အလုပ် ... အလုပ် ...
ပြီးခဲ့တဲ့ ရက်ပိုင်းက အရင် အလုပ်အတူလုပ်ဖူးတဲ့ သူငယ်ချင်းကောင်မလေးနဲ့ တွေ့ဖြစ်ကြတယ် ။ သူနဲ့ ကျွန်မက အတူလုပ်ခဲ့ချိန် နှစ်နှစ်လောက်ရှိမယ် ။ research ပိုင်းကို ၀ါသနာပါတဲ့သူက နောက်ပိုင်းမှာတော့ research လုပ်တဲ့ institution တခုကိုပြောင်းသွားပြီး စာတမ်းတွေရေးတဲ့ဖက်ကို အားစိုက်လုပ်ခဲ့တယ် ။ မကြာခင်မှာတော့ အမေရိကားက PhD ဘွဲ့တခုကို စကောလားရှစ်ရလို့ researcher အဖြစ်လုပ်ရင်း တက်ဖို့ သွားတော့မယ် ။ သူရယ် ကျွန်မရယ် ကျွန်မရဲ့ လက်ရှိအထက်မှာလုပ်နေတဲ့သူရယ် ... နေ့လည်စာစားရင်း အလုပ်တွေနဲ့ ပတ်သက်ပြီး စကားစမြည်ပြောဖြစ်ကြတယ် ။
အဲဒီကောင်မလေးကတော့ အရင်တည်းကလည်း PhD ဘွဲ့ယူဖို့ စဉ်းစားထားတဲ့သူ ၊ research ဘက်ကို အားသန်တဲ့သူဆိုတော့ ၊ ခုလိုနေရာမျိုးက သူ့အတွက် အံကိုက်လို့ ဆိုရမယ် ။ ကျွန်မအထက်မှာ လက်ရှိလုပ်နေတဲ့သူ (အသက် ၃၄ - ၃၅ နှစ်လောက်အရွယ်) ကတော့ သူနဲ့ သူ့ မိန်းမက ဆွီဒင်နိုင်ငံကိုသွားပြီး အင်ဂျင်နီယာပိုင်းနဲ့ မပတ်သက်တဲ့ ဘာသာရပ်တခုခုကို အတွေ့အကြုံအရဖြစ်ဖြစ် အချိန်ပြည့် သွားလေ့လာချင်ပါတယ်တဲ့ ။ အချိန်ပြည့် အလုပ်သမားဘ၀နဲ့ လုပ်နေရတဲ့ နေ့တဓူဝလုပ်ငန်းစဉ်တွေကနေ ဖောက်ထွက်ချင်တဲ့ သဘောပေါ့ ။ အချိန်ပြည့် ကျောင်းသားဘ၀ကို ပြန်လိုချင်မိတယ်တဲ့ ။
ကျွန်မအထက်ကလူ ပြောသလို ခံစားချက်မျိုး လူတော်တော်များများမှာ ရှိဖူးကြလိမ့်မယ် ထင်ပါတယ် ။ အဲလိုဖြစ်တိုင်း ကျွန်မတို့ လုပ်ချင်တိုင်းတော့ မလုပ်နိုင်ကြဖူး ။ အဲလိုလုပ်လိုက်ရင် ဘယ်လိုနောက်ဆက်တွဲတွေ ရှိလာနိုင်သလဲဆိုတာပေါ် စဉ်းစားကြရတယ် ။ အဲလိုအချိန်မှာ တချို့က ပိုလွတ်လပ်မှုရှိကြတယ် ... ဥပမာ ... emotionally, financially, etc ကိုယ့်ပေါ် မှီခိုနေရသူတွေ ရှိချင်မှရှိမယ် ၊ ကိုယ်က ဦးဆောင်နေရတဲ့ မိသားစု ရှိချင်မှရှိမယ် ၊ ဒီတော့ ကိုယ့်လုပ်ရပ်က ကိုယ်တယောက်တည်းကိုပဲ အကျိုးသက်ရောက်မှု ဖြစ်သွားမယ် ။ ကျရာနေရာမှာ ဘယ်လိုကျကျ ရင်ဆိုင်နိုင်တယ်ဆိုတဲ့ စိတ်ဓါတ်မျိုးလည်း ရှိတတ်ကြတယ် ။ ဒီတော့ လူတိုင်းမှာ ဖောက်ထွက်ချင်စိတ်တွေ ရှိနိုင်ကြပေမယ့် ၊ လုပ်နိုင်ဖို့ အခြေအနေကတော့ လူတဦးတယောက်ဆီမှာ အခွင့်အရေးရတာ မတူညီကြဖူး ။
ကျွန်မရဲ့ ပထမဆုံးအလုပ်က မန်နေဂျာတယောက်က အလုပ်နဲ့ပတ်သက်လို့ ဘယ်လိုပြောဖူးလဲဆိုရင် ... မင်းဟာ အိပ်ရာကထတိုင်း အလုပ်သွားဖို့ စိတ်ထဲမှာ ညစ်ညူးတာမျိုးဖြစ်နေတယ်ဆိုရင် အဲဒီအလုပ်က ပြောင်းဖို့အချိန်တန်ပြီ ... တဲ့ ။ ကိုယ်က စိတ်ပါဝင်စားမှုမရှိတဲ့ passionate မဖြစ်တဲ့အလုပ်ကို ဘယ်တုန်းကမှ မရွေးခဲ့တဲ့ ကျွန်မဟာ သူ့စကားကိုလက်ခံပြီး အဲဒီစကားအတိုင်းပဲ ကျင့်သုံးခဲ့တယ် ။ အဲလို ကျင့်သုံးနိုင်ဖို့လည်း အတိုင်းအတာတခုအထိ အခြေအနေက ကျွန်မကို ပစားပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ် ။ ဒါ့အပြင် အဲလိုကျင့်သုံးနိုင်ဖို့လည်း ကျွန်မပြောင်းခဲ့ဖူးတဲ့ အလုပ်တိုင်းမှာ တခါတလေဆို အရင်လစာထက် နည်းတာမျိုးကိုပါ လက်ခံခဲ့တာမျိုး ရှိပါတယ် ။ job satisfaction & working environment နှစ်ခုကို ပိုအလေးထားတတ်တဲ့ ကျွန်မဟာ .. ကိုယ့်အတွက် ၊ ကိုယ့်မိသားစုကို အတိုင်းအတာတခုအထိ ပြန်ထောက်ပံ့ဖို့ ဖူလုံနိုင်လောက်တဲ့အခြေအနေဖြစ်ပြီဆိုရင် လစာသစ်ဟာ အရင်လစာထက် နည်းတယ် များတယ်မကြည့်ဘဲ ရွေးချယ်လိုက်တာပါပဲ ။ ဒီလိုကိစ္စမျိုးကတော့ တယောက်နဲ့တယောက် တိုင်းတဲ့ပေတံချင်း ကွာခြားမယ် ထင်ပါတယ် ။ ဘယ်လိုပေတံနဲ့တိုင်းပြီး ဘယ်လိုဆုံးဖြတ်ချက်ပဲချချ နောက်ဆုံးမှာ အဓိကက ကိုယ့်ဆုံးဖြတ်ချက်ကို လက်ခံကျင့်သုံးနိုင်ဖို့ပါပဲ ။
နောက် တချို့တွေက အလုပ်ဂုဏ်ဆိုတာနဲ့လည်း တိုင်းတာတတ်ကြပါတယ် ။ ဘယ်လိုအလုပ်ကတော့ လူကြားကောင်းတာမျိုးပေါ့ ။ "အလုပ်ဟူသမျှ ဂုဏ်ရှိစွ" ဆိုတဲ့စကားကို ကျွန်မကတော့ အပြည့်အ၀ယုံကြည်သလို ၊ ဘယ်အလုပ်မဆို သူ့နေရာနဲ့သူ အရေးကြီးတယ်လို့ မြင်မိတယ် ။ မလေးရှားကနေ စင်္ကာပူမှာ လာရောက်နေထိုင်တဲ့ ဘာအတန်းပညာမှ မပြီးခဲ့တဲ့ celebrity hairstylist တယောက်ဟာ သန်းကြွယ်သူဌေးဖြစ်နေတယ် ။ သူနေတဲ့အိမ်က လူချမ်းသာရပ်ကွက်မှာ သန်းချီတန်တဲ့အိမ် ။ ဒါက အတန်းပညာဆိုတာ မလိုအပ်ဖူးလို့ တချို့ လူငယ်တွေက မှားယွင်းစွာကောက်ချက်ချတတ်ကြတယ် ။ တကယ်တော့ မဟုတ်ဘူး ။ ဆံပင်ညှပ်ခြင်းဆိုတဲ့ လက်တွေ့ပညာရပ်တခုမှာ သူဟာ ထူးချွန်တဲ့သူတယောက်ဖြစ်တယ် ။ ဒါကြောင့် မရေမတွက်နိုင်လောက်အောင် များပြားတဲ့ သူလိုငါလို ဆံပင်ညှပ်သမားတွေထဲမှာ သူဟာ ထိုးဖောက် ထူးချွန်နိုင်ခဲ့တယ် ။ အလားတူပဲ အတန်းပညာရပ်တခု (ဥပမာ ကျွန်မနဲ့ အတူလုပ်ဖူးတဲ့ ကောင်မလေးလို အင်ဂျင်နီယာဘာသာရပ်မှာ) ထူးချွန်သူတွေဟာလည်း အဲဒါနဲ့ ထိုက်တန်တဲ့ ရလဒ်တွေကို ရမယ် ။ ဘယ်အလုပ်မဆို အရေးကြီးတာ ထူးချွန်နိုင်ဖို့ ။ ထူးချွန်နိုင်ဖို့ လိုအပ်တာ ကျွန်မအမြင်မှာတော့ နှစ်ချက်ပါပဲ ... passion (စိတ်ရော ကိုယ်ပါ စိတ်ဝင်စားမှုလိုမျိုး) ၊ ဘာနဲ့ ရင်ဆိုင်ရ ရင်ဆိုင်ရ အားကြိုးမာန်တက် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓါတ် ။
နောက်တချက်ကတော့ အလုပ်ခွင်တွေမှာ မကြာခဏကြားနေရတတ်တဲ့ "right person, right job" ဆိုတာမျိုးကို ကျွန်မက အမြဲသတိချပ်မိတယ် ။ ဘယ်လိုအလုပ်ဟာ ကိုယ်နဲ့ သင့်တော်မလဲဆိုတာကို အမြဲသေချာ စဉ်းစားကြည့်သင့်တယ် ။ ဥပမာ .. လူတွေနဲ့ ဆက်ဆံရတာကို သိပ်မနှစ်သက်တဲ့လူတယောက်က sales & marketing လိုနေရာမျိုးမှာ အလုပ်လုပ်မယ်ဆိုရင်တော့ ၊ သူ့ ကာရိုက်တာကို မပြောင်းသမျှ သိပ်အောင်မြင်မှုရှိလာမယ် မထင်မိဖူး ။ ဒါကြောင့် လူတိုင်းဟာ ကိုယ့်အားသာချက်ဘာလဲ ၊ အားနည်းချက်ဘာလဲဆိုတာကို အမြဲပြန်ဆန်းစစ်ပြီး ဘယ်လိုနေရာဟာ ငါနဲ့ သင့်တော်မလဲလို့ စဉ်းစားသင့်ပါတယ် ။ ဒီလိုလုပ်ဖို့ဆိုတာလည်း လွယ်မယောင်နဲ့ ခက် ။ အပြောသာလွယ်တာ ။ လက်တွေ့ကျ ကိုယ့်အားသာချက်တွေအားလုံးနဲ့ ထပ်တူကျဖို့ဆိုတာ ဘယ်ဖြစ်နိုင်မတုန်း ။ ကျွန်မဆို ပရောဂျက်တခုလုပ်ရင် တချို့နေရာတွေက ကိုယ့်အားသာချက်နဲ့ ကိုက်ရင် စိတ်ထဲ အားရမိသလို ၊ ကိုယ့်အားနည်းချက်နဲ့ သွားငြိရင်လည်း အခက်အခဲတွေကြား သင်ခန်းစာတခုအနေနဲ့ မြင်တတ်ဖို့ ကြိုးစားရတာပေါ့ ။ အခက်အခဲဆိုတာ ကြုံရင်တော့ အားငယ် ၀မ်းနည်း ဖြစ်ပြီး ၊ လက်လျှော့ချင်တတ်တာ ဓမ္မတာပါပဲ ။ အဲဒီအခါမျိုးမှာ ကျွန်မက လက်လျှော့တာဟာ အရှုံးပေးခြင်း တမျိုးပဲ .. ဘယ်တော့မှ အရှုံးပေးတဲ့သူ ဘ၀မှာ မဖြစ်စေနဲ့လို့ ကိုယ့်ဘာသာ ပြန်ဆွဲတတ်ပါတယ် ။
အလုပ်နဲ့ပတ်သက်ပြီး တွေးမိတဲ့ နောက်တချက်ကတော့ လုပ်ဖော်ကိုင်ဖက်တွေအကြောင်းပါပဲ ။ working environment ကို အမြဲအလေးပေးရွေးချယ်တတ်တဲ့ ကျွန်မဟာ ကံကောင်းထောက်မစွာ ဘယ်အလုပ်ပြောင်းပြောင်း ကိုယ့်ကို နောက်ကနေ ဓါးနဲ့ထိုးမယ့်သူလို့ တဖွဲ့တည်းမှာ မတွေ့ခဲ့ရဖူးပါဖူး ။ တခြား department က လူတွေကတော့ ရှိတတ်တာပေါ့လေ ။ ဒါပေမယ့် ကိုယ်နဲ့ အမြဲ တိုက်ရိုက်ပတ်သက်နေရတဲ့ ကိုယ့်အထက်ကလူက ကိုယ်မှန်တယ်ဆိုတာ သိနေတယ်ဆိုတော့ တခြား department က ထိုးနှက်ဖို့ကြိုးစားတာ ကျွန်မအတွက် ခံရတယ်ဆိုရင်တောင် ၊ စိတ်ညစ်ညူးစရာမျိုး မဟုတ်ပါဖူး ။ လူတိုင်းဟာ တစ်ပတ်ကို အနည်းဆုံး ငါးရက် ၊ တစ်ရက်ကို အနည်းဆုံး ရှစ်နာရီလောက် အလုပ်မှာပဲ အချိန်ကုန်ရတဲ့အတွက် ၊ ဘယ်လိုလူမျိုးတွေနဲ့ အလုပ်အတူလုပ်နေရတယ်ဆိုတာ အရေးကြီးတယ်လို့ ကျွန်မက မြင်မိတယ် ။ ဒါကြောင့်လည်း working environment ဆိုတာကို လစာထက် ကျွန်မက အမြဲ အလေးပေးမိတာပါ ။ ဟန်ဆောင်ခြင်းဆိုတာကို မုန်းလွန်းတဲ့တွက် ဟန်ဆောင်မှုတွေများမယ့် (ဘ၀ဆိုတာ အနည်းအကျင်း ဟန်ဆောင်ရတာတော့ ရှိတာပေါ့လေ) ၊ ငါ့ကို ဘယ်အချိန် ဘယ်သူကများ နောက်က ဓါးနဲ့ ထိုးလိုက်လေမလဲလို့ ယုံကြည်မှုတွေ နည်းတဲ့ နေရာမျိုးမှာ အလုပ်မလုပ်ချင်တာကတော့ အမှန်ပါ ။ ဒါပေမယ့် အပေါ်မှာ ကျွန်မရေးခဲ့သလို အခြေအနေ အကြောင်းကြောင်းကြောင့် အဲလိုနေရာမျိုးမှာ လုပ်ရတော့မယ်ဆိုရင်လည်း အရှုံးသမားတယောက်တော့ ဘယ်တော့မှ မဖြစ်ချင်ပါဖူး ။
ဒါတွေကတော့ ကျွန်မရဲ့ ငါးနှစ်ကျော် - ဆယ်နှစ်အတွင်း တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်လည်သုံးသပ်ထားတာပါ ။ အပေါ်က စကားဝိုင်းမှာ ကျွန်မက ဒီလိုပြောခဲ့ပါတယ် - - - ငါကတော့ ခုချိန်မှာ ပျော်စရာကောင်းတဲ့ အချိန်ပြည့် ကျောင်းသားပြန်ဖြစ်ချင်တယ် ။ နောက်ပြီး ငါမလုပ်ဖူးတဲ့အလုပ်မျိုးတွေကို ဘ၀မှာလုပ်ဖူးတယ်လည်းရှိအောင် ပိုက်ဆံလည်းရအောင် part-time job တွေ လျှောက်လုပ်ကြည့်ချင်တယ် လို့ ။ ဒါပေမယ့်လည်း မိသားစုကို ပံ့ပိုးဖို့ ကျွန်မ၀င်ငွေလိုအပ်နေတာကြောင့် အဲလိုလုပ်ချင်တဲ့အရာဟာ ဘယ်တော့မှ အကောင်အထည်ပေါ်မလဲ မသိနိုင်သလို ၊ ဘယ်တော့မှလည်း အကောင်အထည် ပေါ်ချင်မှ ပေါ်တော့မှာပါ ။ ဒါဟာ ကျွန်မဘ၀ရဲ့ ခုချိန်မှာ ရွေးချယ်ချက်တခုပါပဲ ။
ဒါကြောင့် ခုချိန် ကျောင်းသားဘ၀နဲ့ ရောက်နေသူတဲ့ မောင်ငယ် ညီမငယ်များကို ... ကျောင်းသားဘ၀ဆိုတာ ကိုယ်ပိုင်ဝင်ငွေ များများစားစား မရှိတဲ့အတွက် သုံးချင်တိုင်းသုံးလို့မရပေမယ့် ၊ အလုပ်ခွင်ကိုဝင်ဖို့ သိပ် စိတ်မလောကြပါနဲ့လို့ တိုက်တွန်းလိုက်ပါရစေ ။
You received this email because you are subscribed to the real_time feed for http://gyittu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.