Tuesday, November 18, 2008

[] 1 New Entry: အဇ္ဈတ္တ

အဇ္ဈတ္တ

အဇ္ဈတ္တ

တကယ်တော့ အတွေးတခုကနေ မွေးဖွားခဲ့တာပါ။ အတွေးတခုကနေ နောက်ထပ် အတွေးတွေ ဆင့်ကဲ ဖြစ်ပေါ်ပြီး ဒီအတွေးတွေကို သိုလှောင်ထားတဲ့ ရေလှောင်ကန်ကြီးဟာ စာအုပ်တအုပ်ဖြစ်တယ်။ အင်တာနက် စာမျက်နှာ တခုဖြစ်တယ်။ ဘလော့တခုဖြစ်တယ်။ ဒါမှမဟုတ် ရုပ်ရှင်တပုဒ်ဖြစ်တယ်။ အတွေးတွေ ကူးသန်းဆက်ယှက်ရင်း ဒီအတွေးတွေ မပြန့်ပွားဖို့ အနှစ် ၂၀ ဆိုတာကို ကျနော်တို့ဘာသာ ကျနော်တို့ တီထွင်လိုက်ကြတယ်။ ကျနော်တို့ဘာသာ ကျနော်တို့ ကန့်သတ်လိုက်ကြတယ် ဆိုပါတော့။

ဒီလိုနဲ့ တိုးတက်သင့်တဲ့ အတွေးတွေသာ မတိုးတက်ခဲ့ဘူး။ ပြုတ်ကျကျန်ရစ်ခဲ့တဲ့ သမိုင်းစာမျက်နှာပေါင်းများစွာထဲမှာ စာရွက်တွေထပ်ပြီး အဖြုတ်ခံရဖို့ မလိုလားခဲ့ဘူး။ သမိုင်းဆိုတာ အောင်နိုင်သူတို့ ရေးရာ၏တဲ့။ ဒီလိုဆို ရှုံးနိမ့်သူတွေရဲ့ ရာဇ၀င်ဟာ တရုတ်သမိုင်းထဲက ချင်ရှီဟွမ် ဘုရင်ကြီးလို ရှိရှိသမျှ မီးရှို့ချင်တဲ့သူတွေက အခုအချိန် အများသား။ အခုလို အချိန်မှာ အရာအားလုံး ချုပ်ငြိမ်းသွားအောင် သံရည်ပူ တရှဲရှဲလောင်းပြီး လောင်တိုက်သွင်းရင် နောင်တချိန်မှာ အရာအားလုံး ငြိမ်းချမ်းသွားမယ်ထင်လား ကိုယ့်လူ။ အခြေမခိုင်တဲ့ ခြေထောက်တစုံနဲ့ ခေါင်းပေါ်တက်ရပ်နေသူတွေအဖို့ နောက်တချိန်ဆိုတာ ပြုတ်ကျဖို့သာ ရှိတယ်။ အတ္တနဲ့ လောဘကို ကိုယ်စားပြုတဲ့ အဇ္ဈတ္တနဲ့ ကိုယ်တခုဟာ ၀တ်ကောင်းစားလှတွေ ၀တ်ပြီး အများခေါင်းတွေကို နင်းချေထားတယ်။

တိုးတက်လာမယ့် အနာဂတ်တွေကို ရင်ဝယ်ပိုက်ဖို့ နေနေသာသာ စင်္ကာပူမှာ ဈေးဝယ်လို့ အားရသေးတာ မဟုတ်ဘူး။ အိမ်မှာ ကျယ်တဲ့ အိမ်ကျယ်တွေအဖို့ အပြင်က ပြောစကား နားထောင်ဖို့ နေနေသာသာ ကိုယ့်ဟာကိုယ် ဗိုလ်လုပ်လို့ အားမရနိုင်သေးဘူး။ ဒီလိုနဲ့ ဒီအိမ်ကြီးထဲမှာ လူတွေ နည်းခဲ့ပြီ။ ခါးချိအောင် အထောင်းခံဖို့ ကိုယ့်ခါးကို ကော့ပေးကြရတယ်။ နားမချိအောင် အထောင်းခံဖို့ လေလှိုင်းတွေက အဆက်မပြတ် လွှတ်ပေးနေကြတယ်။ တချို့က အမှန်တချို့နဲ့ အမှားသုံးပုံနှစ်ပုံကို ရော cocktail အဖြစ် တင်ဆက်ကြတယ်။ တချို့က အမှားတွေအများကြီးမှာ အမှန် တလုံး ၂ လုံး ထည့်ပြီး အမှန်လို့ ပြောချင်ကြတယ်။ နားကော ခါးကော ချိသွားကြသူတွေအဖို့တော့ ဂျောင်းရင်ဂျောင်း အောင်းရင်အောင်းပဲ ကိုယ့်လူ။ မအောင်းဘဲ အောင်လံ လွှင့်သူတွေအတွက်ကတော့ ချိုးဖျက်ခံထားရတဲ့ အမှန်တရားနဲ့ ဥပဒေက စောင့်လျက်ပဲပေါ့။

ပြောခွင့်မရလို့သာ မပြောကြတာ.. ရင်ဘတ်ထဲက အသံတွေဟာ ဗြောင်းဆန်နေတယ်။ အပြောခံနိုင်ဖို့ နေနေသာသာ ကျသွားတဲ့ ကာတွန်းတပုံဟာ သူတို့အတွက် ကျဉ်စက်နဲ့ အတို့ခံရသလိုပဲ။ ဒီလိုနဲ့ သူတို့ပြောတဲ့ တိုးတက်ပြောင်းလဲလာမယ့် နေ့တနေ့ကို ငါတို့တွေ လက်ကလေးပိုက်ပြီး ထိုင်စောင့်ရဦးမယ်။ ငါတို့တွေ ထိုင်စောင့်ရင်းနဲ့ ဟို အကြော်သည် မိန်းမ သမီးလဲ ကလေးတွေ တပြွတ်ကြီးနဲ့ အကြော်ဆက်ရောင်းဆဲပေါ့။ ဟောင်းနွမ်းနေတဲ့ ငါတို့ အိမ်ခေါင်မိုးတွေ ဆေးပြန်မသုတ်နိုင်ခဲ့တာ ကြာခဲ့ပြီ။ ဒီလိုနဲ့ပဲ အပြောကြီးတဲ့ ဟိုဘက်အိမ်က ပွဲစားသမီးလဲ နိုင်ငံခြားထွက်သွားခဲ့တာလဲ ကြာခဲ့ပြီ။

ပြောင်းလဲဖို့ အချိန်အခါတရပ်ဆိုတာ အခုအချိန်ထိ မပြောင်းလဲနိုင်ခဲ့သလို ပြောင်းလဲဖို့သင့်တဲ့ ကျနော်တို့အားလုံးလဲ မပြောင်းလဲနိုင်ခဲ့တာ ကြာပါပြီ။ ဒီလိုနဲ့ပဲ သူတို့တွေ နင်းချေသွားကြသလို ကျနော်တို့တတွေလဲ ကိုယ်နင်းချေခဲ့ကြတဲ့ အတိတ်တွေကို အမှတ်မရဘဲ အနာဂတ်ကို မျှော်မှန်းနေလို့တော့ မရဘူး ကိုယ့်လူ။

You received this email because you are subscribed to the real_time feed for http://kadaung.net/?feed=rss2. To change your subscription settings, please log into RSSFWD.