ခေါင်းမာသူတစ်ယောက်နှင့်ဆွေးနွေးခြင်း
ခင်ဗျားတို့ကခဏခဏခေါ်တယ်
ကျနော်တို့ကလာရတာမလွယ်ဘူး
ခရီးတစ်ခေါက်ထွက်တိုင်း
အောက်ထစ်အနှစ်(၂၀)ကြမ်းခင်းဈေးပေါက်တယ်
တွေ့ရင်လည်းပါးစပ်ကအမြှုပ်တစီစီထွက်အောင်
ခင်ဗျားမို့မပြီးနိုင်မစီးနိုင်ပြောနိုင်လွန်းတယ်
ခင်ဗျားစကားတွေကြားရတာများလို့ အလွတ်တောင်မှတ်မိနေပြီ
ကျနော်တို့ကဟိုမှာ ပြောတိုင်းလုပ်လို့ရတာမဟုတ်ဘူး
အခြေအနေကြည့်ပြီးအကောင်းဆုံးမီးစင်ကြည့်ကနေရ
စာရွက်တစ်ရွက်ပရင့်စ်ထုတ်ဖို့
ကြေငြာချက်တစ်စောင်ထွက်ဖို့
ကဗျာစာအုပ်တစ်အုပ်ဖြစ်ဖို့
အစည်းအဝေးတစ်ခါလုပ်ဖို့
ခင်ဗျားတို့နဲ့ဖုန်းစကားပြောဖို့
အောက်ထစ်အနှစ်(၂၀)ကြမ်းခင်းဈေးပေါက်တယ်ဆိုတာသဘောပေါက်
ကျုပ်သွေးဘယ်လောက်ရဲရဲ
ဟိုအထဲရောက်ရင် သူတို့လက်ခုပ်ထဲကရေ
အောင်သပြေကကျော်ရင်
အခက်ခဲဆုံးစာမေးပွဲတစ်ခု အောင်တယ်လို့မှတ်
ဟိုဟာကြီးထဲမှာဟိုဟာလေးထပ်ကျဖို့က ကျုပ်အတွက်သေချာပြီးသား
လောက်ကောင်ရောတဲ့ထမင်း အပ်နဖားလောက်စိမ်းစားငပိနဲ့
ကျော်ဖြတ်ရမဲ့အနှစ်(၂၀)
ထမင်းတင်မဟုတ်ဘူး သတင်းပါငတ်ဖို့သေချာပြီးသား
ဖျားနာလို့ဆေးထိုးတဲ့အခါ အိပ်စ်အိုင်ဗွီပိုးကူးစက်နိုင်သေးတယ်
တကယ်လို့ ကျုပ်သာအထဲရောက်သွားခဲ့ရင်
အမေနဲ့ညီမလေးကို ခွေးမသားတွေ နှိပ်စက်ကြဦးမယ်
သူရဲဘောကြောင်လို့ ပြောနေတာမဟုတ်ဘူး
သွေးရဲလို့မပြေးပဲ အနီးကပ်တိုက်စစ်ဆင်နွှဲနေတာ
ဒီကိုတစ်ခါတခါလာဖို့ ညီမလေးစက်ဘီးပေါင်နှံရတယ်
ခင်ဗျားတို့လို လေယာဉ်စီးပြီး ခရီးထွက်နေနိုင်တာမဟုတ်ဘူး…။
ငြိမ်းချမ်းအောင်
နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော လုပ်ဖော်ကိုင်ဖက်ရဲဘော်တစ်ယောက်အတွက် ရည်ရွယ်ရေးဖွဲ့ပါတယ်။
မသန့်သော ဆေးထိုးအပ်ကြောင့် ထောင်တွင်း၌ ကဗျာဆရာတဦး အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရ
နိုဝင်ဘာ ၁၄ ၊ ၂၀၀၈
ရန်ကုန် အင်းစိန်ထောင်တွင်း၌ စစ်အစိုးရက ဖမ်းဆီးအကျဉ်းချထားသော ကဗျာဆရာ ကိုအောင်သန်းသည် အိပ်ခ်ျအိုင်ဗီ ကူးစက်ရောဂါ ခံစားနေရပြီး ၎င်း၏ လက်ရှိကျန်းမာရေးအခြေအနေမှာ ဆိုးဝါးနေကြောင်း သိရှိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)အဖွဲ့ဝင် တဦးဖြစ်ပြီး အသက် ၃၆ နှစ်ရှိ ယင်း ကဗျာဆရာ ကိုအောင်သန်းသည် လွန်ခဲ့သည့် ၂ နှစ် ခန့်တွင် အင်းစိန်ထောင် ဆေးရုံက ၎င်းအား အဓမ္မ ဆေးထိုးပေးခဲ့ပြီး နောက်ပိုင်း အိပ်ခ်ျအိုင်ဗီ ရောဂါပိုး ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်း သမားများ(RSF)အဖွဲ့နှင့် ပြည်ပအခြေစိုက် မြန်မာသတင်း သမဂ္ဂ(BMA)အဖွဲ့တို့က ကိုအောင်သန်း၏ မိခင်နှင့် မိတ်ဆွေ တချို့ကို ကိုးကား၍ နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။
"အခုကြားရတဲ့ ဖြစ်ရပ်ဆိုး သတင်းမျိုးဟာ ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့လုပ်ရပ် တခုတည်း ကြောင့် မဟုတ်ပါဘူး၊ မြန်မာနိုင်ငံ အကျဉ်းထောင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတဲ့ အခြေအနေ ကြောင့်လည်း ဖြစ်ပါတယ်၊ ဒါကြောင့် အခုထောင်ထဲမှာ ကျန်းမာရေးအခြေအနေဆိုးဝါးစွာခံစားနေရတဲ့ ကိုအောင်သန်းကို အမြန်ဆုံး ပြန်လွှတ်ပြီးတော့ ဆေးကုသခံယူခွင့် ပေးဖို့ တောင်းဆိုပါတယ်"ဟု RSF နှင့် BMA အဖွဲ့တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင်"ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ကြီးကို မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲ သွားရောက်ကူညီခွင့်ရအောင် နိုင်ငံတကာ အသိုင်းအ၀န်းက ဖိအားပေးဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းတောင်းဆိုပါတယ်"ဟုလည်း ၎င်းအဖွဲ့ နှစ်ဖွဲ့က ထည့်သွင်း ဖော်ပြထားသည်။
ယင်းကမ္ဘာ့ကြက်ခြေနီအဖွဲ့(ICRC)ကို မြန်မာစစ်အစိုးရက ၂၀၀၅ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအကျဉ်းထောင်များ အတွင်း သို့သွားရောက် ခွင့်ကို ပိတ်ပင်ခဲ့သည်။ ICRC သည် ၁၉၉၉ ခု နှစ်မှစတင်၍ အကျဉ်းထောင်များအတွင်း သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက"ကျနော်တို့ သိရသလောက် မြန်မာနိုင်ငံ အကျဉ်းထောင်တွေရဲ့ ကျန်းမာ ရေး စောင့်ရှောက်မှုက အတ်ာညံ့ဖျင်း ပါတယ်၊ အထူးသဖြင့် ICRC ထွက်သွားပြီးတဲ့နောက်မှာ ပိုဆိုးလာပါတယ်၊ ဒါကြောင့် ICRC လို့အဖွဲ့ကြီးအနနဲ့ ဒီအကျဉ်းထောင်တွေထဲကို သွားရောက်ခွင့်ရရင် ကောင်းပါမယ်"ဟု ပြောဆို သည်။
အဆိုပါ ကိုအောင်သန်းသည် ၂၀၀၆ ခုနှစ် အောက်တိုဘာလ အတွင်းက အမျိုးသား ဆီးလမ်းကြောင်းဆိုင်ရာ ဝေဒနာနှင့် ပတ်သက်ပြီး အင်းစိန်ထောင်ဆေးရုံတွင် ကုသမှုခံယူရာ ယင်းထောင်ဆေးရုံမှ ၀န်ထမ်းတဦးက တာဝန်ရှိ ဆရာဝန် ညွှန်ကြားချက်အရ မဟုတ်ဘဲ ဆေးထိုးပေးခဲ့ကြောင်း၊ ထောင်ဆေးရုံတွင် မသန့်ရှင်းသော ဆေးထိုးအပ်များ အသုံးပြုသည်ကို မကြာခဏ တွေ့ရသောကြောင့် ကိုအောင်သန်းက ဆေးထိုးခံရမည်ကို ငြင်းဆိုသော်လည်း ဆေးရုံ ၀န်ထမ်းက အဓမ္မ ဆေးထိုးပေးခဲ့ကြောင်း ကိုအောင်သန်း၏ မိခင် ဒေါ်ခင်စီနှင့် မိတ်ဆွေတဦး က ပြောပြသည်ဟုလည်း RSF နှင့် BMA တို့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
လ အနည်းငယ်ကြာပြီးနောက် ကိုအောင်သန်း၏ ကိုယ်ခံအားကျဆင်းလာပြီး မကြာခဏအဖျားတက်၍ အရေပြား များ အမြဲတမ်းကဲ့သို့ အေးနေကာ စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်လာသောကြောင့် ကိုအောင်သန်းက ၎င်းအား ဆေးစစ်ပေးရန် တောင်းဆိုခဲ့သော်လည်း ထောင်အာဏာပိုင်များက ငြင်းဆိုခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့ ဖြစ်ပေါ်နေသော လက္ခဏာများသည် အေအိုင်ဒီအက်စ် ဝေဒနာရှင် တဦးဖြစ်သည့် ရောဂါလက္ခဏာများ ဖြစ်ကြောင်း ဆရာဝန်များက မှတ်ချက်ပေးသောကြောင့် ကိုအောင်သန်းမှာ ထောင်တွင်း၌ အိပ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်ခံခဲ့ရသည်မှာ သေချာကြောင်း RSF နှင့် BMA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ အင်းစိန်ထောင်တွင်း၌ အကျဉ်းသားများ အဓမ္မဆေးထိုးခံရမှု များစွာရှိကြောင်းနှင့် BMA အဖွဲ့ဝင် တဦး၏ မိတ်ဆွေ တဦးသည်လည်း အဓမ္မဆေးထိုးခံရပြီးနောက် အေအိုင်ဒီအက်စ် ရောဂါဖြင့် ထောင်တွင်း၌ပင် သေဆုံးခဲ့ဖူးကြောင်းလည်း သိရသည်။
အဆိုပါ ကိုအောင်သန်းသည် ၂၀၀၆ ခုနှစ် ဇွန်လအတွင်းက ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံရေးသားထားသော"ဒေါင်းမာန်"အမည်ရှိ ကဗျာများ ရေးသားထုတ်ဝေမှုဖြင့် အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ် ၁၉ နှစ် ချမှတ် ခံထားရသူဖြစ်သည်။ ၎င်းနှင့် အတူ ပဲခူးမြို့ရှိ ယင်းကဗျာများကို ပုံနှိပ်ပေးသူ ကိုမောင်မောင်ဦး၊ ကိုဇေယျအောင်(ကျောင်းသား) နှင့် အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူ ကိုစိန်လှိုင်တို့သည်လည်း ထောင်ဒဏ်များ အသီး သီး ချမှတ်ခံခဲ့ရကြောင်း အထက်ပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကိုစိုး (ဧရာဝတီ)
You received this email because you are subscribed to the real_time feed for http://nyein-chan-aung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.