Monday, December 8, 2008

[ကိုရင်နော်ခင်လေးငယ်] 2 New Entries: “အဖြည့်ခံရဲ့.. ဒီဇင်ဘာ”

"အဖြည့်ခံရဲ့.. ဒီဇင်ဘာ"


နှစ်တစ်နှစ်ကို နှုတ်ဆက်ဖို့

နောင်တော်လ ဆယ့်တစ်ပါးက စေလွှတ်လိုက်တဲ့ အထွေးဆုံးလ...။

မျက်တောင်တွေပေါ်မှာ နှင်းဖွေးလေးတွေ
တွဲခိုနေရာယူ လေအေးအေးတွေဝေ့ဖို့ ရာသီရွေးလို့ ပေးတတ်တဲ့လ...။

သစ်ပင်တွေပေါ်မှာ ကြယ်လေးတွေ ရောင်စုံချိတ်
မှိတ်တုတ်မှိတ်တုတ်နဲ့ သံစဉ်တူညီ မြူးထူးကခုန် တေးဆိုခိုင်းတတ်တဲ့လ...။

ခိုးခိုးခစ်ခစ်နဲ့ ချစ်သူတွေ လက်ချင်းတွဲလို့
ဘုရားကျောင်းဝင်းထဲပြေးဝင် ရင်ခုန်သံတွေ လှစေဖို့ တန်ခိုးတော်ပြတတ်တဲ့လ...။

ခေါင်းလောင်းသံလေးတွေ တိုးတိုးနွဲ့နွဲ့
ကလူသလို မြှုသလိုနဲ့ ချွဲချင်တိုင်း အချွဲပိုအောင် သင်ပေးတတ်တဲ့လ...။

ဦးထုပ်လေးတွေ အပြိုင်အဆိုင်စောင်းလို့
လက်အစုံမှာ လက်အိပ်ဖြူလေးတွေ နေရာယူဖို့ အမိန့်တော်ပေးတတ်တဲ့လ...။

လေပြေအေးလေးအဝေ့မှာ လွင့်လွင့်လာတဲ့
သင်းပျံ့သန့်စင် ချစ်သူ့ကိုယ်နံ့လေး ချိုအီထုံသင်းအောင် ဖန်ဆင်းတော်မူတတ်တဲ့လ...။

ကဗျာဆန်နိုင်သူတွေအတွက် ကာရံတွေထပ်လို့
ကလောင်ထက်မှာ ကဗျာလေးတွေအံထုတ်ဖို့ မှော်သွင်းပေးတတ်တဲ့လ...။


ချစ်သူပေးတဲ့ လက်ဆောင်ထုပ်လေးတွေကို
ကိုယ်စီဖြည်ရင်း အနမ်းပါးပါးလေးတွေ ဖလှယ်ဖို့ င်ခုန်သံတွေဝေအောင် ညှို့စေတတ်တဲ့လ...။

ပီတိတွေကိုစား ပျော်ရွှင်ခြင်းကို ဆုပ်ကိုင်လို့
မိသားစုတွေ ပြန်လည်တွေ့ဆုံဖို့ ဆုံမှတ်လေးဖြစ်ပေးတတ်တဲ့လ...။

ပျော်နိုင်သူတွေပျော်ကြဖို့ နားလည်မှုကို ဖဲ့ခြွေခင်းလို့
တိတ်တိတ်လေး မျက်လွှာကိုပိတ် အဖြည့်ခံပေးသူ တစ်ဦးအတွက် ဘာမှမပေးတတ်တဲ့လ...။


မင်းပို့လိုက်တဲ့ လက်ဆောင်လေးကိုအဖွင့် အဖန်တစ်ရာမက်နေကြ ကြေမွမွ
အိပ်မက်ဟောင်းလေးသာ.. အထုပ်လေးထဲက ခုန်ပေါက်ပြေးထွက်လာဖို့ တစ်ခုကလွဲလို့
ို့...
(အဖြည့်ခံသူ ငါ့အတွက်တော့) တစ်ကယ်... တစ်ကယ်ပ
ါ....
ဘာဆိုဘာမှ ပေးစွမ်းနိုင်စွမ်းမရှိလွန်းတဲ့ အစွမ်းအစမဲ့လ...။

(ခင်လေးငယ်)

သူမ.. သို့မဟုတ်..

ဘိန်းစားချင်းအတူတူ တစ်မူးပိုရှူ ချင်သူလိုမျိုးလူဟာ သူမများလား....!! အရူးလို့လူတွေ သတ်မှတ်နေကြတာကို ကျေနပ်စွာ ခံယူရင်း ပိုမိုရူးသွပ်ချင်နေသူ...။ နူးညံ့ညင်သာစွာ ချစ်တတ်လွန်းရက်နဲ့ ကြမ်းရှရှ ခပ်ရိုင်းရိုင်း ပေါက်ကွဲတတ်သူ...။ တိတ်ဆိတ်နေတဲ့ အခန်းလေးကို အမှောင်ချလို့ ထောင့်လေးတစ်ထောင့်မှာ ပြေပြေလေးမှေးရင်း ဘယ်သူမှ မမြင်နိုင်မှန်းသိရက်နဲ့ ပြုံးနေတတ်သူ...။ ဖွာလန်ကြဲ ဆံပင်တွေကို ဖြန့်ချထားရင်း ဘေးမှာဘယ်သူမှ မရှိဘဲ မျက်ရည်တွေကို တစ်စုံတစ်ဦးမြင်မှာ စိုးရိမ်စိတ်တွေနဲ့ ငိုရှိုက်နေတတ်သူ...။

ခပ်သော့သော့ လက်ရေးနဲ့ "ဖေဖေရေ..." လို့ ကောက်ခြစ်နေတတ်သလို... "မေမေရယ်... အနားနားလေးကို လာပြီးထွေးပွေ့ထားပေးပါ" လို့ ရေးနေတတ်သူ..။ လက်ဖဝါးအောက်ခြေ လက်ကောက်ဝတ်က သွေးကြောလေးတွေ ဆုံနေတဲ့ နေရာမှာ အနှစ်သက်ဆုံး ရေမွှေးတစ်စက် ခပ်ဖွဖွစွတ်လို့ တစ်စုံတစ်ရာကို လွမ်းမောနေရင်း... ခပ်ကြောင်ကြောင် ခံစားချက်နဲ့ ရေမွှေးပုလင်းကို နံရံမှာ ပစ်ပေါက်ခွဲပစ်တတ်သူ...။ လွတ်လပ်စွာ ဖန်တီးတွေးမျှော်ခွင့်ကို အာသာငမ်းငမ်း မက်မောရင်း.... အထာမကျတဲ့ စည်းတွေဘောင်တွေကြားမှာ အကျဉ်းချခံ ထားရသူ....။

Round ထားတဲ့ "နွေဦးကံ့ကော်" လို သီချင်းတစ်ပုဒ်ထဲနဲ့ တစ်ညလုံး ကုန်ဆုံးတတ်သလို... Linkin Park ရဲ့ "Breaking The Habit" လို သီချင်းမျိုးနဲ့ ဟက်ဟက်ပက်ပက် မချိပြုံး ပြုံးတတ်သူ...။ ဇမ်နူးရဲ့"အချစ်ရှိသောနေ့စွဲများ" သီချင်းကို ငြိမ့်ငြိမ့်လေးနဲ့ ညင်ညင်သာသာ နားထောင်တတ်သလို Evanescence ရဲ့ "Going Under" ကို အကျယ်ကြီး Woofer ငိုမတတ်ဖွင့်တတ်သူ...။ အိပ်ခန်းလေးအတွင်းမှာ နှင်းဆီနံ့တွေနဲ့ ထုံသင်းအောင် ဝေဝေဆာဆာ ပြင်ဆင်တတ်သလို... အာရုံမလာရင် ရေထသောက်ဖို့ကိုတောင် အင်မတန် ဝန်လေးတတ်သူ...။

မိန်းမဆန်ဆန် စကပ်ပျော့တွဲတွဲလေးတွေ နှစ်ခြိုက်စွာဝတ်တတ်သလို... ဂျင်းဘောင်းဘီစုတ် တစ်ထည်ကို ပေပေတေတေ တစ်ပတ်ခန့်ဝတ်တတ်သူ...။ အတွဲလိုက် အုပ်စုလိုက် လူအများသွားတတ်တဲ့ နေရာမျိုးမှာ ဂျစ်ကန်ကန် မျက်နှာပေးနဲ့ ခပ်တည်တည် တစ်ယောက်ထဲ သွားထိုင်နေတတ်သူ...။ ပိုက်ဆံချမ်းသာဖို့ လုံးဝ မမက်မောပေမဲ့ အတွေးတွေနဲ့ လွင့်မျောနေခွင့်ကို ချမ်းသာချင်သူ...။ အမိန့်တွေအပေးခံရတိုင်း ခေါင်းခါတတ်သလို.. အမှားတွေ ထောက်ပြခံရတိုင်းလည်း "ဟုတ်ပါတယ် ကျမကိုယ်တိုင်က လွဲနေသူပါ" လို့ ပြုံးပြီး မျက်းလုံးချင်းဆိုင် ကြည့်တတ်သူ...။

သူမမျက်လုံးတွေ လဲ့နေတတ်တာကို လူတွေက "ကြည့်လို့ကောင်းလိုက်တာ..." လို့ ချီးမွမ်းခံရတဲ့နေ့တွေတိုင်း အခန်းထဲပြန်ရောက်ချိန် မှန်ထဲကိုငဲ့ကြည့်ရင်း "........လွဲနေကြတာပါ မျက်ဝန်းလဲ့တာ မျက်ရည်ဝဲနေလို့ဆိုတာ ရှင်တို့မှ မသိတာကိုး" လို့ တဟားဟားး သနားစရာ အော်ရီ/ရယ် တတ်သူ...။ လက်ချိုးရည်လို့ရတဲ့ သူငယ်ချင်းတွေကို စိတ်ရှည်လက်ရှည် ဟင်းတွေချက်ကျွေး တတ်သလို... အတော်များများကတော့ အစားမမှန်တဲ့ သူမအတွက် သူတို့ယူလာပေးတတ်တဲ့ ပေါင်မုန့်တစ်ချပ်နဲ့ တစ်နေကုန် ပေကပ်နေတတ်သူ....။ ငပိရည်နဲ့ ထမင်းကြမ်းကို စိတ်လိုလက်ရ အားပါးတရ နယ်စားတတ်သလို... ချိ(စ်)စတစ်(ခ်)တွေကို စိတ်မပါ့တပါနဲ့ ကိုက် ကိုက်နေတတ်သူ...။

နားလည်ရခက်သူတွေကို နားလည်ပေးတတ်သလို လူအများက လူလိမ္မာလို့ တဖွဖွပြောနေသူမျိုးကို ခေါင်းရမ်းကြည့်တတ်သူ...။ အရိပ်ပြစရာမလိုဘဲ အကောင်လိုက် တန်းကနဲ မြင်တတ်သလို... ထင်ထင်ရှားရှား အရိပ်တစ်ခုဘေးနားမှာ ထင်းနေခဲ့ရင်တောင် ခပ်ထုံထုံနဲ့ ဘာမှန်းမသိသူ....။ မိန်းမတစ်ယောက်နဲ့ ယောက်ျား တစ်ယောက်ရဲ့ အခွင့်အရေးဟာ တမ်းတူဖြစ်ကိုဖြစ်ရမယ်ဟု တရားသေ သတ်မှတ်သူ....။ မျှော်လင့်ခြင်းဆိုတာတွေကို မုန်းသလို မျှော်လင့်ရမှာကို ကြောက်လန့်ရင်း စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့ရက်တွေကို ဘာအတွက်မှန်းမသိ လက်ချိုး ရေတွက်နေပြန်သူ...။ သူမအချစ်ကိုပေးဖို့ တွန့်တိုဝန်လေးရင်း... ချစ်ခြင်းတွေကို ရူးသွပ်စွာငတ်မွတ်လို့ တစ်ကိုယ်ကောင်းစိတ်နဲ့ အပြည့်အဝ ရယူစားသုံးချင်သူ...။ အလွဲတွေကို နမူနာယူဖို့ထက်... ခေါင်းမာမာနဲ့ တစ်လွဲတွေ ထပ်ထပ်ကျူးလွန်နေသူ...။

ဆန့်ကျင်ဖက်ပေါင်းများစွာ လွန်ဆွဲပြီး ဖွဲ့တည်ထားတဲ့ သူမစိတ်အစဉ်ကို အထိတ်တလန့် နဲ့ အိပ်မက်မှာ ပြန်တွေ့ရချိန်... သူမကိုယ် သူမ အော့အံချင်အောင် မုန်းတီးစက်ဆုပ်လို့.... သတ်ပစ်ချင်လောက်အောင် နာကြည်းရွံရှာလို့.... စုတ်ပြတ်သတ်သွားအောင် ကုတ်ဖဲ့ချင်တဲ့ စိတ်တွေနဲ့ နောက်ကျိမူးဝေလို့.... နောက်ဆုံး မောဟတွေထန်နေတဲ့ အတွေးတွေနဲ့ အာခေါင်ကိုခြစ်ပြီး အော်ဟစ်မိလို့....!! အဆုံးသတ်မှာတော့.... သွက်..... သွက်..... ချာ..... အ..... ရူး..... မ..... တစ်..... ယောက်..... ရဲ့ ပေါက်ကွဲခြင်းမျိုးတွေက သူမကို အနိုင်ယူ အပိုင်သိမ်းလိုက်တော့တာပါဘဲ.....။

(ခင်လေးငယ်)

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.