Wednesday, October 22, 2008

[ဂျစ်တူးဆိုသူ၏ အပိုင်းအစများ] 2 New Entries: ဝေး (၄)

ဝေး (၄)

လေတိုးသံကြား သူ့ ကို လွမ်း လို့
ငါ့နှလုံးသား သူရှိရာ မှန်းပြီး
လေနဲ့အတူ ယိမ်း နွဲ့ လိုက်ပါ
ရင်ထဲမှာကွယ် ... လှပ်ခနဲ ။

ကော်ဖီ

သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း (အတွဲ (၂)၊ အမှတ် (၃)၊ ၂၀၀၈ ခုနှစ် အောက်တိုဘာလ) မှာ ပါလာတဲ့ ကျွန်မရဲ့ ၀တ္ထုတိုလေးပါ ။

................................................

ကျွန်မသည် မွေးစတည်းက ပတ်ဝန်းကျင်ရှိ အနံ့အသက်များ ၊ အသံပလံများကို အထူး သတိပြုနိုင်သော စွမ်းအင်ရှိခဲ့ကြောင်း မေမေက မကြာခဏ ပြောပြလေ့ရှိသည် ။

ကျွန်မ ကြုံတွေ့ရသော အနံ့များထဲတွင် အမှတ်တရ အဖြစ် မေမေ့ အနမ်းများတွင် တစွန်းတစ တွယ်ငြိနေတတ်သော ကော်ဖီနံ့ ပါဝင်ခဲ့သည် ။ ခပ်စူးစူး ထိုအနံ့ကို ရရခြင်း နှစ်သက်ခြင်း ကင်းမဲ့ခဲ့သည်။ ဖေဖေ ၊ မေမေ ၊ ကိုကြီး နှင့် ကျွန်မအပါအ၀င် လေးဦးရှိသည့် မိသားစုလေးတွင် ကျွန်မ တစ်ဦးတည်းသာ ထိုကော်ဖီနံ့နှင့် မယဉ်ပါးနိုင်ခဲ့ပေ ။ နံနက်ခင်းတိုင်း ကော်ဖီ အလွန်သောက်ကြသော ကျွန်မတို့ အိမ်၏ ထမင်းစားခန်းနှင့် မီးဖိုချောင်တွင် ကော်ဖီနံ့ လွှမ်းမိုးနေတတ်သည် ။ ထိုအခါ ကျွန်မက ကိုယ့်အိပ်ခန်းထဲမှာပဲ အောင်းနေတတ်သည် ။ နောက်ဆက်တွဲ ရလဒ်မှာ မိသားစုနှင့် နံနက်စာ အတူစားနိုင်ခွင့် ဆုံးရှုံးခဲ့ခြင်းပင်တည်း။

အရွယ် ရောက်လာသောအခါတွင်လည်း သူငယ်ချင်း များများစားစား ကျွန်မတွင် မရှိခဲ့။ သက်တူရွယ်တူများနှင့်အတူ စိတ်သွားတိုင်း ကိုယ်မပါနိုင်သော ကျွန်မတွင် သူငယ်ချင်း မိတ်ဆွေ နည်းပါးခဲ့ခြင်းသည် အံ့သြစရာကောင်းသော အချက်မဟုတ်သလို၊ ၀မ်းနည်း ပူဆွေးရလောက်အောင်လည်း ကျွန်မကို မထိခိုက်ခဲ့ချေ ။ လက်တဆုပ်စာသာရှိသော မိသားစုချင်း ရင်းနီးသော သူငယ်ချင်း မိန်းကလေးတချို့ အိမ်အလည်လာတိုင်း သူတို့ကျောင်းမှ သူတို့သူငယ်ချင်းများ ဆရာမများ၏ ဇာတ်လမ်းများ ၊ သူတို့ စိတ်ဝင်စားသော ယောက်ျားလေးများအကြောင်း ၊ သူတို့ စိတ်ကူးများ စသည်တို့ကို စီကာ ပတ်ကုံး ပြောပြသည်များကို နားထောင်ရင်း ကျွန်မက ပြုံး၍ ကျေနပ်နေမိသည် ။ တခါတလေတော့လည်း ကဗျာကြိုက်သော ကျွန်မကို သူတို့ ဖတ်ထားသော မဂ္ဂဇင်းများ ကဗျာ စာအုပ်များမှ ကဗျာများ ဖတ်ပြလေ့ရှိသည် ။ ထိုအခါမျိုးတွင် ကျွန်မ၏ စိတ်အစဉ်ကို သူတို့ နှုတ်ခမ်းမှ ထွက်ပေါ်လာသော စကားလုံးများထဲတွင် နှစ်မြုပ် စီးမျောထားစဉ် တခဏ ကမ္ဘာကြီး ပိုမို လှပသွားသယောင် ခံစားလိုက်ရသည် ။ သို့သော် ကျွန်မ၏ သူငယ်ချင်းများသည် အခြားသူငယ်ချင်း မြောက်မြားစွာနှင့် ကဖေးဆိုင် ထိုင်ကာ ကော်ဖီ တစ်ခွက်သောက်ရင်း စကားစမြည် ပြောရသည်ကို ပိုနှစ်သက်တတ်ကြသည် ။ ကျွန်မသည် သူတို့အတွက် ထိုကော်ဖီတစ်ခွက်နှင့် ဆက်စပ်နေသော စိတ်ဝင်စားဖွယ်များကို မပေးနိုင်ခဲ့ချေ ။ နောက်ဆက်တွဲရလဒ်မှာ သူငယ်ချင်းများ အနားမရှိသော အချိန်များတွင် ၀မ်းနည်းခြင်း စိုးစဉ်းမျှမရှိအောင် နေတတ်သော အတတ်ပညာကို ကျွန်မ တတ်မြောက်ခဲ့ပေသည် ။

ဆက်ဖတ်ရန် ဒီမှာ နှိပ်ပါ ။

You received this email because you are subscribed to the real_time feed for http://gyittu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.