Tuesday, November 25, 2008

[သက်ဝေ] 1 New Entry: မိသားစု ထမင်းဝိုင်း

မိသားစု ထမင်းဝိုင်း

နေ့ တိုင်း နေ့ တိုင်း ထမင်းစားချိန်တွေမှာ အိမ်က မေမေ့လက်ရာ မိသားစု ထမင်းဝိုင်းလေးကို အရမ်း သတိရမိပါတယ်…။
ဟိုးအရင် အချိန်တွေ… မိသားစုတွေ အတူတူနေရတဲ့ အချိန်တုန်းကပေါ့…။
သက်ဝေတို့ အားလုံး နေ့ လည်စာကို ထမင်းဘူးထည့်သွားပြီး အလုပ်ထဲမှာ၊ ကျောင်းမှာ အဆင်ပြေသလို စားတတ်ကြပေမယ့် ညနေစာတွေတိုင်းကိုတော့ မိသားစု စုံစုံညီညီရှိမှသာ စားတတ်ကြပါတယ်။ ဖေဖေ (သို့ ) မေမေ တစ်ယောက်ယောက် အိမ်အပြန် နောက်ကျတဲ့နေ့  မျိုး ဆိုရင်လဲ အဆာပြေ မုန့် တစ်ခုခု စားပြီး လူစုံအောင် စောင့်တတ်ကြပါတယ်။ ထမင်းဝိုင်းမှာ အတူတူထိုင်ကြပြီးရင်လဲ ထမင်း ဟင်းတွေ ကို (ဟိုးငယ်ငယ်လေးထဲက အဖိုးအဖွားတွေ သင်ထားတဲ့အတိုင်း) အသက်ကြီးစဉ်ငယ်လိုက် စည်းကမ်းနဲ့  နှိုက်ယူလေ့ရှိကြပါတယ်။ အဖိုး ပြီးရင် ဖေဖေ၊ မေမေ၊ ပြီးတော့ သက်ဝေ.. ပြီးတော့ မောင်လေးပေါ့…။ သူက အငယ်ဆုံးဆိုတော့ နောက်ဆုံးမှ ယူရတာမို့  သူမို့  ဗိုက်ဆာနေပြီဆို လူကြီးတွေ မြန်မြန်ယူကြပါတော့ ဗျို့ လို့  ပူညံပူညံလုပ်တတ်သေးတာ တွေးမိတော့ ပြုံးရသေး…။

မိသားစု စုံစုံညီညီနဲ့ အတူတကွ ပျော်ပျော်ပါးပါး ၀ိုင်းဖွဲ့  စားသောက်ခဲ့ရတဲ့ နွေးထွေးလှတဲ့ မိသားစု ထမင်းဝိုင်းလေး အကြောင်းကို ပြန်တွေးမိတိုင်း တစ်ယောက် တစ်နေရာစီမှာ တကွဲတပြား ရောက်နေရတဲ့ ကိုယ့်ရဲ့  လက်ရှိ အခြေအနေတွေကို တကယ်ဘဲ ၀မ်းနည်းမိပါတယ်။ ဘယ်တော့မှ ပြန်ရနိုင်မယ်မှန်း မသိနိုင်တဲ့ မိသားစု ထမင်းဝိုင်းကလေး… အသက် ၈၀ ကျော် (အခုတော့ ဆုံးသွားပါပြီ) အဖိုးရဲ့  ဟိုးတုန်းကဆိုရင်… အစချီတဲ့ စကားဆိုသံတွေ၊ မောင်နှမ နှစ်ယောက်ရဲ့ မမောနိုင် မပန်းနိုင် ငြင်းခုံ စကားနိုင်လုသံတွေ၊ ဖေဖေ မေမေ တို့ ရဲ့  တစ်နေ့ တာ အလုပ်ခွင်အတွေ့ အကြုံ တွေကို ပြန်ပြောပြကြတဲ့ ချိုသာ စကားသံတွေ စည်စည်ညံညံနဲ့  ဘယ်အခါမဆို စားမြိန်ခဲ့ရတဲ့ မေမေ့လက်ရာ ထမင်းဝိုင်းကလေးရဲ့  တန်ဖိုးကို အခုအချိန်မှာ တကယ်ဘဲ အရမ်း လွမ်းဆွတ် တမ်းတမိပါတယ်…။

*****

ဒီလိုနဲ့  မနေ့ ညနေက ထမင်းစားခါနီးမှာ မိုးတွေ သည်းသည်း မဲမဲရွာနေတာကို တွေ့ တော့ မိုးဦးကျ ကာလတွေ မိုးတွင်းကာလတွေမှာ မေမေ ချက်လေ့ရှိတဲ့ ဟင်း အတွဲအစပ်လေးတွေကို ပြန်တွေး စိတ်ကူး ပုံဖေါ် ကြည့်မိပါတယ်…။

ပုဇွန်ဆိတ် သေးသေးလေးတွေကို အခွံမခွာပဲ အမြီးနဲ့ ခေါင်းကိုဖြုတ် ရေစင်စင်ဆေး၊ ဆီများများ ကြက်သွန်ဖြူ များများ ငရုတ်သီး စပ်စပ်နဲ့ ကျော်၊ သခွားသီးတွေကို ခြစ်ပြီး ကြက်သွန်စိမ်းရယ်၊ ဆီမပါဘဲ လှော်ထားတဲ့ ပုဇွန်ဆိတ်လေးတွေကို မျှင်ငပိ၊ ငြုတ်သီးစိမ်းနဲ့ ပြီး ရောထောင်းထားတာရယ် နဲ့ သံပုရာရည် ညှစ်ပြီး သုပ်ရတဲ့ သခွားသီးသုပ်ရယ်၊ တွဲဖက် ကတော့ ဘူးသီးဟင်းခါးလေးကို ငြုတ်ကောင်းနိုင်နိုင်နဲ့ ချက်ပြီး ပူပူလေးသောက်...။

မိုးရာသီတွေမှာသာ ပေါပေါများများတွေ့ ရတတ်တဲ့ ငါးသလဲတိုး (သို့ ) လယ်ငါးခူ ခပ်သေးသေးလေးတွေကို ဆီများများထဲမှာ ကြွပ်ကြွပ်ကလေးကြော်ရယ်၊ ဈေးထဲမှာ တစ်ခါတရံမှ ရတတ်တဲ့ ကောက်ရိုးမှိုလေးတွေကို ရေစင်စင်ဆေး၊ ပြီးတော့ ဆီလေးနဲနဲနဲ့ လှိမ့်၊ ကြက်သွန်စိမ်း ပါးပါးလှီး၊ ငြုတ်သီးစိမ်းတောင့်လေးတွေကို တုတ်ချောင်းကလေး ထိုးပြီးမီးကင် မညက် တညက်ထောင်း၊ ခုနက မှိုကြော်လေးနဲ့ ရော သံပုရာရည်ညှစ်ပြီးသုပ်တဲ့ မှိုချဉ်သုပ်ရယ် ကြာဆံဟင်းခါး ပူပူလေးရယ်နဲ့  တွဲစားရတဲ့ ဟင်းတွေကတော့ မေမေ့ရဲ့  ဘယ်တော့မှ မရိုးနိုင်တဲ့ လက်ရာပါ။

*****

ဆောင်းဦးပေါက် ချမ်းချမ်းစီးစီး မနက်တွေမှာတော့ မေမေက မနက် အိပ်ရာက အစောကြီးထပြီး ကောက်ညှင်းဆန်အသစ် စေးစေးလေးတွေနဲ့  ဆီထမင်း ထိုးတတ်ပါတယ်။ ဆီထမင်းကျက်လို့  အဖိုးနဲ့  မေမေတို့ ဘုရား ဆွမ်းတော်ကပ်ပြီးချိန်နဲ့  သက်ဝေတို့ တွေ အိပ်ရာနိုးတဲ့ အချိန်နဲ့ တော့ အကိုက်ပါဘဲ။ ဆီထမင်းနဲ့ တွဲဖက် စားစရာတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူကြတာမို့  မေမေက အားလုံးရဲ့  အကြိုက်ကို စိတ်ရှည်လက်ရှည် လုပ်ပေးတတ်ပါတယ်။ အဖိုးအတွက်က နှမ်းလှော်ထောင်း မွှေးမွှေးလေး၊ ဖေဖေ့အတွက်က ငါးရံ့ ခြောက်ဖုတ်ကို ပဲဆီမွှေးမွှေးလေးဆမ်းလို့ တမျိုး၊ အုန်းသီးနဲ့ မှစားချင်တဲ့ သမီး နဲ့ သား အတွက်ကတော့ အုန်းသီးနုနုလေးတွေ ခြစ်လို့ ပေါ့…။

ခရမ်းချဉ်သီး လှိုင်လှိုင်ပေါတဲ့ ဆောင်းတွင်းမှာ မေမေ့ရဲ့ ဟင်း တော်တော်များများမှာ ခရမ်းချဉ်သီးတွေ ပါလေ့ရှိပါတယ်။
ငါးရံ့ ကို ခရမ်းချဉ်သီးများများ နဲ့ အရည်စပ်စပ်လေးချက်၊ မချခင်မှာ နံနံပင်လေးအုပ်၊ ဒီဟင်းက အသက်ကြီးလို့  သွားတွေ သိပ်မကောင်းတော့တဲ့ အဖိုးနဲ့ မေမေ့ရဲ့  အကြိုက် ပါ။ အဲဒီ ငါးဟင်းနဲ့ တွဲဖက်စားဖို့ ကို ငြုတ်သီး၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက် နဲ့ ချက်တဲ့ ငန်ပြာရည်ချက်ရယ်၊ ခရမ်းသီး သေးသေး၊ ဘူးသီး သေးသေးလေးတွေကို ပြုတ်ထားတဲ့ တို့ စရာရယ်…။

အားလုံး အလုပ်အား ကျောင်းအားကြတဲ့ စနေ တနင်္ဂနွေနေ့ တွေမှာ တော့ မေမေက လုပ်ရတာ နဲနဲလက်ဝင်တဲ့ ငါးရံ့  ဆန်လှော်ဟင်း ကို ချက်လေ့ရှိပါတယ်။ ငါးရံ့ ကိုဘဲ အကောင်လိုက် ဆား၊ ဆနွင်း၊ ဆီ၊ ငြုတ်သီး ကြက်သွန်ဖြူ နီတွေရော ပြီးနယ်၊ စပါးလင် အပင်လိုက်ကို ငါးမှာ ချည်၊ မွှေးနေအောင် လှော်ထားတဲ့ ဆန်ကို လေးစိတ်ကွဲလေး ထောင်းပြီး ကြက်သွန်ဖြုလေး ဆီသပ်၊ ပြီးတော့မှ ငါးအကောင်လိုက် ကိုထည့်ချက်ရတဲ့ အဲဒီ ဆန်လှော်ဟင်း ကတော့ တစ်အိမ်သားလုံးရဲ့  အကြိုက်ပေါ့…။ ငါး ဆန်ပြုတ်လို သူ့  အတိုင်းစားလို့ ရသလို ထမင်းနဲ့ အတူ ဟင်းလိုလုပ်ပြီး စားရင်လဲရတာမို့  အဲဒီဟင်းချက်တဲ့နေ့ ဆို အချိန်မဟုတ်သေးဘဲ ဗိုက်က အလိုလိုနေရင်း ဆာနေတတ်ပါတယ်။

တခါတခါ မီးမလာတဲ့နေ့ မျိုးမှာ မီးသွေးမီးဖိုနဲ့  ထမင်းဟင်း ချက်ရတဲ့အခါ မီးသွေးမွှေးရတာ ပင်ပန်းလို့  စိတ်ညစ်စွာ ငြီးငြူမိပေမယ့် ထမင်းဝိုင်းမှာ ခရမ်းချဉ်သီးကို မီးဖုတ်လို့  နံနံပင်နံ့  ငြုတ်သီးနံ့ မွှေးနေတဲ့ ခရမ်းချဉ်သီး ပန်ထွေဖျော် စားရတဲ့အခါမှာတော့ မောသမျှတွေ အကုန်ပျောက်ပြီး ထမင်းမြိန်ရပြန်ပါတယ်…။


*****

ပူလောင်လောင် အိုက်စပ်စပ် နွေရာသီအခါမျိုးတွေမှာတော့ မေမေ့ အတွက် နွေရာသီ ကျောင်းပိတ်ရက်ရှည်တွေမို့  ခါတိုင်းနဲ့ မတူ ထူးခြားတဲ့ ထွေလီကာလီ ဟင်းမျိုးတွေ စားရတတ်ပါတယ်။ နွေရာသီမှာ ပူပြင်းတဲ့ ရာသီဥတုကြောင့် လူတွေတော်တော်များများ ထမင်းစားပျက်တတ်ကြပေမယ့် အိမ်သားတွေအဖို့ ကတော့ မေမေ့လက်ရာတွေကြောင့် ပိုလို့  တောင်မှ စားကောင်း သောက်ကောင်း ဖြစ်ကြရတယ်လေ။

မေမေချက်လေ့ရှိတဲ့ဟင်းတွေထဲက သက်ဝေ အကြိုက်ဆုံးဟင်းကတော့ မုန်လာပင်ပေါက်နဲ့  ချက်ရတဲ့ ငါးကျည်း ငါးဆုပ် ချဉ်ဟင်းပါ။ ငါးကျည်းအကောင် ခပ်လတ်လတ်တွေကို မန်ကျည်းသီးနဲ့  ဆားနဲ့ နယ်ပြီး ရေစင်စင်ဆေး၊ ပြီးရင် ဒါးမနဲ့  နုတ်နုတ်စင်း၊ ပြီးတော့မှ ဆား၊ အချိုမှုန့် ၊ ငြုတ်သီး တို့ ရယ်၊ စပါးလင် နုတ်နုတ်စင်းရယ်၊ ဆန်လှော်မှုန့် နဲနဲရယ်ထည့်ပြီး နာနာလေးထောင်း၊ မုန်လာပင်ပေါက် နုနုလေးတွေကို ချဉ်ဟင်းအိုး အရင်တည်… ဟင်းအိုး ပွက်ပွက်ဆူလာပြီဆိုမှ ပြီးမှ ခုနက ထောင်းထားတဲ့ ငါးကျည်းတွေကို လက်နဲ့  အနေတော် လုံး ဆုပ်ပြီး ထည့်…။ ငါးဆုပ်လုံးလေးတွေ ကျက်လောက်ပြီဆိုရင် ချ…။ သူနဲ့  လိုက်ဖက်တဲ့ အတွဲက ငြုတ်သီး ဆားထောင်းပါ။ ငြုတ်သီး အလှော်မှုန့် ကို ဆားလေးနဲနဲ နဲ့  ကြက်သွန်ဖြူလေးရောပြီး ထောင်း၊ စားကာနီးမှ ဆီဆမ်းစားရတဲ့ အညာငြုတ်သီးထောင်းပေါ့။ အဲဒီဟင်းချက်တဲ့နေ့ ဆို တအိမ်သားလုံး ခေါင်းမဖေါ်နိုင်အောင် ထမင်းစား ကောင်းခဲ့တာကို ခုထက်ထိ စွဲစွဲလမ်းလမ်း မှတ်မိနေပါတယ်…။ အခုဆိုရင် အဲဒီ ဟင်းနဲ့ ဝေးခဲ့တာ နှစ်ပေါင်း တော်တော်ကြာခဲ့ပြီပေါ့…။

နွေရာသီရဲ့  နေ့ လည်ခင်းတွေမှာတော့ မေမေက လဖက်ကို ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်တွေနဲ့  သုပ်ပြီး ရေနွေးကြမ်းပူပူနဲ့  ကျွေးတတ်ပါသေးတယ်။ နွေနေ့ လည်ခင်း ပူပူမှာ ရေမိုးချိုး၊ ချည်သား အင်္ကျီလေးဝတ်၊ သနပ်ခါး ပါးကွက်ထူထူကွက်ပြီး လဖက်သုပ် ချဉ်ချဉ် စပ်စပ်ကို ရေနွေးကြမ်းပူပူနဲ့  စားခဲ့ရတာ ဘယ်တော့မှ မမေ့နိုင်မယ့် နေ့ လည်စာပါဘဲ…။


*****

စားသောက်ဖွယ်ရာတွေကို မိသားစုတွေ အတူတကွ တစ်ပျော်တပါး စားသောက်ကြတဲ့အခါတိုင်း မှတ်မှတ်ရရ အဖိုးပြောလေ့ရှိတဲ့ စကားတစ်ခွန်းကတော့ "လက်ရည်တပြင်တည်း" ဆိုတဲ့ စကားလေးပါဘဲ။ နှီး ဒေါင်းလန်းကြီးတွေထဲမှာ ထမင်းတွေရော ဟင်းတွေပါ စုထည့်ပြီး မိသားစုတွေ ကလေး လူကြီးတွေအားလုံး ပျော်ပျော်ပါးပါး ၀ိုင်းဝန်းနှိုက်ယူ စားသောက်ကြတဲ့ ဟိုး ရှေးရှေးက ချစ်စရာ စည်းလုံးညီညွတ်မှုကို ပြတဲ့ ဓလေ့လေး တစ်ခုပေါ့။

အခုခေတ်မှာတော့ နှီး ဒေါင်လန်းတွေနဲ့  စားတဲ့ခေတ်မဟုတ်တော့ပေမယ့် မိသားစု ဆိုတာ ဘယ်လို အရာမျိုးမှာမဆို အေးအတူ ပူအမျှ၊ အစစ အရာရာမှာ ကောင်းအတူ ဆိုးအတူ သာတူ ညီမျှ ခွဲဝေ ခံစားကြရတယ် ဆိုတာကို သိရှိ နားလည်ဖို့ အတွက် တခြားအချိန်တွေမှာ မဟုတ်တောင် ထမင်းစားချိန်မှာတော့ အားလုံး အတူတူ စကားလေး တပြောပြောနဲ့  အေးအေးလူလူ စားသောက်ကြဖို့ သင့်တယ်လို့  အဖိုးက ခနခန ပြောဖူးပါတယ်။

အဲဒီအချိန်နဲ့  ဆယ်စုနှစ် တစ်ခုလောက်သာ ဝေးကွာတဲ့ အခု လက်ရှိ အချိန်မှာတော့ သွား သုတ်သုတ် စား သုတ်သုတ်နဲ့  ဖွယ်ဖွယ်ရာရာ မဖြစ်တဲ့ အေးစက်စက် မာတောင့်တောင့် ခြောက်ကပ်ကပ် ထမင်းဟင်းတွေကို မိုက်ခရိုဝေ့ဖ် ရဲ့  အကူအညီနဲ့  ပူအောင်လုပ်ပြီး သောက်ရေတစ်ခွက် အနားချလို့  မြန်မြန်ပြီး အေးရော သဘောမျိုးနဲ့  စားလိုက်ရတဲ့ ထမင်း အနပ်တွေတိုင်းမှာ အော်… အဖိုးသာမြင်ရင် ဘယ်လို ကောက်ချက်မျိုးများ ချမှာပါလိမ့်လို့  တွေးတောရင်း၊ ဖေဖေ မေမေ မောင်လေးတို့ နဲ့  နွေးထွေးလှတဲ့ မေမေ့လက်ရာ မိသားစု ထမင်းဝိုင်းကလေးကို အရမ်း သတိရ လွမ်းဆွတ်နေမိပါတော့တယ်။


*****

You received this email because you are subscribed to the real_time feed for http://thet-wai-blog.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.