Wednesday, October 22, 2008

[Ywar Thar Lay (YTU)] 1 New Entry: အိုဘယ့် တီးလှည့် စောင်းသခင်

အိုဘယ့် တီးလှည့် စောင်းသခင်


စောင်းကြိုးကိုညှိပြီး မတီးခဲ့ရင်တော့ သာယာချိုမြိန်တဲ့ စောင်းသံကိုကြားရလိမ့်မည်မဟုတ်။ မထိတထိ ထိရန်ကြိုးစားခဲ့ပါတယ်ဆိုပေမယ့် စောင်းသံမှ ပီပီပြင်ပြင်မကြားရတာနော်။ တစ်ပုဒ်လောက်တော့ ပြီးဆုံးအောင်တီးကြည့်ပါလား………..

စောင်းဆိုတာ ရင်ခွင်မှာတစ်ချက်ပိုက်တာနဲ့စောင်းတီးတာမှမဟုတ်တာ။ ထိစပ်မှုတွေရှိနေတတ်ပေမယ့် စောင်းတီးနေတာလို့ မဆိုနိုင်ပြန်ဘူး။ လေတိုက်ရုံလောက်နဲ့ စောင်းသံကိုကြားရလိမ့်မယ် ထင်နေတယ်ဟုတ်လား။

စောင်းကြိုးဘယ်နှစ်ကြိုးရှိသလဲ။ ဘယ်ကြိုးက အသံအချိုဆုံးလဲ။ စောင်းကြိုးတွေကိုညှိခဲ့တယ်ဆိုရင်လည်း ကြိုးတွေကုန်စင်အောင် ညှိသင့်ပါတယ်။ နောက်ဆုံးတစ်ကြိုးကျမှ အားမထည့်ပဲထားခဲ့ရက်တယ်။ အင်း အဆုံးထိ မညှိခဲ့ဘူးဆိုရင်လည်း အစတည်းက ဒီစောင်းကိုမထိပါနဲ့လား။

ပြန်ချလိုက် ကောက်ကိုင်လိုက်နဲ့ ဘာတွေ ချီတုံချတုံဖြစ်နေတာပါလိမ့်။ စောင်းသံကိုကြားချင်တာ မဟုတ်လားဟင်။ ဒီ့အတွက် ဘာတွေများပူပန်ကြောင့်ကျနေပါလိမ့်။ ရဲရဲရင့်ရင့် တင်ပုလ္လင်ထိုင်ပြီး ရင်ခွင်က ဒီစောင်းကို အချိုဆုံးဆိုတဲ့ တေးတွေနဲ့ ထွေးသိပ်သင့်ပါတယ်လေ။ တစ်လောကလုံးလည်း ကြားရတာပေါ့။

စောင်းက အိုနေလို့။ စောင်းက…… စောင်းက…..အို ဆင်ခြေတွေပေးမနေပါနဲ့လေ။ မတီးချင် တီးချင်ဖြစ်နေတာတဲ့လား။ အင်း တကယ်တမ်းက အာရုံက စောင်းဆီမှာမှ မဟုတ်ခဲ့တာ။ အထီးကျန်ဖြစ်နေတဲ့ အခိုက်အတန့်အတွက် အဖျော်ဖြေခံ ပစ္စည်းတစ်ခုအဖြစ်သဘောထားခဲ့တာမဟုတ်လား။

စောင်းဆိုတာ စားပွဲပေါ်မှာချထားလဲ စောင်းပါပဲ။ ကြမ်းပြင်ပေါ်ချထားလဲစောင်းပါပဲ။ ဘယ်လိုပဲပြောင်းပြောင်း စောင်းရဲ့အနှစ်သာရက စောင်းသံချိုတွေပေးဖို့ပါ။ တီးမယ့်သူက ခံစားချက်အပြည့်နဲ့ စောင်းကြိုးတွေကို တို့ထိခဲ့ရင် ရင်ဘတ်ထဲက အသံကိုတွေ မိုးတွေရွာသလို ပြန်လည်ရွာချပေးမယ့် စောင်းပါ။

တီးသူမရှိလို့ မမြည်တဲ့အခါ စားပွဲပေါ်မှာတင်ထားတဲ့ တစ်ခြားအရုပ်တွေလို အလှပြရုံသက်သက် တန်ဖိုးဖျက်တော့ မခံချင်ဘူး။ တန်ရာတန်ဖိုးပေးစွမ်းမယ့် စောင်းသခင် ဆီမှာ အိုဘယ့် တီးလှည့်စောင်းသခင်လို့ ပြောဖို့ကိုလည်း ၀န်မလေးတော့ပါဘူး။ ကဲ…တီးမယ်မဟုတ်လားဟင်……………


ဒီအတွေးကို ပြီးခဲ့တဲ့ သောကြာနေ့ ညစာစားပွဲက ရပါတယ်။ စောင်းကို ညှိသွားပြီး မတီးသွားခဲ့ဘူးဆိုတဲ့ စကားလေးကို ပြောပေးသွားတဲ့ အစ်မကြီးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

You received this email because you are subscribed to the real_time feed for http://ywartharlay-ytu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.