Diary 17.11.2008

အလုပ်လုပ်နေရင်းနဲ့ ခေါင်းတွေမူးလာလို့ ဟိုလုပ်ဒီလုပ် လုပ်ရင်း နာဂစ် ကယ်ဆယ်ရေး သွားတုန်းက ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့ အမှတ်တရ ရယ်စရာ ဓာတ်ပုံလေးတွေကို ပြန်ကြည့်ဖြစ်တယ်။ အဲဒီတုန်းကတော့ စိတ်ထဲမှာ ဘာမှ သိပ်မရှိဘူး။ အရမ်းပင်ပန်းတယ်၊ အရမ်းခေါင်းရှုပ်တယ် ဒါတွေပဲ သိတယ်။ ဒါပေမယ့် အခု ပြန်ကြည့်မိတော့ စိတ်ထဲမှာ ပျော်ရွှင်မှုကို ခံစားလိုက်ရတယ်။ ဓာတ်ပုံတစ်ပုံဟာ စကားလုံး ထောင်ပေါင်းများစွာနဲ့ ညီမျှတယ်ဆိုတဲ့ စကားဟာ သိပ်မှန်တာပဲ။ ဒီပုံလေးတွေ ကြည့်ရင်း ကျွန်တော်ဟာ အဲဒီတုန်းက အခက်အခဲကြားက ငြင်းခုံရတာတွေ၊ ပျော်စရာ၊ ရယ်စရာ အဖြစ်အပျက်လေးတွေကို သတိရလာမိတယ်။ ကျွန်တော့်ရဲ့ နောက်ကျိနေတဲ့ ခေါင်းဟာ ရွှင်လန်းလာတယ်။ အလိုမကျတဲ့ စိတ်တွေဟာ စိတ်ကြည်နူးမှုမှာ ငြိမ်သက်သွားတယ်။ အခုလို အချိန်မှာ ပြန်စဉ်းစား ကြည့်တော့ ကျွန်တော် ဒီအဖြစ်အပျက်ကြီးမှာ တစိတ်တဒေသ ပါဝင်ကူညီနိုင်ခဲ့တာကို အရမ်းကျေနပ်မိတယ်။ အဲဒီကိုသွားဖို့ အလုပ်ထွက်ခဲ့ပေမယ့် ဒီဆုံးဖြတ်ချက်ကို ကျွန်တော် ဘယ်တော့မှ နောင်တရမိမှာ မဟုတ်ပါဘူး။ ကျွန်တော့်ဘဝမှာ အမှတ်တရ အဖြစ်ဆုံး စိတ်ချမ်းသာစရာ ကိစ္စတစ်ခုကို ပြောပြပါဆိုရင် ဒီနာဂစ် ကိစ္စကို ပြောဖြစ်တော့မှာပဲ။ ကျွန်တော်သာ နိုင်ငံခြားမှာ ရှိနေခဲ့ရင် ဒီလို လုပ်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ နောက်ပြီး သူငယ်ချင်းတွေ။ သူတို့အားလုံးနဲ့ စိတ်တူကိုယ်တူ သွားခွင့်ရ၊ လုပ်ခွင့်ရ၊ သူတို့အားလုံးလည်း ဒီမှာ ရှိနေခဲ့တာတွေဟာ တိုက်ဆိုင်မှုတစ်ခု၊ ကြိုတင်စီစဉ်ထားမှု တစ်ခုမှ မဟုတ်ခဲ့ပါဘူး။ ပြီးတော့ ကျွန်တော်တို့ကို အပြင်မှာ မသိပေမဲ့ ယုံကြည်စွာ ကူညီလှူဒါန်းခဲ့ကြတဲ့ မိတ်ဆွေတွေ အားလုံးကိုလည်း ကျေးဇူးတင်မိတယ်။ သူတို့ မရှိခဲ့ရင် ကျွန်တော်တို့လည်း လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး။ အခက်အခဲတွေ အများကြီးကို ကျွန်တော်တို့ ကျော်လွှား ဖြေရှင်း နိုင်ခဲ့တယ်။ ကျော်လွှား ဖြေရှင်းခဲ့ရတယ်။ အနေဆင်းရဲ အစားဆင်းရဲ ဒုက္ခပေါင်းများစွာကို ကျွန်တော်တို့ ကျော်ဖြတ်နိုင်ခဲ့တယ်။ ဒါတွေဟာ ဘဝမှာ ဘယ်တော့မှ မေ့ပျောက်နိုင်တော့မယ့် အရာတွေ မဟုတ်ပါဘူး။ ဒီအကြောင်းကို စဉ်းစားမိတိုင်း ကျွန်တော်တို့ သူငယ်ချင်းတွေအားလုံး စိတ်ကြည်နူး ကျေနပ်နေမိကြမှာပါ။ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာတွေမှာ လိုအပ်တာ၊ ညံ့ဖျင်းတာ၊ အားနည်းချက်တွေ ရှိခဲ့ရင်လည်း ခွင့်လွှတ်ကြဖို့ တောင်းပန်လိုက်ပါတယ်။ ကျွန်တော်ကတော့ ဒီပုံလေးတွေ ပြန်ကြည့်ရင်း စိတ်ချမ်းသာမှု သန္တိသုခကို လောလောဆယ် ခံစားနေရတာမို့ ဒီခံစားချက်လေးကို အားလုံးကို ဝေမျှလိုက်ပါတယ်။ ပျော်ရွှင်ပါစေ။
PS: Handy Myanmar Youths ဆိုတဲ့ နာမည်လေး ပေးဖြစ်ခဲ့ပုံကို ပြန်သတိရမိနေတယ်။ နာမည်တစ်ခုခု ပေးရတော့မယ်ဆိုတော့ ကျွန်တော်ရယ် ကိုမျက်လုံးရယ် ကျွန်တော့် အခန်းလေးမှာ အပြင်းအထန် အလျင်အမြန် နာမည်တွေ ရွေးကြတယ်။ တော်တော်ကြာတယ် ငါးမိနစ်လောက် :) ။ ကိုမျက်လုံးက ဘီတဲလ်ရဲ့ Handy Man ဆိုတဲ့ သီချင်းလေးအတိုင်း ပေးမလားလို့ ရုတ်တရက် အကြံပေးတယ်။ Handy ကို တောက်တိုမယ်ရလို့ အနက်ဖွင့်လိုက်ပြီး သဘောကျတာနဲ့ နောက်က Myanmar Youths ဆိုတာလေး ပေါင်းထည့်ပြီး Handy Myanmar Youths ဆိုတဲ့ နာမည်လေးကို အတည်ပြုလိုက်ကြပါတယ်။ အင်္ကျီလေးတွေရိုက်ဖို့ လိုဂိုကိုလည်း တထိုင်တည်းနဲ့ ဆွဲခဲ့ကြတယ်။ ကိုယ်ရည်ရွယ် ခဲ့တာကတော့ ရင်ဘတ်ထဲက ထွက်လာတဲ့ ကူညီတဲ့ လက်တစ်ဖက်ပေါ့။ ဒါပေမယ့်လည်း ရွာသားတွေက ရှည်ရှည်ဝေးဝေး သိပ်တွေးမနေဘဲ ခရုမျက်မည်း အဖွဲ့လို့ အလွယ်တကူ မှတ်သားလိုက်ကြ ပါတယ်တဲ့။ သူတို့ပြောမှ သေသေချာချာ ပြန်ကြည့်မိတော့ ကိုယ်တွေ လိုဂိုကလည်း ခရုလိုလို ဘာလိုလိုကိုး။ မျက်မည်းဆိုတာကတော့ ယောသားကြီးကို ပြောတာပဲ ဖြစ်လိမ့်မယ်လို့ စိုးကြီးနဲ့ ရဲကျော်က မှတ်ချက်ချပါတယ်။
High Resolution Maps of Myanmar (7 States)
High Resolution Maps of Myanmar (7 States)
Kachin High Resolution Map

Kayah High Resolution Map

Karen High Resolution Map

Chin High Resolution Map

Mon High Resolution Map

Rakhine High Resolution Map

Shan High Resolution Map

Maps Dimension: 2048 x 2896
Size around (300K)

This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 3.0 Unported License.
ပထမ တင်ပေးလိုက်တဲ့ မြေပုံတွေမှာ လိုအပ်ချက်တွေ ရှိနေတာမို့ ပြန်ပြင်ထားပါတယ်။ အရင်ပုံတွေမှာ နာမည် ထင်ရှားတဲ့ မြို့တွေလောက်သာ ထည့်ထားခဲ့တော့ မပြည့်စုံပါဘူး။ ဒီတစ်ခေါက် ပုံတွေမှာတော့ တော်တော်လေး ပြည့်ပြည့်စုံစုံဖြစ်အောင် ဖြည့်ထားပါတယ်။ ပြည်ထဲရေးက ၂၀၀၈ ဖေဖော်ဝါရီ ရက်စွဲနဲ့ အတည်ပြုထားတဲ့ မြို့ရွာ စာရင်းထဲမှာ ပါတဲ့ မြို့နယ်၊ မြို့နယ်ခွဲတွေအထိ ထည့်ထားလိုက်တယ်။ အရင် ဆွဲထားတုန်းက ပြေပြေပြစ်ပြစ် မရှိတဲ့ အချိုးအကွေ့တွေကိုလည်း ပြင်ထားလိုက်ပါတယ်။
ဒီမြေပုံတွေကို ကျွန်တော် အပင်ပန်းခံ ဆွဲထားတာ အကြောင်းရှိပါတယ်။ အရင် အင်တာနက်ပေါ်မှာ ရှိတဲ့ မြေပုံတွေက ရှုပ်ယှက်ခတ်နေတယ်။ ပြီးတော့ ဆိုဒ်သေးတယ်။ အခမဲ့ မဟုတ်ဘူး။ ဒီတော့ Research လုပ်သူတွေ၊ အကယ်ဒမစ်တွေ၊ ဝန်ထမ်းတွေအတွက် Plain Maps လေးတွေ ဆွဲမယ်ဆိုပြီး လုပ်ခဲ့တာပါ။ ဒီ Plain Map အပေါ်မှာ ကိုယ့်ပညာရပ်အလိုက် လိုအပ်တဲ့ ဒေတာတွေ အလွယ်တကူ ထည့်လို့ ရပါတယ်။ ဥပမာ သစ်တောကဆိုရင် မြန်မာပြည်မှာ ရှိတဲ့ သစ်တောတွေ တည်နေရာပေါ့၊ တကယ်လို့ လူဦးရေ ဆိုရင်လည်း သက်ဆိုင်ရာ ပြည်နယ်တွေအလိုက် ကိန်းဂဏန်းလေးတွေ လိုက်ထည့်ရုံပေါ့။
ဒါပေမယ့် ဒီနေရာမှာ ချွင်းချက် တစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ ဒီမြေပုံတွေဟာ အခမဲ့ ပေးထားတယ် ဆိုပေမယ့် Creative Common Lincese အရ စီးပွားရေးနဲ့ မပတ်သတ်တဲ့ နေရာတွေမှာသာ အသုံးပြုခွင့် ရှိပါတယ်။ ပြင်ခွင့် ရှိပါတယ်။ ဖြည့်စွက်ခွင့် ရှိပါတယ်။ ဖြန့်ဝေခွင့် ရှိပါတယ်။ စီးပွားရေးနဲ့ မပတ်သတ်တဲ့ ဘယ်နေရာမှာမဆို ကြိုက်သလို အသုံးပြုနိုင်ပါတယ်။ သူများ အပင်ပန်းခံ လုပ်ထားပြီး အခမဲ့ ပေးထားတာကိုတော့ လုပ်မစားပါနဲ့ အလွန်မုန်းပါတယ်။ ဒီပုံတွေကို ပြင်ဆင် မွမ်းမံပြီးရင်လည်း အခမဲ့ သုံးစွဲခွင့်၊ ဝေမျှခွင့်ပဲ ရှိပါတယ်။
မြေပုံမှာ ရထားလမ်းတွေ၊ ကားလမ်းတွေ၊ ဟိုဟာဒီဟာတွေ ထည့်မထားပါဘူး။ နယ်နိမိတ်၊ မြစ်ကြောင်းနဲ့၊ မြို့ တည်နေရာတွေပဲ ပါပါတယ်။ အထင်ကရ နေရာဆိုရင်တော့ သက်ဆိုင်ရာ အမှတ်အသား တစ်ခုခု ပြထားပါတယ်။ ဒီမြေပုံတွေထဲမှာ မှားနေတာ၊ လိုအပ်နေတာ ရှိခဲ့ရင် ထောက်ပြ အကြံပေးစေ လိုပါတယ်။ အခုကတော့ ပြည်နယ် ခုနစ်ခု ပုံပဲ တင်နိုင်ပါသေးတယ်။ တိုင်းတွေက ဆွဲနေဆဲပါ။ Mouse နဲ့ ဆွဲရတာက သိပ်အဆင်မပြေတာမို့ Wacom Tablet ဝယ်မလားလို့တော့ စဉ်းစားနေတယ်။ ပြောရရင်တော့ ဝယ်မယ် စဉ်းစားနေတာ ၃နှစ်လောက် ရှိပြီလေ။ :) ပျော်ရွှင်ပါစေ။
Updated:
1. Fixed 2 errors at Rakhine Map and reloaded again! (Nov.16)

2. Download all these maps at 4Shared (Ko Nyein Khant) (2 Mb)
3. Download All these maps at Megaupload (Ko Myat Thura) (2Mb)
You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.