♠ Hello Singapore (3)
ပထမကမ္ဘာ အဆင့်အတန်းမှီတဲ့ နိုင်ငံ ဆိုပေမယ့်လို့ တတိယကမ္ဘာက နိုင်ငံသားတွေ နေတဲ့နေရာ ဆိုပဲ၊ စင်္ကာပူကို အဲလိုခိုင်းနှိုင်းကြတယ်။ ကျနော်လည်း အဲသလိုပဲမြင်တယ်၊ ဒီနေ့ အမ်အာတီစီးတော့ ရုံးဆင်းချိန်ဖြစ်နေလို့ ထိုင်စရာနေရာမရှိပဲ မတ်တပ်ရပ်စီးရတယ်၊ အဲဒါက ပြဿနာမဟုတ်ပါဘူး၊ လူငယ်ပဲ။ အဲသလို စီးလိုက်တာ သုံးလေးဂိတ်အကျော်မှာ ဆံပင်တွေ ခေါင်းလုံးဖြူနေတဲ့ အဘွားကြီးတစ်ယောက် တုန်ချိချိနဲ့ တက်လာတယ်၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အိုနဲ့ မသန်မစွမ်း ခရီးသွားတွေအတွက် ဦးစားပေးနေရာဖြစ်တဲ့ တံခါးပေါက်နဘေးက ခုံပေါ်မှာ ထိုင်နေတဲ့ လူငယ်တွေအားလုံး မသိသလိုပဲ နေကြတယ်ဗျ၊ ဒါမျိုးမြင်ကွင်းကို ပထမအကြိမ် မြင်တာမဟုတ်ပေမယ့် စိတ်ထဲမှာ ဘယ်လိုမှ မနေတတ်ဘူး။ ဒီနေ့တော့ မနေနိုင်တဲ့အဆုံး ပို့စ်အဖြစ်ရေးလိုက်တာ၊ အူအယား ပျောက်လိုပျောက်ငြားပေါ့။
ဒီနေ့ ရထားစီးတာရော၊ ကားစီးတာရော အဆင်မပြေဘူးပြောရမယ်။ အနီလိုင်းကို နိုင်ငံတော်ကြီးရဲ့ မြောက်ယွန်းယွန်းက တစ်ခုသော ဘူတာလေးကနေ ဂျူရောင်းအရှေ့ကို ဦးတည်ပြီးစီးလိုက်တာ တစ်နေရာရောက်တော့ အကြာကြီးရပ်သွားတယ်၊ ခရီးသည်တွေလည်း ဟိုကြည့် ဒီကြည့်နဲ့ ဘာဖြစ်မှန်းမသိဘူး။ နောက်တော့မှ ဒရိုင်ဘာ (သူမောင်းတာတော့ မဟုတ်ပါဘူး၊ ရှေ့ဆုံးမှာထိုင်လို့ ဒရိုင်ဘာလို့ ခေါ်လိုက်တာ) ကနေ မိုက်ခွက်နဲ့ ရှင်းပြရှာတယ်၊ ကွစိကွစိ၊ ဘူဂစ်ဂုံးဘတ် ကွစိကွစိ၊ ဩော်၊ လက်စသတ်တော့ ဘူဂစ်ဂုံးဘတ်ဘူတာမှာ တခုခုဖြစ်နေတာကိုး၊ ရထားလမ်းပေါ် ခုန်ချတာလား ဘာလားညာလား မသိဘူး၊ ခရီးဖင့်သွားတာတော့ အသေအချာပဲ။ နောက်တော့ ဂျူရောင်းကို ချောချောရှူရှူ ရောက်သွားပါတယ်။ မချောမရှူတာဆိုလို့ တုန်ချိချိ အဘွားကြီးကို ဒီတိုင်းပစ်ထားကြတဲ့ လူငယ် လူရွယ်လေးတွေပဲရှိမယ်။ ဟမ်၊ ဟုတ်တယ်၊ ပြန်ရောက်သွားပြန်ပြီ အဲဒီအကြောင်း၊ အဲဒီအဘွားကြီးဘေးမှာ သူ့လိုပဲ ရပ်နေတဲ့ ကောင်မလေးတစ်ယေက်ရှိတယ်၊ ကောင်မလေးရှေ့က မျက်ကန်းလူငယ်လေး ထိုင်ရာက ထ သွားတော့ ကောင်မလေးက အဘွားကြီးဖက်လှည့်ပြုံးပြီး ထိုင်ဖို့ဖိတ်ခေါ်တယ်။ တော်ပါသေးတယ် လို့ စိတ်ထဲမှာ တွေးနေတုန်း နောက်နားကသကောင့်သား ရွှတ်ခနဲဝင်ထိုင်သွားရော၊ အဘွားကြီးခမျာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး နောက်ပြန်ဆုတ်သွားတယ်၊ သူ့နေရာမှာပဲ ပြန်ရပ်နေရတယ်၊ ကောင်းကြသေးရဲ့လား။ အနှီ သန်စွမ်းတောင့်တင်းတဲ့ ကိုယ်ခန္ဒာပိုင်ရှင်၊ ရွှေရောင်ဆံပင်ကို ဒူးရင်းသီးလို ထောင်ထားတဲ့ မျက်ကန်းလေးဟာ ဒီဖက်မှာ အဘွားကြီးရှိမှန်း သိနေတော့ ထိုင်လိုက်ပြီးနောက်ပိုင်း ခေါင်းကိုဒီဖက် မလှည့်တော့ဘူး၊ လှည့်လာရင် ကျနော်က အဘွားကြီးဆီ မေးငေါ့ပြမှာ ကြိုသိနေသလားပဲ။ ခေတ်မှီသော လူငယ်များလုပ်ထုံးအတိုင်း ထိုင်တယ်၊ အိုင်ပေါ့ထုတ်တယ်၊ နားကြပ်ထုတ်တယ်၊ တပ်တယ်၊ ဖွင့်တယ်၊ ခေါင်းတရမ်းရမ်းနဲ့ ရိုက်ချင်စရာကောင်းအောင် တစ်လမ်းလုံး လှုပ်သွားပါတယ်၊ ခေတ်လူငယ်၊ ခေတ်လူငယ်၊ တိုးတက်တဲ့ခေတ်ကြီးမှာ မစင်အပြည့်သိပ်ထားတဲ့ ဦးနှောက်ကိုထမ်းပြီး အသက်ရှင်နေရတဲ့ အာဂခေတ်လူငယ်ပါပဲ။
ရထားဇာတ်လမ်းပြီးတော့တခါ ကားပြောင်းစီးတယ်၊ ကားပေါ်မှာတော့ ချောင်ချောင်ချိချိမို့ တုန်ချိချိတွေ ချိကုန်းတောင် ကစားလို့ရတယ်၊ ထိုင်စရာက ပြဿနာမရှိဘူး။ မောင်းတယ်၊ ရပ်တယ်၊ မောင်းတယ်၊ ရပ်တယ်၊ ဒီလိုနဲ့ ဟော်လန်ရွာကို ကွေ့ဝင်လာတယ်။ မီးနီတယ်၊ မီးပွိုင့်မိတယ်၊ မီးစိမ်းသွားတယ်၊ ဝူးခနဲမီးပွိုင့်ဖြတ်တယ်၊ သိပ်မဝူးလိုက်ရဘူး၊ ပြန်ရပ်သွားရော။ ရပ်တာမှ ခဏလေးမဟုတ်ဘူး၊ အတော့်ကိုကြာတာ၊ ဟမ်၊ ဒီတခါလည်း ဘူဂစ်ဂုံးဘတ်နဲ့ ညားပြန်ပြီလားပေါ့။ ကားပြတင်းပေါက် ဘေးကနေ ချောင်းလိုက်တော့ လမ်းပေါ်ကလူတွေ အရှေ့နားကို မျှော်ကြည့် မျှော်ကြည့်လုပ်နေကြတာ တွေ့လိုက်တယ်။ တခုခုတော့ ဖြစ်ပြန်ပြီ၊ ခဏထပ်စောင့်တယ်၊ မီးပွိုင့်အတူတူ မိခဲ့ကြတဲ့ ယာဉ်တန်းကြီးက တုပ်တုပ်လေးတောင် မလှုပ်ဘူး။ ဒရိုင်ဘာဘေးနားသွားပြီး လမ်းဆင်းလျှောက်ဖို့ ပြောရတယ်၊ အတော်ပဲ ကျနော့်လို စိတ်မရှည်တဲ့ အဘိုးကြီးတဗွေလည်း ဆင်းမယ်ဆိုတော့ ဒရိုင်ဘာက တံခါးဖွင့်ပေးတယ်။ အောက်ဆင်းပြီး ရှေ့နားလျှောက်သွားတော့မှ အလို၊ လက်စသတ်တော့ လမ်းမကြီးကို သစ်ကိုင်းပိတ်နေတာပါလား၊ မုန်တိုင်းလည်း မတိုက်ရပဲ သူ့ဖီလင်နဲ့သူ ကျိုးကျနေတဲ့ သစ်ကိုင်းကြီးတစ်ကိုင်း ကားတန်းရှေ့မှာ ဆန့်ဆန့်ကြီးဗျ၊ အရှည်က လမ်းမနဲ့ကွက်တိပဲ၊ ဘာမှလှုပ်လို့မရတော့ဘူး။ ကျနော်လည်း ၃၆၀ ဒီဂရီ ထောင့်စုံကနေ ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီး ခြေလျင်ဒိုးပါတယ်၊ လည်ပင်းကတော့ နောက်ကိုပြန်ပြန်လှည့်တယ်၊ ဒီလူတွေ ဘယ်လိုလုပ်မလဲ သိချင်တာပေါ့။
ကျနော်ဆင်းလျှောက်ပြီး တော်တော်လေး ကြာတော့မှ သစ်ကိုင်းဘေးမှာ လူတစ်ယောက်စ နှစ်ယောက်စ တွေ့လိုက်တယ်၊ ဩော်၊ ဆင်းလာကြပြီကိုး၊ ဘယ်လိုဖြစ်လို့ ခုမှ ဆင်းလာကြသလဲပေါ့။ အဲဒီအချိန်မှာ ပိတ်နေတဲ့ကားတန်းက ဆယ်စီးအထက် ရှိနေပြီ၊ ဆင်းလာတဲ့လူက နှစ်ယောက်တည်းရယ်၊ နောက်ထပ် လမ်းသွားလမ်းလာ နှစ်ယောက်လောက်က မနေနိုင်ပဲ ကူဆွဲတာ တွေ့လိုက်တယ်။ အင်း၊ ကျနော်က အတော်လှမ်းနေပြီ၊ နို့မို့ဆို ဝင်ဆွဲပေးတယ်။ တွေးမိတာက ရှေ့ဆုံးကလူတွေ ဘာကိစ္စ ပိတ်မိမိချင်း ဆင်းမလာပဲ ကားပေါ်ထိုင်ကြည့်နေလဲ ဆိုတာပါ။ ဆင်းလာတော့လည်း ၂ ယောက်တည်း၊ မဖြစ်သင့်တာ အမှန်ပဲ။ လူ့အသိုင်းအဝိုင်းဆိုတာ ရိုင်းပင်းကူညီမှု၊ နားလည်မှု၊ စာနာမှု စတာတွေနဲ့ ရှင်သန်ရတာ၊ ဘာကိစ္စ ဒီနိုင်ငံမှာ အတ္တဘောတွေ ဒီလောက်များနေပါလိမ့်။ အိမ်ရောက်တော့ အင်တာနက်မှာ လျှောက်မွှေကြည့်တယ်၊ အဲဒါတွေနဲ့ပတ်သက်လို့။ တွေ့တယ်၊ အတ္တဘော ခရီးသွားတွေအကြောင်း ရေးထားကြတာ အများကြီးပဲ။ စကားရည်လုသလို ဖယ်ပေးစရာမလိုဘူး ဆိုတာက တစ်ဖက်၊ ဖယ်ကိုဖယ်ပေးသင့်တယ် ဆိုတာက နောက်တစ်ဖက် ငြင်းနေကြတာ။ စိတ်မကောင်းစရာက ဖယ်ပေးစရာမလိုဘူး ဆိုတဲ့ဖက်က အားသာတယ်၊ လူအတော်များများ ကိုယ်ဝန်ဆောင်တို့၊ သက်ကြီးရွယ်အိုတို့ကို တကူးတက ဖယ်ပေးစရာ မလိုဘူးလို့ ယူဆတယ်၊ စိတ်ပျက်စရာပဲ။
မှန်တယ်၊ တချို့ကပြောတယ်၊ ဖယ်မပေးချင်လို့ အိပ်ချင်ယောင်ဆောင်တဲ့ ခရီးသွားတွေမှာ အကြောင်းတခုခု ရှိမနေနိုင်ဘူးလား တဲ့၊ အဲသလိုလူမျိုးတွေ ကိုယ်လက်မအီမသာ ဖြစ်နေလို့ ရုတ်ချည်းအိပ်ပျော် (ယောင်ဆောင်) သွားပြီး ဖယ်မပေးတာဆိုရင် လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ကျနော် ဒီနေ့ကြုံတဲ့ အဖြစ်အပျက်မျိုးကတော့ အဲဒါနဲ့မတူဘူး၊ ဘေးမှာ အဘွားကြီးတစ်ယောက်လုံး ရှိနေပါလျက်နဲ့ ဝင်ထိုင်ပစ်တာ၊ ပြီးတော့ တကယ့်ကို ကျန်းမာသန်စွမ်းပြီး တစ်လမ်းလုံး ခေါင်းယမ်းနေနိုင်တဲ့ လူငယ်လေး၊ ဆိုတော့ ဘယ်လိုမှ အကြောင်းပြချက် ပေးဖို့မသင့်ဘူး။ တချို့ကပြောတယ်၊ ခရီးသွားတိုင်းဟာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သွားနေကြတာပဲ၊ နေရာမရမှာ စိုးရိမ်နေရင် တက္ကစီဖြစ်ဖြစ် တခြားရွေးချယ်စရာ တခုခုနဲ့သွားပေါ့ ဆိုပဲ။ အင်းလေ၊ အဲသလောက်ကြီး အတ္တဆန်၊ ရုပ်ဝတ္ထုဆန်နေရင် ဒီကမ္ဘာကြီးက နေပျော်ပါအုံးမလား။ ဒီလိုတိုးတက်ခေတ်မှီတဲ့ ပတ်ဝန်းကျင်မှာ ခေတ်နောက်ကျတဲ့ အတွေးအခေါ်မျိုး ရှိနေတာ စိတ်မကောင်းစရာပဲ။ ရိုင်းပင်းတယ်ဆိုတာ ငွေတန်ဖိုးနဲ့မဆိုင်သလို စာနာသိတတ်တယ် ဆိုတာလည်း တတ်ထားတဲ့ပညာနဲ့ တိုက်ရိုက်အချိုး မကျဘူး၊ ဒီလို ကျောင်းစာက သင်မပေးနိုင်တဲ့ သင်ခန်းစာမျိုးကို သဘာဝကြီးက ပေးဆပ်မှုကြီးတစ်ခုနဲ့လဲပြီး တချိန်ချိန်မှာ သင်ပေးလိမ့်မယ်၊ အကြောင်းက ဒါဟာ တကယ့်အခြေခံပဲ။
တခြားဖတ်ရန်
ပြိုင်တူတွန်းလျှင် - ကိုစောဘုန်းလူ
Ugly Commuters - STOMP

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.