Monday, December 8, 2008

[တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်ပါတယ်..] 1 New Entry: တစ်ခါက ဒီဇင်ဘာ များ (ဇာတ်သိမ်း)

တစ်ခါက ဒီဇင်ဘာ များ (ဇာတ်သိမ်း)

ဓာတ်လှေကားထဲမယ် ကျုပ် ၊ ဘလက်ကြီး နဲ့ ကော်ဖီဆိုင်ကလို့ ယူဆရတဲ့ ခပ်ချောချော ကောင်မလေးတစ်ယောက် ။ " ငါတို့တော့ အနွှာခံရတော့မယ် ထင်တယ် ဟ " လို့ကျုပ်ကပြောတော့ ဘလက်ကြီးက သိပ်လက်မခံဘူး ။ "အေး" တဲ့ " မင်းမှာ ပိုက်ဆံပါသေးတယ် မို့လား" တဲ့ ။ ကျုပ်လည်း စိတ်မသက်မသာနဲ့ " အင်း" ပေါ့ ။ ကောင်မလေးကတော့ နားမလည်ပါဘူး ။ ခပ်ကြောင်ကြောင် နိုင်ငံခြားသားနှစ်ကောင်တော့ ရပြီလို့များ တွေးနေလားမသိပါဘူး ။အမှန်က ကျုပ်တို့နှစ်ယောက် လုံး ပိုက်ဆံပါပါတယ် ။ အဲဒီဆိုင်မှာ စိတ်အေးလက်အေး စားတာထက် ၂ပြန်မက ပါပါတယ် ။ ဒါပေမယ့်လို့ မကုန်သင့်ပဲကုန်ရမှာတော့နှစ်ယောက်လုံး အနှမြောသားဗျ ။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ပေါ့ ။ ဘလက်ကြီးက ကောင်မလေးကို လှမ်းမေးတယ် ။ " ခင်ဗျားတို့ဆိုင်မှာ ကော်ဖီကောင်းကောင်း ရမလား "တဲ့။ အဲဒီမှာတင် ကောင်မလေးက ကော်ဖီတင်မက သူတို့ဆိုင်ရဲ့ ဝန်ဆောင်မှု့တွေအကြောင်းပါ တတွတ်တွတ်ပြောတော့တာပဲ ။ ကျုပ်အထင် အလွတ်ကျက်ထားပုံရတယ်ဗျ ။ကျုပ်တို့ကလည်း ညစာစားပြီးပြီပေါ့ ၊ ကော်ဖီသောက်ယုံသက်သက် ပါဆိုပြီး မိတ္တူပေးရတာပေါ့ ။ နို့မို့ဆို ကတ်စတန်မာဆီက အရမ်းမျှော်လင့်နေမိမှာ စိုးလို့ပါ ။ အဟေးဟေး ။

ဓာတ်လှေကား က ၃ထပ်မြောက် (ထင်တာပဲ) မှာရပ်သွားတယ် ။ ဓာတ်လှေကား စဖွင့်လိုက်တာနဲ့ ရှေ့တည့်တည့်မှာက လက်ကမ်းကြော်ငြာထဲမှာပါတဲ့ သူတို့ကော်ဖီဆိုင်ကြီးကထီးထီးကြီး ။ အတော်လေးတော့ ခမ်းနားသဗျ ။ ဆိုင်ထဲစဝင်တာနဲ့ ကျုပ်တို့နှစ်ယောက်ကို ဆိုင်ကလူတွေက မျှော်လင့်တကြီး ကြိုဆိုပါတယ် ။ သူတို့ကမျှော်လင့်မယ်ဆိုလည်းမျှော်လင့်ချင်စရာဗျ ။ အဲဒီတုန်းက ကျုပ်ကော ဘလက်ကြီးကော လက်ထဲမှာက အိတ်တွေ တိုးလို့တွဲလောင်း နဲ့ ။ ဘောင်းဘီအပြင် နောက်ထပ် ပစ္စည်းတစ်ချို့လည်း ဝယ်မိကြတယ် ။အပြင်ကမြင်နေရတဲ့ အိတ်တွေအားလုံးကလည်း နာမည်ကြီး Brand တွေချည်းပဲ ။ အဲဒီတော့ ဒင်းတို့က ပွပဟလို့တွေးရင်လည်းတွေးမှာပေါ့ ။ ဒါနဲ့ပဲ ကော်ဖီဆိုင် ထောင့်မှာ ကျုပ်တို့နှစ်ယောက်နေရာယူလိုက်ကြတယ် ။ ကောင်မလေးနောက် စလိုက်လာကတည်းက ချွေးစို့ချင်နေရတဲ့အထဲ ဆိုင်ထဲမှာလည်း အပူပေးစက်တွေ လွှတ်ထားတော့ နွေးနေတာပေါ့ဗျာ ။ဒါနဲ့ အနွေးထည်တွေချွတ်ပေါ့ ။ ဘလက်ကြီးကလည်း သူခုမှ ချမ်းရေးခက်လို့ ဝယ်ဝတ်လာရတဲ့ အနွေးထည် အသစ်စက်စက်ကြီးချွတ်ပေါ့ဗျာ ။

ကျုပ်တို့နှစ်ယောက်လုံး ခပ်နွေးနွေးနဲ့ နေသားတကျဖြစ်တော့မှ ရင်တထိတ်ထိတ်နဲ့ စားပွဲထိုးကို လှမ်းခေါ်လိုက်တယ် ။ မီနူးကတ်ပေးပါဆိုတော့ ။ စားပွဲထိုးက မီနူးကတ်လေး နှစ်ခုကို သွားယူ တစ်ယောက်ချင်းစီရှေ့မှာ ရိုရိုသေသေလေး ချပေးပြီးတော့ ပြန်ထွက်သွားတယ် ။ ကျုပ်တို့နှစ်ယောက်လည်း မဝံ့မရဲလေးနဲ့ မီနူးကတ်ကို စဖွင့်တယ် ။ " ဘုရား .. ဘုရား " ပွဲဦးထွက်မှာတင် စားစရာတစ်ခုက ဒေါ်လာ တစ်ရာလောက် တံဆိပ်ကပ်ပြီး ကွင်းစဖွင့်တယ် ။ အဟင့် ။ " ဈေးတွေကတော့ အလန်ပဲကွ" တဲ့ ဘလက်ကြီးကပြောတယ် ။"အေး" ပေါ့ ။ ဟုတ်နေတာကိုး ။ ဒါပေမယ့် လူမိုက်ကံကောင်း ကော်ဖီတွေကျတော့ ထင်သလောက် ဈေးမကြီးဘူး ။ တော်သေးတယ် ။ ဈေးမကြီးဘူးဆိုပေမယ့် McDonald's က ဟမ်ဘာဂါသုံးခုစာ နီးပါးတော့ ကျတယ်ဗျ ။ အဟေးဟေး ။ ဒါနဲ့ ကျုပ်က ကော်ဖီတစ်ခွက် ၊ ဘလက်ကြီးက လီမွန်ဖျော်ရည် တစ်ခွက် မှာလိုက်တယ် ။ တစ်လမ်းလုံးစိတ်ပူလာခဲ့ရတဲ့အလုံးကြီး ကျသွားပြီဆိုတော့ ဇာတိကပြလာတာပေါ့ ။ ကော်ဖီဆိုင်က ဆိုဖာ ပေါ်မှာ နှစ်ကောင်သား မိန့်မိန့်ကြီးထိုင်ပြီးတော့ မြန်မာပြည်ထုတ်လန်ဒန်လေးနဲ့ ဂိုက်ပေးကြမ်းနေတာပေါ့ ။မီးခြစ်တောင် မချွမ်ချွမ်မြည်အောင် ကြော်ငြာထဲကလို ကစားပြီးမီးညှိလိုက်သေးဗျာ ။ မီးခြစ်က ဘလက်ကြီးရဲ့ ဇစ်ပိုကိုး ။ အဟေးဟေး ။

ခဏကြာတော့ ကော်ဖီနဲ့ အအေးလာချတယ် ။ ကျုပ်တို့လည်း ဂိုက်ပေးခပ်ကြမ်းကြမ်းနဲ့ သောက်ကြတာပေါ့ဗျာ ။ ကျုပ်က ကော်ဖီကို သိပ်ထူးထူးခြားခြားအရသာမခံလေတော့ ပြဿနာမရှိဘူး ။ အဲ ပြဿနာက ဘလက်ကြီး ။ သူက တစ်နေ့လုံးလျောက်သွားရတာဆိုတော့ လူလေးဘာလေး လန်းအောင် ဆိုပြီး လီမွန်ဖျော်ရည်မှာလိုက်တာ ။ ကျေးဇူးရှင်များက ဘယ်လိုစေတနာ ထက်သန်လိုက်သလဲတော့ မသိဘူး ။ ဘလက်ကြီးမျက်နှာရှုံ့သွားတယ် ။ ကျုပ်ကို ဘာမှမပြောဘူး ။ သူ့ဟာသူ စားပွဲထိုးကို လက်ပြပြီး လှမ်းခေါ်တယ် ။ စားပွဲထိုး လာတော့ သကြားနည်းနည်းလောက် ရမလား တဲ့ ။ ဒါနဲ့ စားပွဲထိုးက သကြားခွက် လာပေးတယ် ။ ကော်ဖီထဲထည့်တဲ့ သကြားခဲတွေက ဘယ့်နှယ့်လုပ် အအေးထဲ ပျော်လွယ်ပါ့မလဲဗျာ ။

အအေးသောက်မယ့် ဘလက်ကြီးတစ်ယောက် အအေးပိုက်နဲ့ သကြားခဲကြေအောင် ချွေးပျံမတတ်မွှေနေရတယ်။ သကြားသုံးခဲမြောက် ထည့်မွှေပြီး တစ်ငုံမြည်းလိုက်ပြီးတဲ့နောက် ။"အဆင်မပြေဘူးကွာ" တဲ့ဘလက်ကြီးက ပြောတယ် ။ ကျုပ်က "ဘာလို့လဲ" ဆိုတော့ သူက သောက်ကြည့် ဆိုတဲ့အထာနဲ့ သူ့အအေးခွက် ထိုးပေးတယ် ။ ကျုပ်ကလည်း အသာလေးပဲ တစ်ငုံကောက်မြည်းလိုက်တယ် ။ အိုး ... မိုင်... ဗုဒ္ဓ.. ။ ကျုပ်ဘုရားတရပြီ ။ ဘယ့်နှယ့် ကျေးဇူးရှင်များက လီမွန်ဖျော်ရည်ကို စေတနာပိုပြီး သဘာဝလီမွန်သီး စစ်စစ်ကြီးတွေ စက်နဲ့ညှစ်ပြီး (သကြားမထည့်ပဲ) ချပေးတာကိုးဗျ ။ သကြား ၄ခဲမြောက်ထပ်ထည့်တာတောင် မဖြုံရေးချ မဖြုံ ။ ဒါနဲ့ပဲ ကျုပ်တို့ လီမွန်ဖျော်ရည်ကို အရှုံးပေးလိုက်ကြရတယ် ။

ကော်ဖီဆိုင်မှာ ကျုပ်တို့နှစ်ယောက် ၁နာရီလောက် အချိန်ဖြုန်းနေလိုက်ကြတယ် ။ ထိုင်သာထိုင်ရတာ စားပွဲခတောင်းမှာလဲ လန့်ရသေးတယ် ။ အမှန်က ညောင်းတာရယ် ။ အပြင်ပြန်ထွက်ရင် ဒီဇင်ဘာကြီးက ဇွတ်လိုက်ဖက်မှာကြောက်တာရယ်ကြောင့် ၁နာရီကျော်ကျော်လောက် ထိုင်ဖြစ်သွားတာ ။ နောက်တော့ ကျုပ်တို့ ပိုက်ဆံရှင်းမယ် ဆိုပြီး စားပွဲထိုးလှမ်းခေါ်လိုက်တယ် ။ စားပွဲထိုးက ငွေရှင်းဘောက်ချာ သွားယူပြီး စားပွဲပေါ်လာတင်ပေးတယ် ။ မျက်လုံးကို အသာမှေးပြီး ငွေရှင်းဘောက်ချာကို ပွတ်ကြည့်ရတယ် ။စားပွဲခများ ပါလေမလားလို့ ။ တော်သေးတယ် မပါဘူး ။ စိတ်ထဲက မရှင်းမရှင်းကိစ္စတွေ အရှင်းအလင်း ဖြစ်သွားတော့ ဆိုဒ်တွေ ဂိုက်တွေက ပြန်တက်လာတယ် ။ ဘောက်ချာလာပေးတဲ့ ကဒ်လေးထဲကို ပိုက်ဆံထည့် (ပိုငွေပြန်မအမ်းနဲ့တော့ ဆိုတဲ့အထာနဲ့ ။ နည်းနည်းလေးပိုတယ် ) အောင်ပွဲရစစ်သူကြီး မျက်နှာထားနဲ့ အိတ်တွေ တစ်ကားကားဆွဲပြီး ရင်ကော့ပြန်လာခဲ့ကြတယ် ။ ဆိုင်ရှင်တွေကတော့ " ကျေးဇူးတင်ပါတယ် နောက်လည်းလာခဲ့ပါဦး" ဆိုပြီး ဝန်ဆောင်မှု့စကားတွေ ပြောနေသေးတယ် ။တော်ပါပြီ ။ နောက်များတော့ မလာပါဘူး ။

ဓာတ်လှေကားကနေ ပြန်ဆင်းလာတော့ နှစ်ယောက်သားခပ်ဆိတ်ဆိတ်ပေါ့ ။ လမ်းမပေါ်ရောက်တာနဲ့ တစ်ခါတည်း ခုဏကကော့ထားတဲ့ရင်တွေလျော့ ။ ဂိုက်ပေးတွေချ ပြီး နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့် ရယ်လိုက်ကြတယ် ။ အဟေးဟေး ။ အပြန်လမ်းမှာ လက်ကမ်းကြော်ငြာဝေတဲ့ ကောင်လေးတွေတောင် "ကျေးဇူးပဲ" လို့နှုတ်ဆက်ခဲ့သေးဗျာ ။ ကော်ဖီဆိုင်က ထွက်တော့ ည ၈ နာရီထိုးတော့မယ်ဗျ ။ ဒါနဲ့ အဆောင်ပြန်မယ် စိတ်ကူးတယ် မထင်ပါနဲ့ ။ " ..... ဘူတာနားက ကုန်တိုက် ဆက်သွားရအောင်တဲ့ " ဘလက်ကြီးက အဆိုတင်သွင်း ပေမယ့် ။ ကျုပ်ကတော့ ခပ်တင်းတင်းပဲ " အိုကေ" လို့ ။ ဒီလိုနဲ့ပဲ နောက်ထပ် ကုန်တိုက်တစ်ခုကို ဆက်ကူးမိကြတယ် ။ ပေါ်မှာလည်းပြောခဲ့ပါသေးတယ် ။ ကျုပ်တို့က
ခြေရှည်တယ်လို့ ။ အဟေးဟေး ။

နောက်ထပ် ကုန်တိုက်တစ်ခုကိုရောက်တော့ ကျုပ်တို့ ဟိုဝင်ဒီထွက်နဲ့ တစ်နာရီလောက်ကြာသွား ပြန်ရော ။ ကုန်တိုက်ထဲမှာကျတော့ အပူပေးစက်တွေနဲ့မို့ အတော်လေး နွေးတယ် ။ဒါနဲ့ပဲ ရေခဲမုန့်ဆိုင်ဆီ နှစ်ယောက်လုံး မျက်စိကျမိတာပေါ့ ။ ကုန်တိုက်ထဲမှာတော့ ရေခဲမုန့်ကြီး တစ်ကိုင်ကိုင်နဲ့ မကောင်းပါဘူး ဆိုပြီး ပတ်လို့ ဝ လို့အပြင်ပြန်ထွက်ကာနီးမှ ဝယ်လာတယ် ။ကုန်တိုက် အပြင်ရောက်တော့ ည ကိုးနာရီခွဲကျော်နေပြီ ။ ရေခဲမုန့်စားရင်း စကားပြောနေလိုက်တာ ။ မုန့်ကအေး ၊ ဒီဇင်ဘာက ဇွတ်ဖက် ၊ မနက်ကတည်းက ထွက်လာခဲ့တဲ့ ကျုပ်တို့နှစ်ယောက်ရဲ့ ခရီးမှာ ကော်ဖီတွေလဲ ပါထားတော့ ။ သိကြတဲ့ အတိုင်း ကျန်းမာရေးကိစ္စ ကပေါ်လာရောဗျာ ။ အဲဒီမှာ ဒီဇင်ဘာနဲ့ ထပ်တွေ့တာပဲ ။

ည ကိုးနာရီခွဲကျော် ဆိုတော့လည်း ပိုက်ဆံပေးရတဲ့ လမ်းဘေး ရယ်ဒီကျန်းမာရေးဌာနတွေကလည်း ပိတ်ရော ။ အဆောင်ပြန်ရောက်တဲ့ အထိကလည်း မအောင့်နိုင် ။ ဗိုက်ထဲက ကော်ဖီ ၊ရေခဲမုန့်နဲ့ ၊ အပြင်က ဒီဇင်ဘာက နားလည်မှု့အတင်းယူနေကြတော့ ကျုပ်တို့မှာ ကြားထဲက အနေခက်ရပါလေရော ။ လေးဖြူ ရဲ့ ထွက်ပေါက် သီချင်းသာ ကျုံးအော်လိုက်ချင်ရဲ့ဗျာ ။ အဟေးဟေး ။ ခုပြန်ရေးတော့သာ ရယ်နိုင်တာ ။ အဲဒီတုန်းကတော့ သိတဲ့အတိုင်း အီလည်လည် ကွတတ နဲ့ လွှတ်ဂွကျနေတာပေါ့ ။ အဲဒီလိုနဲ့ နှစ်ယောက်သား အကြံထုတ်လိုက်ကြတာ မနီးမဝေးက McDonald's ကြီးကို လှမ်းမြင်ရောဗျာ ။ဒီနိုင်ငံက ထိုင်ဖူးသမျှဆိုင်ထဲမှာ ဝန်ဆောင်မှု့ အကောင်းဆုံးက McDonald's ဗျ ။ အင်တာနက် ဖရီး ။ ကျန်းမာရေးဌာန ဖရီး ။ အဟေးဟေး ။ အားရဝမ်းသာနဲ့ပဲ ကျုပ်တို့ နှစ်ယောက်McDonald's ကို အပြေးတစ်ပိုင်းလစ်ရတော့တာပါပဲ ။ ကံကောင်းချင်တော့ဗျာ ဆိုင်က ၁၀ နာရီပိတ်မှာ ဆိုတော့ ဈေးဝယ်သူတွေက ကျိတ်ကျိတ်တိုးနေတာ ။ အခါတိုင်းလည်း လူစည်နေတာဆိုတော့ ။ စည်မပေါ့ဗျာ ကမ္ဘာကျော်ဆိုင်ပဲ ။ အဲဒီတုန်းက လူတွေ အတော်လေးပြည့်နေတာက ကျုပ်တို့အတွက် အခွင့်ကောင်းပဲဗျ ။ ခပ်တည်တည်နဲ့ နှစ်ယောက်သား ကောင်တာနားက လူတန်းထဲသွားစီသေးတယ် ။ ဟန်ကိုယ့်ဖို့ပေါ့ ။ နောက်မှ စိတ်မရှည်တဲ့အထာနဲ့ ရေအိမ်ကို ဇွတ်ပြေး ။ ကျန်းမာရေးကို အသာလျော့ ။ သက်ပြင်းမောကို ခပ်သောသောချလိုက်ရသဗျာ ။ ဟင်း.....

ဒီလိုနဲ့ပဲ McDonald's ဆိုင်မှာ ကျန်းမာရေး ကိစ္စဖြေရှင်းပြီးတော့ ။ အပြင်ပြန်ထွက် ။ ဘယ်သူမှလည်း ကိုယ်တွေကို သတိမထားမိပါဘူး ။ ဒါနဲ့ပဲ နောက်ဆုံး နီးရာဘူတာကိုဝင် ။ အဆောင်ပြန်ဖို့ ပြင်ရတော့တာပေါ့ ။ ဒီမှာပဲ ကျုပ်နဲ့ ဘလက်ကြီးရဲ့ တစ်ခါတုန်းက ဒီဇင်ဘာ တစ်ခန်းရပ် အဆုံးသတ်ပါလေရောဗျာ ။ အဲ ... ဒါပေမယ့် မယုံမရှိနဲ့နော် ။ကမ္ဘာကျော် McDonald's ဆိုင်ကြီးမှာ ကျန်းမာရေး ကိစ္စသက်သက်ဝင် ဖြေရှင်းခဲ့တယ်ဆိုတာ ကျုပ် ကိုရင်ညိန်း နဲ့ မိတ်ဆွေကြီး မောင်ဘလက် လောက်ပဲရှိမယ်ထင်ပဗျာ ။အဟေးဟေး ။


You received this email because you are subscribed to the real_time feed for http://koyinnyein.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.