Monday, December 8, 2008

[ဆိုးသွမ်း] 2 New Entries: မီးတော့.....မီးပဲ ဒါပေမယ့်

မီးတော့.....မီးပဲ ဒါပေမယ့်




" တူ.......................တူ.....................တူ................. ဟယ်လို "

" ဟုတ်ကဲ့ ၊ သရက်တော် ( - ) လမ်း ၊ အခန်း ( - ) က ဒေါ် ( - ) ကိုခေါ်ပေးပါ ခင်ဗျာ "

" ဟုတ်ကဲ့ ခဏလေး ကိုင်ထားပေးပါ......ရှင် "

" အမေလား....."

" အမေမရှိဘူး မောင်လေး။ ငါပါ...နင့်အမ "

" အော် "

" အမေက လှိုင်သာယာက ဈေးဆိုင်သွားနေတယ် "

" အော်...နေကောင်းကြတယ် မဟုတ်လား ၊ အဆင်ပြေကြရဲ့လား "

" အေးဟယ် ၊ လူတွေကတော့ နေကောင်းကြပါတယ် ၊ အဆင်ကတော့ ဘယ်သူမှ
မပြေကြဘူး ဟဲ့။ နင်လည်း...သိမှာပါဟာ ။ အင်တာနက် သုံးနေတာပဲ "

" အင်း.......................... ၊ ဘာတွေလုပ်နေကြလဲ အခုရော "

" ဒီလိုပဲပေါ့ဟာ ၊ အရင်ကထက် အခုဒီနှစ်က ပိုပိုဆိုးလာတယ် ၊
ဘယ်အရာမှကို အဆင်မပြေတာ ၊ အာလုံးလိုလိုပါပဲ ၊ ပြောပြရင် နင်လည်း စိတ်ကောင်းမှာ
မဟုတ်ဘူး "

" ငါတို့လည်း တက်နိင်သလောက်တော့ ရုန်းကန်နေရတာပဲ ၊ သိတယ် မဟုတ်လား ၊
အယဉ်ကျေးဆုံး ပြောရရင်တော့ ၊ ထမင်းတော့ မငတ်သေးဘူးဟ ၊ ဟဲဟဲ ( အသက်မပါသည့် ရယ်သံဖြင့် )
စာကြိုးစား ၊ ငါ့မောင်လေးက လိမ်မာတယ် "

" အမျိုးတွေရော ၊ ဘာတွေလုပ်နေကြသလဲ "

" အင်း...သူတို့လည်း ဒီနှစ် ကိုင်းက ဘာစိုက်လို့ ၊ စိုက်ရမှန်းတောင် မသိကြဘူး ၊
ဧရာဝတီမြစ်ကြီး ရှိနေလို့ ၊ ငါးဖမ်းစားနေတာနဲ့ အသက်ဆက်နေကြတယ်နဲ့ တူတယ်
အော်..အဖေလာပြီ ၊ အဖေ့ကို ပေးလိုက်မယ်နော်...အဖေနဲ့ ပြောလိုက်ဦး "

" အဖေ....အဖေလား "

" အေး...သား ၊ အဖေပါကွ "

" အဖေ...နေကောင်းလား အဖေ ၊ ကျန်းမာရေး ၊ အလုပ်အကိုင် အဆင်ပြေရဲ့လား "

" လူကတော့ ကောင်းတယ်..သား ၊ အလုပ်ကတော့ ပါးတယ်ကွ ၊ စက်ရုံကလည်း
အလုပ်လုပ်စရာ မရှိဘူး ၊ တခါတလေ အပြင်ဘက်တော့ လိုက်ပြင်ပေးတယ်
အများကြီးတော့ မရပါဘူးကွာ ၊ မင်းညီမလေးတွေ မုန့်ဖိုးတွေနဲ့ မင်းအမေဆီတော့
၂၀၀၀ ၊ ၃၀၀၀ ထောင်မျိုးလောက်ပဲ အပ်နိင်တော့တယ် "

" သားလည်း...စာကြိုးစားကွာ ၊ အဖေ..ယတြာတွေလည်း လုပ်ထားပေးမယ် ၊
နေကောင်းအောင် ဂရုစိုက် ၊ ကဲ..ဘာမှာဦးမလဲ ၊ မင်းပိုက်ဆံတွေ ကုန်နေလိမ့်မယ်
မင်းအမေက တွေ့ချင်နေတာ...ဖုန်းမဆက်လို့ စိတ်ပူနေလေရဲ့ ၊ အခုတော့ အဖေပြောလိုက်မယ်
ဟုတ်ပြီလား "

" ဟုတ်ကဲ့..အဖေ ၊ အားလုံးကို သတိရပါတယ်လို့ ၊ ကျန်းမာရေး ဂရုစိုက်ကြဦးနော် "

" အေး...သား ၊ ဒါဆို ချလိုက်တော့မယ် သား ၊ ဘိုင် ဘိုင် "

" ဂလောက်......."


ဖုန်းက ချသွားပေမယ့် လက်ထဲက မိုက်ခရိုဖုန်းကို ဆက်ကိုင်ထားဆဲ ။ အဖေနဲ့ အစ်မပြန်သွားပေမယ့် သူတို့ အားတင်းပြီး ပြောသွားတဲ့ စကားသံတွေက ရင်ကို လှုပ်ခက်နေဆဲ။ ငေးတယ် ၊ တွေးတယ် ၊ ပြီးတော့ အမျိုးအမည် မသိတဲ့ ဝေဒနာ ခံစားရတယ် ။ ဒါဟာ မိသားစုအတွက်တင် မဟုတ်ဘူးဆိုတာ ကိုယ့်ရင်ထဲ ကိုယ်သိတယ်။ ကိုယ့်ဆွေမျိုး အတွက် သက်သက်လည်း မဟုတ်ဘူး ဆိုတာ ကိုယ့်စိတ်ထဲ ကိုယ်သိတယ် ။ တခြားသူတွေရော ဘယ်လိုနေမလဲ ၊ ဘာတွေလုပ်နေကြ မလဲ ။ ၆၀ % မှာ ၄၅ % လောက် ဘ၀တွေ ခါးနေကြတယ်။ အိမ်မှာ မီးအမြဲလာနေတဲ့ သူတွေကတော့ ဒါကို ဘယ်တော့မှ သိမှာ မဟုတ်ဘူး။



ဒီလိုပြောတော့ ကျွန်တော်လည်း ပါတယ်။ ကျွန်တော့်အိမ်မှာလည်း မီးအမြဲလာတယ်။ ဒါပေမယ့် ဖယောင်းတိုင်မီး။



ခင်ဗျား နဲ့ ကျွန်တော်


ပိုက်ဆံမပေးရလို့ မက်ချင်တိုင်းမက်နေတဲ့ အနာဂတ်ရဲ့ ၊ အိမ်မက်တွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

မပြည့်စုံသေးတဲ့ ဘ၀ရဲ့ ၊ မျှော်လင့်ချက်တွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

မကျေနပ်နိင်သေးတဲ့ စိတ်ရဲ့ ၊ ခံစားမှုတွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

မရေရာလို့ သေချာချင်တဲ့ ပစ္စုပ္ပန်ရဲ့ ၊ အတွေးတွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

အတူတူ ကြည့်တာတောင် ထပ်တူညီချင်မှညီမယ့် မျက်လုံးတစ်စုံရဲ့ ၊ အမြင်တွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

ရည်ရွယ်ချက်တွေ တူပေမယ့်.....အသက်ရှုပုံတွေ ကွဲပြားတဲ့ အခါ
ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်
ကိုယ့်ပေးဆပ်မှု့နဲ့ ကိုယ်
ကိုယ့်ဘ၀နဲ့ ကိုယ်

ဒီအတွက်....... ဒါဟာ ၀မ်းနည်းစရာလည်း မဟုတ်ဘူး
ဝမ်းသာ စရာလည်း မမည်ဘူး
အနာဂတ်ဟာ လက်ထဲမှာ မရှိသေးတာကြောင့်
ခင်ဗျားနဲ့ ကျွန်တော် တစိမ်းတွေလို ပဲမြင်နေကြဦးမယ်

ဒီကဗျာကို ဖတ်တဲ့အခါ
ပြောချင်စရာတွေ ရှိလာလိမ့်မယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော



You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.