Tuesday, November 25, 2008

[ဂျစ်တူးဆိုသူ၏ အပိုင်းအစများ] 1 New Entry: ... အပိုင်းအစများ ...

... အပိုင်းအစများ ...

ကျွန်မရဲ့ကိုယ်ပိုင်အတွေးတွေ ၊ ခံစားချက်တွေ ၊ ပေါက်ကွဲမှုတွေ ၊ ကြုံတွေ့ရတဲ့ သိမှတ်စရာတွေကို "အပိုင်းအစများအဖြစ်" ချရေးခဲ့တာ ၊ ၂၂ ရက် နိုဝင်ဘာက နှစ်နှစ်ပြည့်သွားခဲ့ပါပြီ ။ နှစ်နှစ်ဆိုတဲ့အချိန်ဟာ လူတယောက်အတွက် သိပ်လည်းမတိုတောင်းသလို ၊ သိပ်လည်း မရှည်လွန်းလှဖူးလို့ ကျွန်မထင်မိတယ် ။ ဒါပေမယ့် နှစ်နှစ်ဆိုတဲ့အချိန်ဟာလည်း လူတယောက်အတွက် အပြောင်းအလဲများစွာကို ပေးနိုင်ပါတယ် ။

ကျွန်မဟာ ဒီဘလောဂ့်လေးကို ရေးဖြစ်ခဲ့လို့ အပေါင်း အနှုတ် ရလဒ်တွေကို ရရှိခဲ့တယ် ။ ဘယ်လိုရလဒ်ပဲဖြစ်ဖြစ် သင်ခန်းစာယူနိုင်ဖို့ ကြိုးစားခဲ့တယ် ။ ကျွန်မကို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ထောက်ပြဝေဖန်ခဲ့ကြသူတချို့ကြောင့် ကိုယ်ပိုင်လုပ်ရပ်တွေကို ရှုထောင့်တမျိုးကနေ ကြည့်တတ်လာခဲ့တယ် ။ ဒီဘလောဂ့်ကြောင့်လည်း အရင်က မသိကျွမ်းခဲ့တဲ့ အမှတ်မထင်ဖြစ်နေခဲ့တဲ့ ဘ၀တွေအကြောင်း သိလာရတယ် ၊ ခံစားမိသွားတယ် ။ မိတ်ဆွေကောင်းတွေ သူငယ်ချင်းကောင်းတွေ လေးစားစရာလူတွေ တိုးလာခဲ့တယ် ။

လူတယောက်ရဲ့ဘ၀ဖြစ်စဉ်ဆိုတာ အဲဒီလူရဲ့အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ်တွေနဲ့ ဆက်နွှယ်နေတယ်လို့ တစုံတယောက်က ကောက်ချက်ချဖူးတယ် ။ အတိတ်ဆိုတာကိုတော့ ကျွန်မတို့ ဘာမှပြန်မလုပ်နိုင်တော့ဖူး ။ ဒါပေမယ့် ကျွန်မတို့ လိုချင်တဲ့ဘ၀ဖြစ်စဉ်တခုအတွက် ကျွန်မတို့ရဲ့ပစ္စုပ္ပန် နဲ့ အနာဂတ်တွေကို ပုံဖော်လို့ရသေးတယ်လို့ ယုံကြည်မိတယ် ။ ဒါကြောင့် reflection အနေနဲ့ ရေးခဲ့တဲ့ ကျွန်မရဲ့အတွေးတွေအကုန်လုံးကို စကားလုံးတွေမှာပဲ မရပ်တန့်စေပဲ အတတ်နိုင်ဆုံး ကြိုးစား အကောင်အထည်ဖော်ဖို့ အချိန်တန်ပြီလို့ ကျွန်မ ဆင်ခြင်မိတယ် ။ အဲလိုအကောင်အထည်ဖော်ဖို့ စာတွေဖတ်ရမယ် ၊ လေ့လာစရာတွေ လေ့လာရမယ် ၊ လုပ်စရာရှိတာတွေတွက် အချိန်ပေးပြီး လုပ်ရမယ် ။ နှစ်နှစ်ဆိုတဲ့အချိန်မှာ ကျွန်မတွေးခဲ့တာတွေ တော်တော်များသွားပါပြီ ။ လက်တွေ့ဆိုတာကို ရင်ဆိုင်ဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်မိတယ် ။

ဒါကြောင့် ဒီရက်ကစပြီး ဘလောဂ့်ရေးခြင်းမှ ရပ်နားလိုက်ပါတော့မယ် ။ ဂျစ်တူးဆို၏အပိုင်းအစများ ဘလောဂ့်ကိုလည်း ဒီလကုန်မှာ အပြီးအပိုင် ပိတ်လိုက်ပါတော့မယ် ။ ပိတ်ရတဲ့အကြောင်းရင်းကတော့ ကျွန်မက အလုပ်တခုကို နောက်ဆံတင်းနေရတာမျိုး မရှိချင်လို့ပါ ။

အရှိကို အရှိအတိုင်း ရေးခဲ့တဲ့ ကျွန်မရဲ့ကိုယ်ပိုင်ခံစားချက် အတွေးအခေါ် အမြင်တွေကို ၊ အရှိကို အရှိအတိုင်း အချိန်ပေး ဝေဖန်ပေးခဲ့ကြတဲ့ စာဖတ်သူများ ၊ မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဆိုတဲ့အကြောင်း နောက်ဆုံးပြောခဲ့ပါရစေ ။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ။

You received this email because you are subscribed to the real_time feed for http://gyittu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.