ပင်နီပေးတဲ့ အမျိုးသားနေ့-ပင်နီဝေးတဲ့ အမျိုးသားနေ့
ခရစ်သက္ကရာဇ်- ၁၉၂၀ ခု- ကောဇာသက္ကရာဇ် ၁၂၂၈ ခု- တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့-
ပင်နီတိုက်ပုံ အသီးသီးဝတ်ဆင် ထား ကြတဲ့..ကိုဘဦးတို့ လူငယ်တစု ရွှေတိဂုံဘုရား ခြေရင်းမှာ စုမိ ကြသည်။ တန်းတူညီခွင့် မရတဲ့- ကျွန်ပညာရေး စနစ်ကို စတင်တွန်းလှန် ကြဖို့- အားတွေ စု ရုံး ကြသည်။ ပထမ ကျောင်းသား သပိတ် ဆိုတာ စတင်ခဲ့ တော့သည်။ ပင်နီရောင် လှိုင်းလုံးကြီးတွေ ရွှေတိဂုံ ဘုရား ပေါ်ကနေ- ဗမာတပြည်လုံးဆီ စီးဆင်း ရိုက်ခတ် သွား ခဲ့သည်။ ၀ံသာနု စိတ်ဓါတ် မိုးရေ တွေ တနိုင်ငံ လုံး တခွင်တပြင်လုံး မိုးလုံးပြည့် ရွာသွန်း ချလိုက်သည်။ အမျိုးသား ကျောင်း ကြီးတွေ- စိမ်းစိမ်းစိုစို .. အပြိုင်းအရိုင်း..ဟိုမှ သည်မှ- မျိုးစေ့ကျ ရှင်သန် လာတော့သည်။ ဖျင်ပင်နီ နဲ့ ယောလုံချည်သည်လည်း.. အင်မတန် တင့်တယ် ကြက်သရေ ရှိလှ သော အမျိုးသားဝတ်စုံ တခု အဖြစ် - အမျိုးသားနေ့ကြီး နှင့် အတူ ပုံဆောင် ရဲရင့် ခဲ့တော့သည်။
++++
သူ ပင်နီကို စ၀တ် ခဲ့တာ..စချစ်ခဲ့တာ.. ၁၉၈၉ ရဲ့ အမျိုးသားနေ့မှာ။
အဲဒီ ရှမ်းပင်နီ တိုက်ပုံလေး ကို ဖေဖေ ၀ယ်လာပေးတာ ကြာတောင်ကြာခဲ့ပြီ။ ဘယ်နေရာမှာ ၀တ်ရမှန်း မသိလို့.. ဒီလိုပဲ သိမ်းထားခဲ့ တာ။ အချိန်အခါ သင့်လာတော့လည်း..သူ့ကိုယ်ပေါ်မှာ..ခွင်ကျ သပ်ရပ်နေတဲ့...ပင်နီ ၀တ်စုံ လေးကို ကြည့်ပြီး..ကြက်သီးတွေ တဖြန်းဖြန်းထအောင် ကြည်နူးကျေနပ် ခဲ့ရသည်။ ပင်နီ လှိုင်းလုံးကြီးတွေ..အရှိန် အဟုန် နဲ့ ကမ်းကပ် လာပြန်ပြီ။ အဲဒီ အခမ်း အနားမှာ..သူတို့လူငယ်လေး တွေအားလုံး..ပင်နီ အသီးသီး နဲ့ ... ယောလုံချည်လေး တွေ တဆင် တမျိုးစီနဲ့။ ယောက်ျားလေးတွေက..ပင်နီ ဗမာတိုက်ပုံ နဲ့ ကချင်ပုဆိုး တွေ ကိုယ်စီ ချပ်ရပ် လို့။ တက်ကြွမူ တွေ..လန်းဆန်းပျိုမြစ်မူတွေ- ပြီးတော့..အားတွေ အင်တွေ..မျှော်လင့် ချက်တွေ အပြည့်။
အဲဒီ နောက်တော့..သူ့မှာ ပင်နီအကျီ င်္ တွေ..တထည်ပြီး တထည် ။ ၁၉၉၀ ရဲ့ နွေရက်တွေ မှာလည်း..ပင်နီ တွေ တနေ့ တမျိုး မရိုးအောင် ၀တ်ဖြစ်ခဲ့သည်။ ၉၁-၉၂-၉၃- သူ ပင်နီ တွေ ၀တ်တုန်းပဲ။ ၉၄-၉၅-၉၆ လုပ်ငန်းခွင် ထဲ တရွေ့ရွေ့ တိုးဝင်သွား ရင်းပဲ..သူ့ပင်နီလေး တွေ.. ဗီရိုရဲ့ အောက်ဆုံး ကို ရောက် သွားနေတာကိုတောင်.. သူ သတိ မထားမိတော့။ ဒါပေမဲ့..တနှစ်မှာ တခါ တော့.. အမျိုးသားနေ့ ရောက်တိုင်း..သူ့ပင်နီလေး တွေ ထုတ်ပြီး..မီးပူ တိုက်ရင်း.. အတော်ဆုံး..တန်နေသေးတဲ့ တထည်ကို စိတ်တိုင်းကျ ရွေး ၀တ်ဖြစ် နေခဲ့သေးသည်။ ရွှေတိဂုံ ဘုရားပေါ် မရောက်ရောက်အောင်သွားရင်း.. အမျိုးသားနေ့ သစ္စာ ဓိဌါန် ကျောက်တိုင် ကြီး ကို..ငေးမော ရင်း မယောင်မလည် အလေးပြု နေခဲ့ရတာ- ၉၇- ၉၈-၉၉- ကနေ သက္ကရာဇ် ၂၀၀၀ ကျော်ခဲ့ပြီ။
+++++

` မေမေ- မနက်ဖန် အမျိုးသားနေ့ အခမ်းအနားရှိတယ် တဲ့..ဆရာမ က..တိုက်ပုံ ၀တ်ခဲ့ ပါတဲ့..´
၁၀ နှစ်သား ၅ တန်းကျောင်းသား ကြီးက..ညနေ ကျောင်းဆင်းတော့..အမောတကောနဲ့ ပြောလာတယ်။
` သြော- အဲဒါ မှ ခက်တာပဲ..သားကို မေမေ တိုက်ပုံ ၀ယ်မပေး ထားမိဘူး´
` ရှိတယ်လေ- မေရဲ့.. ဘိုးဘိုးလက်ဆောင်ပေးထားတာ.. အညိုရောင်လေး..သားတောင် တခါမှ မ၀တ်ဖူးသေးဘူး...´
` အာ- ဟုတ်သားပဲ- အတော်ပဲ.. အဲဒါ ပင်နီ လို့ခေါ်တယ် သားရဲ့.. ကွတ်တိပဲ..အမျိုးသားနေ့ ဆိုတာ..ပင်နီ ၀တ်ရတာ.. ဟုတ်ပီ မေမေ ပြန်ရှာ မီးပူတိုက်ပေးမယ်နော်.. ´
သားတို့ ကျောင်းက..စည်းကမ်းကြီးလှသည်။ ဗမာ့.ပညာရေး စနစ် ကြီး ရဲ့ အုတ်မြစ် အခြေခံ တခုတည်းသော ပညာရေးတက္ကသိုလ်ကြီး ရဲ့ ကျောင်းတော်သူ ကျောင်းတော်သား..ဆရာ-ဆရာမလောင်းတွေ လေ့ကျင့် ကွင်းဆင်းရာ.. စနစ်တွေ သင်ရိုး ညွှန်းတမ်းတွေ လက်တွေ့ အကောင်အထည် ဖော်ရာ..ရန်ကုန်မြို့ရဲ့ အထင်ကရ ကျောင်းကြီး တခု ။ သား ကို ဒီကျောင်း ၀င်ခွင့် ရဖို့..သူ တော်တော့် ကို ကြိုးစားခဲ့ရတာ။ ကိုယ့် ရဲ့ မပြည့်ဝခဲ့တဲ့ လိုအင် ဆန္ဒတွေ..ကို သားသမီး တွေ အပေါ် ပုံချ တာဝန်ပေးနေ မိသလားတော့..သူ မသိ။ သားကို သူချွန်နိုင်သလောက်..အကန့်အသတ်မရှိ..အခက်အခဲ မရှိ ..ထူးချွန်စေချင်သည်။ ဗမာတပြည်လုံးရဲ့ စံပြုစရာ ကျောင်းကြီးမှာ ပညာတွေ သင်ယူစေချင်သည်။ အထူးသဖြင့်..သူတို့ ငယ်ဘ၀က.. နီးစပ်ခွင့် မရခဲ့တဲ့..ဒီကျောင်းကြီး ရဲ့ အစဉ်အလာတွေကို..သူ အားကျ မက်မောခဲ့ဘူးသည်။
နယ်မြို့လေးတမြို့က ၇ တန်းကျောင်းသူ လေး တယောက် အတွက်.. အနယ်အနယ် အရပ်ရပ်က ရောက်လာကြတဲ့ .. ကျောင်းသား ကျောင်းသူ တွေနဲ့..အင်းလေး ခေါင်တိုင်
လူရည်ချွန်စခန်း မှာ ဆုံ မိတော့..အားလုံးက..ရင်သပ်ရှုမောစရာ။ သူတို့ စခန်း ခေါင်းဆောင် သုံးထပ်ကျွမ်းလူရည်ချွန် အကိုကြီး ရဲ့ အတွေ့အကြုံတွေ နားထောင်ရင်း.. အဲဒီ ကျောင်းကြီး ကို..နားရည်ဝ ယဉ်ပါး အားကျ နေခဲ့ ဘူး သည်။ အထူးသဖြင့်.. ဓါတ်ပုံတွေ ထဲ မှာ တွေ့ရတဲ့..အဲဒီ ကျောင်းကြီး ရဲ့.. တူညီ ကျောင်းဝတ်စုံ ပင်နီ တိုက်ပုံလေး တွေ။
ခုတော့..သူ့သား ကြီး က..ဒီကျောင်းကြီး ရဲ့ ကျောင်းတော်သားကြီးဖြစ်နေပြီ။ ခုမှ အလယ်တန်းကို စရောက် လို့..ကျောင်းအခမ်းအနားတွေ တက်ခွင့် ရ လာတဲ့..သားကတော့.. နက်ဖန် တက်ရမဲ့..အမျိုးသားနေ့ အခမ်းအနား အတွက်.. စိတ်တွေ သိပ်လှုပ်ရှားနေ သည်။ အစဉ်အလာ ကျောင်းဝတ်စုံ ဖြစ်ခဲ့တဲ့ ပင်နီ တိုက်ပုံ ကို.. မ၀တ်စေခဲ့တော့တာ.. နှစ်ပေါင်း ၂၀ လောက်ကြာခဲ့ ပေမဲ့..ဒီလို အမျိုးသားနေ့ အခမ်းအနားမှာတော့..သားကို ပင်နီ တိုက်ပုံလေး ဆင်ပေး ရ တော့မည်။ သားအတွက်..ပထမဆုံး ပင်နီဝတ်စုံလေး ပေါ့။
+++++
ပင်နီတိုက်ပုံသေးသေးလေး နဲ့ ချစ်စရာကောင်းလှတဲ့..၅ တန်းကျောင်းသားလေးကို တစိမ့်စိမ့် ကြည့်ရင်း..မျက်ရည်ဝဲ အောင် ပီတိ တွေဖြာ လို့။
သားကျောင်းပြန်လာမဲ့..ညနေ စောင်းကို မျှော်ရင်း.. သူ့အတွေ့အကြုံလေးတွေ မေးဖို့.. တွေးရင်း ပြုံးနေမိသည်။ ၁၀ နှစ်အရွယ် ကလေး တယောက်က..သူမွေးဖွားကြီးပြင်းလာတဲ့ နိုင်ငံကြီး ရဲ့ သမိုင်းတွေကို စာသင်ခန်း ထဲကနေ.. သူချစ်ခင် လေးစားတဲ့ ဆရာ-ဆရာမ တွေရဲ့ အဆို မိန့်ခွန်း တွေထဲကနေပြီး..ဘယ်လိုများ..ရောင်ပြန်ဟပ်ပြီး..တွေးပြ လေဦး မလည်း နော်။ သူလေးကလည်း..မောင်လူမွှေး တို့ အရွယ် ကျော်ကျော် ရှိပြီ ဆိုတော့..မေးခွန်း တထောင်လောက်နဲ့.. အဖြေ တခု စီတိုင်းကို လည်း..အသေအချာ စေ့ငု ဆန်းစစ် တတ်နေ ပြီ။
ဟော- ကျောင်းကားပေါ်က ဆင်းလာတဲ့ သား-- ။
မျက်နှာကလည်း ပြိုတော့မလို..ငိုတော့မလို.. ။
ပင်နီ တိုက်ပုံကလည်း..လက်မှာ ချွတ်ကိုင်လို့..တို့လို့တွဲလောင်းနဲ့။
`ဘယ်လို ဖြစ်သလည်း သား...´
`ဘယ်လို ဖြစ်သလည်း သား...´
` သားကို ဆရာမက.. အမျိုးသားနေ့..အခမ်းအနားမတက်ရဘူးတဲ့.. တိုက်ပုံက..အဖြူနဲ့ အ၀ါပဲ ၀တ်လို့ ရတယ်..ပင်နီ ၀တ်လို့မရဘူးတဲ့..မေမေ´
ဒုံးကနဲ..ငယ်ထိပ်ကို ဆောင့်တက်လာတဲ့..ဒေါသ။ ..တဖြည်းဖြည်းချင်း.. စိတ်ပျက် ....... ၀မ်းနည်း.......ကြေကွဲ........။ ဖြစ်မှ ဖြစ်ရလေ.. ဟောဒီ နိုင်ငံ ကြီးမှာ ဘာတွေ ဖြစ်ကုန် ပြီလည်း..။ ဟောဒီ အနာဂါတ် ပန်းခင်းကြီး တွေရဲ့ ဥယျဉ်မှူးကြီး တွေ..ဘာတွေ ဖောက်ပြန် ကုန်ပြီလည်း။ ကြေက်ရွံ့မူတွေလား...နာခံမူတွေလား.. အသိခေါက်ခက်..လေပြီလား။ သမိုင်းဖြစ်ရပ်တွေကို..အမှန်တရားတွေကို.. တကယ်ကို ..အရှင်လတ်လတ် မြေမြှုပ်သဂြိုဟ် တော့မှာလား။ လွန်ခဲ့တဲ့ ၈၈ နှစ်..ဒီလို ဒီကာလက.. ကျောင်းသားလူငယ် တစု နဲ့ တိုင်းသူပြည်သားတွေ..မကြေက်မရွှံ့ ဆန့်ကျင်တွန်းလှန်ခဲ့တဲ့..မတရားမူတွေဟာ.. ဟောဒီ လောက် သေးသိမ် ပမွှား တဲ့..ထမင်းတလုပ်စာ..ကြောက်ရွံ့ နာခံမူလေးတွေ ကြားမှာ.. အမေ့ခံ..အဖျောက်ခံရတော့ မယ် လား။ တတိုင်း တပြည်လုံး.. အမြတ်တနိုး ဂုဏ်ယူ ၀တ်ဆင်ခဲ့တဲ့..၀ံသာနု ဖျင်ပင်နီ က..ဘယ်လို ဖြစ်လို့.. ပိတ်ပင်တားဆီးခံနေ ရ ပြီလည်း။ ပွဲလယ်မတင့်တော့ ပြီ လည်း။ တရားမ၀င် တော့ ပြီလည်း။
သူ့ခေါင်းတခု လုံး ဆူဝေ နေပြီ။ ၁၀ နှစ် အရွယ် သားကို သူဘယ် လို ရှင်းပြ ဖြေ ဖြောက်ပေးရ မလည်း။ သား တက်နေတဲ့ ကျောင်းကြီးက..တခုခု မှားနေ ပြီ လို့..ပြော ရမလား။ သား ဆရာမ တွေက..မသိ လို့..နားမလည်လို့.. စာမတတ်လို့..သမိုင်းမသင်ခဲ့ လို့ လို့ ပြော လိုက် ရမလား။ အဲဆိုလည်း-ပင်နီ မ၀တ် နဲ့ဆိုလည်း..မ၀တ်နဲ့ပေါ့ကွာ လို့.. လွယ်လွယ် ကူကူ ကိစ္စ ဖြတ်လိုက် ရမလား။
နားမလည် နိုင် စိတ်ရှုပ်ထွေး နေတဲ့..သားရဲ့ မျက်နှာလေး ကို ကြည့်ရင်း.. အဖြေတခု ..ရင်ထဲ မှာ ခိုင်မာ သွားသည်။
ဒီလောက် ယုတ်ညံ့လှတဲ့ ကျေးဇူးတရား ကင်းမဲ့လှတဲ့..လောက ရပ်ဝန်း ကြီး ထဲကို..ပင်နီ တွေ..ပိုလို့ လက်ဆင့်ကမ်း ၀တ်ဆင် ပေးရ ဦးမည်။ သား ကြီးလာရင် ၀တ်ဖို့..ပင်နီ တိုက်ပုံ တထည် သူကိုယ်တိုင် အသေအချာ ချုပ်လုပ် ၀တ်ဆင်ပေးရ ပေ ဦးမည်။
ပင်နီ စိတ်ဓါတ် အဓွန့်ရှည်ပါစေ။
ပင်နီ စိတ်ဓါတ် အဓွန့်ရှည်ပါစေ။
( ၂၀၀၈ ခုနှစ် အမျိုးသားနေ့ အခမ်းအနား တခု မှာ ကြုံဆုံခဲ့သော- အဖြစ်မှန် တခု ကို ခံစားရေးဖွဲ့ပါသည်။)
လောက ရဲ့ ဂျီအိုမက်ထရီ
ဒီရက် တွေက..ဘာတွေ မှားနေပါလိမ့်နော်..
-
မနက် အိပ်ယာ နိုးလို့ ပြတင်းတံခါးကို ဖွင့်လိုက်တိုင်း..၀မ်းနည်း စိတ်ပျက်စရာ မြင်ကွင်း အငွေ့အသက်တွေပဲ.. အလုအယက် တိုးဝှေ့ ၀င်လာနေကြတယ်။ သူတို့ကတော့..တံခါးခေါက် ၀င်မလာပါဘူးလေ။ ကိုယ်ကပဲ..တံခါးကို ဖွင့်ဖွင့်ကြည့်နေမိတာ။ ပြတင်း တံခါးတွေကို အကြာကြီး ပိတ်ထားလိုက် ရင် ကောင်းမလားလို့ တောင် တွေးနေမိတယ်။ ဒါလည်း မဖြစ် နိုင်တဲ့ ကိစ္စကြီးပဲ။ ကိုယ်ပဲ ပြောခဲ့တာပဲလေ - မသိခြင်းဟာ.. သုခိဘုံ မဟုတ်- ဆိုတဲ့ စကားလေးကို..အကြိုက်ဆုံး လို့။
တကယ်ဆို- လောကကြီးမှာ..အရာရာဟာ သာယာလှပ မနေသလို..အရာရာ ဟာလည်း အကျည်းတန်နာကျည်းစရာတွေ ချည်း မဟုတ်ပါဘူးလေ။ တမြန်တလောကပဲ..တီဗီ အစီအစဉ်တခု မှာ- သားငယ် သမီးငယ် ၄ ယောက်အပါအ၀င်..တမိသားစုလုံး..အိမ်ပြင်မှာ ဗုံးခွဲသတ်ဖြတ်ခြင်းခံလိုက်ရတဲ့..အာဖဂန် ဒုက္ခသည် တယောက်က ပြောသွားတယ်။
` လောကမှာ- ပျော်ရွှင်စရာတွေက..အကောင်းမြင်တတ်တဲ့သူ တွေ ဆီကိုပဲ လာလေ့ရှိတယ်..´ တဲ့။ ဒီစကားကို သူဘယ်လို ခံစားပြီး.. သူဘယ်လို အသုံးချ ပြီး ပြောသွားလည်း ဆိုတာကို ပိုသိချင်နေမိတယ်။ သေချာတာတော့..သူ့ရှေ့လျှောက်ရမဲ့ ဘ၀ တခုလုံးမှာ..အကောင်းမြင်တတ်ဖို့..သူ ပြင်းပြင်းထန်ထန် ကို ကြိုးစားလျှောက်လှမ်းနေရမှာပဲ။
မနေ့ကတော့..သူများရေးတဲ့ စာလေးတပုဒ် ပြင်ဆင်ပေးရင်း.. အတွေးတခု ထပ်တိုးလာတယ်။ ကြည့်ပါဦး- ၉ နှစ်သမီးလေး တယောက်က.. လောကကြီးကို အကောင်းမြင်ထားတာ။
ပုံနဲ့စာကို ပညာရေးဘလော့က-ခံစားမိသောကလေးပန်းချီလက်ရာများ ပို့စ် မှယူပါတယ်။

`တဲက လူတွေနေဖို့ဆောက်ထားတယ်။
ချောင်းက တိရစ္ဆာန် တွေ ရေသောက်ဆင်းလို့ရတယ်။
တောင်တွေက အလွန်လှပတယ်။
စပါးပင်က လူတွေစားဖို့စိုက်ထားတယ်။
နေကလူတွေအတွက် အလင်းနဲ့အပူရစေတယ်။
တိမ်က မိုးပေါ်မှာပဲနေတယ်။
မိုးတွင်းအခါ မိုးရွာချတယ်။မြက်ခင်းပြင်လဲ စိမ်းလန်းစိုပြေတယ်။´
သူဆွဲတဲ့ ပုံလေးကလည်း..ချစ်စရာ..ကြည်နူးရွှင်လန်းစရာ ကောင်းလိုက်တာ။ ပန်းချီကားလေး နဲ့ စာသားလေးရဲ့ပိုင်ရှင် ဖြစ်သူလေးက.. နယ်စပ် ကရင်ဒုက္ခသည် စခန်းက.. ပရဟိတ ကျောင်းလေး တကျောင်းမှာ တက်နေတဲ့..နှင်းဖြူဖြူဦး ဆိုတဲ့ ၉ နှစ်သမီးလေးပါ။ သူလေး ပြောပြ မှ.. လောကကြီးကို အသေအချာ ပြန်မြင်လိုက်ရတယ်။ သေချာပါတယ်။ လောကကြီးမှာ- သာယာ ကြည်နူးစရာ တွေ အများကြီး ရှိနေပါသေးတယ်။
ပေါ်လီယာနာ လေး ကတောင် ပြောခဲ့သေးတာပဲ။ Salvation Army က ပို့လိုက်တဲ့ လက်ဆောင်ထုပ်တွေ ကို..မျှော်လင့်တကြီး စောင့်နေရင်း..သူ့လက်ထဲကို ရောက်လာတဲ့..အထုပ်ထဲက..ချိုင်းထောက်ကြီး ကို ကြည့် ပြီးတော့လေ..။
` ဒီ-ချိုင်းထောက်ကြီးကို သုံးဖို့မလိုတာ..ဘုရားသခင်ကို ကျေးဇူးတင်လိုက်တာ..´ တဲ့။
ဟာသ ညဏ်ကလည်း ရွှင်သေးတယ်။ ခါးကိုင်းကိုင်းနဲ့ မာလီအဖိုးကြီး မြေတူးနေတာကို ကြည့်ပြီး- ` သူ ခါးကုန်းရ တ၀က်သက်သာတာပေါ့ နော်..´ တဲ့။
ဒါပေမဲ့- သူ့အမေနဲ့ မောင်နှမတွေ အားလုံး..ကောင်းကင်ဘုံမှာ ရောက်နေပြီးရက်နဲ့..သူ့အတွက် တယောက်ထဲ သော အားကိုးရာ ဖခင်ကိုပါ- ကောင်းကင်ဘုံက..ခေါ်သွားတာတော့..ဘုရားသခင် ကို သူ နားမလည် နိုင် ပြန် ဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ်..ပေါ်လီယာနာလေးက တော့.. ကျေနပ်စရာ တခု တော့ ရှာတွေ့နေသေးတယ် ။
--- ဒါပေမဲ့- သူ့မှာ အဒေါ် တယောက် ရှိနေသေးတာ- ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်- တဲ့။
ကိုယ်ကတော့ ပေါက်ပေါက်ရှာရှာ တွေးနေမိ သေးတယ်။ လူကြီးဘ၀ ရောက်လာမဲ့..ပေါ်လီယာနာ အခန်းဆက် ကို သာ ဆက်ရေး ရင် ဘယ်လို မျိုးတွေ ဖတ်ရ မှာပါလိမ့် လို့လေ။ နှင်းဖြူဖြူဦး လေး ကြီးလာလို့..ကရင်ဒုက္ခသည် စခန်းကနေ..တတိယနိုင်ငံတွေ ဘာတွေ ရောက် ရင်ကော.. မျက်ခင်းပြင်က..စိမ်းလန်းစိုပြေ နေ ဦးမှာလား။ နေ က လူတွေ အတွက် အလင်းနဲ့အပူ ကိုပဲ ပေးနေ ဦးမှာလား။
ကိုယ့်အတွက်တော့ လောကကြီးက.. သုံးဖက်မြင် Geometry တပုဒ်လို့ ပြောရင်- နားလည်နိုင် ကြပါ့မလား။ အကောင်းမြင်- အဆိုးမြင်- အရှိအတိုင်းမြင် - ဆိုတဲ့ အမြင်သုံးခု နဲ့ ကြည့်မှ ရုပ်လုံး ပေါ်လာတတ်လို့ပါ။

အမြင်တိုင်း ဖက်တိုင်းမှာလည်း - ပုစ္ဆာတပုဒ်-နဲ့ အဖြေတခု စီ ရှိနေကြ သေးတယ် ။
တချို့အတွက်ဆို..ဒီ့ထက်တောင် ပိုများတဲ့ အနားတွေ ထောင့်တွေ အမြင်တွေ ရှိချင် ရှိနေကြ ဦးမှာ။ ညီညီညာညာ အကွက်တွေမျှနေတဲ့ ဗဟုဂံ တခုလို ဒါမှမဟုတ်.. ချိနဲ့အားလျော့နေတဲ့..ရွမ်းဘတ် တခု လို။
ဒါမှမဟုတ်ရင်လည်း.. တိုင်းတာ ချင့်ချိန်လို့မရတဲ့.. Amorphous ပုံဆောင်မဲ့ တခုလည်း ဖြစ် ခြင်ဖြစ်နေမှာပါ။
-
ဘယ်လိုပဲဖြစ်ဖြစ်..ရှိတော့ ရှိနေတာပဲ။ သိတော့ သိနေတာပဲ။ ချဉ်းကပ်ချင် တဲ့ ထောင့်က..ချဉ်းကပ်.. အဖြေ ထုပ်ချင်ထုပ် မထုပ်ချင်လည်း နေ..တွေ့ကြုံရင်ဆိုင်နေ ရ ဦး မှာတော့ အသေအချာပဲ..။ အဲဒါတော့..မြဲမြဲ မှတ်ထား။
You received this email because you are subscribed to the real_time feed for http://kthwe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.