Friday, October 31, 2008

[DREAM Blog မှကြိုဆိုပါတယ်ရှင်] 1 New Entry: အနိစ္စခေါ်မမြဲခြင်းတရား

အနိစ္စခေါ်မမြဲခြင်းတရား

လူတယောက် သေပြီးရင် နောက်ဘ၀ ဆိုတာရှိတယ်လို့ ယုံကြည်လျှင် ကမ္မနိယာမ သဘောတရားအရ သူပြုခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံ အားလျော်စွာ နောက်ဘ၀မှာ ဘ၀ချမ်းသာခြင်း ဘ၀ဆင်းရဲခြင်းကို ခံစား ရမှာပါပဲ။ မနုဿတ္တ ဘာဝေါ ဒုလ္လဘော ဆိုတာ လူအဖြစ်နဲ့ မွေးလာဖို့ မလွယ်ကူဘူး။ ဒီလိုရရှိလာတဲ့ လူ့ဘ၀ ဟာလည်း မမြဲခြင်း တရားတွေ အရ လုံးဝ မမြဲပါဘူး။


ဘ၀တစ်ခုထဲမှာပဲ စက္ကန့်တိုင်းမှာ မရေတွက် နိုင်လောက်အောင် များပြားလှတဲ့ မွေးမှု၊ သေမှုတွေနဲ့ ကြုံကြိုက် ရပါတယ်။ သေတယ်ဆိုတာ ကိုယ် လို့ခေါ်တဲ့ ရုပ်ခန္ဓာရဲ့ ရှင်သန်မှု ဇီဝိတိနြေ္ဒ ချုပ်ပျက်သွားတော့ နာမ်ဖြစ်တဲ့ စိတ်အစဉ်ကို မထောက်ပံနိုင်တော့ဘူး။ ရုပ်ခန္ဓာ သေပြီဆိုတာနဲ့ ဆက်ပြီး အသက်ရှင်လိုတဲ့ တပ်ငြိမှု တဏှာက နောက်ခန္ဓာ အသစ်တစ်ခုမှာ ကပ်ငြိပြီး ဘ၀သစ်တစ်ခုကို ထူထောင်ဖို့ ဆက်လက် ဖြစ်ပေါ်သွားခြင်းပါပဲ။ အဲဒီမှာ ပဋ္ဋိသန္ဓေစိတ် အဖြစ် ဆက်လက်ဖြစ်ပေါ် သွားတာဖြစ်ပါတယ်။ ပဋ္ဋိသန္ဓေဆိုတဲ့ ဇာတိတစ်ခု ဖြစ်ပေါ်လာတာပါ။

ဟိုဘက်က သေသူသည်ဒီဘက်မှာ ပဋ္ဋိသန္ဓေလာတည်တဲ့ ဘ၀သစ်က လူဟာ ပြန်လည်မွေးဖွားရခြင်း ဇာတိ တဖန် ဖြစ်တည်ရခြင်း အကြောင်းတရား ဆိုတာကို မြတ်စွာဘုရားက အ၀ိဇ္ဇာကြောင့် တဏှာဖြစ် လာရတယ်လို့ ဟောကြားတော် မူခဲ့ပါတယ်။ ဘယ်တော့မှ ပြေပျောက်နိုင်ခြင်း၊ ရောင့်ရဲလွယ်ခြင်း မရှိတဲ့ လောဘတဏှာဟာ ဘ၀တစ်ဖန် ပြန်လည် မွေးဖွား ရခြင်းရဲ့ အကြောင်းပဲတဲ့။ ဒါကြောင့် အဲဒီဘယ်အခါမှ ကျေနပ်ရောင့်ရဲခြင်း မရှိတဲ့ တဏှာကို သတ်နိုင်မှသာ ဘ၀သံသရာကြီးလည်း ပြတ်သွားနိုင်တယ်လို့ ဟောကြားတော် မူပါတယ်။

ဗုဒ္ဓဘာသာ ၀င်တွေတိုင်းရဲ့ စိတ်ထဲမှာ မွေးပြီး အိုခြင်း နာခြင်း သေခြင်း ဆင်းရဲခြင်း တွေကိုမလွဲမသွေ ရင်ဆိုင်တွေ့ ကြုံကြရမယ်လို့ သိမြင်နားလည်ထားကြပါတယ်။ လူသားတိုင်း၊ သတ္တ၀ါတိုင်း မွေးဖွားလာကတည်းက သေဒဏ်ကျခံ ထားပြီး အသိအမှတ်ပြု လက်မှတ် ပါလာကြတာကြီးပါပဲ။ ဒီလိုဆင်ချင်တုံ တရားနဲ့အညီ ကိုယ့်အသေ ကိုယ်မြင်ထားကြရင် ဘ၀ကို ခင်တွယ်တာတဲ့ တဏှာဥပါဒါန်တွေလည်း ကင်းရှင်သွားနိုင်ပါတယ်။ စွဲလမ်းစိတ်တဏှာနဲ့သေရင် သံသရာမှာ တဖန်ကျင်လည် နေကြရဦးမှာပါ။ ဘ၀တဏှာနဲ့ ဘ၀အပေါ် စွဲလန်းတဲ့ဥပါဒါန်တွေ ရှိနေသမျှ ကာလပတ်လုံး ဇာတိတစ်ဖန် ပြန်၍ဖြစ်ခြင်း၊ ပျက်ခြင်းတွေ လည်းရှိနေဦးမှာပဲ။

မသေခင်မှာ လူတွေဟာ ဘယ်လောက်ပဲ ကုသိုလ်ကောင်းမှုတွေလုပ်လုပ်၊ ဘယ်လောက်ပဲ အကုသိုလ်တွေပဲ ဖြစ်နေဖြစ်နေ သေတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ကလေးကသာ အရေးကြီးပါတယ်။သေတော့မယ့် ဆဲဆဲမှာ ကောင်းရာကို စိတ်စွဲပြီး ဇီဝိန်ချုပ်ရင် ကောင်းမွန်ရာ ဘ၀ကိုရောက်ရှိကြပြီး၊ မကောင်းတဲ့ နိမိတ်ကိုစွဲထင်ပြီး သေရင် မကောင်းတဲ့ အပ္ပါယ်ကိုရောက်ရှိ ကြတာဇာတ်ထုတ် တွေထဲမှာလည်းရှိပါတယ်။ ဒါကိုစွဲလမ်းမှု လို့လည်းခေါ်ပါသေးတယ်။ တကယ်တော့ သေခြင်းတရားကို မည်သူမှ ကြိုတင် သိနိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ် ၂၅၀၀လောက်တုန်းက အနောက်တိုင်းမှာ ပညာရှိ တစ်ဦးကတော့ သူသေမှာကို ကြိုသိနေ ပါတယ် ။ သေခါနီးမှာလည်း မမှိတ်မသုန်နဲ့ တည်တည် ငြိမ်ငြိမ်လေး သေဆုံးသွားခဲ့ပါတယ်။ သူကတော့


ဂရိနိုင်ငံ၊ အေသင်မြို့က ပညာရှိကြီး ဆော့ခရတ္တိဆိုတာ လူတိုင်းသိကြမှာပါ။ ပညာရှိကြီး ဆော့ခရတ္တိဟာ လူသာမာန်တို့၌ ရှိခဲလှတဲ့ သိက္ခာ သမာဓိနဲ့ ပြည့်စုံသည် သာမက မိမိ၏ က္ကန္ဒြိယသံဝရ သီလကို လည်းလွန်စွာ စောင့်ထိန်း နိုင်သူဖြစ်ပါတယ်။ လိုဘနည်းခြင်း၊ သည်းခံခြင်း၊ နဲ့ဇွဲကောင်းခြင်း အရာ၌ ဆော့ခရတ္တိကို ယှဉ်နိုင်တဲ့သူ မရှိလို့လည်း စာမှာဆိုထားပါတယ်။ သူကသစ္စာတရားနဲ့ ကောင်းကျိုးချမ်းသာ တရားတွေကို မြတ်နိုးတတ် သူတွေဖြစ်အောင် လှုံဆော်ခဲ့ပါတယ်။ လွဲမှားနေတဲ့ အယူဟောင်းတွေကို ဆန့်ကျင်ပြီး လောကသစ္စာတရား တွေကိုလူတွေ လက်ခံလာအောင် ၊မြင်လာအောင် လုပ်ဆောင်ခဲ့တာပါ၊

ဒါကို မသူတော်တွေ ကြီးစိုးနေတဲ့ အေသင် လူ့အဖွဲ့အစည်းထဲက မနာလို မရှုဆိမ့် သူတွေက သူ့ကိုအပြစ် မြင်ကြပါတယ်။ ဒါကြောင့် သူ့ကို လူငယ်လူရွယ်တွေကို ဖျက်ဆီးတယ်၊ ဂရိနတ်ဘုရားတွေကို လည်းမကိုးကွယ်ဘူး၊ ဘာသာကိုဖျက်တယ်၊ ရှေးထုံးတမ်းစဉ်လာ တွေကိုလည်း မလိုက်နာဘူး ဆိုပြီး ရုံးတင် တရားစွဲကြတာပေါ့။ သူဟောတဲ့ တရားတွေက မှားနေကြောင်း၊ ၀န်ခံခိုင်းတယ်၊ ၀န်မခံရင် သေဒဏ်ပေးမယ် ဆိုပြီး စီရင်ချက် ချလိုက်ပါတယ်။ အဲဒီမှာ ဆော့ခရတ္တိပညာရှိကြီးက တရားသူကြီးတွေကို ပြောလိုက်တဲ့ နောက်ဆုံး စကားက အခုထိကို ဥဒါန်းတွင်နေပါတယ်။

ငါ့အားအဆုံး စီရင်သော လူအပေါင်းတို့ ငါသည်သင်တို့အဖို့ စေသနာဖြင့် နိမိတ်ဖတ်ခဲ့ပါဦးမည်၊ ယခုငါသည် သေရခါနီးနေပြီ၊ လူသည်သေခါနီးအချိန်တွင် အနာဂတ်ကို ကြိုတင်သိမြင်နိုင်သော အစွမ်းသတ္တိထူးကို ရတတ်ပါသည်၊ ဒါကြောင့် ငါ့အားသတ်ဖြတ် ကြကုန်သော သင်တို့အတွက် အနာဂတံသကို ငါကြို၍ ပြောဆိုခဲ့မည်၊ သင်တို့ငါ့အပေါ်၌ ချမှတ်သော အပြစ်ဒဏ်ထက် ပို၍ကြီးမား လေးလံသော အပြစ်ဒဏ်တို့သည် ငါကွယ်လွန်သည်နှင့် ချက်ချင်း သင်တို့ထံသို့လည်း ရောက်ရှိလာပါလိမ့်မည်၊ ယုတ်ညံသော သင်တို့ဘ၀ကို မြင့်မြတ်သော သူအဖြစ်သို့ ရောက်ရှိအောင် ပြောဆိုဆုံးမသောလူကို သတ်ဖြတ်ခြင်းအားဖြင့် ထိုလူအား တားဆီးပိတ်ပင်နိုင်သည် ဟုထင်လျှင် သင်တို့မှားကြပါလိမ့်မယ်။ သတ်ဖြတ်ခြင်း အမှုကိုပြုသော ထိုနည်းသည် ဂုဏ်သိက္ခာကို ဖြစ်စေသော နည်းလည်းမဟုတ်၊ ဖြစ်ကောင်းသော နည်းလမ်းမဟုတ်၊ သင်တို့အဖို့ အလွယ်ဆုံး လည်းဖြစ်၍ သင်တို့ကိုယ်တိုင် မိမိကိုယ်ကို ကောင်းမွန်အောင် ပြုပြင်ခြင်း နည်းသာ အမြတ်ဆုံး ဖြစ်တော့သည်တဲ့။

အဲလိုပြောဆိုပြီး အဆုံးစီရင် ဖို့အတွက် ပါးကွက်သားတွေ လာပေးတဲ့ အဆိပ်ခွက်ကို ယူလိုက်တယ်။ သူ့တပည့်တွေက အနီးမှာ ၀ိုင်းရံနေတာပေါ့။တပည့်တွေက အဆိပ်ခွက်ကို သွန်ပစ်လိုက်ပြီး ထွက်ပြေးဖို့ အကြံပေးကြပါတယ်။ လွတ်မြောက်နိုင်တဲ့ အခြေအနေမှာလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒါကိုသူက လက်မခံခဲ့ဘူး။ ဒါနဲ့အဆိပ်ခွက်ကို လက်မှာကိုင်ရင်း နောက်ဆုံး သေခါနီးမှာ သူ့တပည့်တွေကို ပြောဆိုဆုံးမ သွားပါသေးတယ်။

တပည့်တို့ ကောင်းမှုဆိုးမှုကို စိစစ်ဝေဖန်ခြင်းမရှိပဲနှင့် အသက်ရှင်လျှက် နေထိုင်တဲ့ ဘ၀မျိုးဟာ နေထိုက်တဲ့ ဘ၀မျိုးမဟုတ်ဘူး၊ မသူတော် အကျင့်ကို ကျင့်နေကြတဲ့ ထိုသူတို့ ပြောဆိုနေသည့် စကားမျိုးကို ငါပြောဆိုပြီး အသက်ရှင် နေရခြင်းထက် သူတော်ကောင်း အကျင့်ကို ကျင့်ပြီး ငါပြောဆိုနေကျ စကားတွေကို ပြောဆိုရင်း သေသွားရသည်ကိုသာ ငါပို၍ အလိုရှိတယ်။ ဤလောက၌ သေခြင်းတရားကို ရှောင်ရန်ကား မခက်ပါ။ သို့သော် အကုသိုလ် ဒုစရိုက်တရားများကို ရှောင်ရှားရန်ကား အဆတစ်ရာမက ပို၍ခက်ခဲလှကြောင်း သင်တပည့်တို့ မှတ်ရစ်ကြပါလေ။ သူတော်ကောင်း တရားများကို စွဲမြဲစွာကျင့် သုံးဆောက်တည်ထား သူတစ်ဦးအဖို့ ယခုဘ၀မှာ သော်လည်းကောင်း၊ နောင်သံသရာ မှာသော်လည်းကောင်း အကုသိုလ်သည် ဖြစ်ဖွယ်မရှိပြီတဲ့။

ဒါတွေက ဆော့ခရတ္တိ သေခါနီး နောက်ဆုံး အမှာစကားလေးဖြစ်ပါတယ်။ ဒီစကားရဲ့ အဆုံးမှာတော့ သူဟာ အဆိပ်ခွက်ရည်ကို သောက်မျိုပြီး ဘ၀နိဂုံး ချုပ်ခဲ့ရပါတယ်။ ဆော့ခရတ္တိပညာရှိလိုပဲ အီတလီပြည်သား ဂျီယိုဒါနိုဘရုနို ဆိုသူပညာရှင် တစ်ပါးဟာလည်း လက်ဝါးကပ်တိုင်ပေါ်မှာ မီးရှို့အသတ်ခံရပြီး သူ့ယုံကြည်ချက်ကို မစွန့်ပဲ သူ့အသက်ကို သာစွန့်ပြီး အမှန်တရားကို သက်သေပြခဲ့ဖူးပါတယ်။ တကယ်လို့သာ သူဟာသေရမှာ ကြောက်လို့ သူယုံကြည်ချက်နဲ့ သစ္စာဝါဒီကို စွန့်ပြီးထွက်ပြေးခဲ့တယ်ဆိုရင် အခုဒီ လူ့သမိုင်းမှာ သူနာမည်ဟာ ကမ္မည်းတင်ရစ်တော့မှာ မဟုတ်တော့ဘူးနော်။ သူရဲ့သေခြင်းဟာ လူတိုင်းရဲ့ သေခြင်းနဲ့မခြားနားပါဘူး၊ ဘယ်သူပဲဖြစ်ဖြစ် သေရမှာပါပဲလေ။ ဆော့ခရတ္တိရဲ့ သေခြင်းကိုတော့ လူတွေက မြတ်သောသေခြင်းလို့ လက်ခံကြတယ်။ဒါကြောင့် သူ့ကိုရုပ်ထုကြီး ထုလုပ်ပြီး လူတွေက အမြတ်တနိုး ရှိနေကြသေး တုန်းပဲလေ။

သေခြင်းကို ပြောတာနဲ့ ဆော့ခရတ္တိ ပညာရှိအကြောင်း ကိုရောက်သွားတယ်၊ ဟဲ...ဟဲ..တကယ်တော့ ဦးအိမ် နဲ့ Dream angle တို့က TAGထားတာ ကြာပါပြီ။ မအားသေးတာက တကြောင်းနဲ့ ပျင်းနေတာက တကြောင်းကြောင့် အခုလို အကြောင်းကြောင်း တွေကြောင့် နှောင့်နှေးသွားရတာပါ။ နောက်ကျတဲ့ အတွက်လည်း ခွင့်လွတ်နော်။ ဟီး....ဟီး.. :P :P အမှန်က ဒီမသေခင် ၁၀ရက်ဆိုတဲ့TAGပို့စ် ကို တီတီတန့်တန့် နဲ့ ဦးမိုးကြယ်တို့ တက်ဂ်တုန်းက ပေါက်စနသမီးလေးရဲ့အိမ်မက် ဆိုပြီးရေးပေး ခဲ့ပြီးပါပြီ။ ဒါပေမယ့် ခင်မင်မှု့ကို ရှေ့တန်းတင်ထားတဲ့ မက်မက် အတွက်ကတော့ ထပ်တက်ခံ ရတော့လည်း နောက်ပုံစံတစ်မျိုးနဲ့ ထပ်ရေးပေး လိုက်တာပါနော်။ ဒီလောက်နဲ့ ကျေနပ်ပေးပါလို့နော်..အကြွေးလေး ကြေတော့မလား မှတ်တယ်၊ ဟင့်ဟင့် ဦးဘီလိန် နဲ့ ဦးသံလွင်ဟီရိုး တို့ရဲ့ တက်ဂ်အကြွေး တစ်ခုကျန်နေသေးတယ်။ :( မေ့ချင်ယောင်ဆောင် တာတော့ မဟုတ်ပါဘူးနော်၊ သတိရပါတယ်။ မကြာမီ..လာမည်..မျှော်..နော်.. :P :P
လိုအပ်သည့် အချက်အလက် များကို ဆရာ ဦးဆန်းလွင်၏ စာအုပ်မှ မှီငြမ်းပါသည်။

You received this email because you are subscribed to the real_time feed for http://crazydreamlover.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.