Wednesday, October 22, 2008

[ဆုံဆည်းရာ] 3 New Entries: ဗုံးထောင်စဉ်သေဆုံးသူအား သင်္ကန်းဝတ်ဟု အစိုးရသတင်းစာက စွပ်စွဲ

ဗုံးထောင်စဉ်သေဆုံးသူအား သင်္ကန်းဝတ်ဟု အစိုးရသတင်းစာက စွပ်စွဲ

ဧရာဝတီ | အောက်တိုဘာ ၂၁၊ ၂၀၀၈

လွန်ခဲ့သည့် တနင်္ဂနွေနေ့ ညနေပိုင်းက ရွှေပြည်သာမြို့နယ်တွင် ဗုံးထောင်ရန်တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားရာက ဗုံးတပ်ဆင်နေသူကိုယ်တိုင် ပွဲချင်းပြီးသေဆုံးကာ အဆိုပါသေဆုံးသူသည် ရဟန်းဝတ်၊ လူဝတ်တို့ဖြင့် သွားလာလှုပ်ရှား နေသူဖြစ်သည်ဟု ယနေ့ထုတ် စစ်အစိုးရသတင်းစာက စွပ်စွဲထားသည်။

ယနေ့ထုတ် စစ်အစိုးရသတင်းစာတွင် "စိစစ်ဖော်ထုတ်ချက်များအရ သက်ဦးဝင်း (ခ) ကတုံးသည် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံတန်းတွင် ကျပန်းလုပ်ကိုင်နေသူတဦးဖြစ်ကြောင်း၊ ရဟန်းဝတ်၊ လူဝတ်ဖြင့် မကြာခဏ ပုံစံပြောင်းလဲ နေထိုင်သွားလာတတ်ပြီး အရက်သေစာ ကြိုက်နှစ်သက်သူတဦးဖြစ်ကြောင်း၊ ၂၀၀၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင် တဖက်နိုင်ငံနယ်စပ်သို့ တရားမ၀င်သွားရောက်ခဲ့ပြီး …" ဟု ဖော်ပြထားသည်။

ပေါက်ကွဲမှုအပြီး ရိုက်ယူထားသော သေဆုံးသူ၏အလောင်းနှင့် အခင်းဖြစ်ပွားသည့်နေရာတွင် သိမ်းဆည်းတွေ့ရှိသည့် သက်သေခံပစ္စည်းများကိုလည်း သတင်းစာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

အဆိုပါသေဆုံးသူသည် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ်၊ မြစတီမြို့မှ ရန်ကုန်ရှိနေအိမ်သို့ လွန်ခဲ့သည့် ၁၀ ရက်ခန့်က ပြန်လည်ရောက်ရှိလာသည်ဟု သတင်းစာကဆိုသော်လည်း မည်သည့်အဖွဲ့အစည်းနှင့် ချိတ်ဆက်သွားလာ သည်ကိုမူ ဖော်ပြခြင်းမရှိပေ။

အဆိုပါဗုံးပေါက်ကွဲမှုမတိုင်မီ ယခုလ ၁၈ ရက်နေ့ န့နက် ၇ နာရီကျော်တွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ တပ်မတော် မှတ်တမ်းရုံးအနီးတွင်လည်း ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သည်။ ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစုံတရာ မရှိခဲ့ပေ။

စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမအရှေ့ မဟာဗန္ဓုလပန်းခြံတွင် ပေါက်ကွဲသည့်ဗုံးသည် ယခုလ ၁၉ ရက်နေ့ ပေါက်ကွဲမှုအပြီး သိမ်းဆည်းရမိသည့်ပစ္စည်းများနှင့် အမျိုးအစားတူနေပြီး သေဆုံးသူ သက်ဦးဝင်းနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟုလည်း သတင်းစာက စွပ်စွဲထားသည်။

ယခုနှစ် ဇူလိုင်လအတွင်းက ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ ကြံ့ဖွံ့ရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားရာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့ခေါင်းဆောင် ဦးမြင့်အေးအား အဓိကတရားခံဖြစ်ကြောင်း စစ်အစိုးရက စွပ်စွဲထားသည်။
ယခုနှစ် ဇူလိုင်လမှစ၍ မြန်မာနိုင်ငံတွင် ဗုံးပေါက်ကွဲမှု ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့သည်။

ဗန်းမော်တင်အောင် နှစ် ၃၀ ပြည့် အောက်မေ့ဖွယ်နေ့ ကျင်းပမည်

မဇ္ဈိမ-၀ိုင်းပီး၊ အောက်တိုဘာလ ၂၁ ရက် ၂၀၀၈

နယူးဒေလီ။ ။ စာရေးဆရာကြီး ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုပွဲကို လာမည့် ကြာသပတေးနေ့တွင် ရန်ကုန်ရှိ မိသားစုနေအိမ်တွင် ကျင်းပသွားမည် ဖြစ်သည်။

ဝါရင့် စာရေးဆရာကြီးများ ဖြစ်သည့် ဒဂုန်တာရာ၊ ပါရဂူနှင့် သတင်းစာဆရာ ဦးဝင်းတင် (ဟံသာဝတီ) အပါအ၀င် အခြား စာရေးဆရာများ၊ ကဗျာဆရာများအား ဖိတ်ကြားထားကာ ရန်ကုန်မြို့ ၉ မိုင်ရှိ လက်ဝဲ၀ါဒသက်ဝင်ယုံကြည်သူ ဗန်းမော်တင်အောင်၏ သမီး နေအိမ်တည်ရှိရာ Green Valley တွင် ကျင်းပရန်အတွက် စီစဉ်နေကြသည်။

"ပင်ကိုယ် အနစ်နာခံတဲ့ စိတ်ဓာတ်၊ စွန့်လွှတ်မှု စိတ်ဓာတ်တွေဟာ သူ့စာပေတွေ၊ သူ့ရဲ့ ဘ၀တွေမှာလည်း ဒါတွေဟာ ထင်ဟပ်နေတယ်။ အဲလို အဖက်ဖက်ကနေ အနစ်နာခံသွားတာ။ အနစ်နာခံခြင်း၊ စွန့်လွတ်ခြင်းပေါ်မှာ အခြေစိုက်ပြီးတော့ စံနမူနာ ပြသွားတယ်။ ကျနော်တို့အမြဲတမ်း သတိထားရမယ်။ လိုက်နာရမယ်။ တန်ဖိုးထားရမယ်" ဟု ဦးဝင်းတင်က ပြောသည်။

ဆွမ်းကပ် တရားနာပွဲအပြီးတွင် ရန်ကုန် စာပေအသိုင်းအ၀ိုင်းမှ စာရေးဆရာများ၊ ကဗျာဆရာများက ဗန်းမော်တင်အောင်အား ဂုဏ်ပြုစကားများ ပြောကြားသွားမည် ဖြစ်သည်။

"ဆရာ့အပေါ်မှာ လေးစားတာပေါ့။ မမေ့အောင် အမှတ်တရရှိနေအောင် လုပ်တာပေါ့ဗျာ။ အခု ခဏလေးတင် မဟုတ်ဘူးလေ။ ရာသက်ပန် မမေ့အောင်နဲ့ အမှတ်တရရှိအောင် လုပ်တာပေါ့။ စာပေလောကမှာလည်း မမေ့ကြရအောင် ဒီသဘောမျိုးပါပဲ" ဟု ပိတောက်ပွင့်သစ် မဂ္ဂဇင်း အယ်ဒီတာ မောင်စိမ်းနီက မဇ္စျိမကို ပြောသည်။

"အရင်နှစ်တွေကတော့ အခုလို စာပေလောကသားတွေနဲ့ ပေါင်းမလုပ်ဖြစ်ပါဘူး။ အခုက အနှစ် ၃၀ ပြည့်မို့လို့ စာရေးဆရာတွေက အမှတ်တရ အမှာစကားတွေ ပြောကြမှာပါ"

အစီအစဉ် အသေးစိတ် သိရှိရန်အတွက် မိသားစုဝင်များထံ ဆက်သွယ်၍ မရခဲ့ပါ။

ဗန်းမော်တင်အောင်သည် ၁၉၃၆-၃၈ ခုနှစ်ကာလတွင် ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုများတွင် ရှေ့တန်းက ပါဝင်ခဲ့သူ ဖြစ်သည်။ ၁၉၅၀-၅၂ ခုနှစ်အတွင်း လင်းယုန်ဂျာနယ် သတင်းစာကို ထုတ်ဝေခဲ့ပြီး အာဏာရ ဖဆပလ အစိုးရအား ဝေဖန်ထောက်ပြသည့် စာပေများ ရေးသားခဲ့လေသည်။ ထင်ရှားသည့် အမေ၊ သူပုန်ကြီးနှင့် ပြည်တော်သာ ခင်ခင်ဦး ၀တ္ထုများကို ရေးသားထုတ်ဝေခဲ့ပြီးနောက် ၁၉၅၂ ခုနှစ်တွင် အစိုးရက ပုဒ်မ ၅ ဖြင့် သူ့အား ထောင်ဒဏ် ၇ နှစ် ချမှတ်ခံ့ရာ ၅ နှစ်နီးပါး အကျဉ်းကျခံခဲ့ရသည်။

၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလထုတ် ဂျာနယ်ကျော်တွင်ပါသော 'နော်မူဂေး' ၀တ္ထုတိုဖြင့် ဗန်းမော်တင်အောင် ကလောင်အမည်ဖြင့် စတင်ရေးသားခဲ့ရာ ၁၉၄၇ ခုနှစ်တွင် 'ဘုန်းမောင် တယောက်ထဲရယ်' အမည်ဖြင့် လုံးချင်း ၀တ္ထုတိုကို ထုတ်ဝေခဲ့ရာ စစ်ပြီးခေတ် စာပေလောကတွင် ဗန်းမော်တင်အောင် ဟူသော ကလောင်တချောင်းကို အထင်ရှားဆုံး မှတ်တိုင်တခု ဖြစ်စေခဲ့သည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ လက်ထက် (၁၉၆၃ ခုနှစ်) တွင် ထပ်မံ ဖမ်းဆီးခံခဲ့ရပြန်သည်။ ၁၉၆၈ မှ ၁၉၇၂ ခုနှစ်အတွင်း သခင် ခင်အောင်၊ မြသန်းတင့်၊ လေထီးဦးအုန်းမောင်၊ ဦးခင်မောင်မြင့်၊ ဆရာ ရာဂျန် အပါအ၀င် အခြားပုဂ္ဂိုလ်များနှင့်အတူ ကိုကိုးကျွန်းသို့ ပို့ဆောင်ခံရသည်။

ဗန်းမော်တင်အောင်ကို ၁၉၂၀ ပြည့်နှစ် ဇွန်လ ၉ ရက်နေ့ ပဲခူးမြို့တွင် အဖ ချင်းအမျိုးသားခရစ်ယာန် တရားဟောဆရာ ဦးမောင်နေနှင့် အမိ ဒေါ်စောမြိုင်တို့မှ မွေးဖွားခဲ့ပြီး ၁၉၇၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်၊ ည ၇ နာရီ ၁၀ မိနစ်တွင် အဆုတ်ကင်ဆာ ရောဂါဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ကွန်လွန်ခဲ့သည်။

ဗန်းမော်တင်အောင် ရေးသားခဲ့သော စာအုပ် စုစုပေါင်း ၇၉ အုပ်ရှိခဲ့ပြီး ဘာသာပြန်စာအုပ် ၃ အုပ်ရှိခဲ့သည်။

ကရင်တိုင်းရင်းသား ဒုက္ခသည်များ ထိုင်းနယ်စပ်သို့ ထပ်မံထွက်ပြေးလာ

ဧရာဝတီ-အေးလဲ့ | အောက်တိုဘာ ၂၁၊ ၂၀၀၈

ကရင်ပြည်နယ်အတွင်း DKBA တပ်မဟာ ၉၉၉ ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကရင်တိုင်းရင်း သား ၇၀ ကျော် သည် ထိုင်းနယ်စပ်ဘက်သို့ ထွက်ပြေးလာကြရကြောင်း ကရင်ဒုက္ခသည် ကူညီစောင့်ရှောက် ရေး အဖွဲ့တဖွဲ့ ကပြောသည်။

ယခုလအတွင်း တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တပ်မဟာ ၉၉၉ ၏ အဓမ္မ လုပ်အားပေးခိုင်း စေမှုများ၊ နေအိမ်များကိုမီးရှို့ခြင်းနှင့် နယ်မြေရွှေ့ပြောင်းခိုင်းခြင်းများကြောင့် ၎င်းဒုက္ခသည် များသည် မြဝတီနှင့်လှိုင်းဘွဲ့ မြို့နယ်ကြား ပိုင်ကြုံမြို့နယ်ရှိ လပေါ်ဟဲ ရွာတွင် စုပေါင်းနေထိုင်နေရကြောင်း ကို ကရင်ဒုက္ခသည်များကူညီ စောင့်ရှောက် ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KORD)ကပြောသည်။

KORD အဖွဲ့ပြောရေးဆိုခွင့်ရှိသူ လူဘာမှူးက "ဘားအံခရိုင် ပိုင်ကြုံမြို့နယ်မှာရှိတဲ့ ကလောလူရွာက ၁၆ ရက် နေ့မှာတကြိမ် ၁၉ ရက်နေ့မှာ ထီးပယ်ထီး၊ ထီးပယ်ဝါ ကျေးရွာ သုံးရွာ ဘက်ကတကြိမ် စုစုပေါင်း အိမ်ခြေ ၁၄ အိမ်၊ မိသားစု ၁၄ စုနဲ့ လူဦးရေ ၇၉ ဦးက ဒီနယ်ကြားဘက်ကို ထွက်ပြေးလာခဲ့ကြတယ်"ဟု ပြောသည်။

KORD အဖွဲ့၏ ပြောဆိုချက်အရ ၂၀၀၈ခုနှစ် DKBA တပ်မဟာ ၉၉၉ ၏ စီးပွားရေးစီးမံကိန်းများ ဖြစ်သည့် ရာဘာစိုက်ပျိုး ရေးစီမံကိန်း ရာထားချက် မြေဧကပေါင်း ၁၆၀၀ ဧကနှင့် စိုက်ခင်းပေါင်း ၁၇ ခင်း ကို အကောင်အထည်ဖော်ရာတွင် အဓမ္မ လုပ်အားပေးခိုင်းစေခြင်းများ ပြုလုပ်ကြောင်း သိရသည်။

KORDအဖွဲ့မှ ဘားအံကိုယ်စားလှယ်တဦးက "ရွာသားတွေ ပိုင်တဲ့ လယ်မြေ၊ စားကျက်မြေတွေကို အတင်း အဓမ္မသိမ်းပိုက် တယ်၊ အဓိကကတော့ ဖားအီးတောင်အောက်ခြေမှာရှိတဲ့ ရွာ ၉ ရွာက ရွာသားတွေကို ရာဘာ စိုက်ခင်းတွေမှာအလုပ် လုပ်ခိုင်းတယ်။ လုပ်အားမပေးရင် ဒဏ်ရိုက်တယ်၊ နှိပ်စက်တယ်"ဟု ပြောသည်။

ယခုနှစ်၎လပိုင်းမှ၁၀လပိုင်းအတွင်း DKBA၏ဒေသခံများမှအတင်းအဓမ္မဒဏ်ရိုက်ငွေကျပ်သန်းပေါင်း ၉သန်း ကျော်ရှိပြီဖြစ် ကြောင်းလည်း KORD ၏ စာရင်းကောက်ယူချက်အရသိရကြောင်းလည်း ၎င်းကိုယ်စားလှယ်က ပြောသည်။

"ဒီနှစ်ဦးပိုင်းကတည်းကနေ၊ တအိမ်တယောက်မသွားမနေရ၊ သွားပြီဆိုရင်လည်းလုပ်အားခကြေး ငွေမပေးဘူး၊ လုပ်ငန်း ခွင်မှာလိုအပ်တဲ့ လုပ်ငန်းသုံး ပစ္စည်းတွေလည်း ကိုယ့်အိမ်ကနေကိုယ်ယူသွားရတယ်"ဟု ၎င်းက ဆက်ပြောသည်။

ယခုအောက်တိုဘာလအတွင်း၌ ရွာအပြင်ဘက်ရှိ လယ်ယာစိုက်ခင်းများတွင် DKBA တပ်များက မြေမြုပ်ဗုံးများ အသုံးပြု ထားသဖြင့် ၎င်းမြေမြုပ်ဗုံးကြောင့်ရွာသားနှစ်ဦးသေဆုံးကာ နှစ်ဦးမှာခြေထောက်ဖြတ် လိုက်ရ ကြောင်း လည်းသိရသည်။

အောက်တိုဘာ၇ရက်နေ့တွင်လည်း DKBa တပ်မဟာ ၉၉၉ က ကလောလူရွာရှိ ဒေသခံများကို ဖားကြီး တောင်ခြေဘက်သို့ ရွှေ့ပြောင်းခိုင်းသောကြောင့် ဒေသခံများကပြောင်းရွှေ့ခြင်းမရှိသည့်အတွက် ခိုင်ခံ့သည့် အိမ်ပေါင်း ၇ လုံး မီးရှို့ဖျက်ဆီးခြင်း ခံရကြောင်းလည်းသိရသည်။

၎င်းဒုက္ခသည်များကို ယခုအချိန်အထိ စားရေရိက္ခာ စီစဉ်မပေးနိုင်သေးကြောင်း၊ လက်ရှိ ၎င်းဒုက္ခသည်များ ရောက်ရှိရာ ဒေသခံများကလည်း ယာယီအခြေအနေသာ စောင့်ရှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ ပိုမိုဆိုးရွားသည့် အကြပ်အတည်းနှင့် ရင်ဆိုင်ရပါက ထိုင်းနိုင်ငံဘက်ကို ကူးပြောင်းလာနိုင်ကြောင်းလည်း လူဘာမှူးက ပြောသည်။

ယခုနှစ်အတွင်း ကရင်ပြည်နယ်ရှိ ၎င်းကျေးရွာများမှ ကရင်တိုင်းရင်းသားများထွက်ပြေးတိမ်းရှောင်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်းလည်း သိရသည်။

ယခုနှစ်အစောပိုင်း ဇန်နဝါရီလအတွင်းကလည်း မြန်မာစစ်အစိုးရစစ်တပ်မှ အဓမ္မနေရာရွှေ့ပြောင်းခိုင်းမှု ကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်းမှ ကရင်တိုင်းရင်းသား ၂၅၀ ကျော် ထွက်ပြေးလာခဲ့ရကြောင်းလည်း KORD ကဆိုသည်။
၂၀၀၈ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့ ထုတ် Free Burma Rangers (FBR) အဖွဲ့၏ အစီရင်ခံစာအရ ၂၀၀၆ခုနှစ် နှင့်၂၀၀၇ခုနှစ် အစောပိုင်းအတွင်း အဓမ္မရွှေ့ပြောင်းခံရသည့် ရွာသားပေါင်း ၃သောင်းကျော်ရှိပြီး ၆ ထောင် ကျော် မှာ ထိုင်း-မြန်မာနယ်စပ် သို့ ထွက်ပြေးရောက်ရှိခဲ့ကြောင်းနှင့် ရှောင်တိမ်းပုန်အောင်းနေသည့် မရေ မတွက် နိုင်သော ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များစွာလည်း ကျန်ရှိသေးကြောင်းကို သိရသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.