Tuesday, November 25, 2008

[ဆုံဆည်းရာ] 2 New Entries: နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၅ ဦးထက်မနည်း ထောင်ပြောင်းရွှေ့ခံရ

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၅ ဦးထက်မနည်း ထောင်ပြောင်းရွှေ့ခံရ

မဇ္ဈိမ-သန်းထိုက်ဦး၊ နိုဝင်ဘာလ ၂၄ ရက် ၂၀၀၈

ချင်းမိုင်။ ။ အင်းစိန်ထောင်အတွင်း ပြစ်ဒဏ်ချပြီးသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၅ ဦးထက်မနည်းကို ဝေးလံခေါင်ဖျားဒေသရှိ အကျဉ်းထောင်များသို့ ယနေ့နံနက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း မျက်မြင်သက်သေ တဦး၏ ပြောဆိုချက်အရ သိရသည်။

သူတို့ကို ပဲခူးတိုင်း ပေါင်းတည်နှင့် ပြည်၊ ကချင်ပြည်နယ် ဗန်းမော်၊ ရှမ်းပြည်နယ် တောင်ကြီး၊ မွန်ပြည်နယ် သထုံ အစရှိသည့် အကျဉ်းထောင်များသို့ နံနက် ၇ နာရီခန့်က ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

"မနက် အစောကြီးပေါ့နော်။ ... ထောင်ပြောင်းသွားတာကို လှမ်းမြင်လိုက်ရတယ်။ ကျနော် တွေ့လိုက်တာကတော့ အားလုံးပေါင်း ၁၅ ယောက်နဲ့ ၂၀ ကြားမှာ ရှိလိမ့်မယ်" ဟု အင်းစိန်ထောင်သို့ သွားရောက်ခဲ့သူ မျက်မြင်သက်သေတဦးက မဇ္ဈိမကို ပြောသည်။


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - အန်အယ်ဒီအဖွဲ့ဝင် ကိုထွန်းထွန်းနိုင်ကို မိတ္ထီလာအကျဉ်းထောင်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ဗကသ အဖွဲ့ဝင် ကိုရဲမြတ်ဟိန်းကို ကလေးမြို့ အကျဉ်းထောင်နှင့် သံဃာတော် ဦးသတ္တမ (ခေါ်) သက်ဇော်ကို မြင်းခြံထောင်သို့ ပို့ဆောင်လိုက်ကြောင်း မိသားစုဝင်များထံက သိရသည်ဟု သူက ဆက်ပြောသည်။

ကိုထွန်းထွန်းနိုင်၏ ဇနီးဖြစ်သူ မအေးသက်က သူမ၏ ခင်ပွန်းသည်ကို မန္တလေးတိုင်း မိတ္ထီလာ အကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်မှာ မှန်ကန်ကြောင်း ပြောဆိုပြီး၊ ယခုလို အဝေးရပ်ရှိ အကျဉ်းထောင်သို့ ထောင်ဝင်စာ သွားတွေ့ရန် ငွေကြေးအရ အဆင်မပြေသေးကြောင်း ပြောသည်။

သူက "အဆင်ပြေရင်တော့ သွားတွေ့မှာပေါ့။ အဆင်ပြေတယ်ဆိုတာ ကျမတို့ဘက်က အခက်အခဲ အဆင်ပြေသွားရင်ပေါ့နော်။ ငွေရေးကြေးရေး အဆင်ပြေသွားရင်တော့ သွားတွေ့မှာပေါ့။ အဆင်မပြေရင်တော့ သွားမတွေ့နိုင်သေးဘူးပေါ့နော်" ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက သံဃာ-လူထု ရွှေဝါရောင်တော်လှန်ရေးအား မြန်မာစစ်အစိုးရက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းကာ ဆန္ဒပြသံဃာတော်များ၊ အန်အယ်ဒီပါတီဝင်များနှင့် ၈၈ မျိုးဆက် ကျောင်းသားများအား ဖမ်းဆီးခဲ့ကာ ယခုလ ဒုတိယပတ်မှ စတင်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို ဝေးလံခေါင်ဖျား ဒေသများရှိ အကျဉ်းထောင်များသို့ ပြောင်းရွှေ့နေသည်။

ယခုလ ၂၀ ရက်နေ့တွင် အန်အယ်ဒီက ကြေညာချက်တရပ် ထုတ်ပြန်ရာတွင် ယခုလို ဝေးလံသော ဒေသများသို့ ထောင်ပြောင်းရွှေ့ခြင်းသည် ကာယကံရှင်များ သာမက မိသားစုဝင်များကိုပါ ပြစ်ဒဏ်ပေးသလို ဖြစ်နေကြောင်းနှင့် ယင်းလုပ်ရပ်သည် ကာယကံရှင်များ၊ မိသားစုများနှင့် ဒီမိုကရေစီ လှုပ်ရှားသူများအား စိုးရိမ်စေသည် သာမက လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေကို ပြေလည်စေရန် ညှိနှိုင်း ဖြေရှင်းပေးရမည့်အစား ပိုမို ခက်ခဲလာစေနိုင်သော သဘောလည်း ဆောင်နေကြောင်း ရေးသား ဖော်ပြခဲ့သည်။

ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များအဖွဲ့ကလည်း ယခုလ ၂၂ ရက်နေ့က သဘောထားထုတ်ပြန်ရာတွင် "ငြိမ်းချမ်းစွာ လှုပ်ရှားဆောင်ရွက်နေသော နိုင်ငံရေး အင်အားစုများကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်း၊ သွားလာရန် ခက်ခဲသော ဝေးလံခေါင်ဖျားဒေသများရှိ အကျဉ်းထောင်များသို့ ပို့ဆောင်နေခြင်းသည် သင့်မြတ်လျော်ကန်သည့် လုပ်ဆောင်ချက်မဟုတ်ဘဲ ပဋိပက္ခများ ပိုမိုကြီးထွား ကျယ်ပြန့်လာမည်ကို စိုးရိပ်ပူပန်ကြောင်း" ပြောဆိုခဲ့သည်။

မြန်မာစစ်သား (၆) ဦး ကေအန်ယူထံ လက်နက်ချ

NEJ/ ၂၄ နိုဝင်ဘာ ၂၀၀၈
မြန်မာစစ်တပ်အတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ တပ်တွင်း ဖိနှိပ်မှုများ အပါအဝင် လူထုကို နည်း အမျိုးမျိုးဖြင့် မတရား ဖိနှိပ် ညှဉ်းပန်း အနိုင်ကျင့်မှုများကို နေ့စဉ် ကျူးလွန်နေသည့် မြန်မာ စစ်တပ်အတွင်း ဆက်လက် နေထိုင်လိုစိတ် မရှိတော့သဖြင့် တော်လှန်ရေး အဖွဲ့ အစည်းများနှင့် လာရောက် ပူးပေါင်းရခြင်း ဖြစ်ကြောင်း လက်နက်ချ မြန်မာ စစ်သား (၆) ဦးထဲမှ စစ်သား မောင်ဖိုးဇော်က ခေတ်ပြိုင်သို့ ပြောကြား သည်။

ပြီးခဲ့သည့် သောကြာနေ့က ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) တပ်စခန်းတခုသို့ ရောက်ရှိလာကြသည့် မြန်မာစစ်တပ်မှ စစ်သည် (၆) ဦးအနက် မြန်မာစစ်တပ်မှ ဆက်သွယ်ရေး စစ်သည် တဦးဖြစ်သူ မောင်ဖိုးဇော်က ၎င်း၏ တပ်တွင်း အတွေ့အကြုံများအား ခေတ်ပြိုင်သို့ ပြောကြားခြင်းဖြစ်သည်။

လက်နက်ချ မြန်မာစစ်သည် (၆) ဦးမှာ-

မောင်ဖိုးဇော် (၁၈နှစ်) ကိုယ်ပိုင်အမှတ် (တ/၃၆၉၃၄၁)၊ ခမရ(၅၂၂)၊ စခက(၁၆)။
မော်ကျော်ရဲဋ္ဌေး (၁၉နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၅၂၉၇)၊ ခလရ (၁၉)။
မောင်ဝင်းထွန်း (၂၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၈)၊ ခလရ (၄၃၉)။
မောင်ကျော်နိုင်စိုး (၂၃နှစ်)၊ ကိုယ်ပိုင် အမှတ် (တ/၃၇၅၂၁၀)၊ ခလရ (၁၉)။
ရဲထွဋ်ဝင်း (၂၅နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၆၈၁၂)၊ ခလရ (၁၉)။
ကိုလမင်းထွန်း (၃၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၇)၊ ခလရ (၄၃၉) တို့ဖြစ်သည်။

အဆိုပါ မြန်မာစစ်သည် (၆) ဦးသည် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်များနှင့်အတူ ကေအန်ယူ တပ်မဟာ (၃) နှင့် တပ်မဟာ (၅) သို့ လာရောက်ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်။

မောင်ဖိုးဇော်က "တပ်ထဲမှာ လူသတ်၊ မုဒိမ်းကျင့်၊ လူထုကို နှိပ်စက်တဲ့အလုပ်တွေ နေ့စဉ်မြင်တွေ့ရတော့ ဆက်မလုပ်ချင်တော့တာနဲ့ ဒီဘက်ကို လာရောက်ပူးပေါင်းတာဖြစ်တယ်။ ဒီနှစ် ၂၀၀၈ (၉) လပိုင်းက ဆိုလို့ရှိရင် ဖာပွန်ခရိုင်၊ ထီးမူးခီးဂွင်မှာ တောင်ယာထဲက ရွာသားတွေကို လိုက်ဖမ်းတာ မမိဘဲ (၁၂) သားအရွယ် ယောက်ျားလေး တယောက်ကို သေနတ်ဒဏ်ရာနဲ့ ဖမ်းမိတယ်။ အဲ့ဒါ မိမိချင်းပဲ သူပုန်ဆိုပြီးတော့ ပစ်သတ်လိုက်တယ်။ နောက်ပြီးတော့ ၂၀၀၇ ခု မိုးတွင်းမှာပဲ တောင်ငူခရိုင်၊ တိပ်ပုရွာထဲမှာ ရွာထဲဝင်ပြီး လူတွေ လိုက်ဖမ်းတော့ လူကြီးတွေထွက်ပြေးပြီး နို့စို့အရွယ် ကလေး (၂) ဦး ပုခက်ထဲ ကျန်ခဲ့တယ်။ အဲ့ဒါကို ခမရ (၅၂၂) က ဗိုလ်ကြီးနေဝင်းမြင့်က သတ်ဖို့အမိန့်ပေးတော့ တပ်ကြပ်ကြီး ကျော်မိုးနဲ့ ဗိုလ်လွှမ်းမိုးအောင်တို့က ကလေးကို ကုတ်ကဆွဲပြီး ဆန်ဖွတ်တဲ့မောင်းထဲထည့်ပြီး ထောင်းသတ်တာ ကျနော့်မျက်မြင် ကိုယ်တွေ့ပါ" ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက "၂၀၀၇ ခုနှစ် စပါးရိတ်ချိန်မှာလည်း ဖာပွန်ခရိုင်၊ မူသဲဂွင်မှာ တောင်ယာတဲမှာ ရှိနေတဲ့ အသက် (၁၈) နှစ်အရွယ် ကရင်မလေးတယောက်ကို ခလရ (၆၈) စစ်ကြောင်းမှူး ဗိုလ်ကြီးသိန်းဖေ၊ ဗိုလ်ကြီး ဗညားဦး၊ ဗိုလ် ကြီး လေးသိန်းမောင်အပါအဝင် စစ်သား (၂၀) လောက်ကနေ ဝိုင်းပြီး မုဒိမ်းကျင့်ကြတယ်။ အဲ့ဒီမိန်းကလေး မေ့မြောသွားတဲ့အချိန်မှာ ဗိုလ်ကြီးသိန်းဖေရဲ့ အမိန့်နဲ့ လူရော၊ တဲရော တခါတည်း မီးရှို့လိုက်တယ်။ ဒါ ကျနော့်ရဲ့ မျက်မြင်ကိုယ်တွေ့ပါ။ အထမ်းသမားတွေကိုလည်း လမ်းမြန်မြန်လျှောက်ဖို့ မိုင်းရှာတဲ့ ဆူးတွေနဲ့ အနောက်ကနေ တင်ပါးတို့၊ ကျောပြင်တို့ကိုထိုးတယ်။ လမ်းမလျှောက်နိုင်တဲ့ လူတွေကျတော့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ဆွဲခေါ်တာတွေ ရှိတယ်။ အဲဒါမှမနိုင်ရင် တခါတည်း သေနတ်နဲ့ ပစ်သတ်လိုက်တာတွေ မကြာခဏပဲ။ နောက်ပြီး ရွာပုန်းရွာရှောင်၊ ရွာ(၈) ရွာကိုလည်း မီးရှို့လိုက်တာတွေအပြင် အခြားလုပ်ရပ်တွေလည်း အများကြီးရှိတယ်။ စိတ်ဆင်းရဲစရာတွေချည်းပဲ နေ့စဉ်ကြုံတွေ့နေရတယ်။ ဒါကြောင့် ဒီဘက်ကို ထွက်လာရတာပါ" ဟု ဆက်လက်ပြောကြားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်နီက "ကျနော်တို့ဆီမှာ လာရောက်ပူးပေါင်းကြတဲ့ မြန်မာစစ်တပ်ကဖြစ်စေ၊ ဒီကေဘီအေကဖြစ်စေ၊ သူတို့ကို ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ပါတယ်။ သူတို့ဆန္ဒကိုသာ ဦးစားပေးပါတယ်။ တော်လှန်ရေး ဆက်လုပ် ချင်တဲ့သူတွေကို တော်လှန်ရေးမှာ ထားသလို၊ အပြင်မှာပဲ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်ပြီး နေထိုင်ချင်တဲ့ သူတွေကိုလည်း လိုအပ်တဲ့အကူအညီတွေကို စီစဉ်ပေးပါတယ်" ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယခုနှစ် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ (၃) လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်နှင့် လာရောက်ပူးပေါင်းသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်သည်များ (၃၀) ခန့် လက်နက်များနှင့်အတူ လာရောက်ပူးပေါင်းခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး၏ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက ပြောသည်။

ယခု လာရောက်ပူးပေါင်းကြသည့် စစ်သည် (၆) ဦးသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ (၅) ဖာပွန်ခရိုင်ရှိ ဆက်စပ်ဒေသများတွင် လှုပ်ရှားနေ သည့် တပ်ဖွဲ့များမှဖြစ်ပြီး ၎င်းတို့ကို ကေအန်ယူ နှင့် မဟာမိတ်များမှ လိုအပ်သည့် အကူအညီများပေးကာ လက်ခံစောင့်ရှောက်ထားသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.