့်မယ်လို့ လူအများက ယူဆလာကြ ပါတယ်။ ဒါပေမယ့် သိထားယုံနဲ့မလုံလောက်၊ အမှန်တကယ် နားလည်သဘောပေါက် ကြဖို့ လိုအပ်ပါတယ်။ ဘာသာအယူဝါဒတွေရဲ့ နောက်ခံသမိုင်းကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဖော်ပြချက်ကနေ နက်နက်ရှိုင်းရှိုင်း ထဲထဲဝင်ဝင် ဆက်လက် လေ့လာကြဖို့ ရည်ရွယ်ပါတယ်။ ကိုယ်လက်ခံထားတဲ့ အယူဝါဒနဲ့ မကိုက်ညီတဲ့ တင်ပြချက်တွေ တွေ့ရတဲ့အခါ ဒါတွေကို စတင်လေ့လာမှု တာထွက် အဖြစ် သဘောထားရပါမယ်။

ဘာသာဆိုတာ " ပြန်လည်ဆက်စပ်ခြင်း " လို့ အဓိပ္ပာယ်ရပါတယ်။ သမိုင်းတစ်လျှောက်လုံးမှာ လူသားတွေက ကမ္ဘာကြီးရဲ့ အထူးအဆန်း အံ့သြစရာတွေနဲ့ ထိတွေ့ခဲ့ရတိုင်း ဒီအဖြစ်အပျက်ရဲ့ အကြောင်းရင်းတွေကို သိရှိနားလည်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ တစ်နည်းအားဖြင့် ဒီအဖြစ်အပျက်တွေရဲ့ မူလအရင်းအမြစ်နဲ့ ပြန်လည်ဆက်သွယ်ဖို့ ကြိုးစားခဲ့ကြ ပါတယ်။ ခေတ်သစ် သိပ္ပံပညာရှင်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးပမ်းကြသလို ဘာသာရေး တရားတွေကလည်း ကမ္ဘာကြီးရဲ့ မူလအစနဲ့ ပြန်လည်ဆက်စပ်ဖို့ အားထုတ်ကြပါတယ်။

ဒီလို ပြန်လည် ဆက်စပ်ဖို့ နည်းနာနိဿယျ တွေကိုလည်း ဘာသာတရားတွေက ပေးပါတယ်။ မမျှော်လင့်ဘဲ အစစ်အမှန်နဲ့ တိုက်ရိုက် ထိတွေ့မှုရဖို့ ဓာတ်စီးသူနဲ့ အားကိုးရှာသူ၊ နတ်ဝင်သည်နဲ့ နတ်မေးသူ စတဲ့ ပုံသဏ္ဍာန်မျိုးစုံ နာမ်လောက လုပ်ငန်းတွေကို မြင်တွေ့ရပါ လိမ့်မယ်။ အစစ်အမှန်က လူသားတွေနဲ့ တသီးတခြား လွတ်လွတ်ကင်းကင်း တည်ရှိနေတာဖြစ်ပြီး စကားလုံးတွေကို ကျော်လွန်တဲ့ နောက်ဆုံးအပြီးသတ် အမှန်တရားပါ။ အစစ်အမှန်ကို ဘယ်လို နားလည် သဘောပေါက်သလဲ ဆိုတဲ့ အချက်က အစစ်အမှန်ကို ဘယ်လိုရောက်အောင် အဓိပ္ပာယ်ဖွင့်ဆိုမလဲ၊ အစစ် အမှန်ဆီ ဘယ်လိုရောက်အောင် သွားမလဲဆိုတဲ့ အချက်တွေပေါ်မှာ တည်ပါတယ်။

ယဉ်ကျေးမှုမျိုးစုံ ရောယှက် ကူးလူးတိုးပွား ဖြစ်ထွန်းနေတဲ့ ကမ္ဘာကြီးမှာ ဘာသာတရားတွေ အားလုံး တစ်ခုနဲ့တစ်ခု အမှန်တကယ် ပဋိပက္ခ ဖြစ်ပွားနေကြပါသလား၊ ဒါမှမဟုတ် တစ်ခုတည်းသော အစစ်အမှန်ဆီ မတူကွဲပြားတဲ့ လမ်းအသွယ်သွယ် ကနေပြီး ရိုးရိုးသားသား လျှောက်လှမ်းနေကြတာလား။ အခု လက်ရှိအချိန်မှာတော့ ဒီမေးခွန်းတွေ အတွက် အဖြေတွေ မရှိသေးပါ။ အများမြင်နေကြတဲ့ အမျိုးအမည် ကွဲပြား ခြားနားနေတဲ့ ဘာသာတရားတွေရဲ့ နောက်ကွယ်မှာ အများနဲ့ အကြုံးဝင် ပတ်သက်တဲ့ ဘုံဝိသေသလက္ခဏာတွေ ရှိ-မရှိ ဆိုတာ ဆက်လက် လေ့လာကြည့် ရအောင်ပါ။
(ဆက်လက်တင်ပြပါမည်)
( Debbie Gill ၏ Religions of the World )

You received this email because you are subscribed to the real_time feed for http://wwwsuye.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.