Tuesday, November 18, 2008

[မဗေဒါရဲ့ လျှို့ဝှက်ချက်] 1 New Entry: ဂျပန်ခရီးစဉ် စတင်ခြင်း...

ဂျပန်ခရီးစဉ် စတင်ခြင်း...

လွန်ခဲ့သော ၁လကျော်ခန့်...

အဲဒိတစ်လောက ကျမ.. သူမကိုတော်တော်လေးသတိရနေမိတယ်.. မတွေ့တာလဲ ၁နှစ်ကျော်ပြီကိုး.. ကျမက ကပ်စီးနည်းတော့ ရန်ကုန်ကသူငယ်ချင်းတွေကို ဘယ်တော့မှဖုန်းမခေါ်ဖြစ်ဘူး.. ခုတော့ တော်တော်လေးသတိရတာနဲ့ သူမကိုဖုန်းခေါ်တော့.. သူမဂျပန်က သူ့အမေဆီကို အလည်သွားတယ်တဲ့.. ၁ပတ်လောက်ရှိပြီတဲ့.. ဒါနဲ့ ၀မ်းသာသွားတာပေါ့.. မြန်မာပြည်ကိုခေါ်တာထက်စာရင် ဂျပန်ခေါ်ရတာဖုန်းခပိုသက်သာတယ်လေ.. ဟီး... ဒါနဲ့ ဖုန်းနံပါတ်တောင်းပြီးခေါ်တော့ သူမနဲ့တွေ့တယ်.. သူငယ်ချင်း၂ယောက် စကားတွေပြောရင်း သူမကို ကျမတွေ့ချင်ကြောင်း.. "ငါဂျပန်လာလည်လို့ရလား" ဆိုပြီး ပြောလိုက်တော့.. သူမက "ရတယ်.. လာလည်"တဲ့..
ဒါပေမဲ့ အရမ်းအချိန်ကပ်သွားတာရော.. ကျမအလုပ်က လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အဲဒိနေ့တည့်တည့်ကို ခွင့်ယူထားတော့ ကျမလဲခွင့်မယူတော့ဘူး.. နောက်တလမှပဲသွားမယ်လို့ဆုံးဖြတ်လိုက်တယ်.. သူကလဲရောက်စဆိုတော့ ဘာမှမကျွမ်းကျင်သေးတော့ သူ့ကို ၁လအချိန်ပေးလိုက်တယ်..

ဂျပန်ဗီဇာ..

ကျမသူငယ်ချင်းက လေယာဉ်လက်မှတ်မ၀ယ်ခင် ဗီဇာအရင်လျှောက်ဖို့ တိုက်တွန်းပါတယ်.. ဗီဇာက တစ်ခါတစ်လေ reject ထိတတ်ပါတယ်.. ဒါနဲ့ပဲ ဂျပန်သံရုံးဆိုဒ်ကနေ လိုအပ်တာတွေဖတ်ပြီး.. အလုပ်ကို ဆေးခွင့်တင်ပြီး သွားလိုက်ပါတယ်... စကာင်္ပူမှာရှိတဲ့ ဂျပန်သံရုံးက အော့ချက်လမ်းဘက်ကလာရင် မြန်မာသံရုံးလမ်းမရောက်ခင်လမ်းလေးပါ.. ဘေးချင်းကပ်လမ်းပေါ့.. အထဲတော်တော်ဝင်ရပါတယ်..
လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့..
၁) အလုပ်ကထောက်ခံစာ (လစာနှင့်တကွ)
၂) IC မိတ္တူ
၃) ဘဏ်စာအုပ် နောက်ဆုံးတစ်လအတွင်း (အနည်းဆုံး S$၃၀၀၀)
၎) ဗီဇာလျှောက်လွှာ (သံရုံးဆိုဒ်က ဒေါင်းလုပ်လုပ်နိုင်သည်)
၅) ပတ်စပို့ ဓာတ်ပုံ တစ်ပုံ
၆) တစ်ခါပြည်ဝင်ခွင့်အတွက် S$ ၃၈ (multiple entry ဆိုရင် ၁၀၀ကျော်တယ်ထင်ပါတယ်)

စာရွက်အပြည့်အစုံပါတော့ ချက်ချင်းလက်ခံပါတယ်.. ဗီဇာကြာမြင့်ချိန်ကတော့ 3 working days ပါ.. တစ်ချို့ကိစ္စတွေအတွက် လူပေါ်မူတည်ပြီး ၃လကြာတာတွေလဲဖြစ်တတ်ပါတယ်.. အဲဒါတော့ သူတို့ဘာကိုကြည့်လဲကျမသေချာမသိပါ.. ကျမကိုတော့ ၃ရက်ပဲကြာပါတယ်.. နောက် ၃ရက်ကြာ သူချိန်းတဲ့ရက်သွားယူတော့ ၃၈ ကျပ်ပေးလိုက်တော့ ၁၅ရက်ဗီဇာရပါတယ်..
ဗီဇာသေချာတော့မှ လေယာဉ်ရုံးကို ပိုက်ဆံချေပါတယ်.. လက်မှတ်ကို ChanBrother agent က၀ယ်ပါတယ်..

ငွေလဲနှုန်း (ကျမသွားသောအချိန်)

ပြီးတော့ ပိုက်ဆံလဲတယ်.. ဗီဇာမလျှောက်ခင် ၁ပတ်လောက်က ဂျပန်ယမ်း၁၀၀၀ = စကာင်္ပူ around ၁၃ဒေါ်လာပဲရှိပါတယ်.. ကျမလဲဗီဇာလျှောက်ပြီးရော.. US ကဘဏ်ပြဿနာတတ်တာနဲ့ ဒေါ်လာဈေးတွေထိုးကျသွားပါတယ်.. စစချင်း ဂျပန်ယမ်း၁၀၀၀ = စကာင်္ပူ ၁၅ဒေါ်လာဖြစ်သွားပါတယ်.. နဲနဲစောင့်လိုက်ပြီး သွားမဲ့နေ့မတိုင်ခင် ၂ရက်လောက်ကျမှကောက်ဝယ်တော့ ဂျပန်ယမ်း ၁၀၀၀ = စကာင်္ပူ ၁၄.၆ ဒေါ်လာက အသက်သာဆုံးဈေးပါပဲ.. ၁ပတ်လောက်လဲ ဟိုဟာဝယ်.. ဒီဟာဝယ်နဲ့ ပိုက်ဆံလဲတော်တော်ကုန်ပါတယ်.. ဒါတောင်ကျမက တော်တော်ကပ်စေးနဲလို့ သိပ်မကုန်တာ..

ဒီလိုနဲ့ မဗေဒါရဲ့ အိပ်မက်လေးပြည့်ဝတော့မှာပေါ့.. သူငယ်ချင်းနဲ့လဲတွေ့ရ.. ကျမ ဘယ်တုန်းကမှ ရောက်မယ်လို့ မမျှော်လင့်ထားတဲ့.. ကျမကြည့်နေကျရုပ်ရှင်ကားထဲက နိုင်ငံကိုရောက်မှာမို့လဲ စိတ်တွေအရမ်းလှုပ်ရှားခဲ့ပါတယ်.. ၁ချက်ခုတ် ၃ ၄ ၅ ချက်ပြက်ပါပဲ.. သူမက ကျမအတွက် ကံကောင်းခြင်းတွေကို အမြဲယူဆောင်ပေးတယ်လို့ ကျမထင်မိတယ်.. သူမက ကျမရဲ့ ဟိုးငယ်ငယ်ထဲက အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ပါ.. သူမနဲ့ ကျမက သူငယ်ချင်းဆိုပေမဲ့ ပုံစံမတူဘူး.. ကျမက စကားများသလောက်.. သူမက စကားနဲတယ်.. ကျမက အားတိုင်း ကစားလိုက် စကားများလိုက်ဆိုပေမဲ့.. သူမက အားတိုင်း စာကျက်နေတတ်တဲ့သူ.. ဒါပေမဲ့ သူမနဲ့ အတူရှိတဲ့အချိန်မှာ ကျမဟာ.. ကျမအတိုင်းပဲရှိနေတယ်.. ဟန်ဆောင်စရာမလိုဘူး.. အားနာမှုလဲမရှိဘူး.. စိတ်ထဲရှိတာပြောလို့ရတယ်.. ရန်ဖြစ်လဲ စိတ်ထဲမှာမှတ်ထားတာမရှိဘူး.. ကျမပုံစံကိုသူမနားလည်သလို.. သူမပုံစံကိုလဲ ကျမနားလည်တယ်..
သူမက ကျမ မလာခင်မှာ ပွင့်ပွင့်လင်းလင်းပြောတယ်.. သူလဲရောက်တာ ၁လပဲရှိသေးလို့ ကောင်းကောင်းမကျွမ်းကျင်ကြောင်း.. သူခုအလုပ်ဝင်လုပ်နေလို့ ခွင့်နေ့တိုင်းရမည်မဟုတ်ကြောင်း.. ပြောတယ်..
ကျမကလဲ ရတယ်.. ကိစ္စမရှိ ကျမဘာသာကျမလျှောက်သွားမယ်.. ငါရှိနေလို့ နင်ဘာမှ စိတ်ဖိစီးစရာမလိုဘူးလို့.. သူမဂျပန်မှာ နေသားမကျလောက်သေးဘူးဆိုတာ ကျမခန့်မှန်းပြီးသားပါ.. ဒါနဲ့.. ကျမလဲ ဂျပန်အကြောင်းတွေ အင်တာနက်မှာရှာ.. စာအုပ်တစ်ခုနဲ့ ကိုယ်သွားချင်တဲ့နေရာတွေကို စာရင်းလုပ်.. ဘယ်လိုသွားရလဲဆိုတာပါ ချရေးထားလိုက်တယ်.. ပြီးတော့ မယ်ဂုမိဆီမှာလဲ ဂျပန်နဲ့ပတ်သတ်တဲ့ ပိုစ့်လေးတွေတင်ပေးပါလို့သွား တောင်းဆိုမိတယ်.. သူကလဲ တင်ပေးတယ်.. နောက်တော့ သိချင်တာရှိရင် မယ်ဂုမိကိုမေးတယ်.. မသွားခင်တစ်လလုံးလုံး ကျမအလုပ်သွားလို့ အားတိုင်း အဲဒိဂျပန်အကြောင်းရှာရင်းပဲ အချိန်ကုန်ခဲ့တယ်..
ကျမရဲ့မသွားမဖြစ်သွားမယ်ဆိုတဲ့ စာရင်းထဲမှာ..
၁) ဒစ်စနေလမ်း
၂) ဖူဂျီတောင်
၃) ကမကုရာဘုရား
၎) တိုကျို နန်းတော် ... အဲဒါတွေကထိပ်ဆုံးကပဲ.. ဒါပေမဲ့ ကျန်တဲ့နေရာတွေကိုလဲ ရှာထားတယ်.. သူမအိမ်ရှိတဲ့ ရထားလိုင်း (Yamanote line) တစ်လျှောက်က ဘူတာတွေမှာ လည်စရာ အထင်ကရရှိမဲ့နေရာတွေကိုလဲ မှတ်စုထုတ်ထားတယ်.. ရထားလိုင်းကိုလဲ အင်တာနက်ကရှာပြီး ပရင့်ထုတ်ပြီး ကြည့်တတ်အောင်လုပ်တယ်.. ဒါပေမဲ့ သိပ်တော့မကြည့်တတ်ဘူး.. တော်တော်ရှုတ်တယ်.. စကာင်္ပူမှာက အနီ၊အစိမ်း၊ခရမ်း သုံးလိုင်းပဲ..

Finally, The day came...

ဒီလိုနဲ့ပဲ သွားမယ့်နေ့ကိုရောက်လာခဲ့တယ်.. ညသွားမယ်ဆိုရင် အဲဒိနေ့မနက်ထိအလုပ်ကလုပ်ရတုန်း.. အလုပ်ထဲမှာလဲ ကောင်းကောင်းစိတ်မပါနိုင်ဘူး.. တစ်နေ့လုံး ဂျပန်အကြောင်းပဲရှာနေတယ်.. အလုပ်ကလူတွေလဲ ကျမကိုလွှတ်ထားပုံရတယ်.. အလုပ်တောင်ကောင်းကောင်းလာမခိုင်းဘူး.. ဟီး.. ဟီး..
အဲဒိနေ့မှ ရှာရင်းနဲ့ ဂျပန် nation wide (ရိုးရိုးရထားရော.. ကျည်ဆန်ရထားရော) အကန့်အသတ်မရှိစီးလို့ရတဲ့ ရထားလက်မှတ်ကို ဂျပန် ရမ်း၂၈၀၀၀ နဲ့ဝယ်လို့ရကြောင်းသိရတယ်.. japan visitor တွေအတွက် သီးသန့်ဖြစ်ပြီး ဂျပန်နိုင်ငံတွင်းမှာဝယ်လို့မရကြောင်းသိရတော့.. စကာင်္ပူက agent ကိုဖုန်းဆက်မေးတော့ ပတ်စပိုစ့်ပြရမယ်.. စကာင်္ပူ ၄၆၀ ကျော်လောက်ကျမယ်တဲ့.. ကျမသိသလောက် ဂျပန်ကရထားတွေက ဈေးကြီးတယ်ဆိုတာတော့သိတယ်.. ၀ယ်လဲဝယ်ချင်တယ်.. အလုပ်ကလုပ်ဖော်ကိုင်ဖက် တရုတ်ကလဲ သဘောကောင်းတယ်.. သူ့ဆိုင်ကယ်နဲ့ ထမင်းစားချိန်မှာ လိုက်ပို့ပေးမယ်တဲ့.. ဒါပေမဲ့ ပတ်စပိုစ့်ကလဲအလုပ်ကိုပါမလာ.. ဒါနဲ့လက်လျော့လိုက်ရတယ် (အဲဒါကံကောင်းသွားတယ်.. အဲဒိpass က တိုကျိုကနေ တခြားမြို့တွေကိုသွားနိုင်မှတန်တာ.. ဝေးဝေးနဲ့များများစီးနိုင်မှတန်တာ.. ကျမလို တိုကျိုမြို့တွင်းလောက်လည်မှာဆိုတော့ မလိုအပ်ဘူး..)
ဒီလိုနဲ့ ညအိမ်ပြန်ရောက်တော့ ဘလော့မှာ ကမန်းကတန်း ဂျပန်သွားမဲ့အကြောင်းပိုစ့်ရေးပြီး ဖေဖေမေမေထည့်ပေးထားတဲ့ ပစ္စည်းတွေဘာလိုလဲဘယ်နားမှာ ဘာထည့်ထားတယ်ဆိုတာမေးမြန်းပြီး ၁၂နာရီလောက်အိပ်လိုက်တယ်.. ၂နာရီခွဲလောက်ပြန်ထပြီး.. ပြင်ဆင်တယ်.. ဒါမျိုးဆိုမဗေဒါက ဇွဲကောင်းတယ်..

At SG Airport..

လေယာဉ်က မနက်၆နာရီထွက်မယ်ဆိုတော့ ၄နာရီချက်အင်(check in) ၀င်လို့ရပြီ.. ဒီလိုနဲ့ လေဆိပ်ရောက်ပြီး.. မေးမြန်းကြည့်တော့ ချက်အင်ကရနေပြီ.. ချက်အင် ၀င်ဖို့တန်းစီ.. ကောင်တာမရောက်ခင် ရဲကအရင်စစ်သေးတယ်.. ရဲကရှင်းပြတယ် ဒီလေယာဉ်လိုင်းက US လေယာဉ်လိုင်းမို့ terrorist ပါမှာစိုးလို့ လုံခြုံရေးကို အထူးဂရုစိုက်ကြောင်းပြောပြီး.. မေးခွန်းတွေမေးပါတယ်.. အထုပ်ကိုဘယ်အချိန်.. ဘယ်သူကထုတ်လဲ.. လူကြုံပစ္စည်းပါလား.. ထုတ်ပြီးတော့ ဘယ်သူ့ကိုပေးလိုက်သေးလဲ.. ဘာညာပေါ့နော်.. hand carry စလင်းဘက်ကိုလဲစစ်တယ်.. အဲဒိထဲက နှုတ်ခမ်းနီတွေ ကရင်ဖက် wet tissue တွေကို သူပေးတဲ့ပလက်စတစ်အိပ်နဲ့ ထုပ်ရတယ်.. နောက်မှချက်အင်ဝင်ရတယ်..

အားလုံးပြီးတော့ ကျမအင်မီဂရေးရှင်းဖြတ်ဖို့.. ဖေဖေမေမေနဲ့ အစ်မအလတ်ကိုလက်ပြနှုတ်ဆက်ပြီးထွက်လာလိုက်တယ်.. ပထမဆုံး ကျမတစ်ယောက်ထဲ အင်္ဂလိပ်စကားမပြောတဲ့ နိုင်ငံရပ်ခြားကိုသွားရမှာမို့ အစကတော်တော်လေးစိတ်လှုပ်ရှားပြီးကြောက်မိတယ်.. ဒါပေမဲ့ တကယ်ထွက်လာလိုက်တော့လဲ ဗွီဒီယိုရိုက်လိုက် ကင်မရာရိုက်လိုက်နဲ့ တစ်ယောက်ထဲ အလုပ်ရှုပ်နေတာနဲ့ပဲ ကြောက်ချိန်မရှိတော့ဘူး.. borading လုပ်ခါနီးဝင်တော့ တစ်ခါစစ်ခံရသေးတယ်.. အဲဒိတစ်ခါက ဖိနပ်တောင်ချွတ်ပြရတယ်.. လူက terrorist ရုပ်များပေါက်နေလို့လားမသိဘူး.. တော်တော်စိတ်ကုန်သွားတယ်.. အမြင်ကပ်ကပ်နဲ့ ဘာထပ်စစ်ချင်သေးလဲလို့မေးလိုက်တော့.. "ရပါပြီ... ကျေးဇူးပါ" တဲ့...

လေယာဉ်ပေါ်မှာလဲ အဖြူကောင်တွေတော်တော်များတယ် (လေယာဉ်က ဂျပန် transit ၀င်ပြီး US ဆက်ထွက်မှာ).. ပြီးတော့စလုံးတွေလဲပါတယ်.. အရင်က မြန်မာပြည်နဲ့ စကာင်္ပူကိုပဲ လေယာဉ်စီးဖူးတာဆိုတော့ လေယာဉ်ပေါ်မှာလဲ မြန်မာတွေတော်တော်များတာကိုး.. ခုလိုမျိုးဆိုတော့ အားငယ်တာပေါ့နော်.. ဒါပေမဲ့ လေယာဉ်ပေါ်တက်ခါနီးကျတော့ မြန်မာအစ်ကိုကြီးနဲ့ အစ်မကြီးတစ်ယောက်အတွဲကိုတွေ့တော့မှ နဲနဲပျော်သွားတယ်.. တစ်စီးလုံးမှာ မြန်မာ၃ယောက်ပဲပါတယ်.. သူတို့က ရှေ့နဲနဲကျတယ်.. ကျမကတော့ သူတို့နဲ့ ၄ ၅တန်းလောက်ကွာတယ်.. လေယာဉ်က ၆နာရီထွက်မယ်ဆိုပြီး passenger တွေအားလုံး လေယာဉ်ပေါ်ရောက်မှ navigation system ကဘာကြောင်နေမှန်းမသိလို့ဆိုပြီး ပြင်နေတာ.. နောက်ဆုံး ၁၀နာရီမှထွက်ဖြစ်တယ်.. လေယာဉ်ပေါ်မှာ ၄နာရီလောက်ဒီတိုင်းထိုင်လိုက်ရတယ်.. စိတ်တွေလဲတို.. ခါးတွေလဲညောင်းပဲ.. အရေးထဲ ဘေးကမိန်းမက အိမ်သာခဏခဏသွားလို့တော်တော် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အထဲ.. အရှေ့ခုံက ကလေးကလဲ ငိုသလားမမေးနဲ့.. လေယာဉ်ပေါ်မှာ ကလေးပါရင် ကျမစိတ်အညစ်ဆုံးပဲ.. လူကြီးတောင် မသက်သာတာ.. ဒီကလေး ငိုတာလဲ အပြစ်ပြောလို့မရ..
စုစုပေါင်း ခရီးကြာမြင့်ချိန်က ၇နာရီ ၁၅မိနစ်.. ပျက်နေတာနဲ့ပေါင်းတော့ ၁၁နာရီကျော်ကျော်လေယာဉ်စီးလိုက်ရတယ်.. ညောင်းချိနေတာပဲ.. individual TV လေးတွေပါတော့ ကြိုက်တဲ့ ရုပ်ရှင်တော့ကြည့်လို့ရတယ်.. များများလဲ မကြည့်နိုင်ပါဘူး.. မဗေဒါက လေယာဉ်စီးရင် အိပ်တာနဲ့ စားတာပဲလုပ်တာများတယ်..

At Japan Airport

ဒီလိုနဲ့ ဂျပန်လေဆိပ်ကိုရောက်ပါရော... မြန်မာအတွဲနောက်လိုက်ရင်း အင်မီဂရေးရှင်းဖြတ်.. custom ဖြတ်တော့ စာရွက်တစ်ရွက်ဖြည့်ဖို့ကျန်တာနဲ့ သွားယူပြီးဖြည့်ရသေးတယ်.. လေယာဉ်ပေါ်ပေးတယ်ပြောတာပဲ.. ကျမ မရလိုက်ဘူး.. ဒါနဲ့ ဟို အတွဲလဲ ထွက်သွားတယ်.. ကျမပဲကျန်တာပေါ့.. မြန်မာပတ်စပိုစ့်ဆိုတော့ နဲနဲကြာကြာတော့ ကြည့်ခံရတာပေါ့နော်.. ဒါကလဲ ရိုးနေပါပြီ.. မြန်မာဖြစ်ရခြင်းရဲ့ အထူးအခွင့်အရေးတွေလေ.. သူများထက်စစ်ခံရတာ.. ဒါတောင် စကာင်္ပူကလာပြီး... အဲဒိရဲကိုလဲ ဗိုလ်လိုကောင်းကောင်းမှုတ်နိုင်လို့.. ဟဲ..ဟဲ...
သူက မတောက်တခေါက်တစ်လုံးပြောရင်.. ကိုယ်က ၁၀လုံးလောက် ပြန်မှုတ်တာပေါ့.. နောက်တော့ အေးဆေးပါပဲ.. " ကျေးဇူးတင်ပါတယ်.. ပျော်ရွှင်သောခရီးပါ" ပြောပြီး အိပ်ရွေး.. ပြီးတော့ သူငယ်ချင်းကိုဖုန်းခေါ်တာပေါ့.. စကာင်္ပူကနေ ကျမက roaming လုပ်သွားတယ်လေ..
အားလဲနာတာပေါ့.. လေယာဉ်က ၄နာရီတောင်နောက်ကျပြီးရောက်တော့ သူ့အမေလဲ ကျမကိုလာကြိုလို့ အလုပ်နောက်ကျရတယ်.. ပြီးတော့ ကျမက အချိန်မှီရောက်မလာနိုင်ဘူးလေ..
သူကတော့ အလုပ်ပြီးလို့ ခုလာနေပြီ.. ရထားပေါ်မှာတဲ့.. ဒါနဲ့ လေဆိပ်မှာ ၄၅မိနစ်လောက်စောင့်လိုက်ရတယ်..
မယ်ဂုမိပြောသလို.. လေဆိပ်မှာ ဂျပန်အကြောင်း guide book ကို Information counter ကနေ အလကားသွားတောင်းတာပေါ့.. မြေပုံလဲရတယ်.. အားလုံ အစုံပဲ.. ပြီးတော့ လေဆိပ်ကို လျှောက်ကြည့်တာပေါ့.. ဖုန်းတောင် roaming လုပ်စရာမလိုဘူး.. အဲဒိမှာ ဖုန်းငှားတဲ့ ဆိုင်တွေရှိတယ်.. လိုင်စင်ရှိရင် ကားလဲငှားလို့ရတယ်..

သူရောက်လာတော့ ရထားမှားစီးလို့ ပိုနောက်ကျသွားတာတဲ့.. ဖြစ်ရလေးသယ်ရင်းရယ်.. ဘာပဲပြောပြော သူတတ်နိုင်သလောက်တော့ ကျမကို အစွမ်းကုန်လုပ်ပေးတဲ့အတွက် ကျမအရမ်းကို ကျေးဇူးတင်မိတာပါ..
အဲဒိမှာ ညနေ၆နာရီလောက်က ညတော်တော်မိုးချုပ်နေပြီ.. ကျမအတွက်တော့ တော်တော်ထူးဆန်းနေတယ်.. ၅နာရီလောက်ဆိုစပြီး မိုးချုပ်တာ.. စလုံး မှာ ၇နာရီလောက်မှ မှောင်တာလေ.. သယ်ရင်းနဲ့တွေ့ပြီး သူတို့အိမ်ရောက်တော့ ည၈နာရီ.. လေယာဉ်နောက်ကျတဲ့ ကောင်းမှုကြောင့် အဲဒိနေ့ ညနေဘယ်မှထွက်ချိန်မရှိလိုက်ရဘူး.. အိပ်လိုက်ရတယ်... ရာသီဥတုကအေး.. ခရီးက ပန်းလာတော့အိပ်ကောင်းလိုက်တာ.. အိမ်မက်တောင်မမက်ဘူး.... ZZzzz....

ဆက်ရန်.... /

You received this email because you are subscribed to the real_time feed for http://mabaydar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.