Tuesday, November 18, 2008

[ဒီရေ] 4 New Entries: ဦးဝင်းတင်၏ သဝဏ်လွှာ

ဦးဝင်းတင်၏ သဝဏ်လွှာ

ဆောင်းပါး SEAPA မဇ္ဈိမ | အောက်ပါသဝဏ်လွှာသည် မကြာခင်က ထောင်မှ လွတ်မြောက်လာသော မြန်မာ သတင်းစာ ဆရာကြီး ဦးဝင်းတင်၏ ကြိုတင် အသံသွင်းယူ ရိုက်ကူးထားသော သဝဏ်လွှာကို ပြန်လည် ရေးကူးထားခြင်း ဖြစ်ပါသည်။ ဤဗွီဒီယိုခွေကို ထိုင်း နိုင်ငံ ဘန်ကောက်မြို့ တွင် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သော SEAPA ၏ ၁ဝ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် စတင်ပြသခဲ့ပါသည်။

ဦးဝင်းတင်၏ မိန့်ခွန်း


အရှေ့တောင်အာရှ မှ ရောင်းရင်း သတင်းစာဆရာများ ခင်ဗျား ...


ကျနော့်ရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်၊ ဒီမိုကရေစီန့ လူ့အခွင့်အရေး တိုက်ပွဲဝင်မှုများကြောင့် စစ်အစိုးရက ကျနော့်ကို အကျဉ်းချထားခဲ့တာကြောင့် ကျနော့်ရဲ့ သတင်းစာလုပ်ငန်းကို မလုပ်နိုင်ခဲ့တာ အတော်ကြာခဲ့ပါပြီ။ ကျနော်ဆယ်စုနှစ် ၂ ခုစာမျှ ထောင်ထဲမှာ နေခဲ့ရပါတယ်။ ကျနော့်ရဲ့ ရှည်ကြာလှတဲ့ သတင်းစာဆရာဘဝမှာ ဒီကာလဟာ စိတ်ပျက်စရာ အကောင်းဆုံး ကာလတွေပါဘဲ။

ရှည်ကြာလှတဲ့ ကျနော်တို့ရဲ့ တိုက်ပွဲအတွင်းမှာ အခြားနိုင်ငံတဝှမ်းက နိုင်ငံရေး အတိုက်အခံများနဲ့အတူ ကျနော့်ရဲ့ သတင်းစာဆရာ ရဲဘော် အများအပြားလည်း စစ်အစိုးရရဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်။ နာမည်ကျော်သတင်း စာဆရာ စာရေးဆရာ မောင်သော်က အပါအဝင် ကျနော့်ရဲ့ ရင်းနှီးတဲ့ သတင်းစာဆရာမိတ်ဆွေ ဆယ်ဂဏန်းအချို့ ဟာ ထောင်တွင်း လူမဆန်တဲ့ ညှဉ်းပန်းမှုဒဏ်ကြောင့် ကွယ်လွန်ခဲ့ကြရပါတယ်။ ကျနော့်လို တချို့သော ပုဂ္ဂိုလ်များကတော့ ငရဲခန်းလို တိုက်ခန်းကျဉ်းလေးတွေထဲမှာ နှစ်ရှည်လများ အကျဥိးချခံရပြီးမှ ပြန်လည် လွတ်မြောက်ခဲ့ကြပါတယ်။ ခုချိန် ထိသတင်းစာဆရာ အများအပြားနဲ့ စာရေးဆရာ အများအပြား ထောင်တွေထဲမှာ လူမသိသေးတဲ့ ဆင်းရဲဒုက္ခမျိုးစုံကို ခံစားနေကြရဆဲ ဖြစ်ပါတယ်။ သူတို့ထဲက တချို့ကတော့ ရုပ်ပိုင်းဆိုင်ရာအရ၎င်း၊ စိတ်ပိုင်းဆိုင်ရာအရ၎င်း မစွမ်းမသန် ဖြစ်သွားခဲ့ကြရပါတယ်၊ တချို့ကတော့ သေဆုံးသွားခဲ့ကြရပါတယ်။ တနိုင်ငံလုံးအနှံ့ ပြန့်ကြဲနေတဲ့ အကျဉ်းထောင်တွေက ရဲဘော် သတင်းစာဆရာတွေရဲ့ သတင်းတွေကို ကျနော်တို့ တိုရေရှားရေသာ ရရှိခဲ့ပါတယ်။

အကျဉ်းထောင်ထဲမှာ ကျနော်တို့စာရေး၊ စာဖတ်ခွင့် မရခဲ့ကြပါဘူး၊ အခြားအကျဉ်းသားတွေနဲ့ စကားပြောခွင့်လေး တောင်မရခဲ့ပါ။

ကျနော်တို့ကို ထောင်ထဲထည့် ဒုက္ခပေးခဲ့ကြပါတယ်၊ ဒါပေမဲ့ ကျနော်တို့ မကန်းသေးပါဘူး။ ဘယ်လောက်ဘဲ မှိန်ဖျော့နေပါစေ၊ ဘယ်လောက်ဘဲ သေးငယ်ပါစေ၊ လှိုဏ်ဂူအဝက အလင်းရောင်ကို ကျနော်တို့ အမြဲမြင်နေခဲ့ပါတယ်။ ဒီအလင်းရောင်ဆိုတာကို သတင်းတွေ၊ သတင်းစကားတွေ အဖြစ်နဲ့ ကျနော်တို့ မြင်တွေ့ခဲ့ကြတာပါ။ ဒီသတင်းတွေ အကုန်လုံးကိုစုပြီး ကျနော်တို့ သတင်းစဉ်လေးတခု ဖြစ်အောင်လုပ်ပါတယ်။ ဒီသတင်းစဉ်လေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ဘဝတူ သာမန်ရာဇဝတ် အကျဉ်းသားတွေကို သတင်းတွေ ပြန်ကြားအသိပေးပါတယ်၊ အားပေးပါတယ်၊ အသိအမြင် တိုးပွါးစေပါတယ်။ ဒီအကျိုးကြောင့် မတည်ငြိမ်တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ၊ ဆန္ဒပြဘို့ ဆွေးနွေးတိုင်ပင် နိုင်တာတွေကို လုပ်နိုင်ခဲ့ပါတယ်။

ကျနော် ထောင်ကလွတ်လာတော့ နိုင်ငံရေးအရ ညှဉ်းပန်းနှိပ်စက်တာတွေ၊ စီးပွါးရေးအရ အမြတ်ထုတ်တာတွေ၊ လူမှုရေးအရ ခွဲခြား ဆက်ဆံတာတွေ၊ ယဉ်ကျေးမှု ပြိုကွဲနေတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို နိုင်ငံတွင်းမှာ နေရာအနှံ့အပြား တွေ့နေရပါတယ်။

အခုကာလဟာ စာနယ်ဇင်းလုပ်ငန်းရဲ့ ဂုဏ်သိက္ခာနဲ့သြဇာ ကမ္ဘာတဝှမ်းမှာ အကြီးအကျယ် တက်နေတဲ့အချိန်ပါ။ ဒါပေမဲ့ဒါဟာ တလောကလုံး လက်တွေ့ဘဝတော့ မဟုတ်ပါဘူး။ မြန်မာပြည် စာနယ်ဇင်းလုပ်ငန်းက သတင်းစာဆရာ အများအပြားဟာ ခုထိ ခွဲခြားဆက်ဆံ ခံနေရတုံးဘဲ၊ ညှဉ်းပန်းနှိပ်စက်ခံနေရတုံး၊ အကျဉ်းချခံနေရတုံးဘဲ ဆိုတဲ့ခါးသီးတဲ့ အချက်အလက်တွေကို ကျနော် သိလာပါတယ်။ သူတို့ဟာ အရှေ့တောင်အာရှက နိုင်ငံအများအပြား၊ အာရှ၊ အာဖရိကနဲ့ တကမ္ဘာလုံးမှာ တရားစွဲခံနေရတုံး၊ နှိမ်နင်းခံနေရတုံး၊ တချို့ဆိုရင် သတ်ဖြတ်တာ တောင်ခံနေကြရတုံးပါ ဘဲ။ တခြားနိုင်ငံတွေနဲ့ မတူဘဲ၊ မြန်မာနိုင်ငံက သတင်းသမားတွေကတော့ ဖိနှိပ်ရေး ဥပဒေတွေရဲ့ ဖိအားပေးမှုကို ခံနေကြရပါတယ်။ အမျိုးသား လုံခြုံရေး ကိစ္စတွေ၊ အစိုးရ လျှို့ဝှက်ချက် ပေါက်ကြားမှုတွေ၊ အကြမ်းဘက်သမားတွေဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ခြိမ်းခြောက်ခံနေကြရပါတယ်။

ဒါတွေဟာ ကနေ့ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရဆဲ အခြေအနေတွေပါ။ ဒီမိုကရေစီရေးနဲ့ သတင်းစာ လွတ်လပ်ခွင့်အတွက် ပြင်းပြင်းထန်ထန် ဆက်လက် တိုက်ပွဲဝင်ရပါဦးမယ်။ ဒီတိုက်ပွဲဟာ အရှေ့တောင်အာရှက စာနယ်ဇင်းသမားတွေ အားလုံး အဆုံးတိုင် ဆက်လက်ကြိုးပန်းရမဲ့ တိုက်ပွဲဖြစ်ပါတယ်။

အရှေ့တောင်အာရှ သတင်းစာသမဂ္ဂ (SEAPA) ရဲ့ ၁ဝ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ကျနော် ကြိုဆို နှုတ်ခွန်းဆက်လိုက်ပါတယ်။ ဒါဟာ အချုပ်အချယ်ကင်းပြီး လွတ်လပ်တဲ့ သတင်းစာဆရာအားလုံး၊ အထူးသဖြင့် ယနေ့မြန်မာနိုင်ငံက ဖိနှိပ်ခံ၊ ထူးခတ်ခံ စာနယ်ဇင်းသမားတွေ အားလုံးအတွက် ပျော်ရွှင်ဘွယ် အချိန်ကာတရပ်လဲ ဖြစ်ပါတယ်။

ကျနော်တို့ရဲ့ သတင်းစာ လွတ်လပ်ခွင့်ဆိုတဲ့ တခုတည်းသော ဘုံတိုက်ပွဲကို ဘယ်တော့မှ မမေ့ကြပါနဲ။

အရှေ့တောင်အာရှ သတင်းသမဂ္ဂ အဓွန့်ရှည်ပါစေ။

ကွဲအာနေသော ဥပဒေ..ကျမ သေတောင် မကြောက်ဖူးအဖေ။

မတရားမှုကို စက်ဆုတ်
တရားမှုကို ချစ်ခင်
ကျမဟာ ဥပဒေစာပေသင်
ဥပဒေရဲ့ ပညာရှင်။

ကျင့်ထုံးဓမ္မသတ်ကို လေးစား
အားနည်းသူများအပေါ်ထောက်ထား.
မှန်ကန်ရဲရင့် ဥပဒေသမား
ဓမ္မကို မြတ်နိုးသူများ။

ကိုယ်တိုင် တရားခံလာဖြစ်
ကျမရှေ့နေကို လည်းထောင်ချပစ်
ကျမ ချစ်သော တရားခုံရုံးတော်ပေါ်
တရားမျှတ ချေပခွင့်မရှိမှ..
ဒီနိုင်ငံရဲ့ တရားဥပဒေ..
ဘာကျက်သရေမှမရှိဘူး..
ဒါဟာ ဥပဒေ မဟုတ်ဖူး။

ကျမကို
ထောင်ထဲ ထည့်ချင်ထည့်
သတ်ဘဲ သတ်ချင်သတ်လှည့်
ဥပဒေ ဘက်တော်သား ကျမ.
အသက်ရင်းလို့  ဥပမာပြခဲ့မယ်။
နောင်လာနောက်သား
နအဖ လုပ်ကြံ ပါးစပ် ဥပဒေ
ဘာလည်းသိစေရမယ်။

စိတ်မကောင်းမဖြစ်နဲ့ အဖေ..
အဖေ့ သမီး..အဖေ့လို သတ္တိကြီးတယ်။
အားမငယ်နဲ့  သေရင် အမျှဝေပါလှဲ့ 
(၈၈) အကိုတော်၊ အမတော်တွေရဲ့ သံမဏိတံတိုင်းထဲ
ကျမလေ သဲပွင့်လေးဘဲတစ်လုံး
(၉) နှစ် ဆုံးတာ ကိစ္စမရှိ..
အဖေ့ မျိုးနွယ်ဆက်၏ ဇာတိမာန်သတ္တိ..
သမိုင်းတွင်ထိ ရေးခဲ့မယ်။

(ဗကသ) အဖွဲ့ဝင် ကျမ
ဒဂုံတက္ကသိုလ်ရဲ့ ဥပဒေနောက်ဆုံးနှစ်
အသက်က (၂၁) နှစ်.
အဘအမည် ဦးထွန်းဦး။
ကျမ အာဇာနည် မဟန်နီဦး။

ကုန်ဈေးနှုန်း မြင့်လို့ ဆန္ဒပြ။
လောင်စာဆီ မြင့်လို့ ဆန္ဒပြ။
အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)၊
လူထုကို ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ)၊
တရားမဝင် လူစုလူဝေးမှု ပုဒ်မ ၁၄၃၊ ၁၄၅
မှတ်ပုံတင်ထားခြင်း မရှိဘဲ အသင်းဖွဲ့စည်းမှု ပုဒ်မ ၆
ထောင်ဒဏ် ၉ နှစ်နဲ့ ၆ လ တဲ့။
ဟာဟာ့ ဟာဟ..ရီချင်တယ်။။
နည်းသေးတယ် နအဖရယ်။

ချချင် သလောက် ချ..
ကျချင် သလောက် ကျ..
အစိုးရ မပီသတဲ့ အာဏာရှင်
ရုံးတော် နဲ့ မညီတဲ့ ရုံးတော်
ကျမ်းကိုင်တဲ့လက်နဲ့  လာဘ်လာဘလက်ခံ
သမာဓိ မရှိတဲ့ ခုံတော် တရားသူကြီး
တိုးယိုပေါက်နဲ့  ပေါက်ပြဲနေတဲ့ ဥပဒေ
ရက်စက်ယုတ်မာ ရဲအာဏာပါးကွက်သားများ
လူရှင်သင်္ချိုင်း၏ အင်းစိန်ထောင်..
ကျမ ခေါင်းမော့ ရင်ကော့ဝင်ခဲ့တယ်။

ကျမ ချစ်တဲ့ဥပဒေ..
တနေ့ ဖြူဖွေးသန့် ရှင်းရေး..
ကျမချွေးနဲ့ ဆေးမယ်။။
ကျမသွေးနဲ့ ဆေးမယ်။
ကျမ နုပျိုမှူကို ချကြွေးမယ်။
ကျမ အသက်ကို စတေးမယ်။

ရဲရဲနီစွေး ခွပ်ဒေါင်းသွေး
နိဒါန်းသစ်..ကမ္ဘာ တွင်..
ကျမသည် ဥပဒေပညာရှင်။
ဘယ်တော့မှ ဒူးထောက် အယူခံမ၀င်ဘူး..
ရုးမိုက်တယ်ဘဲ ဆိုချင်ဆို။

မသဒ္ဓါ (၁၁။၁၃။၂၀၀၈)
ရဲရင့်သော ဥပဒေချစ်သော တူမလေးဟန်နီဦးအတွက်..
စိတ်ဓါတ်ရဲရင့်သောသမီးတစ်ယောက်မွေးဖွားထားသော ဦးထွန်းဦးအတွက် အလွန် ဂုဏ်ယူမိပါတယ်။

၈ လေးလုံး ကျောင်းသားခေါင်းဆောင်တွေကို ထောင်ပြောင်းနေပြီ။

မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ ချုပ် ဒီနေ့ နံနက် ၅ နာရီက နအဖ စစ်အစိုးရက ၈ လေးလုံးမျိုးဆက်
ကျောင်းသားခေါင်းဆောင်တွေကို နစ်ရှည် ထောင်ဒဏ် တွေချမှတ်ပြီး လူစုခွဲ ကာ ထောင်အသီးသီး သို့  ပြောင်း ရွေ့ လိုက်
ကြောင်း သတင်းရရှိပါတယ်။ ပြောင်း ရွေ့ လိုက်တဲ့ ထောင်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁- ကိုမင်းကိုနိင် နှင့် ကိုကိုကြီး - ကျိုင်းတုံ ထောင်
၂- ကိုဌေးကြွယ် - ဘူးသီးတောင်ထောင်၊
၃- မစုစုနွေး - မန္တလေးထောင်
၎- ကိုပြုံးချို - ကော့သောင်းထောင်
၅- ကိုမြအေး- လာရှိုးထောင်
၆- ကိုလှမျိုးနောင်နဲ့ ကိုအောင်နိင် - ကလေးထောင်
၇- ကိုအောင်သူနဲ့  ကျောင်းသားခေါင်းဆောင် ၈ ယောက် - ပူတာအိုထောင်

အသီးသီး သို့ ပြောင်းရွေ့ လိုက် ကြောင်း သတင်းရရှိပါတယ်။ ဒီလိုပြောင်းရွေ့ တာကတော့ ၈၈ မျိုးဆက်ခေါင်းဆောင်များ အား စိတ်ဓါတ်ကျဆင်းအောင် ရည်ရွယ်တာဖြစ်တယ်လို့  ၈လေးလုံး မျိုးဆက် အဖွဲ့ ဝင်တဦးဖြစ်တဲ့ ကိုအောင်မျိုးတင့်ကပြော ပါတယ်။

ကိုမိုးသီးဇွန်

အစိုးရရှေ့ နေ ရဲညွန့် ကိုယ့်ကိုယ်ကို သတ်သေရန်ကြိုးစားခြင်း

မင်းကိုနိင် နှင့် ၈၈ မျိုးဆက်များ အား အမူ တင် စစ်ဆေးနေတဲ့  အစိုးရ ရှေ့ နေ ရဲညွန့် ဟာ နိုဝင်ဘာ ၁၂ ရက်နေ့ က ကိုယ်ကိုကိုယ်သတ်သေရန် ကြိုးစားကြောင်းသတင်းရရှိပါတယ်။ ရဲ ညွန် ဟာ သူဗိုက်ကို ကပ်ကြေးနဲ့  ထိုးခွဲ ပြီး သတ်သေရန်ကြိုးစားတယ်။ မအောင်မြင်တဲ့အတွက် သူကို တံတာလေး စိတ်ရောဂါကုဆေးရုံးကို ပို့ လိုက်ကြောင်း သိရပါတယ်။ သူဟာ နေမအား ညမအား ၈၈ မျိုးဆက်များရဲ့ အမှု ကိုစစ်ဆေးရခြင်း၊ အမှုမှန် အတိုင်း မရပ်တည် ရပဲ အထက်မှ အမိန့် များ အတိုင်းဆောင်ရွက်ရခြင်းကြောင့် ကိုယ်ကိုကိုယ်သတ်သေရန်ကြိုးစားတဲ့အထိ စိတ်ကစဥ့်ကလျှား ဖြစ်သွားရခြင်း ဖြစ်ကြောင်း အမည်မဖေါ်လိုတဲ့ ၀န်ထမ်းတဦးက ပြောပါတယ်။

ကိုမိုးသီးဇွန် ဘလော့ခ် မှ ကူးယူမျှဝေပါသည်။

You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.