Tuesday, November 25, 2008

[Padauk Myay] 2 New Entries: အပိုင်းအစအတွေးများ

အပိုင်းအစအတွေးများ

လူမိုက်အားပေးအလုပ်

ခုတလော မြန်မာနိုင်ငံ နအဖအစိုးရက ကမ္ဘာ့ ကုလသမဂ္ဂ အပါအ၀င် အပြည်ပြည်ဆိုင်ရာက အတိုက်အခံနဲ့ တွေ့ဆုံ ဆွေးနွေးရေး တောင်းဆို မေတ္တာရပ်ခံနေတဲ့ကြားက သံဃာတော်များ၊ ကျောင်းသားများ အပါအ၀င် ဒီမိုကရေစီ တောင်းဆိုသူ လူ ၁၀၀ လောက်ကို ပြင်းထန်တဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ မြန်မာနအဖ အစိုးရဟာ ဒီမိုကရေစီ ဖေါ်ဆောင်နေတယ်သာ ဆိုတယ် ဒီမိုကရေစီစနစ်ကို ဦးတည်တဲ့ အပြောင်း အလဲတွေမလုပ်ဘဲ ဒီမိုကရေစီ တောင်းဆိုသူတွေကို ဆက်လက် ဖိနှိပ်မှုတွေ လုပ်နေပါတယ်။ နအဖနဲ့ နအဖရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေကလဲ နအဖက အင်အားကြီးသူ၊ တိုင်းပြည်ကို ထိန်းချုပ်ထားသူ ဖြစ်တဲ့အတွက် နအဖကို ဖိအားမပေးဘဲ အလျှော့ပေး ဆက်ဆံတဲ့ နည်းသစ်ရှာကြမှ ဖြစ်မယ်၊ ဒါမှ မြန်မာပြည် ဒီမိုကရေစီနဲ့ နီးစပ်လာမယ်၊ နအဖ လုပ်ပုံ လုပ်နည်းတွေ မှားယွင်းနေတာ မှန်ပေမဲ့ ဒုက္ခယောက်နေတဲ့ မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဘ၀မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ သက်သာသွားအောင် အကူညီပေးချင်ရင် အပြည်ပြည်ဆိုင်ရာက နအဖကို အားပေး ထောက်ခံရမယ်၊ ပျော့ပြောင်းတဲ့ ဆက်ဆံရေးကို တည်ထောင်ရမယ်လို့ အကြံပေး တောင်းဆိုလာ ကြပါတယ်။

နအဖဟာ အပြည်ပြည်ဆိုင်ရာရဲ့ ကြားဝင်စေ့စပ်မှု အကြံဉာဏ်ပေးမှုတွေကို လက်မခံဘဲ ခုလိုလုပ်လာတာ ဒီတခါသာမဟုတ် အကြိမ်ပေါင်း မနဲတော့ပါဘူး။ မြန်မာနအဖ ဘယ်လို အဆင့်အတန်း ရောက်နေလဲ ဆိုတာ အမှန်အတိုင်း ကြည့်ကြရအောင်၊ ၁၉၈၈ ဒီမိုကရေစီ တောင်းဆိုတဲ့ ပြည်သူတွေကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ပြီး တက်လာတဲ့ အစိုးရ၊ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူက ရွေးချယ်တဲ့ အနိုင်ရပါတီကို အာဏာမလွှဲဘဲ နှိပ်စက်တဲ့အစိုးရ၊ အတိုက်အခံ ပါတီ ခေါင်းဆောင် ခရီးသွားနေတာကို လူမိုက်တွေနဲ့ ၀ိုင်းရိုက်တဲ့ အစိုးရ၊ တစ်ကမ္ဘာလုံးက ၀ိုင်းတောင်းဆိုနေတဲ့ တွေ့ဆုံ ဆွေးနွေးရေးကို လှစ်လျှူရှုပြီး ရွေးကောက်ပွဲ အနိုင်ရပါတီ ခေါင်းဆောင်နဲ့ ပါတီဝင်တွေကို ထောင်နဲ့ချီ ဖမ်းထားတဲ့ အစိုးရ၊ နိုင်ငံရေး အမြင်မတူသူဆိုရင် ဘုန်းကြီး မယ်သီလရှင် လူရွှင်တော်ပါမချန် ထောင်အနှစ် ၄၀-၅၀ ချနေတာ နအဖ ဘာလဲဆိုတာ ပြည်တွင်းပြည်ပက ကောင်းကောင်း သိပါတယ်။ နှိမ်တာ မဟုတ်ပါဘူး၊ ပြောချင်တာက နအဖလို နာမည်ကျော် လူဆိုး အဖွဲ့အစည်းကို အားပေး ထောက်ခံပြီး အပြုသဘော ဆက်ဆံမဲ့သူ ကမ္ဘာမှာ ရှိပါ့မလား၊ ဆက်ဆံရဲတဲ့သူ ရှိပါ့မလား။

နအဖအစိုးရဟာ နယ်နယ်ရရ အဖွဲ့အစည်း မဟုတ်တော့ပါဘူး၊ အယ်လ်ခိုင်းဒါးက ဘင်လာဒင်နီးပါး ဘယ်သူမှ အပေါင်းအသင်း မလုပ်ရဲတဲ့ ပြဿနာကောင် အဆင့် ရောက်နေပါပြီ။ နိုင်ငံတကာက အစိုးရမပြောနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူတွေကပါ လက်လန်နေပါပြီ။ နအဖဘက်ကို အပြုသဘော သွားဆက်ဆံရင်တောင် သူတို့ပြည်သူတွေက လူမိုက် အားပေး လုပ်ရမလားဆိုပြီး ၀ိုင်းကန့်ကွက်လို့ အဲဒီအစိုးရ ပြုတ်ကျသွားမှာပါ။ သူတို့ပါတီ နာမည်ပျက်ပြီး နောက်ရွေးကောက်ပွဲတွေကိုပါ ထိခိုက်သွားမှာမို့ နအဖ အပေါ်ထားတဲ့ ပေါ်လစီကို ဘယ်အစိုးရ တက်တက် ပြင်မယ် မထင်ပါဘူး။ ခုလဲကြည့်ပါ ဘယ်ဒီမိုကရေစီ နိုင်ငံက နိုင်ငံရေးသမား နိုင်ငံရေး ပါတီတွေက မြန်မာနအဖကို အားပေး ထောက်ခံ ဆက်ဆံကြဘို့ ပြောနေတာရှိလဲ၊ နအဖဘက်က ပြုပြင် ပြောင်းလဲမှုတွေ မလုပ်ဘဲနိုင်ရတဲ့ ကိုယ့်ပြည်သူကို ရက်စက်ပြနေယုံနဲ့ ကမ္ဘာက နာမည်အပျက်ခံပြီး နအဖ အစိုးရကို ငွေကြေး အကူအညီတွေ ပေးပြီး အလျှော့ပေး ဆက်ဆံလာဘို့ဆိုတာ ကျွန်တော်တော့ အိပ်မက်တောင် မက်လို့ မရပါဘူး။ ဒီစိတ်ကူးနဲ့ အလုပ်မဖြစ်နိုင်ပါဘူး၊ နအဖ မပြင်ရင် နိုင်ငံတကာ ရင်နှီးမြှုပ်နှံမှု အကူအညီတွေ လာဘို့ဝေးလို့ နောက်ထပ် sanction တွေထိပြီး တိုင်းပြည် စီးပွားရေး ပိုဆိုးလာဘို့ဘဲ ရှိပါတယ်။ ကျွန်တော်တို့မှာ ရွေးစရာလမ်း မရှိပါဘူး။

လူတွေကောင်းလို့ စနစ်ပြောင်းသွားတာလား စနစ်ကောင်းလို့ လူတွေပြောင်းလဲသွားတာလား

တည့်တည့်တမျိုး သွယ်ဝိုက်တမျိုးနဲ့ ဒီစကား မကြာခဏ ကြားရတတ်ပါတယ်၊ များသောအားဖြင့်ကတော့ နအဖအ ဆက်အနွယ် ပညာတတ်တွေဆီက လာတာ များပါတယ်၊ ပြည်သူတွေကော ကမ္ဘာကပါ ဒီမိုကရေစီနဲ့ အခြေခံ လူ့အခွင့်အရေးတွေ တောင်းဆိုလာတော့ မပေးရရာ မပေးရကြောင်း ကပ်တီး ကပ်ဖဲ့လုပ်လိုတဲ့ သူတွေက "မြန်မာတွေ ဒီမိုကရေစီသာ တောင်းဆိုနေတယ် လူတွေကကော ဒီမိုကရေစီနဲ့ တန်ရဲ့လား" လူတွေက အရင်ပြင်ရမယ်၊ စည်းကမ်း ရှိရမယ် ဒါဆိုရင် အစိုးရကလဲ စည်းကမ်း ရှိလာပြီး ဒီမိုကရေစီဘက်ကို တဖြေးဖြေး ပြင်လာလိမ့်မယ်၊ ဒီမိုကရေစီကို တောင်းဆိုမနေကြနဲ့ အရင် ကိုယ့်ကိုကိုယ် စည်းကမ်းနဲ့ နေတတ်အောင် လုပ်ဦးဆိုပြီး သီအိုရီတွေ ဆွဲထုတ် လာကြပါတယ်။ မြန်မာပြည်သူတွေ ဒီမိုကရေစီ လူ့အခွင့်အရေးတွေနဲ့ တန်၏ မတန်၏ကို သူတို့က ပညာရှိကြီးတွေ လုပ်ပြီး ၀င်ဆုံးဖြတ်ပေးချင် သေးတာကိုး၊ ဒီလို စကားကပ်ဖဲ့ပြီး လိုက်ပြောနေရင်တော့ အရှည်ကြီး ပြောကြရမှာပါ။

ကျွန်တော့် အမြင်ကတော့ ဒါတွေဟာ တိုင်းပြည် ခေါင်းဆောင်တွေရဲ့ အရည်အချင်းနဲ့ စေတနာပေါ်မှာ အများဆုံး မူတည်ပါတယ်၊ တိုင်းပြည် ခေါင်းဆောင်တွေ ကောင်းလို့ တိုင်းပြည် ချမ်းသာ တိုးတက်သွားတာ၊ တိုင်းပြည် ချမ်းသာ တိုးတက်သွားလို့ ပြည်သူတွေရဲ့ ဘ၀တွေ၊ တွေးခေါ်မှုနဲ့ လူနေမှု အဆင့်အတန်းတွေပါ တိုးတက် ပြောင်းလဲသွားတာပါ။ ၁၉၅၀ တုန်းက စင်္ကာပူ လူမျိုးတွေဟာ ဘာစည်းကမ်းမှ မရှိတဲ့ တရုပ်ကုလား အလုပ်ကြမ်းသမား ကူလီတွေပါ။ ကြမ်းပြင်ပေါ်မှာနေ ကြမ်းပြင်ပေါ်မှာ ထမင်းစားသူတွေပါ၊ အခု အင်မတန် စည်းကမ်းကြီးတဲ့ ချမ်းသာတဲ့ နိုင်ငံ ဖြစ်သွားပါပြီ။ ခေါင်းဆောင်ကောင်းရဲ့စေတနာနဲ့ စနစ်ကြောင့် ဘာမဟုတ်တဲ့ စင်္ကာပူ ခရုကျွန်းလေးက ကူလီတွေ ကြီးပွား ချမ်းသာသွားတယ် ဆိုတာ သူတို့မရှက်ဘဲ ဂုဏ်ယူ ပြောလေ့ရှိပါတယ်၊ တိုင်းပြည် ကြီးပွား ချမ်းသာသွားလို့ ပြည်သူတွေ အတွေးအခေါ် အစား အသောက် အနေအထိုင် လူမှုဘ၀တွေ ပြောင်းလဲ တိုးတက်သွားတာကို မြင်နိုင်ပါတယ်။ စင်္ကာပူ လူမျိုးတွေ စည်းကမ်း ကောင်းလာလို့ ဒီမိုကရေစီ စနစ် ပြောင်းသွားတာ မဟုတ်ပါဘူး၊ စနစ်ကောင်းသွားလို့ လူတွေ ပြောင်းလဲသွားတာပါ။ စည်းကမ်း ကောင်းလာတာ၊ သူဌေးတွေ ဖြစ်လာတာပါ။ ထီးဘိနပ် စက်ဘီး လောက်တော့ မခိုးတော့ပါဘူး။ ဒီကမှတဆင့် နိုင်ငံတော်ကို အခွန် ပေးဆောင်တာတွေ ဘာတွေ လာမယ် ထင်ပါတယ်၊ ပြည်သူအားလုံးကို အမှိုက်သရိုက် အညစ်အကြေးတွေနဲ့ ညစ်ပတ် နံစော်နေတဲ့ နေရာမှာထားပြီး စည်းကမ်း ရှိရမယ်၊ အမှိုက်မပစ်ရဘူး၊ ဒါဏ်ငွေ ဆောင်ရမယ်၊ ဒီမိုကရေစီနဲ့ မတန်ဘူးလို့ မြင်နေရင်လဲ နည်းလမ်း မကျပါဘူး။ အစိုးရကောင်း ဆိုတာ တိုင်းပြည် အတွက် ဘဏ္ဍာငွေ ရှာတတ်ရမယ်၊ ပြည်သူတွေ လူနေမှု အဆင့်အတန်း တက်အောင် အသုံးပြုတတ် ရမယ်၊ ရသမျှ တပ်မတော် အင်အား ရှိအောင် ဆိုပြီး ဖြုံးပြစ်လို့မရပါဘူး။ အစိုးရကောင်း လိုပါတယ်။

ဟ! - စင်ကာပူ လီကွမ်ယူးလဲ အာဏာရှင်ဘဲလေ၊ အတိုက်အခံကို ဆော်တာဘဲ၊ ဘယ်သူက ဘယ်တုန်းက လီကွမ်ယူးဟာ အာဏာရှင်လို့ ပြောခဲ့တာဘဲလို့ ခံငြင်းရင်လဲ၊ ကျွန်တော် ပြန်ပြောနိုင်တာ ကတော့ မြန်မာပြည်က အာဏာရှင်တွေထက် အများကြီး ပျော့ပြောင်းတဲ့ အာဏာရှင်ပါ၊ ဦးနေ၀င်းတို့ ဦးစောမောင်တို့ ဦးသန်းရွှေတို့သာ စင်ကာပူ လီကွမ်ယူးလောက် တိုင်းပြည်အပေါ် စေတနာထား အရည်အချင်းရှိ ပျော့ပြောင်းရင် လူတွေက ကြည်ညိုလွန်းလို့ ဘုရားစင်ပေါ် ရောက်နေတာ ကြာလှပါပြီ၊ တိုင်းပြည်လဲ ဒီလိုမဖြစ်ရပါဘူး။

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နဲ့ ဦးဏှောက်အပြည့်ပါသော တပ်မတော်ခေါင်းဆောင်

ဒီမိုကရေစီကို ပြည်သူတွေက တောင်းဆိုတော့ စစ်အာဏာပိုင်တွေက ဒီမိုကရေစီ မကောင်းကြောင်း စည်းကမ်း မရှိကြောင်း မျိုးစုံအောင် ပြောပြီး သူတို့ ထိန်းချုပ်ထားလို့ ရတဲ့စနစ်ကမှ စည်းကမ်းရှိသော ဒီမိုကရေစီ လို့ နအဖက သုံးလာပါတယ်၊ " ကန့်သတ် ချုပ်ချယ်ခြင်လို့ သုံးတာ မဟုတ်ဘူး၊ စည်းကမ်း၊ တာဝန်သိမှု၊ တာဝန် ယူတတ်မှု ဆိုတာတွေဟာ အလွန် အရေးကြီးတယ်၊ ဒီ သဘောတရားများဟာ ဒီမိုကရေစီ၊ လွတ်လပ်ခွင့် ဆိုတာတွေနဲ့ ယှဉ်တွဲပါနေတာ ဖြစ်တယ်။ ပြစ်ပယ်ထားလို့ မရဘူး၊ ပြစ်ပယ်ရင် မှားသွားမယ်၊ မြန်မာ့နိုင်ငံရေးမှာ နိုင်ငံရေး သမားတွေ စည်းကမ်း မရှိခဲ့လို့၊ ဒီမိုကရေစီ ကျင့်စဉ်များကို မှန်မှန်ကန်ကန် မကျင့်သုံးခဲ့လို့ နအဖက စည်းကမ်းရှိသော ဒီမိုကရေစီ ဆိုတဲ့ စကားသုံးတာ၊ လိုအပ်လို့ သုံးတာ ဖြစ်တယ် " လို့ ပိတောက်မြေက ဆိုပါတယ်။ ဘာမှ မငြင်းနိုင်ပါဘူး၊ ဒီစကားကို တခါတလေ ကြုံကြိုက်လို့ ရိုးရိုး သားသားသုံးရင် ဘာမှပြောစရာ မရှိပါဘူး။ ဒါပေမဲ့ အမြဲတန်း ခေါင်းစီး အနေနဲ့ သုံးလာပြီ ဆိုရင်တော့ နောက်မှာ ရည်ရွယ်ချက် တစ်ခုခု ပူးကပ် ပါလာပါပြီ။ ကောင်းတာဘဲ ဖြစ်ဖြစ် မကောင်းတာဘဲ ဖြစ်ဖြစ် စည်းကမ်း သတ်မှတ်ချင်လို့ သုံးတာ ဖြစ်သွားပါပြီ။

လက်တွေ့မှာလဲ စည်းကမ်းရှိသော ဒီမိုကရေစီ လို့ခေါ်တဲ့ ၂၀၀၈ အခြေခံဥပဒေအရ စစ်ဦးစီးချုပ်က တိုင်းပြည်ရဲ့ အရေးပါတဲ့ ၀န်ကြီး ဌာနတွေကို ထိန်းချုပ်ထားမှာပါ၊ ဦးစီးချုပ်က လွှတ်တော်အမတ် ၂၅% ကို တစ်သက်လုံး ယူထားမှာပါ၊ ဒီဦးစီးချုပ် ရာထူးက ဘယ်တော့ ဖယ်ပေးရမယ် ဆိုတဲ့ စည်းကမ်း မပါပါဘူး၊ ဦးစီးချုပ်က မဖယ်ပေးဘဲ နေချင်သလောက် နေမဲ့ အခြေခံဥပဒေနဲ့ စည်းမဲ့ ကမ်းမဲ့ လုပ်တော့မှာကို ဖုံးထားချင်လို့ စည်းကမ်း ရှိသော ဒီမိုကရေစီလို့ ခေါ်ကြရတော့မှာပါ။ ခေါ်ခိုင်းနေတာပါ။

ဒီလိုသာဆိုရင် - ကျွန်တော်များ ပြည်သူတွေကလဲ ဦးနှောက် အပြည့်ပါသော ဦးစီးချုပ်၊ ကျပ်ပြည့်သော တပ်မတော် ခေါင်းဆောင်၊ ပြည်သူကို သစ္စာရှိသော တပ်မတော်သား အမတ် ၂၅% လို့ ပြန်သုံးရမလို ဖြစ်နေပါတယ်။ ဒါတွေလဲ သိပ်အရေးကြီးတာပေါ့၊ ငြင်းလို့ ဘယ်ရမလဲ၊ ဦးစီးချုပ် လုပ်ချင်ရင် ဦးနှောက်ရှိ အရည်အချင်း ရှိရမယ်၊ တိုင်းပြည် တိုးတက်အောင် လုပ်တတ်ရမယ်၊ တိုင်းပြည်အကျိုး၊ ပြည်သူ့ အကျိုးကို ကြည့်တတ်ရမယ်၊ တာဝန်ယူတတ်မှု သဘောတရား များဟာလဲ တိုင်းပြည် ခေါင်းဆောင် လုပ်ကိုင်ခွင့်တွေနဲ့ ယှဉ်တွဲပါနေ ပါတယ်ခင်ဗျာ ဆိုပြီး တခါတလေ မဟုတ်ဘဲ အမြဲတန်း ခေါင်းစီး နေရာမှာထား သုံးရင် ဘယ်လိုပြောကြမလဲ၊ ခေတ်သစ် မြန်မာနိုင်ငံ သမိုင်းမှာ တပ်မတော် ခေါင်းဆောင်တွေ ဦးနှောက်ရှိခဲ့လို့လား၊ အရည်အချင်း ရှိခဲ့လို့လား၊ ပြည်သူ့ မျက်နှာ ထောက်ခဲ့လား ဆိုတာ ရေးပြရရင် စာအုပ်တစ်အုပ်မက ရေးလို့ရပါတယ်၊

ယှဉ်ပြောရရင် ဟိုခေတ်က နိုင်ငံရေးသမားတွေ ဆိုးတယ်ဆိုတာ ဒီခေတ်စစ်ဗိုလ်တွေ အိပ်နေသလောက် လိမ္မာသလောက် ရှိပါတယ်။ အရည်အချင်း မပြည့်လို့ တိုင်းပြည် နစ်နာရတာချင်း ယှဉ်မလား၊ ရာဇ၀တ်မှု ကျူးလွန်လို့ အရေးယူခံရတာချင်း ယှဉ်မလား၊ အကျင့်ပျက်ချစား တိုင်းပြည် ဘဏ္ဍာ အလွဲသုံးတာမှာ ယှဉ်မလား၊ အရည်အချင်းကော အရေအတွက်ပါ အားလုံး ခုခေတ်စစ်ဗိုလ်တွေက အပြတ်အသတ် သာပါတယ်ဗျာ။ ဒါကြောင့် ပြည်သူတွေ ဘက်ကလဲ အရည်အချင်း ပြည့်ဝသော၊ ဦးနှောက် ကျပ်ပြည့်သော တပ်မတော် ခေါင်းဆောင်၊ တိုင်းပြည် ဘဏ္ဍာ မဘုံးသော၊ ကိုယ်ကျိုးမရှာသော တပ်မတော်အစိုးရ ဆိုတာမျိုးတွေ သုံးရင် နအဖကို နှိမ်ရာကျပါမယ် မသုံးသင့်ပါဘူး။

တပင်တိုင်မင်းသားကြီး

အခုလဲ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အကြီးဆုံး အတိုက်အခံပါတီ NLD ၀င်မပါလဲ ဘာမှမဖြစ်ဘူး၊ ၂၀၁၀မှာ ၀င်အရွေး မခံရင် ပါတီကို ဖျက်ပြစ်မယ်၊ နိုင်ငံရေး နေရာအကွက် ပျောက်သွားအောင် လုပ်မယ်၊ နိုင်ငံရေး လောကကနေ ကန်ထုတ်ခံရမယ်၊ ကလေကလွင့်နဲ့ ဇာတ်သိမ်း သွားမယ်လို့ ကြိမ်းမောင်းခဲ့တဲ့ ပုဂ္ဂိုလ်တွေလဲ ဆရာကြီး နအဖ ချွေးပျံနေတာ ကြည့်ပြီး ငြိမ်သွားကြပါပြီ။ အများ ခန့်မှန်းသလိုဘဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့ သဘောထားမပါတဲ့ အခြေခံဥပဒေနဲ့ ဒီမိုကရေစီ တောင်းဆိုသူတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဖမ်းထားပြီးလုပ်မဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အယုံအကြည်မရှိ၊ တိုင်းပြည်အတွက် အကျိုးမရှိတဲ့ လမ်းစဉ်လို့ စွပ်စွဲပြီး အသိအမှတ်မပြု ၀င်အရွေးမခံဘူးလို့ ငြင်းဆန်လိုက်ပါတယ်။ နအဖ အချီတော် အချော့တော် အဖွဲ့တွေကတော့ NLD ပါတီဟာ အနိုင်ရထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲကို မေ့လိုက်ဘို့၊ ၂၀၀၈ အခြေခံဥပဒေကို အသိအမှတ်ပြုပြီး ၂၀၁၀ ရွေးကောက်ပွဲကို ၀င် အရွေးခံသင့်တယ်၊ နအဖနဲ့ ရသလောက် ပူးပေါင်း သင့်တယ်လို့ ရှေ့နေ လိုက်ပေးကြပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အထွေထွေ အတွင်းရေးမှုး ဘန်ကီမွန်းက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာဘို့ အဓိကသော့ချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ တွေ့ဆုံ ဆွေးနွေးရေးဘဲ ဖြစ်တယ်လို့ ပြောသွားပါတယ်။ ၁၉၉၀ မှာ အရွေးခံရတဲ့ နိုင်ငံရေးပါတီကို အသိအမှတ်မပြုခဲ့တဲ့ နအဖရဲ့ အမှားကြီးကို ပြုပြင်ပြီးမှ မြန်မာပြည် ရှေ့ဆက်သွားနိုင်လိမ့်မယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး တာဝန်ရှိသူတွေက ပြောကြပါတယ်။ ဥရောပသမဂ္ဂကလဲ ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်ဘဲ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရင် တရားမ၀င်ဘူး၊ အသိအမှတ် မပြုဘူး ကြေညာထားပါတယ်။ နအဖရဲ့ soft spot ဘာလဲဆိုတာ လူတိုင်းက သိနေကြပါပြီ။

လာမဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ NLD မပါတဲ့အတွက် နအဖ တစ်ကိုယ်တော် ဇာတ်ထွက်ရမဲ့ အပေါက် ဖြစ်နေပါတယ်။ ဇာတ်ဆရာ၊ ဆိုင်းဆရာ၊ မင်းသား၊ မင်းသမီး၊ လူကြမ်း၊ ယိမ်းသမ၊ လူပျက်၊ ဇာတ်စင် ဆောက်တာကအစ အကုန်သူ့ဟာသူ လုပ်ပြရတော့မယ်။ ပြည်သူကို ဘေးချိတ် ပြည်သူ့ အကြံဉာဏ်ကို လက်မခံ အခြေခံဥပဒေလဲ သူဘဲဆွဲ၊ ပြည်သူ့ဆန္ဒလဲ သူဘဲခံ၊ ရွေးကောက်ပွဲလဲ သူဘဲလုပ်၊ သူဘဲ အရွေးခံ၊ သူဘဲ မဲပေး၊ သူဘဲနိုင်အောင်လုပ်၊ သူဘဲအစိုးရဖွဲ့မှာဆိုတော့ ကောင်းတာမကောင်းတာ သူ့ကိစ္စပါဘဲ၊ သူ့တာဝန်ပါဘဲ။ သမိုင်းကဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော်တို့ ပြည်သူတွေ အတွက်ကတော့ နအဖလုပ်မဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဘာမှထူးလာမှာ မဟုတ်ပါဘူး၊ ဒီအတိုင်းပါဘဲ၊ ၂၀၁၀ ရွေးကောက်ပွဲဟာ တိုင်းပြည်နဲ့ ပြည်သူတွေ အတွက် ဘာအကျိုးမှ မရှိပါဘူး။

၁၉၈၈ အရေးအခင်း အပြီး န၀တစစ်အစိုးရ တက်လာကာစက တိုင်းပြည်ကို ဘာဂတိတွေ ပေးခဲ့ပေးခဲ့ နောက်ဆုံးတော့ ဒီဘူတာဘဲဆိုက် တာပါလား။ ကိုယ့် ရှေ့က ဗိုလ်ချုပ်နေ၀င်းလဲ ဒီလမ်းသွားခဲ့လို့ သူကော မြန်မာပြည်ကြီးပါ ပျက်စီးခဲ့ရပြီးပြီ၊ ဒီလောက် ရှေ့တည့်တည့်မှာ သင်ခန်းစာ ယူစရာကြီး ရှိနေပါရက်နဲ့ ဦးနေ၀င်း နောက်ဘဲ လိုက်ကြဦးမလို့လား၊ နအဖ အစွမ်းအစက ဒါအကုန်ဘဲလား။ ဒီ့ထက် မပိုတော့ဘူးလား၊ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ ပြည်သူတွေက ခေတ်သစ် မျိုးဆက်သစ် တပ်မတော် ခေါင်းဆောင်တွေကို ဗိုလ်ချုပ် နေ၀င်းလောက်တော့ မဆိုးနိုင်ဘူး၊ ဗိုလ်ချုပ်နေ၀င်း ထက်တော့ တိုင်းပြည်အတွက် စေတနာထားတဲ့ စစ်ဗိုလ်များ ဖြစ်လိမ့်မယ်လို့ အထင်ကြီးခဲ့ မိပါတယ်။ ခုလို တိုင်းပြည်ကော သူတို့ပါ နစ်နာ ပျက်စီးအောင် အလုံးစုံ ပျက်သုံးရေးလုပ်မဲ့ သူတွေလို့ မထင်ခဲ့မိပါဘူး။

ဖွဟဲ့ - လွဲပါစေ ဖယ်ပါစေဗျာ။

စေတနာဖြင့်၊

ကိုဂျူး

၂၃ . ၁၁. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • အထွေထွေညီလာခံ ဆုံးဖြတ်ချက် စစ်အစိုးရ ငြင်းဆန် - ဗွီအိုအေ click here
  • အမျိုးသားရေးအသိနဲ့ လွတ်ငြိမ်းခွင့် ပေးရန် အဲန်အယ်လ်ဒီ တောင်းဆို - ဗွီအိုအေ click here
  • အမျိုးသားနေ့အောင်ပွဲ အောင်မြင်စွာ ကျင်းပခဲ့ကြ - မဇ္ဈိမ click here
  • တွေ့ဆုံဆွေးနွေးရေးမှတပါး အခြားမရှိပါ - အာရ်အက်ဖ်အေ click here
  • အိမ်အပြန် - အာရ်အက်ဖ်အေ click here
  • သူရဲဘောကြောင်တဲ့လုပ်ရပ် ရှုတ်ချပွဲ - အာရ်အက်ဖ်အေ click here
  • ပဲခူးရိုးမဒေသမှ စုတ်ချက်ရေဆေးပန်းချီကားချပ်များ - ၀ိကလီးအလယ်းဗင်း click here
  • အဘယဒါန ငှက်ပစ်တောင်၊နိုင်ငံတကာမှ ကျောင်းသားလေးများနဲ့ဇေတ၀န် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းမှအပြန် - ၀ိကလီးအလယ်းဗင်း click here
  • နေပြည်တော်ပျဉ်းမနားခရိုင်အတွင်းရှိ စည်းကမ်းမဲ့ဆိုင်ကယ်များကို ဖမ်းဆီးအရေးယူ၍ နှစ်ပတ်ကြာထိန်း သိမ်းခြင်းလုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ - ၀ိကလီးအလယ်းဗင်း click here
  • ရမ်းဗြဲကျွန်းပေါ်ရှိ ရေနံမှော်များတွင် ဒေသတွင်းလုပ်သား ထောင်ချီလုပ်ကိုင်လျက်ရှိနေပြီး ရင်းနှီးလုပ်ကိုင် သူများတိုးပွားလာ - ၀ိကလီးအလယ်းဗင်း click here
  • အခြေအနေမဲ့များကို စိစစ်၍ မှတ်ပုံတင်ကဒ်ထုတ်ပေးတော့မည် - မြန်မာတိုင်းမ် click here
  • ဆော်ဒီက ကြက်ဥနှင့်ကြက်သားတင်သွင်းရန်ကမ်းလှမ်းလာ - မြန်မာတိုင်းမ် click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.