Tuesday, November 18, 2008

[ရွှေပြည်သူ] 2 New Entries: အဖန်ငါးရာ ငါးကမ္ဘာ

အဖန်ငါးရာ ငါးကမ္ဘာ

ကျွန်မရဲ့ "ကိုယ့်ကိုကိုယ်မှ ရက်စက်သူ" ပို့စ်မှာ အဖန်ငါးရာ ငါးကမ္ဘာဆိုတာ တကယ်မရှိဘူးလို့ ရေးလိုက်တာနဲ့ ပတ်သက်ပြီး မောင်ငယ်လေးတွေဖြစ်တဲ့ zaw၊ Arrow နဲ့ ကိုမင်းထက်တို့က နဂို သိဖူးမှတ်ဖူးတာနဲ့ မတူတာကြောင့် ပြောပြပေးဖို့ Cbox မှာ ရေးသွားတာကြောင့် ဒီပို့စ်လေး တင်လိုက်ပါတယ်။ အမှန်အတိုင်းဝန်ခံရရင် ကျွန်မကိုယ်တိုင်လည်း အဖန်ငါးရာ ငါးကမ္ဘာရှိတယ်လို့ အဲဒီပို့စ်မတင်ခင် မိနစ်ပိုင်းအထိ မှတ်ထားခဲ့မိတာပါ။ ပို့စ်မှာတောင် ထည့်ရေးထားမိပါသေးတယ်။ နောက်မှ စိတ်ထဲမှာ မသေချာသလို ခံစားရတာနဲ့ ကျွန်မထက် အသက်ငယ်ပေမယ့် ဘာသာရေး ဗဟုသုတ အများကြီး ပိုပြည့်စုံတဲ့ မောင်ငယ်လေး အောင်ဦး(ဓမ္မရသ) ကို လှမ်းမေးမိပါတယ်။ အောင်ဦးဆီကတဆင့် မောင်လေး စိုးသူဟိန်းရေးထားတဲ့ ပို့စ်တစ်ခုကို ဖတ်ရပြီး အဖန်ငါးရာငါးကမ္ဘာဆိုတာ ကျန်းဂန်တွေမှာ ဖော်ပြထားခြင်း မရှိခဲ့ဘူးဆိုတာ သိခဲ့ရပါတယ်။ ပို့စ်ထဲမှာ မောင်လေး စိုးသူဟိန်းရေးတဲ့ ပို့စ်ရဲ့ Link ကိုပါ ထည့်ပေးဖို့ ကြိုးစားပေမယ့် Link က (ယာယီ) ဖွင့်မရဖြစ်နေခဲ့တာကြောင့် မထည့်ဖြစ်လိုက်ပါဘူး။ အောင်ဦးဆီမှာ ဖွင့်လို့ရပြီး ကျွန်မဆီမှာ ဖွင့်လို့မရတာကြောင့် အောင်ဦးက စာပိုဒ်လိုက်ကူးပြီး လှမ်းပို့ပေးတာပါ။ (အဲဒီကတည်းက ပို့စ်မှာ Link ထည့်မပေးနိုင်ခဲ့တဲ့ လိုအပ်ချက်အတွက်လည်း ကျွန်မ အားလုံးကို တောင်းပန်ပါတယ်ရှင်)

အခု အဖန်ငါးရာ ငါးကမ္ဘာနဲ့ပတ်သက်ပြီး တိတိကျကျ သိချင်သူတွေအတွက် အဖြေတစ်ခုပေးနိုင်မှာ ဖြစ်တဲ့ Ebook တစ်ခုကို ဝေမျှပါရစေရှင်။ မြတ်မင်္ဂလာစာစောင်မှာ ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလ ကနေ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလအထိ ဖော်ပြခဲ့တဲ့ ဘာသာရေးပြဿနာ အမေးအဖြေတွေကို စုစည်းထုတ်ဝေထားတဲ့ "ရဝေထွန်း ~ ဘာသာရေးပြဿနာများ (၅)" စာအုပ်လေးပါ။ "အဖန်ငါးရာ ငါးကမ္ဘာ" နဲ့ ပတ်သက်တဲ့ အမေးအဖြေတင် မကဘဲ ဗုဒ္ဓဘာသာဝင်တွေအတွက် ဘာသာရေးဗဟုသုတ တိုးစေတဲ့ တခြားသော အမေးအဖြေတွေလည်း ပါတာကြောင့် တစ်အုပ်လုံးဖတ်ကြည့်သင့်တဲ့ အဖိုးတန်စာအုပ်တစ်အုပ်ပါ။ (စာအုပ်ကို Online ဝေမျှတဲ့ မူရင်း Website ကတော့ ချယ်ရီသစ္စာပါ) အောက်က Link ကို Right-Click နှိပ်ပြီး Download လုပ်နိုင်ပါတယ်ရှင်။


"အဖန်ငါးရာ ငါးကမ္ဘာ"နဲ့ ပတ်သက်တဲ့ အမေးအဖြေကို စာမျက်နှာ ၁၇၀ (PDF ရဲ့ စာမျက်နှာကတော့ ၁၇၁ ပါ) အောက်နားလေးမှာ ဖတ်နိုင်ပါတယ်။ စာအုပ်ထဲမှာ ရေးထားတဲ့အမေးနဲ့ အဖြေအတိုင်း ကူးယူဖော်ပြရရင် ~

ကိုယ့်ကိုယ်ကို သတ်သေခြင်း

မေး။ ။ အရှင်ဘုရား၊
ကိုယ့်ကိုယ်ကို သေအောင်သတ်၊ ပါဏာတိပါတ် အကုသိုလ်၊ သင့်မသင့် ဖော်ဖွင့်သာဓကရယ်နှင့်၊ စာပြဆရာမြတ် ပုဒ်ပါဌ်ဖွင့်ဆို။ သိပါလို ထိုထိုပစကား။ ။ အဖန်ဖန် ငါးရာမှန် ကမ္ဘာကျအောင်၊ ပါဏကိုယ်တိုင်သတ်ပါသတဲ့။ မှတ်လာသည် ထိုအကြောင်းကို ပေါင်းဖြေပါ့ဘုရား။

ကဗျာဆိုသာချို၊ ဗဟန်းမြို့နယ်။

ဖြေ။ ။ ကိုယ့်ကိုယ်ကိုဖယ်ကာထား၊ တစ်ပါးသော သတ္တ၀ါ။ ။ ပါဏေန ပဏသညီပြ၊ မှတ်ကြစရာ။ ။ ပရပါဏာမှ (ကိုယ်မှတစ်ပါး၊ အခြားသတ္တ၀ါမှ) သင့်ပါရမှန်စွာ၊ ကိုယ့်ဟာကိုယ် မသင့်။ ။ ဖန်ငါးရာ ဘယ်စာမှာ ဆိုမရှိပါဘူး၊ ရေးသိပါလင့်။ ။
"အတ္တာနံ မုဉ္ဇိတွာ ပရပါဏမှိ ပါဏသညိတာ လက္ခဏဿ အင်္ဂဿ အဘာသတော၊ နေသတ္ထိ ပါဏာတိပါတော"။
"အတ္ထတော ပန ပါဏေ ပါဏသညိနော် ပရဿ ဇီဝိတိန္ဒြိယုပစ္ဆေ ဒက ပယောရသမုဌာပိကာ ကာယ၀စီဒွါရာနံ အညတရ ဒွါရပ္ပ၀တ္တာ ၀ဓက စေတနာ"။

သာရတ္ထဋိ ၁၊ ၃၄၂။

တဆက်ထဲ မောင်လေး စိုးသူဟိန်းရေးထားတာကိုလည်း Link ဖွင့်လို့ မရသေးဘူးဆိုရင် ဖတ်လို့ရအောင် အောက်မှာ ပြန်ပြီး ကူးယူဖော်ပြလိုက်ပါတယ်ရှင်။

"ယနေ့ခေတ်မှာ လူအများစု အယူမှားနေတာလေး တစ်ခုကို ရေးသားဖော်ပြချင်ပါတယ်ခင်ဗျာ။ အဲဒါကတော့ လူတွေအများစုက မိမိ ကိုယ်ကိုသက်သေရင် အဖန်ငါးရာ ၊ ငါးကမ္ဘာ ခံရတယ်ဆိုတဲ့ မှားနေတဲ့ အမြင်လေးတစ်ခုပါ ။ မိမိကိုယ်ကို သတ်သေခြင်းသည် ဘ၀ငါးရာ (အဖန်ငါးရာ) ငါးကမ္ဘာခံရသည်ဆိုသော စကားကို ကျမ်းဂန်တို့တွင် ဖော်ပြထားခြင်း မရှိပါ။ အဖန်ငါးရာ ငါးကမ္ဘာ ဆိုသောစကားသည် ဧကကနိပါတ် ၊ မတက သတ္တဇာတ်မှလာသော စကားဖြစ်ပါတယ် ။ တစ်စုံတစ်ယောက်သည် ပါဏာတိပါတကံ လွန်ကျူးခဲ့လျှင် ထိုကံကြောင့် သေသည်၏ အခြားမဲ့၌ အပါယ်ငရဲတွင် ဆင်းရဲဒုက္ခ ခံစားရ၏။ ငရဲမှလွတ်လာလျှင်လည်း တူသော အကျိုးပေးသည့် အနေဖြင့် တစ်ပါးသူ၏ သတ်ခြင်းကို ဘ၀ပေါင်းငါးရာတိုင်တိုင် ခံရ၏ဟု ဖော်ပြထားပါသည်။ သူတစ်ပါးအသက်ကို သတ်လျှင် ဤကဲ့သို့ အပြစ်များခံရတတ်ကြောင်း ဖော်ပြထားပြီး မိမိကိုယ်ကို သတ်၍ အဖန်ငါးရာ ငါးကမ္ဘာ ခံရကြောင်းကို ဖော်ပြထားခြင်းမရှိပါ။

မိမိကိုယ်ကိုသတ်သေခြင်းသည် ပါဏာတိပါတကံ မထိုက်ဟု ကျမ်းဂန်တို့၌ ဖော်ပြထားပါသည်။ အမှန်မှာ ပါဏာတိပါတကံ ဆိုသည်မှာ သူတစ်ပါးအသက်ကို သတ်သောကံဖြစ်သည်။ မိမိကိုယ်ကို သတ်သည့်ကံ မဟုတ်ပါ။ သူတစ်ပါးအသက်သတ်ခြင်းသာ ပါဏာတိပါတကံ ထိုက်ပြီးမိမိကိုယ်ကို သတ်ခြင်းသည် ပါဏာတိပါတကံ မထိုက်ပါ။ ပါဏာတိပါတကံသည် အင်္ဂါငါးပါး ပြည့်စုံမှသာ ကမ္မပထမြောက်ပြီး အပါယ်ကျစေနိုင်၏။ အင်္ဂါငါးပါး အနက် တစ်ပါးပါးချို့ယွင်းခဲ့လျှင် ကမ္မပထမမြောက်၍ အပါယ်မကျစေနိုင်ပါ မိမိကိုယ်ကိုသတ်သေခြင်းသည် ပါဏာတိပါတကံ မြောက်ကြောင်း အင်္ဂါငါးပါးအနက် ပါဏသည်တာ = သတ္တ၀ါဟု အမှတ်ရှိခြင်းဆိုသည့် အင်္ဂါနှင့် မပြည့်စုံသောကြောင့် ပါဏာတိပါတကံ မထိုက်ကြောင်း ၀ိမတိဝိနောဒနီ (ပ- ၂၂၈) ၌ အတိအလင်း ဖော်ပြထားပါသည်။ ထိုကြောင့်မိမိကိုယ်ကို သတ်သေခြင်းသည် ပါဏာတိပါတကံ မထိုက်၍ အပါယ်လည်း မကျနိုင်၊ အဖန်ငါးရာ ငါးကမ္ဘာခံရသည် ဆိုခြင်းသည်လည်း မဟုတ်ပါဘူးခင်ဗျား။

ဒါပေမယ့် သတိထားရမှာက အဖန်ငါးရာငါးကမ္ဘာခံရသည် ဆိုတာမဟုတ်မှန်ပေမယ့် ဒိဌိနဲ့ တဏှာကတွန်းပို့လို့ မိမိကိုယ်မိမိ သေကြောင်းကြံစည်မိရင်တော့ ဧကန်ကို အပယ်ကျပါလိမ့်မယ် ဆိုတာလေးကိုပါ ဖြည့်စွက်ပြောပါရစေ။ မဟုတ်ရင် ကိုယ့်ကိုယ်ကိုသတ်သေရင် အပါယ်မကျဘူးဆိုတဲ့ အယူမှားသွားမှာကို စိုးရိမ်လို့ ဖြည့်စွက်ပြောကြားခြင်းပါခင်ဗျား။"

အပေါ်က စာတွေကို ဖတ်ပြီးတဲ့အခါမှာတော့ အားလုံးအတိုင်းအတာတစ်ခုထိ ကျေနပ်ရှင်းလင်းသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ ကိုယ့်ကိုယ်ကို သတ်သေခြင်းကြောင့် အဖန်ငါးရာ ငါးကမ္ဘာခံရမယ်လို့ ကျန်းဂန်တွေမှာ ဖော်ပြမထားဘူး ဆိုလို့ အဲဒီလို လုပ်တာရဲ့ အပြစ်ပေါ့သွားတာမျိုး လုံးဝမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို သတ်သေတာကြောင့် သေချာပေါက် အပယ်လားမှာဖြစ်သလို အင်မတန်မှ ရခဲလှတဲ့လူ့ဘ၀ကို ဆုံးရှုံးရတာဟာလည်း ဘာနဲ့မှ မတူတဲ့ အကြီးမားဆုံး ဆုံးရှုံးမှုပါ။ Email ထဲမှာ မောင်လေး Arrow သတိပေးသလို ကိုယ့်ကိုယ်ကို သတ်သေတာ အပြစ်မရှိဘူးဆိုတဲ့ အယူမှားမျိုး ယုံသွားကြမှာကိုလည်း ကျွန်မအရမ်းကို စိုးရိမ်ပါတယ်။ အမှန်တကယ်ကို အပြစ်ကြီးသလို အပယ်လားမှာလည်း ဧကန်ပါပဲ။ ကျွန်မ သိရသလောက် ဗဟုသုတကို ပြန်ပြီး ဝေမျှပေးတာလေးကို အားလုံး ကျေနပ်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီပို့စ်လေး ရေးဖြစ်အောင် Cbox မှာ သေချာလာမေးသွားကြတဲ့ မောင်လေး zaw၊ Arrow နဲ့ ကိုမင်းထက်တို့ကိုလည်း ထပ်ပြီး ကျေးဇူးတင်ကြောင်း ပြောချင်သလိုပြင် ဗဟုသုတနဲ့ "ရဝေထွန်း ~ ဘာသာရေးပြဿနာများ (၅)" Ebook ကို အချိန်ယူရှာဖွေပြီး ဝေမျှပေးတဲ့ မောင်ငယ်လေး အောင်ဦး(ဓမ္မရသ)ကိုလည်း လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ဒီနေရာက ပြောပါချင်ပါတယ်။ အားလုံးပဲ သောကကင်းတဲ့ အေးငြိမ်းသောဘ၀တွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်...

ကိုယ့်ကိုကိုယ်မှ ရက်စက်သူ

ကျွန်မတို့ ဗုဒ္ဓဘာသာအယူအဆအရ ကိုယ့်ကိုကိုယ် သတ်သေခြင်းရဲ့ အပြစ်ကြောင့် အပါယ်လားနိုင်တယ်လို့ သိရပါတယ်။ ကြားဖူးနေကျ အဖန်ငါးရာ ငါးကမ္ဘာဆိုတာ တကယ်မရှိဘူးလို့ သိရပေမယ့် ရခဲလှတဲ့ လူ့ဘ၀ကို ဆုံးရှုံးရတာနဲ့တင် လက်ငင်းဆုံးရှုံးမှုက သိပ်ကိုကြီးသွားခဲ့ပါပြီ။ ဒီနေ့တော့ တသက်လုံး ဘယ်တုန်းကမှ မကြားဖူးတဲ့ ကိုယ့်ကိုကိုယ် အရက်စက်ဆုံး သတ်သေ (တယ်လို့ ယူဆရ) သူတစ်ယောက်ရဲ့ အကြောင်းကို ချောက်ချားရင်နင့်စရာ ကြားဖူးလိုက်ရပါတယ်။ စင်္ကာပူတိရိစ္ဆာန်ရုံထဲမှာ သန့်ရှင်းရေး အလုပ်သမားအဖြစ် အလုပ်လုပ်နေတဲ့ အသက်(၃၂)နှစ်အရွယ် မလေးလူမျိုး နော်ဒင်မွန်တောင်း (Nordin Montong) ဟာ ကျားဖြူတွေ ပြသထားတဲ့ ခြံဝင်းထဲကို တမင်ဝင်ရောက်သွားပြီး တိရိစ္ဆာန်ရုံကို အလည်လာသူတွေရဲ့ ရှေ့မှာပဲ ရှားပါးကျားမျိုးစိတ်ဖြစ်တဲ့ ကျားဖြူတွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ပါတယ်။

မြင်ခဲ့ရသူတွေရဲ့ ပြန်ပြောပြချက်အရ ကျားဖြူတွေရဲ့ ၀င်းခြံထဲကို မ၀င်ခင်ကတည်းက နော်ဒင်ဟာ အော်ဟစ်နေပြီး ပစ္စည်းတွေကိုလည်း ဟိုလွှင့်ပစ် ဒီလွှင့်ပစ်လုပ်နေခဲ့ပါတယ်တဲ့။ အဲဒီနောက်တော့ သူဟာ အ၀ါရောင်လက်ဆွဲပုံးနဲ့ တံမြက်စည်းတစ်ချောင်းကို ကိုင်ရင်း နံရံအနိမ့်လေးကိုကျော်ပြီး ကျားခြံဝင်းထဲက ၁.၇၅ မီတာနက်တဲ့ (ကျားတွေ လူတွေရှိရာဘက်ကို မလာနိုင်အောင်လုပ်ထားတဲ့ အကာအကွယ်) ကျုံးလေးထဲကို ဆင်းသွားပါတယ်။ ကျုံးကိုဖြတ်ပြီး ကျားတွေရှိရာ အနားက ကျောက်ဆောင် ကျောက်တုံးတွေ အတိုင်းတက်သွားခဲ့ပါတယ်။ အပေါ်ရောက်တဲ့အခါမှာ တံမြက်စည်းကို လွှဲပြီး ကျားဖြူတွေကို ဒေါသထွက်အောင် သွားဆွခဲ့ပါတယ်။ ကျားနှစ်ကောင်က သူ့အနားကို ကပ်လာတဲ့အခါမှာတော့ သူဟာ လက်ဆွဲပုံးအ၀ါကို ခေါင်းမှာစွပ်ပြီး ကွေးအိပ်နေပါတော့တယ်။ ဒေါသထွက်နေပြီဖြစ်တဲ့ ကျားတစ်ကောင်က သူ့ကို ပုတ်လိုက်တဲ့အခါ ဒဏ်ရာဟာ (Baseball ကစားရမှာ အသုံးပြုတဲ့) Softball လက်အိတ်အရွယ်အစားလောက်တောင် ရှိပါတယ်တဲ့။ နော်ဒင်ရဲ့ အော်သံနဲ့ သွေးတွေကိုတွေ့ရမှ ရှိုးတစ်ခုပြနေတယ်အထင်နဲ့ ကြောင်ကြည့်နေခဲ့တဲ့ အလည်လာသူတွေလည်း ကြောက်လန့်တကြားဖြစ်ပြီး ထီးတွေနဲ့လှမ်း ပစ်တဲ့လူကပစ် အော်ဟစ်ခြောက်လန့်တဲ့သူက ခြောက်နဲ့ ကျားတွေကို အာရုံလွှဲဖို့ ကြိုးစားကြပေမယ့် မထိရောက်တော့ပါဘူး။ ကျားတွေဟာ နော်ဒင့်ရဲ့ ဇက်ကို ကိုက်ခဲပြီး ပြသထားတဲ့နေရာရဲ့ အနောက်ဘက်ကို ဆွဲသွားခဲ့ပါတယ်။ လူတွေရဲ့အော်သံတွေကြောင့် တခြားအစောင့်အယောက် ၂၀လောက်လည်း မိနစ်ပိုင်းအတွင်းရောက်လာကြပြီး တံမြက်စည်းတွေ လက်ဆွဲပုံးတွေနဲ့ ပစ်ကြပေမယ့် ကျားတစ်ကောင်ကတော့ နော်ဒင်ကို ဆက်ပြီး တိုက်ခိုက်နေပါသေးတယ်။ အစာကျွေးတဲ့နေရာရဲ့ တံခါးကို ဖွင့်လိုက်မှပဲ ကျားတွေဟာ လှုပ်ရှားမှုကင်းမဲ့နေပြီဖြစ်တဲ့ နော်ဒင်ကို ထားခဲ့ပြီး ထွက်သွားကြပါတော့တယ်။ ကျားတွေ အစာကျွေးတဲ့နေရာကို ရောက်သွားမှ တံခါးကို ပိတ်ပြီး တခြားအစောင့်တွေ နောင်ဒင့်ဆီကို ပြေးလာတဲ့အချိန်မှာတော့ နောက်ကျခဲ့ပါပြီ။ ဇက်ကို ကိုက်ခဲခံလိုက်ရတဲ့ နော်ဒင်ဟာ ဦးခေါင်းခွံကျိုးကျေတဲ့ဒဏ်နဲ့ ရဲတွေရောက်မလာခင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

စင်္ကာပူတိရိစ္ဆာန်ရုံမှာ စဖွင့်ခဲ့ချိန် (၁၉၇၃ခုနှစ်) ကနေ အခုချိန်အထိ တိရိစ္ဆာန်တိုက်ခိုက်တာကြောင့် လူသေဆုံးရတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်တဲ့။ ကျားဖြူတွေ ပြသတဲ့နေရာကိုလည်း ကြိုတင်ကာကွယ်မှုကို အကဲဖြတ်ဖို့ ယာယီပိတ်ထားလိုက်ပါပြီ။ "ကျွန်မတို့ ပြသတဲ့ဝင်းခြံတွေဟာ ဘေးကင်းလုံခြုံမှုရှိအောင် သေချာပုံစံချထားတာပါ။ ဒါပေမယ့် တမင်တကာ ၀င်ချင်တဲ့သူကတော့ လမ်းရှာပြီး ၀င်မှာပဲလေ" လို့ တိရိစ္ဆာန်ရုံရဲ့ Sales & Marketing ဒါရိုက်တာ အစ်စဘယ်လ်ချန်း (Isabel Cheng) ကပြောပါတယ်။ သူပြောသလိုပဲ တိရိစ္ဆာန်အရိုင်းမျိုးတွေကို ပြတဲ့နေရာကို ဘေးကင်းအောင် သေချာစီစဉ်ထားမယ်လို့ တွေးမိပါတယ်။ နော်ဒင်ကိုယ်တိုင်က တမင်တကာ ၀င်သွားသလို ကျားဖြူတွေကိုလည်း သူ့ကို လာမကိုက် ကိုက်အောင် တမင်ဆွပေးတာမျိုးတွေ လုပ်ခဲ့တာကြောင့် ကိုယ့်ကိုကိုယ် သတ်သေချင်တယ်လို့ပဲ ယူဆရမှာပါပဲ။ ဒီအဖြစ်အပျက် မဖြစ်ခင်လေးမှာပဲ ကျားဖြူတွေနဲ့ သိပ်မဝေးတဲ့ မိကျောင်းတွေ ပြထားတဲ့ အနားမှာ နော်ဒင့်ကို အော်ဟစ်ပြီး ပစ္စည်းတွေ ပစ်ပေါက်နေတာ တွေ့ခဲ့ရတယ်လို့ အလည်လာသူ သြစတျေးလျန်းလူမျိုး စုံတွဲကပြောသလို သူ့လုပ်ဖော်ကိုက်ဘက်တွေကလည်း နော်ဒင်ဟာ သူ့ရဲ့ဖြတ်ညှပ်တဲ့ ကိရိယာတွေကို လွှင့်ပစ် ထမင်စားဖို့ကူပွန်တွေကိုလည်း ဆုတ်ဖြဲပြီးတော့ "နှုတ်ဆက်ပါတယ်။ မင်းတို့ငါ့ကို နောက်ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူး" လို့ မလေးလိုပြောတယ်လို့ ပြန်ပြောပြကြပါတယ်။ ကိုယ့်ဘာသာ (ဒီလောက်အထိတောင် ရက်ရက်စက်စက်) သတ်သေချင်လောက်အောင် သူ့မှာ ဘာစိတ်ဒုက္ခတွေများ ရှိခဲ့သလဲဆိုတာ နော်ဒင်သာ သိပါလိမ့်မယ်။ ဒါပေမယ့် သူရဲ့နောက်ဆုံးအချိန် နာကျင်ခံစားနေရတဲ့အခိုက်အတန့်မှာတော့ သူ့ကိုယ်သူ ဒီလိုလုပ်မိတဲ့အတွက် နောင်တများရသွားမလားလို့ တွေးနေမိပါတယ်။ သူရဲ့ အတိတ်ကံ ဒါမှမဟုတ် ၀ဋ်ကြွေးလို့လည်း ယူဆရမှာပါပဲ။ ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ထွက်ပေါက်တွေပိတ်နေပါစေ... ဘယ်လောက်ပဲ ဒုက္ခတွေများနေပါစေ... ကိုယ့်ကိုကိုယ် သတ်သေတာကတော့ ဘယ်သောအခါမှ မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်တာ အသေအချာပါပဲ။ အားလုံး ငြိမ်းချမ်းကြပါစေရှင်...

မှတ်ချက်။ ။ အမြဲတမ်း သတင်းထူးတွေ ပြောပြပေးတဲ့ ချစ်သူငယ်ချင်း Thajin နဲ့ "အဖန်ငါးရာ ငါးကမ္ဘာ"အကြောင်း ဗဟုသုတဝေမျှပေးတဲ့ မောင်ငယ်လေး အောင်ဦးတို့ကို အထူးကျေးဇူးတင်ပါတယ်။ ဒီပို့စ်အတွက် အောက်က Link တွေကနေ စုစည်းဖတ်ရှုပြီး အလျဉ်းသင့်သလို ရေးထားတာပါရှင်။ ဓာတ်ပုံတချို့ကိုလည်း ဒီမှာ ကြည့်နိုင်ပါတယ် (ဖြစ်ခဲ့တဲ့နေရာဝန်းကျင်ရဲ့ ဓာတ်ပုံတွေနဲ့ နော်ဒင့် Passport ပုံပါ။ ကြောက်စရာပုံတွေ မဟုတ်ပါဘူး)
http://www.straitstimes.com/Breaking%2BNews/Singapore/Story/STIStory_302154.html
http://www.straitstimes.com/Breaking%2BNews/Singapore/Story/STIStory_302188.html
http://www.digitaljournal.com/article/262331

You received this email because you are subscribed to the real_time feed for http://shwepyithu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.