Monday, December 8, 2008

[Nine Nine SaNay] 2 New Entries: Erised and Desire

Erised and Desire


ဟယ်ရီပေါ်တာ စာအုပ်ကို မူရင်းကော၊ မြန်မာဘာသာပြန်ကော ကျွန်မ မဖတ်ဖူးသလို သူ့ရုပ်ရှင်ကိုလည်း နံပါတ်(၁) ကြည့်ပြီးနောက်ပိုင်း ကျန်တဲ့အပိုင်းတွေကို ဆက်မကြည့်ဖြစ်ခဲ့ပါဘူး။ အခုဖတ်မိတာလေး တစ်ခုက ဟယ်ရီပေါ်တာရဲ့ စာအုပ်တစ်အုပ်မှာ "Erised stra ehru oyt ube cafru oyt on wohsi" ဆိုပြီး မှော်မှန်ပေါ်မှာ ထွင်းထားပါသတဲ့။

ဒီစာကို
တရုတ်ဘာသာပြန်တွေက စာလုံးအသံထွက်အတိုင်း " Erised stra.... " ဆိုပြီး ဘာသာပြန်ထားပါတယ်။ ကျိန်စာလိုလို ဂါထာလိုလို ဒီစာကြောင်းမှာ လျှို့ဝှက်ချက်တွေပါ ပါသတဲ့။ ဒါကို ဘာသာပြန်ဆရာတွေက သေချာဂရုစိုက် ဘာသာမပြန်ဘဲ မူရင်းစာရေးသူရဲ့ အတွေးကို ချန်လှပ်ခဲ့တယ်လို့ ဆိုပါတယ်။

Erised ဆိုတဲ့စလုံးက Desire ကနေ လာတယ်လို့ ဆိုထားပါတယ်။ အဓိပ္ပါယ်က "လိုအင်ဆန္ဒ၊ ရမ္မက်" ဖြစ်ပါတယ်။ Desire စာလုံးကို ရှေ့နောက် ပြောင်းပြန်လှန်ပြီး မှန်ပေါ်မှာ Erised လို့ ထွင်းထားတာဖြစ်တယ်။

"Erised stra ehru oyt ube cafru oyt on wohsi" စာကြောင်းအားလုံးကို ရှေ့နောက် ပြောင်းပြန်လှန်ကြည့်တဲ့အခါ " Ishow no tyo urfac ebu tyo urhe arts desire" ဆိုပြီး ရပါတယ်။ စာလုံးပေါင်းတွေကို သေချာစီကြည့်တာ့ "I show not your face but your hearts desire!" လို့ ရပြန်တယ်။ ဒါကို အဓိပ္ပါယ် ပြန်ရရင် "ကျွန်တော့်အပေါ်မှာ ခင်ဗျားရဲ့မျက်နှာကို ပြရုံသာမက ခင်ဗျားအသဲနှလုံးရဲ့ ရမ္မက်ကိုပါ ပြနေပါတယ်" လို့ ဆိုပါတယ်။

ဒါကြောင့်
Dumbledore က ဟယ်ရီပေါ်တာကို " ကမ္ဘာပေါ်က အပျော်ဆုံးလူသားသာလျှင် ဒီမှော်မှန်ကို သာမန်မှန်အဖြစ် အသုံးပြုနိုင်မယ်" လို့ ပြောခဲ့ပါတယ်။

လှပတဲ့ ကိုယ့်အပြင်ပန်း သဏ္ဍာန်ကို မှန်ထဲကြည့်တတ်ကြသလို ရမ္မက်လောဘကင်းတဲ့ ကိုယ့်အသဲနှလုံးကိုလည်း မှန်ထဲ မြင်တတ်ကြဖို့ဖြစ်တယ်။

မြန်မာက ဒီစာကြောင်းကို ဘယ်လို ဘာသာပြန်ထားသလဲ မသိဘူး။ ဖတ်ဖူးသူတွေရှိရင် ရှယ်ကြပါအုန်းလို့.. ကျေးဇူးးးး)

နိုင်းနိုင်းစနေ

လွမ်းမောမိတယ်...


လူကြီးတစ်ယောက်က ပြောလာပါတယ်။ ကောင်မလေးတစ်ယောက် အဆော့လွန်ပြီး အိမ်အပြန်နောက်ကျလို့ အိမ်ရှေ့မှာ အမွှေးတိုင်ထွန်း ဒူးထောက်ပြီး အပြစ်ပေးခံနေရတယ်တဲ့။ ကောင်မလေးက အပြစ်ပေးခံရတာတောင် မျက်နှာက စပ်ဖြီးဖြီးနဲ့ ..... ကောင်မလေးရဲ့ မနီးမဝေးမှာ ကောင်လေးနှစ်ယောက် အပင်ကွယ်ပြီး ချောင်းကြည့်နေသတဲ့။ အဲလူကြီးစကား နားထောင်ပြီး ငယ်ငယ်က ကျွန်မအဖြစ်နဲ့ တူလှချည်လားပေါ့။ နောက် အဲဒီအကြောင်း အစ်မကိုပြောပြပြီး ရီစရာ ဘာမှမယ်မယ်ရရ မရှိဘဲ ညီအစ်မနှစ်ယောက် တစ်ညနေလုံး ရီနေမိတယ်။

နောက်တော့ အီးမေးလ်ကနေ ဒီပုံရတော့ ညီအစ်မနှစ်ယောက်လုံး ဝါးလုံးကွဲမတတ် ရီမိတော့တယ်။ ဟီး.. ဟီး ငယ်ငယ်က ဆိုးခဲ့သမျှ ဂျာနယ်ပေါ် ရောက်လိမ့်မယ်လို့ မထင်မိလို့ ကျွန်မ ရှက်မိပါတယ်။ ပုံထဲမှာ ဒူးထောက်အပြစ်ပေး ခံနေရတဲ့ ကလေးမက ကျွန်မငယ်ငယ်က ဆံပင်ပုံနဲ့ တူနေပြန်တော့ ပိုရီမိတယ်။ အစ်မက ကျွန်မနဲ့ အရမ်းတူတယ် ဆိုပြီး တစ်နေ့ကုန် ရီနေရော့... :x (ရွာကလူတွေ ဖတ်မိရင် ဘယ်လိုနေမယ် မသိဘူး)

ဘာရယ်မဟုတ်ပါဘူး... ဘလော့ရေးစက ကိုယ့်ငယ်ဘဝအကြောင်းကို မှတ်မိသလောက် ချရေးကြည့်တာ မမျှော်လင့်ဘဲ မန္တလေးတိုင်းမ် ဂျာနယ်ပေါ် ရောက်သွားခဲ့တယ်။

"အိမ်ရှေ့ မျက်နှာစာမှာ ဒူးထောက် လက်မြှောက်ပြီး အမွေးတိုင်တတိုင် မကုန်မချင်း မထရတော့ဘူး။ အဲဒီလို အပြစ်ပေး ခံနေရတဲ့အချိန် သူငယ်ချင်းတွေက ၀ိုင်းကြည့်ပြီး ရယ်နေကြရင် ကျွန်မလည်း ရှက်ရမှန်း မသိ၊ ငိုရမှန်းမသိ ရောယောင်ပြီး လိုက်ရယ်မိတယ်။ ကလေးဘ၀ ဘယ်လောက် အပြစ် ကင်းစင်လိုက်သလဲကွယ်.... " ကျွန်မနဲ့ရွာ[click]
ဒီလိုအရေးကြောင့် ထင်တယ်။ အဲလို သရုပ်ဖော်ပုံကြီး ထွက်လာတယ်။ အစ်မက စာဖတ်လိုက် ပုံကြည့်လိုက်နဲ့ နင်နဲ့တူလိုက်တာဆိုပြီး ရီနေရော။ အဲဒီလိုပါပဲ... ငယ်ဘဝ အဖြစ်တွေက ဘယ်လိုရေးရေး၊ ဘယ်လိုနေခဲ့နေခဲ့ ပြန်ပြောင်း အောင်းမေ့ကြည့်ရုံနဲ့တင် ပျော်စရာနဲ့ လွမ်းစရာတွေကအတိ။ အပူအပင်ကင်းတဲ့ ကလေးဘဝ ဘာနဲ့မှ ထပ်အစားထိုး မရနိုင်တော့ပါဘူးလေ။

ဒီတစ်ခေါက် ရွာပြန်ရောက်တော့ ရွာက လူဦးရေတွေသာ တိုးလာတယ် လူတွေရဲ့ စားဝတ်နေရေးက အရင်အတိုင်းပဲ။ ခြံက ရေခလောက်လဲ ခြုံတွေကြားမှာ ပျောက်သွားခဲ့ပါပြီ။ အဘိုးရဲ့ ငါးကန်တစ်ချို့ကိုလည်း မြေဖို့ပြီး ခြံလုပ်လိုက်ကြပြီ။ ကျွန်မနဲ့အတူ ဆော့ကစားခဲ့ဖူးကြတဲ့ သူငယ်ချင်းတွေလည်း အိမ်ထောင်ပြုသူပြု၊ သေသူသေနဲ့ တစ်ချို့လည်း ရွာကနေတောင် ပြောင်းသွားကြပြီ။ နှစ်တွေပြောင်း၊ လူတွေ ဟောင်းခဲ့ကြပေမယ့် ကျွန်မတို့ရင်ထဲမှာ မပြောင်းလဲဘဲ ကျန်နေခဲ့မှာက သူငယ်ချင်းတွေကြားက ခင်မင်မှုရယ်၊ အတူဆော့ကစားဖူးတဲ့ အမှတ်တရတွေဆိုတာ ကျွန်မရဲရဲကြီး ပြောရဲပါတယ်။

"ကျွန်မနဲ့ရွာ" ကို ဖတ်ခဲ့ရင် စာလုံးပေါင်းတွေ သည်းခံပေးပါလို့.. ဘလော့ဂ်ရေးစတုန်းက အမှားများစွာနဲ့ ကျွန်မ စခဲ့ပါတယ်။ ရေးရင်း သင်ရင်း၊ သင်ရင်း ရေးရင်းဆိုပေမယ့် ခုထိလည်း မှားနေဆဲပါပဲ...း)

နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.