Tuesday, November 25, 2008

[ko htike's prosaic collection] 3 New Entries: မြန်မာစစ်သား (၆) ဦး ကေအန်ယူထံ လက်နက်ချ

မြန်မာစစ်သား (၆) ဦး ကေအန်ယူထံ လက်နက်ချ

Photobucket
(www.wanna23.co.cc မှ ရယူထားပါသည်။)
မြန်မာစစ်တပ်အတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ တပ်တွင်းဖိနှိပ်မှုများ အပါအဝင် လူထုကို နည်းအမျိုးမျိုးဖြင့် မတရား ဖိနှိပ်ညှဉ်းပန်းအနိုင်ကျင့်မှုများကို နေ့စဉ်ကျူးလွန်နေသည့် မြန်မာစစ်တပ်အတွင်း ဆက်လက် နေထိုင်လိုစိတ် မရှိတော့သဖြင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် လာရောက်ပူးပေါင်းရခြင်းဖြစ်ကြောင်း လက်နက်ချမြန်မာစစ်သား (၆) ဦးထဲမှ စစ်သား မောင်ဖိုးဇော်က ခေတ်ပြိုင်သို့ ပြောကြားသည်။ ပြီးခဲ့သည့် သောကြာနေ့က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်စခန်းတခုသို့ ရောက်ရှိလာကြသည့် မြန်မာစစ်တပ်မှ စစ်သည် (၆) ဦးအနက် မြန်မာစစ်တပ်မှ ဆက်သွယ်ရေး စစ်သည်တဦးဖြစ်သူ မောင်ဖိုးဇော်က ၎င်း၏တပ်တွင်းအတွေ့အကြုံများအား ခေတ်ပြိုင်သို့ ပြောကြားခြင်းဖြစ်သည်။

လက်နက်ချ မြန်မာစစ်သည် (၆) ဦးမှာ-

မောင်ဖိုးဇော် (၁၈နှစ်) ကိုယ်ပိုင်အမှတ် (တ/၃၆၉၃၄၁)၊ ခမရ(၅၂၂)၊ စခက(၁၆)။
မော်ကျော်ရဲဋ္ဌေး (၁၉နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၅၂၉၇)၊ ခလရ (၁၉)။
မောင်ဝင်းထွန်း (၂၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၈)၊ ခလရ (၄၃၉)။
မောင်ကျော်နိုင်စိုး (၂၃နှစ်)၊ ကိုယ်ပိုင် အမှတ် (တ/၃၇၅၂၁၀)၊ ခလရ (၁၉)။
ရဲထွဋ်ဝင်း (၂၅နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၆၈၁၂)၊ ခလရ (၁၉)။
ကိုလမင်းထွန်း (၃၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၇)၊ ခလရ (၄၃၉) တို့ဖြစ်သည်။

အဆိုပါ မြန်မာစစ်သည် (၆) ဦးသည် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်များနှင့်အတူ ကေအန်ယူ တပ်မဟာ (၃) နှင့် တပ်မဟာ (၅) သို့ လာရောက်ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်။

မောင်ဖိုးဇော်က "တပ်ထဲမှာ လူသတ်၊ မုဒိမ်းကျင့်၊ လူထုကို နှိပ်စက်တဲ့အလုပ်တွေ နေ့စဉ်မြင်တွေ့ရတော့ ဆက်မလုပ်ချင်တော့တာနဲ့ ဒီဘက်ကို လာရောက်ပူးပေါင်းတာဖြစ်တယ်။ ဒီနှစ် ၂၀၀၈ (၉) လပိုင်းက ဆိုလို့ရှိရင် ဖာပွန်ခရိုင်၊ ထီးမူးခီးဂွင်မှာ တောင်ယာထဲက ရွာသားတွေကို လိုက်ဖမ်းတာ မမိဘဲ (၁၂) သားအရွယ် ယောက်ျားလေး တယောက်ကို သေနတ်ဒဏ်ရာနဲ့ ဖမ်းမိတယ်။ အဲ့ဒါ မိမိချင်းပဲ သူပုန်ဆိုပြီးတော့ ပစ်သတ်လိုက်တယ်။ နောက်ပြီးတော့ ၂၀၀၇ ခု မိုးတွင်းမှာပဲ တောင်ငူခရိုင်၊ တိပ်ပုရွာထဲမှာ ရွာထဲဝင်ပြီး လူတွေ လိုက်ဖမ်းတော့ လူကြီးတွေထွက်ပြေးပြီး နို့စို့အရွယ် ကလေး (၂) ဦး ပုခက်ထဲ ကျန်ခဲ့တယ်။ အဲ့ဒါကို ခမရ (၅၂၂) က ဗိုလ်ကြီးနေဝင်းမြင့်က သတ်ဖို့အမိန့်ပေးတော့ တပ်ကြပ်ကြီး ကျော်မိုးနဲ့ ဗိုလ်လွှမ်းမိုးအောင်တို့က ကလေးကို ကုတ်ကဆွဲပြီး ဆန်ဖွတ်တဲ့မောင်းထဲထည့်ပြီး ထောင်းသတ်တာ ကျနော့်မျက်မြင် ကိုယ်တွေ့ပါ" ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက "၂၀၀၇ ခုနှစ် စပါးရိတ်ချိန်မှာလည်း ဖာပွန်ခရိုင်၊ မူသဲဂွင်မှာ တောင်ယာတဲမှာ ရှိနေတဲ့ အသက် (၁၈) နှစ်အရွယ် ကရင်မလေးတယောက်ကို ခလရ (၆၈) စစ်ကြောင်းမှူး ဗိုလ်ကြီးသိန်းဖေ၊ ဗိုလ်ကြီး ဗညားဦး၊ ဗိုလ် ကြီး လေးသိန်းမောင်အပါအဝင် စစ်သား (၂၀) လောက်ကနေ ဝိုင်းပြီး မုဒိမ်းကျင့်ကြတယ်။ အဲ့ဒီမိန်းကလေး မေ့မြောသွားတဲ့အချိန်မှာ ဗိုလ်ကြီးသိန်းဖေရဲ့ အမိန့်နဲ့ လူရော၊ တဲရော တခါတည်း မီးရှို့လိုက်တယ်။ ဒါ ကျနော့်ရဲ့ မျက်မြင်ကိုယ်တွေ့ပါ။ အထမ်းသမားတွေကိုလည်း လမ်းမြန်မြန်လျှောက်ဖို့ မိုင်းရှာတဲ့ ဆူးတွေနဲ့ အနောက်ကနေ တင်ပါးတို့၊ ကျောပြင်တို့ကိုထိုးတယ်။ လမ်းမလျှောက်နိုင်တဲ့ လူတွေကျတော့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ဆွဲခေါ်တာတွေ ရှိတယ်။ အဲဒါမှမနိုင်ရင် တခါတည်း သေနတ်နဲ့ ပစ်သတ်လိုက်တာတွေ မကြာခဏပဲ။ နောက်ပြီး ရွာပုန်းရွာရှောင်၊ ရွာ(၈) ရွာကိုလည်း မီးရှို့လိုက်တာတွေအပြင် အခြားလုပ်ရပ်တွေလည်း အများကြီးရှိတယ်။ စိတ်ဆင်းရဲစရာတွေချည်းပဲ နေ့စဉ်ကြုံတွေ့နေရတယ်။ ဒါကြောင့် ဒီဘက်ကို ထွက်လာရတာပါ" ဟု ဆက်လက်ပြောကြားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်နီက "ကျနော်တို့ဆီမှာ လာရောက်ပူးပေါင်းကြတဲ့ မြန်မာစစ်တပ်ကဖြစ်စေ၊ ဒီကေဘီအေကဖြစ်စေ၊ သူတို့ကို ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ပါတယ်။ သူတို့ဆန္ဒကိုသာ ဦးစားပေးပါတယ်။ တော်လှန်ရေး ဆက်လုပ် ချင်တဲ့သူတွေကို တော်လှန်ရေးမှာ ထားသလို၊ အပြင်မှာပဲ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်ပြီး နေထိုင်ချင်တဲ့ သူတွေကိုလည်း လိုအပ်တဲ့အကူအညီတွေကို စီစဉ်ပေးပါတယ်" ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယခုနှစ် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ (၃) လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်နှင့် လာရောက်ပူးပေါင်းသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်သည်များ (၃၀) ခန့် လက်နက်များနှင့်အတူ လာရောက်ပူးပေါင်းခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး၏ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက ပြောသည်။

ယခု လာရောက်ပူးပေါင်းကြသည့် စစ်သည် (၆) ဦးသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ (၅) ဖာပွန်ခရိုင်ရှိ ဆက်စပ်ဒေသများတွင် လှုပ်ရှားနေ သည့် တပ်ဖွဲ့များမှဖြစ်ပြီး ၎င်းတို့ကို ကေအန်ယူ နှင့် မဟာမိတ်များမှ လိုအပ်သည့် အကူအညီများပေးကာ လက်ခံစောင့်ရှောက်ထားသည်။

NEJ

အမိန့်မချခင် 10 မိနစ်အလို၌ရေးသားထားသော ဇေယျာသော် နှိုးဆော်ချက်


ဥပဒေအထက်က၊အာဏာရှင်ဖိုးလပြည့် ရဲ့ အကြမ်းဖက်လူမိုက်အဖွဲ့။

ရန်ကုန်မြို့ ဓမ္မစေတီလမ်းပေါ်ရှိ လူကုံတန်များသာစားသောက်နိုင်တဲ့ Coffee Circle ဆိုတဲ့စားသောက်ဆိုင်ထဲ မှာ၊မွေးနေ့ပါတီပွဲကျင်းပနေစဉ် လူငယ်တစု ရောက်ရှိလာပြီး တခြားလူငယ်တဦးအား ၀ိုင်းဝန်းထိုးကြိတ်ပြီး အဆိုပါလူငယ် ကြမ်းပြင်ပေါ်ပက်လက် အနေအထားဖြင့် ကျရောက်သွားစဉ် အနီးရှိ ပန်းအိုးတလုံးဖြင့် ဦးခေါင်း နှင့် မျက်နှာအား ထပ်ခါထပ်ခါထုရိုက်၍ ထွက်ပြေးသွားသည့် အမှူတမှူ မကြာမှီက ဖြစ်ပွားခဲ့ပါတယ်။ အရိုက်ခံလိုက်ရတဲ့လူငယ်ဟာ ဆေးရုံမှာအရေး ပေါ်ဆေးကုသမှူ ပြုလုပ်ခဲ့ရသည့်တိုင်အောင်၊ လူသိရှင်ကြား ဖြစ်သွားရပေမဲ့ ရဲစခန်းမှာ အမှူဖွင့်မတိုင်ကြားရဲခဲ့ပါဘူး။ ( အကြမ်းဖက်ရိုက်နှက်ကြသူတွေဟာ ဘယ်သူနဲ့ ပါတ်သက်သူတွေလဲဆို တာသိနေလို့ပါ။ )

အဲဒီအဖြစ်အပျက်နဲ့၊မရှေးမနှောင်းမှာဘဲ ၁၃-၁၁-၂၀၀၈ ရက်နေ့ညနေပိုင်း ( ၅နာရီခွဲခန့် ) မှာ၊ အဲဒီအကြမ်းဖက် လူရမ်းကားအဖွဲ့က ရန်ကုန်မြို့ အင်းယားလမ်းရှိ "THE SERENITY" စားသောက်ဆိုင်မှာ စားသောက်နေတဲ့ လူငယ်အချို့ကို ၀င်ရောက်ရိုက်နှက်ကြပြန်ပါတယ်။ လူတွေကိုလိုက်ရိုက်သလို ဆိုင်ရှေ့မှာရပ်ထားတဲ့ ကားတွေကိုလည်း ဖျက်စီးကြပါတယ်။ ဒီတကြီမ်မှာတော့ အရိုက်ခံရသူတွေဟာ (ကမာရွတ်) ရဲစခန်းမှာအမှူဖွင့်တိုင်ကြားလိုက်ပါတယ်။

ရဲစခန်းမှတာဝန်ရှိသူများကအခင်းဖြစ်ပွားရာ နေရာသို့ရောက်ရှိလာပြီး စစ်ဆေးခါ သက်သေခံကားများအား စခန်းသို့ဆွဲယူသွားကြပါတယ်။ အရိုက်ခံရသူတွေထဲမှာ ယခင် မဆလ ခေတ်က၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်ထင်ရဲ့မြေး၊ ယခုလက်ရှိလူမှူဝန်ထမ်းဝန်ကြီး ဗိုလ်ချုပ်မောင်မောင်ဆွေ (ဒုတိယဗိုလ်ချုပ်မှူး ကြီးမောင်အေးရဲ့ယောက်ဖ) ရဲ့တူ နဲ့ စစ်ဘက်အရာရှိကြီးတချို့ရဲ့တူသား၊တွေပါနေတာကြောင့် ရဲကတရားခံ တွေကိုအမြန်ဆုံးဖော်ထုတ် ဖမ်းဆီးအရေးယူပေးမည့်အကြောင်း ကတိပေးပြောဆိုခဲ့ပါတယ်။

အကြမ်းဖက်လူရမ်းကားအုပ်စုကို ခေါင်းဆောင်လာသူကတော့ ရွှေလင်းယုန်ကားရေဆေးဆီထိုးအလုပ်ရုံပိုင်ရှင် ၏မြေးဖြစ်သူ "ချိုထွေး" ဖြစ်ပြီး၊ အပေါင်းအပါတွေကတော့ ရန်ကုန်မြို့က နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် များရဲ့ တူ၊သားတွေဖြစ်ကြပါတယ်။

ဒါပေမဲ့ နာရီပိုင်းအတွင်းမှာဘဲ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ ရဲစခန်းကို တယ်လီဖုန်းနဲ့အမိန့်ပေး လိုက်တာကြောင့်ပါ။ "ဒီအမှူကိုလျှို့ဝှက်အဖြစ်သတ်မှတ်ပြီး၊အမြန်ဆုံးအမှူပိတ်ဖို့ဆောင်ရွက်ပါ" လို့အမိန့်ပေးသူ ကတော့၊ စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့မြေးဖြစ်သူ နေရွှေသွေးအောင်(ခ)ဖိုးလပြည့်ဘဲဖြစ်ပါတယ်။
ဖိုးလပြည့်ဟာ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်များရဲ့ သားသမီးများနဲ့ပေါင်းသင်းပြီး စီးပွားရေးအကျိုးအမြတ် တွေ ခံစားရရှိနေသူဖြစ်ပြီး အဖိုးရဲ့အာဏာနဲ့ ထင်ရာစိုင်းနေသူတဦးပါ။

ဖိုးလပြည့်ရဲ့ညွှန်ကြားချက်အရ ပြစ်မှူကျူးလွန်သူ၊ချိုထွေး နဲ့ အပေါင်းအပါတွေဟာ ရန်ကုန်မှ ခေတ္တရှောင်တိမ်း နေကြပါတယ်။(မန္တလေးမြို့မှာရောက်ရှိနေပါတယ်။) အရိုက်ခံလိုက်ရသူတွေအတွက် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ အသိုင်းအ၀ိုင်းဘက်က ဘယ်လိုအရေးယူဆောင်ရွက်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ သာမန်လူငယ်တွေရဲ့ ရန်ပွဲလို့ထင်ရပေမဲ့ ဒါဟာဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး တို့အသိုင်းအ၀ိုင်းနှစ်ခုရဲ့ အားပြိုင်ပွဲတခုပါ။

တချိန်က အာဏာရှင်ကြီး ဦးနေ၀င်းနဲ့သူ့မြေးတွေလိုဘဲ အာဏာရှင်ဗိုလ်ချုပ်ကြီးများနဲ့ မြေး၊တူများဟာလည်း မဝေးတော့တဲ့ကာလမှာ မိုက်ဇာတ်သိမ်းကြရတော့မှာပါလို့ ရန်ကုန်မြို့ရှိ ၎င်းတို့နှင့်နီးစပ်သော အသိုင်းအ၀ိုင်းမှ ထင်ကြေးပေး လျှက်ရှိနေကြပါတယ်။
တိုင်းပြည်နဲ့လူမျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံဆောင်ရွက်နေကြတဲ့ လူငယ်တွေ (ကိုနေဖုန်းလတ်၊ ကိုစည်သူမောင် အပါအ၀င် ဒီမိုကရေစီရရှိရေးအတွက် ဆောင်ရွက်စဉ် မတရား ထိန်းသိမ်း၊ အပြစ်ဒဏ် ပေးခံနေကြရသော လူငယ်သူရဲကောင်း၊အမျိုးသားများ၊အမျိုးသမီးများအားလုံး) ကိုတော့၊အာဏာပိုင်အဖွဲ့ အစည်းများက ဖမ်းဆီးထောင်ချနေပြီး၊ တိုင်းပြည်အတွက်ဘာတခုမှအသုံးမ၀င်တဲ့ ဆိုးသွမ်းလူငယ်တွေကို အရေးယူအပြစ်ပေးခြင်း မလုပ်နိုင်တာဟာ တိုင်းပြည်အတွင်းမှာ စစ်မှန်တဲ့တရားဥပဒေ မရှိဘူးဆိုတာ နိုင်ငံတကာကို အတိအလင်းသက်သေပြလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံနဲ့လူမျိုးအတွက် ဒီမိုကရေစီ ရရှိရေးကြိုးပမ်းဆောင်ရွက်နေသူတွေကို မတရားဖမ်းဆီးထောင်နှစ်ရှည်လများ ချနေကြတဲ့ ရဲတပ်ဖွဲ့နဲ့ တရားသူကြီးအမည်ခံ မတရားသူကြီးများအနေနဲ့ စစ်အာဏာရှင်ကြီးတွေရဲ့ အစေအပါးအဖြစ် မတရားတဲ့အမိန့် တွေမှန်းသိသိကြီးနဲ့ အာဏာရှင်တွေအလိုကျ ရပ်တည်ဆောင်ရွက်နေ တာကြောင့်၊ ( ဒီမတရားမှူတွေမှာ ပါဝင်ပါတ်သက်သူအားလုံး) မကြာမှီ ပြည်သူတွေရဲ့ ဒဏ်ခတ်မှူတွေနဲ့ ကြုံတွေ့ရတော့မယ်လို့သတိပေးလိုက်ပါတယ်။

You received this email because you are subscribed to the real_time feed for http://ko-htike.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.