Tuesday, December 16, 2008

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: စိတ်ငြိမ်းချမ်းမှုရှာပုံတော် ( အပိုင်း- ၃)

စိတ်ငြိမ်းချမ်းမှုရှာပုံတော် ( အပိုင်း- ၃)

John E. Coleman ၏ The Quiet Mind စာအုပ်ကို ဟိန်းလတ် မြန်မာပြန်ထားသော
" စိတ်ငြိမ်းချမ်းမှုရှာပုံတော်" စာအုပ်အား တနင်္ဂနွေနေ့တိုင်း အပိုင်းလိုက်ခွဲပြီး ပြန်လည်ဖော်ပြနေခြင်းဖြစ်ပါသည်။
ယခုတပတ်တွင် ဖော်ပြမည့် အကြောင်းအရာမှာ အခန်း(၂) ဖြစ်သည့် "မသိစိတ်၏ အစိတ်အပိုင်း”
အခန်းဖြစ်ပါသည်။

အခန်း(၂)

မသိစိတ်၏ အစိတ်အပိုင်း

ဝါရှင်တန်ရှိ ကျွန်တော်၏ ကိုယ်ရေးရာဇ၀င်ဖိုင်တွဲတွင် ကျွန်တော်သည် တစ်စုံတစ်ခုကိုလွယ်လင့်တကူဖြင့် ဇွတ်မှိတ်၍ယုံကြည်တတိသူမဟုတ်ကြောင်း သက်သေသာဓက အထောက်အထားများစွာဖြင့်
မှတ်တမ်းတင်ထားသည်ကိုတွေ့ရသည်။ ကျွန်တော်သည် အသက်အတော် ငယ်ငယ်ရွယ်ရွယ်ကတည်းက
အစိုးရအလုပ်သို့ ၀င်လုပ်ခဲ့ပြီး နိုင်ငံအတော်များများတွင် လှည့်လည်အမှုထမ်းခဲ့ဖူးသည်။ ပေးအပ်သမျှတာဝန်
ဝတ္တရားများကိုလည်းအတော်ပင် ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ခဲ့ပါသည်။ တော်ရုံတန်ရုံအခက်အခဲ
အနှောင့်အယှက်များကိုလည်း အလွယ်တကူ ကျော်နင်းဖယ်ရှားနိုင်ခဲ့သော အတွေ့အကြုံများစွာ ရှိခဲ့ပါသည်။
ဤသည်တို့ကို ထောက်ရှုခြင်းအားဖြင့် ကျွန်တော်သည် ထိုင်းနိုင်ငံမှသူတော်စင်နှင့် ဆေးသိပ္ပံပညာရှင်တစ်စုတို့၏
အလွယ်တကူအရူးလုပ်ခြင်းကို ခံရလောက်သည့် လူစားမျိုးထဲတွင် မပါဝင်နိုင်ကြောင်း ထင်ရှားလောက်ပါပြီ။
ထိုင်းနိုင်ငံသားတို့နှင့် အတော်ရင်းရင်းနှီးနှီးပေါင်းကြည့်မိလေ သူတို့ကို ကျွန်တော်သဘောကျမိလေ ဖြစ်သည်။
တကယ်တော့ သူတို့နှင့် တစ်သားတည်းပေါင်းမိမှတော့ပင် သူတို့သည် ညာလုံးလှိုင်းမရှိ ပကတိ ရိုးသားဖြူစင်
သူများဖြစ်ကြောင်း ကောင်းကောင်းကြီးသိရပါသည်။ ထို့ပြင် သူတို့သည် သစ္စာတရားကိုရှာရာတွင်
ရိုးရိုးသားသားနှင့် စစ်စစ်မှန်မှန်ရှိသူများလည်း ဖြစ်ကြပါသည်။ သည်းခံခြင်းတရား ရှိသည့်နေရာတွင်လည်း
ထိုင်းနိုင်ငံသားများသည် စံပြဖြစ်ပုံရသည်။ မည်သည့်ဘူတာရုံတွင်မဆို အထုပ်အပိုးနံဘေးချပြီး ခြေပစ်လက်ပစ်
ထိုင်လျက် ဘယ်အချိန်ဆိုက်မယ်မှန်း မရေရာလှသော မီးရထားအလာကို စောင့်နေသူတွေ ဒုနှင့်ဒေး။ ရထားသည်
တစ်နာရီနောက်ကျပြီးမှ လာချင်လာမည်၊ လုံးလုံးလျားလျား ပျောက်ချင်ပျောက်သွားမည်။ ဒါကို ဘယ်သူမှမပူ
မငြူစူ သည်းခံပြီးသာ စောင့်တတ်ကြပါသည်။

သည်းခံမှုနှင့် ခံနိုင်ရည်ရှိမှုတို့မှာ မွေးရာပါအရည်အချင်းတွေလိုဖြစ်နေသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာယုံကြည်မှု
အရိပ်အာဝါသအောက်တွင် ပေါက်ဖွားကြီးပြင်းလာကြသူများတွင် ထိုအရည်အချင်းများသည် အလိုလို ပြည့်ဝပြီး
သား ဖြစ်နေသည်ဟုထင်ရ၏။ ဘန်ကောက်ရှိကျွန်တော့်မိတ်ဆွေ အနောက်တိုင်းသားအချို့သည် ဘန်ကောက်သို့
စ, ရောက်စက “ဒါမျိုး တို့ပြည်မှဆို ဘယ်ရမလဲ” ဟူသော မဲ့ကာ ရွဲ့ကာ ကျွန်တော်၏ ညည်းညူပစ်တင်သံကို နားငြီး
လောက်အောင် ကြားခဲ့ရသည်။ သို့သော် ကျွန်တော်လည်း အနေကြာလာလေ အရာရာကို ခွင့်လွှတ်သည်းခံတတ်
လေလေဖြစ်လာသည်ကို ကျွန်တော့်ဘာသာကျွန်တော် သတိထားမိလာသည်။ တကယ်တော့လည်း ဗုဒ္ဓ၀ါဒီ
ထိုင်းနိုင်ငံသားတို့ ကိုင်စွဲသောဒဿနသည် ကျွန်တော်တို့၏ ရှုပ်ထွေးပွေလိမ်လှသော လူမှု့အဖွဲ့အစည်း၏
အချို့သောပြဿနာများကို ဖြေရှင်းပေးနိုင်ကောင်း ပေးလိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။

သိပ္ပံနှင့် အသိပညာတိုးတက်မှုမှာ ယနေ့ကမ္ဘာတွင် အံ့မခန်းဖြစ်နေပါသည်။ နှလုံး ကျောက်ကပ် အသည်း ဦးနှောက်
နှင့် မျက်လုံးအစားထိုး၍ ကုသမှုများမှာ နေ့စဉ်လိုပင်ဖြစ်နေပါသည်။ ကွန်ပျူတာများသည် ဘဏ်လုပ်ငန်းမှအစ
နေရာတကာတွင် မြန်မြန်နှင့်မှန်ကန်စွာ တွင်တွင်ကျယ်ကျယ်အသုံးကျနေသည်။ အာကာသသူရဲများသည်
စကြ၀ဋ္ဌာတစ်ခွင် ပြဲပြဲစင်အောင် လေ့လာသမှုတွေ ပြုနေကြပါပြီ။ သို့သော် ကျွန်တော်တို့ လူအတော်များများက
ဤအောင်မြင်လာမှုများသည် ဘယ်ကဲ့သို့ပြီးမြောက် အောင်မြင်လာကြသည်ကို တစ်ခုမှ နားမလည်ပါ။
ဘယ်တော့မှလည်း နားလည်ကြလိမ့်မည်မဟုတ်ပါ။ သည့်ထက်ဆိုးသည်ကား ကျွန်တော်တို့၏ စစ်လက်နက်ဆိုင်ရာ
သိပ္ပံပညာသည်လည်း အကြီးအကျယ်ဖွံ့ဖြိုးလာခဲ့ပြီဖြစ်ရာ ဘယ်နေ့ထ၍ ပေါက်ကွဲမလဲဟူသော အခြေအနေကို
ရင်တမမနှင့် နိစ္စဒူဝရင်ဆိုင်နေရခြင်းပင် ဖြစ်သည်။ သို့ပေမယ့် ကျွန်တော်တို့သည် ဒါတွေကို သိပ်မကြောက်ကြ။
ထိုသို့ ကြောက်ကြရမည့်အစား လူနေမှု့အဆင့်အတန်း မြင့်မားရေးကိုသာ လုံးပန်းနေကြသည်။ ရုပ်ဝတ္တုများ
ပိုမိုပိုင်ဆိုင်ရေးအတွက် အလုပ်တွေကို ကုန်းရုန်းလုပ်နေကြသည်။ ကားဝယ်မယ် အ၀တ်အထည်ဆန်းပေါ်သမျှ
ကိုယ်ပေါ်တင်မယ်။ ရုပ်မြင်သံကြားတွေ အိမ်တွေ မြေတွေ ရသလောက် အကုန်ဝယ်ချင်နေကြသည်။
အားလပ်ချိန်တွေကိုလည်း လည်မယ် ပတ်မယ် အပန်းဖြေမယ်၊ ဒါတွေကိုသာ စိတ်ကူးထဲမှာ အစီအစဉ်တွေချပြီး
မအားလပ်ကြ။ ကမ္ဘာကြီး ဘာဖြစ်နေနေ ငါသက်သာသလိုနေနိုင်ရင် ပြီးတာပဲဆိုကာ ကိုယ့်ဖိုသာကိုယ် ပျော်ရာ
ပျော်ကြောင်း စိတ်ချမ်းသာရာ စိတ်ချမ်းသာကြောင်း ရှာနေကြသည်။

ထိုသို့သော ကျွန်တော်တို့ အနောက်နိုင်ငံမှလူများပုံစံနှင့် ဗုဒ္ဓ၀ါဒီထိုင်းနိုင်ငံသားတို့၏ နေထိုင်မှုပုံစံမှာ
အတော်ပင်ကွာခြားလှသည်။ ကျွန်တော်တို့ ထစ်ခနဲဆို ဒေါသဟုန်းကနဲ ထလာတတ်ကြသည်။ ရထားဆို အချိန်မှန်
ဆိုက်မှ၊ အချိန်မမှန်ဘူးဆိုတာနဲ့ ရုံပိုင်ကိုသွားကြိမ်းမောင်းမည်။ ထုချေလွှာတောင်းမည်။ ကျွန်တော်တို့ဆီတွင်
နေရာတကာထုချေလွှာတောင်းတတ်ကြသည်။ ထိုင်းနိုင်ငံတွင် ဒါမျိုးတွေမရှိ။

ဗုဒ္ဓ၀ါဒီထိုင်းလူမျိုးတို့နှင့် ကျွန်တော်တို့ အနောက်နိုင်ငံသားတို့ ဘာဖြစ်လို့ ဒါတွေကွာခြားနေပါလိမ့်။ ကျွန်တော်
အဖြေရှာကြည့်ပါသည်။ ကျွန်တော် လုပ်ငန်းတာဝန်အားလပ်တိုင်း ဒါကိုသာ စနစ်တကျသုတေသနပြု လေ့လာ
ခဲ့ပါသည်။

ထိုသို့ရှိနေစဉ် ကျွန်တော်တို့ ၀ါရှင်တန်ဌာနချုပ်တွင် သုံးလမျှသင်တန်းတစ်ခုတက်ရန် ပြန်လည်ဆင့်ခေါ်ခြင်း
ခံရပါသည်။ ထို့ကြောင့်ဝါရှင်တန်သို့အပြန် လေယဉ်ပေါ်တွင် ကျွန်တော်သည် အေးအေးဆေးဆေးနှင့်
မိမိဘ၀ကိုယ်မိမိ ပြန်လည်သုံးသပ်ချိန်ရခဲ့ပါသည်။ ကျွန်တော် စိတ်ညို့အိပ်မွေ့ချခံထားရစဉ်တွင် ကျွန်တော်၏
လက် ခြေတို့ကို လှုပ်ရှားအောင် စိတ်ဖြင့်အမိန့်ပေးစေခိုင်းခဲ့သော ရေတပ်အရာရှိ ဦးပဉ္စင်းအကြောင်းကို
ပြန်လည်သတိရမိသည်။ ကျွန်တော်ကလည်း ထိုအချိန်တုန်းက ရုပ်ခန္ဓာကြီးတစ်ခုလုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျပြီး
စိတ်တစ်ခုလုံးကလည်း သက်တောင့်သက်သာ ငြိမ်းချမ်းနေချိန်၊ ရေတပ်အရာရှိဦးပဉ္စင်းလေးကလည်း ကမ္မဋ္ဌာန်း
ရှုရင်းက စိတ်သည် တည်ငြိမ်အေးချမ်းနေချိန်၊ ကျွန်တော်တို့နှစ်ယောက်စလုံး၏စိတ်သည် အနယ်ထိုင်နေချိန်တွင်
တစ်ဦးနှင့်တစ်ဦး စိတ်ဖြင့်ဆက်သွယ် အမိန့်ပေးစေခိုင်း လှုပ်ရှားနိုင်ကြသည်မဟုတ်လော။ ယခု ကျွန်တော်
လှုပ်လှုပ်ရှားရှား သွားသွားလာလာရှိချိန်တွင် အခြားသော လှုပ်ရှားသွားလာနေသူက ကျွန်တော့်ကို စိတ်ဖြင့်
အမိန့်ပေးစေခိုင်းလို့ ရပါဦးမတဲ့လား။ ကျွန်တော်တို့သည် ကာယအား၊ ဉာဏအားတို့ဖြင့် စိတ်ရောကိုယ်ပါ
အလုပ်များနေချိန်တွင် စိတ်စွမ်းအားတို့မှာ တိမ်မြုပ်နေရခြင်းပင်ဖြစ်သည်။

ဝါရှင်တန်တွင်ရှိနေစဉ် ကျွန်တော်သည် ဘန်ကောက်တုန်းက ခင်မင်ရင်းနှီးခဲ့သော ဒေါက်တာပရာပန်နှင့်
ပြန်ဆုံမိသည်။ ဒေါက်တာပရာပန်မှာ ဘန်ကောက်က သွားစိုက်ဆရာဝန်ဖြစ်သည်။ ကျွန်တော်ပါဝင်လေ့လာခဲ့သော
“ပရစိတ်ပညာ”နယ်ပယ်မှ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ ယခုသူသည် ၀ါရှင်တန်တွင် ဆေးဘက်ဆိုင်ရာ
မေ့ဆေးပညာကို လာရောက်သင်ယူနေသူဖြစ်၏။

ဒေါက်တာပရာပန်သည် ကျွန်တော်နှင့်အတူ ကာရိုလီးနားမြောက်ပိုင်းရှိ ဒူတက္ကသိုလ်သို့ သွားရောက်ရန်စီစဉ်ပြီး
နှစ်ဦးသားထွက်ခဲ့ကြသည်။ ဒူတက္ကသိုလ်တွင် “ပါမောက္ခ ဂျေဘီရိုင်း”၏ နာမည်ကျော်”စိတ်နယ်လွန်သုတေသန”ရှိပြီး
စိတ်နယ်လွန်ပညာနှင့် ပရ၀ိညာဉ်ပိုင်းဆိုင်ရာတို့ကို ပါမောက္ခကြီး ဂျေဘီရိုင်းသည် ဤတက္ကသိုလ်တွင် စတင်လေ့လာ
ခဲ့ရာ ကမ္ဘာကျော်ခဲ့သည်။ ကျွန်တော်သည် ပါမောက္ခကြီးနှင့်တွေ့ဆုံပြီး ကျွန်တော်၏ ထိုင်းဘုရားကျောင်းထဲမှ
အတွေ့အကြုံကိုတင်ပြသည်။ ပါမောက္ခကြီးက ကျွန်တော့်ကို စိတ်ပိုင်းဆိုင်ရာ ထူးဆန်းအံ့သြဖွယ်ရာများကို အသေး
စိတ်ပင် ရှင်းပြသည်။ ထို့နောက် ကျွန်တော်တို့ကို သူ့တက္ကသိုလ်တစ်ခွင် လှည့်လည်ပြသည်။ ဓာတ်ခွဲခန်းတစ်ခုတွင်
“ဒေါက်တာ ဂျေဂျီပရက်” နှင့် တွေကဆုံသိကျွမ်းရသည်။ ဒေါက်တာပရက်မှာ စာရင်းအင်းဗေဒပါရဂူ တစ်ယောက်ဖြစ်ပြီး
ဒေါက်တာရိုင်းနှင့်အတူ ဤတက္ကသိုလ်ကို စတင်တည်ထောင်စကတည်းက စတင်၍ စိတ်နယ်လွန်ပညာများကို
သုတေသနပြုနေသူဖြစ်သည်။

ယခု သူသည် “ကံအခွင့်အလမ်း” နှင့်ပတ်သက်၍ သုတေသနပြုနေစဉ် ကျွန်တော်တို့နှင့်သိကျွမ်းရခြင်းဖြစ်သည်။
ထို့ပြင် သူသည် စိတ်ဖြင့် ထိန်းချုပ်အမိန့်ပေးကာ အရာဝတ္ထုများကို ရွေ့လျားစေခြင်းဆိုင်ရာ သဘောကိုလည်း
လေ့လာနေသည်။ သူ၏စမ်းသပ်ခန်းထဲတွင် အန်စာတုံးပစ်စက်များ၊ ဖဲချပ်ကုလားဖန်ထိုးစက်များဖြင့် ရှုပ်ပွနေသည်။
အန်စာတုံး၊ သို့မဟုတ် ဖဲချပ်ကို ဘယ်နှခါလှည့်လိုက်လျှင် ကုလားဖန် ဘယ်နှခါထိုး ဘာအပွင့်ကျမည်ကို သိပ္ပံပညာဖြင့်
အကြိမ်ကြိမ်အဖန်ဖန် စမ်းသပ်နေသည်။ အထူးအာရုံသိပုဂ္ဂိုလ်များကို ခေါ်ပြီး ဖဲချပ်ကို အကြိမ်ကြိမ်ကုလားဖန်ထိုးကာ
ဘာဖဲချပ်ကျမလဲဆိုတာကို စမ်းသပ်စစ်ဆေးနေသည်။ နိမိတ်ကြိုမြင်တတ်သူများ၊ အိပ်မက်အတိုင်း ပြင်ပတွင်
တစ်ကယ်ဖြစ်ပျက်တတ်သူများ၊ စိတ်ထင်သည့်အတိုင်း မှန်ကန်တတ်သူများ၊ အနာဂတ်ကိုအာရုံဖြင့် ကြိုတင်ဟောကိန်း
ထုတ်နိုင်သူများ စသည်တို့ကို တကူးတက ဖိတ်မန္တကပြုကာ သုတေသနလုပ်နေကြသည်။

စိတ်ဝင်စားစရာဖြစ်ရပ်တစ်ခုကို ဥပမာတင်ပြပါမည်။ ပင်လယ်သို့ထွက်သွားသော သည်း၏မိခင်သည် တစ်ညတွင်
အိပ်နေရင်းနှင့် ဘီလူးစီးသလိုဖြစ်၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ရေအောက်သို့ စုံးစုံးမြုပ်သလိုဖြစ်ကာ အသ်ရှူလို့မရ
ဖြစ်ပြီး ရေမွန်းသည့်ဝေဒနာမျိုး ခံစားနေရသည်။ ထိုကဲ့သို့ ဝေဒနာကို တစ်နာရီလောက်ကြာအောင် ခံစားရပြီးမှ
သတိလည်လာသည်။ နောက်မှသိရသည်မှာ မိခင်ကြီးကို ထိုသို့ ထမင်းလုံး တစ္ဆေလိုလို အခြောက်ခံရချိန်နှင့်
သားဖြစ်သူသဘောင်္နစ်ချိန်သည် တစ်ချိန်တည်းဖြစ်နေသည်ဆို၏။ ဒူတက္ကသိုလ်မှ ပညာရှင်များသည် ထိုဖြစ်ရပ်ကို
အသေးစိတ်လေ့လာကာ မိုင်ပေါင်းများစွာ ကွာဝေးသောဒေသတစ်ခုမှ သားဖြစ်သူနှင့် မိခင်ဖြစ်သူတို့နှစ်ဦးကြားမှ
စိတ်ချင်းဆက်နွှယ်မှုကို အဖြေရှာကြသည်။

ထိုသို့ဖြစ်ရပ်များစွာကို ဒူတက္ကသိုလ်၏ မှတ်တမ်းများ သိမ်းဆည်းထားရာ မော်ကွန်းတိုက်တွင် စနစ်တကျ မှတ်တမ်း
တင်ထားသည်။ ၁၉၃၉-၄၅ ကမ္ဘာစစ်ကာလတုန်းက စစ်မြေပြင်သို့ ရောက်နေကြတုန်း မိမိတို့၏ ခင်ပွန်း အစ်ကို မောင်
ချစ်သူ စသည်တို့ တိုက်ပွဲတွင်ကျဆုံး ဒဏ်ရာရသည်ကို ဇနီး အစ်မ ညီမ ချစ်သူတို့က အာရုံထဲတါင် အလိုလို
ထင်ဟပ်သိမြင်ကြပြီး သူတို့အာရုံထဲ ပေါ်သည့်အတိုင်း တစ်ကယ်တန်းတွင်လည်း ထိုနည်းတူဖြစ်ခဲ့သည့် ကိုယ်တွေ့
မှတ်တမ်းမျးစွာကို ဤတက္ကသိုလ်တွင် ထိမ်းသိမ်းထားသည်။ လန်ဒန်မြို့ကြီး ဗုံးကြဲခံရစဉ်က မိမိတို့ ဆွေမျိုး
မိတ်ဆွေထဲမှ ဘယ်သူ ဘယ်သူ ဖြင့် ဗုံးထဲပါသွားပြီ ဆိုသည်ကို တကယ်တမ်း တရားဝင်အကြောင်းမကြားခင်
ကတည်းက အလိုလိုစိတ်ထဲ သိနေပြီးဖြစ်သူများ၏ ကိုယ်တွေ့ပြောပြချက်များစွာကိုလည်း မှတ်တမ်းတင်ထားသည်။

ပါမောက္ခရိုင်းသည် ဤပညာရပ်တွင် အပိုင်နိုင် အနှံ့စပ်ဆုံးပညာရှင်ကြီးဖြစ်သည်။ “ပရ၀ိညာဉ်သုတေသန”(Phycisal
Research)ဟူသော အသုံးအနှုန်းအစား “စိတ်နယ်လွန်ပညာ”(Parapsychology)ဟူသော ဝေါဟာရကို စတင်
သုံးစွဲခဲ့သူမှာလည်းသူ။ “စိတ်အတွေးကူးပြောင်းမှု”(Thought Transference)၊ “အဝေးမှ မနောချင်း ဆက်သွယ်သိမြင်
နိုင်မှု”(Telepathy) စသော စကားလုံးများကို ခြုံငုံပြီး “အထူးအာရုံသိမှု(သို့)အီးအက်စ်ပီ”(Extrasensory Perception)
ဆိုသော ဝေါဟာရကို တီထွင်သုံးစွဲခဲ့သူမှာလည်း သူ။ တစ်ခါတလေ ကျွန်တော်တို့တစ်ခါမှ မရောက်ဖူးသော
အရပ်ဒေသတစ်ခုခုကို ရောက်ခဲ့ကြသည်။ ဒီအရပ်ကို တကယ်တော့ ယခုတစ်ခေါက်သည် ပထမဆုံးရောက်ဖူးခြင်း။
သို့သော် မြင်ကွင်းများမှာ မြင်ဖူးနေသလိုလိုဖြစ်နေသည်။ ငါ ဘယ်တုန်းကများ ဒါမျိုး မြင်ဖူးပါလိမ့်ဟု စဉ်းစား
ကြည့်သည်။ မရ။ ဤသည်မှာ မိမိ “မသိစိတ်” ၏ ရောင်ပြန်ထင်ဟပ်မှုတစ်မျိုးသာ ဖြစ်သည်။ ထိုကဲ့သို့သော
သိပ္ပံပညာမျိုးကို လေ့လာနေသူမှာလည်း သူ။ “ပါမောက္ခ ရိုင်း”။

သူတို့အလုပ်က မလွယ်လှ။ ဘဲဥအစရှာမရသလို ဖြစ်သော ကိစ္စများကို တစ်စစီ တစိတ်စီ စိတ်ရှည်ရှည်နှင့် စီကာစဉ်ကာ
အချိန်ယူပြီးပြန်လည်သရုပ်ဖော်ရသည်မှာ စင်စစ်တော့ အတော်ပင် မရေမရာရှိလှသည်။ ကျွန်တော်နှင့် ဒေါက်တာ
ပရာပန်တို့အဖို့မှာ သူတို့ပြသမျှတွေကိုသာ ပါးစပ်အဟောင်းသား မျက်လုံးအပြူးသားဖြင့် တအံတသြသာ
ကြည့်နေရသည်။ ကျွန်တော်မြင်ဖူးသမျှ ဘယ်သိပ္ပံဓာတ်ခွဲခန်းနှင်မျှ မတူ။ ကျွန်တော်ကြားဖူးသမျှ ဘယ်ပုံပြင်နှင့်မျှ
မတူသော အထူးအဆန်းဇာတ်လမ်းတွေ အများကြီးကိုလည်း ကြားခဲ့ရသည်။

ကျွန်တော် ပြနခါနီးတွင် ဒေါက်တာရိုင်းက သူ့အံ့ဆွဲထဲမှ ဖဲထုပ်တစ်ထုပ်ကို ထုတ်ပြသည်။ နောက်ကျောကကြည့်
လျှင်တော့ ကျွန်တော်တို့ကစားနေကြ ဖဲထုပ်အတိုင်း။ ရှေ့ဖက်မျက်နှာစာမှာကား ဖူးတို့ ညှင်းတို့ စသော
သင်္ကေတတွေအစား စက်ဝိုင်းပုံ ကြယ်ပုံ လှိုင်းတွန့်ပုံ ကြက်ခြေနီပုံ လေးထောင့်စတုရန်းပုံများ ရေးသားထားသည်ကို
တွေ့ရသည်။ ဖဲချပ်က နှစ်ဆယ့်ငါးချပ်ရှိသည်။ သင်္ကေတတစ်ခုလျှင် ငါးချပ်စီ။

“ဒီ အ၊ အ၊ သ ကတ်ပြားလေးတွေကို ကြည့်လိုက်ကြပါဦး၊ ဒါတွေကို ကျွန်တော်တို့ ဒူတက္ကသိုလ်မှာ သိပ်သုံးပါတယ်။
ခင်ဗျားတို့မှာလည်း သာမန်ထက်ပိုသိတဲ့ အထူးအာရုံသိ အမြင်တွေ ရှိ မရှိ သိချင်ရင် ဒါနဲ့ စမ်းကြည့်လို့ရပါတယ်”
ပါမောက္ခရိုင်းက ထိုသို့ပြောသည်။

(မှတ်ချက်။ ။ “အ၊ အ၊ သ” ဆိုသည်မှာ “အထူးအာရုံသိမှု”ကို အတိုကောက်ပြန်ဆိုထားခြင်းဖြစ်ပါသည်။
အင်္ဂလိပ်ဘာသာဖြင့်ကား E.S.P ဟု Extrasensory Perception ကို အတိုကောက် ခေါ်ဝေါသုံးစွဲကြပါသည်။)

ဒေါက်တာပရာပန်နှင့် ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။

ပါမောက္ခကြီးသည် ကတ်ပြားတွေကို ကုလားဖန်ထိုးလိုက်သည်။ ထို့နောက် ကျောဖက်မှနေ၍ မှောက်ကာ
စားပွဲပေါ်တွင် ချထားလိုက်သည်။

“ဖဲချပ်တစ်ခုကို ယူဗျာ၊ ခင်ဗျားတို့ဖာသာ ခင်ဗျားတို့ ဘာဖဲလဲဆိုတာလှန်ကြည့်၊ ကျွန်တော့်ကိုတော့ မပြနဲ့ပေါ့၊
ခင်ဗျားတို့လက်ထဲက ဖဲဟာ ဘာသင်္ကေတရှိလဲဆိုတာ ကျွန်တော်က မကြည့်ဘဲပြောမယ်၊ မှန်ချင်မှန်၊ မှားချင်မှား
မယ်ပေါ့။ ကဲ စမ်းကြည့်ရအောင်”

ကျွန်တော်က ပထမဖဲချပ်ကို ယူကြည့်သည်။ ကြယ်ပုံ၊ ပါမောက္ခကြီးက ကျွန်တော့်မျက်လုံးတွေကို အသေအချာ
စူးစိုက်ကြည့်ပြီး ဖြေသည်။ စက်ဝိုင်းတဲ့။ ကျွန်တော်က နောက်ဖဲတစ်ချပ်ကို ယူသည်။ စက်ဝိုင်း။ပါမောက္ခကြီးက လှိုင်းတွန်တဲ့။
နောက် ဖဲချပ်သုံးလေးခုယူသည်။ ပါမောက္ခကြီးကလည်း ဖြေသည်။ ပါမောက္ခကြီး ရမ်းဖြေတာ နှစ်ခါတော့မှန်သည်။
ကျွန်တော် အတော်ဦးနှောက်ခြောက်သွားသည်။

“ဒါက ဘာကို သက်သေပြတာလဲ ဆရာကြီး”
ကျွန်တော်က မေးမိသည်။

“ဒါက ဘာကိုပြသလဲဆိုတော့ ကျွန်တော့်အမြင် အာရုံမရသေးတာကို ပြတာပေါ့ဗျ။ ခုနှစ်ခါမှာ နှစ်ခါလောက်မှန်တာဟာ
တိုက်ဆိုင်မှုပဲ။ အမြင်အာရုံထက်သန်တဲ့လူဆို ဒီထက်မက မှန်ရမှာပေါ့”
သူက ပြုံးပြီး ဆက်ရှင်းပြသည်။

“ဒီစမ်းသပ်မှုကို ကျွန်တော်တို့ အကြိမ်တွေ ထောင်နဲ့သောင်းနဲ့ ချီပြီးလုပ်ခဲ့ပါတယ်။ ပျှမ်းမျှအားဖြင့်တော့
နှစ်ဆယ့်ငါးကြိမ်မှာ ငါးကြိမ်လောက်သာ မှန်းဆချက်ဟာ မှန်ကန်တတ်ပါတယ်။ ရမ်းသန်းဖြီးဖြန်းပြီး လျှောက်ပြောလဲ
နှစ်ဆယ့်ငါးကြိမ်မှာ နှစ်ဆယ့်ငါးကြိမ်လုံး မှန်ဖို့ခဲယဉ်းပါတယ်။ တစ်ချို့အမြင်အာရုံထက်သန်သူတွေကျတော့
အတော်လေးကို အဖြေမှန်များတာကို အံ့သြစရာကောင်းလောက်အောင် တွေ့ရပါတယ်။ တစ်ခါမေးလို့
အဖြေမှန်တာများရင် ကံကောင်းလို့တိုက်ဆိုင်တာ များလို့ရယ်လို့ ပြောနိုင်ပေမယ့် အဲဒီသူဟာ ဘယ်အခါစစ်စစ်
သူမန်လူထက် အဖြေမှန် ပိုများနေပြီဆိုရင်တော့ ဒီလူဟာ သာမန်ထက်ထူးပြီလို့ မှတ်ရပါတယ်”

“ပီးယာစ့်”ဟုခေါ်သော ပုဂ္ဂိုလ်တစ်ယောက်ကို ဒေါက်တာရိုင်းနှင့် ဒေါက်တာပရက်တို့ အ၊ အ၊ သ ကတ်ပြားဖြင့်
စစ်ကြည့်ဖူးသည်။

ထိုသူကို ကတ်ပြား ၂၅ ခုဖြင့် ၁၅ ကြိမ်တိတိ စစ်ကြည့်သည်။ စုစုပေါင်း အကြိမ် ၇၅၀ ဖြေရသည် ဆိုပါတော့။
ထိုသူမှန်ကန်မှုနှုန်းမှာ ၂၅ ကြိမ်တွင် ကိုးကြိမ်လောက်အထိ ပျှမ်းမျှအားဖြင့်မှန်ကန်သည်ကို တွေ့ခဲ့ရသည်။
သာမန်လူတို့မှန်ကန်နငန်းထက် နှစ်ဆနီးပါးမျှ ပို၍မှန်ကန်ခဲ့သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ တစ်ကဋေကဋာတွင်မှ
တစ်ယောက်ပင်မရှိ။ ဒူတက္ကသိုလ်တွင် နှစ်ပေါင်းများစွာ စမ်းသပ်ခဲ့သမျှ ထိုသူလောက် အဖြေမှန် များခဲ့သူ ယခုထိမရှိခဲ့။

“အကြားအမြင်ရ ပုဂ္ဂိုလ်၊ နိမိတ်ဖတ် အတိတ်ကောက်တတ်သူ၊ ကြိုတင်ဟောကိန်းထုတ်သူတွေ ဧကန် ဧက ရှိခဲ့
တာတော့ ရာစုနှစ်တွေနဲ့ကို ချီပြီးတောင်ကြာခဲ့ပါပြီ။ အထူးသဖြင့် ဘာသာရေး၊ အဦးအဆောင်အောက်မှာရှိတဲ့ နိုင်ငံ
တွေမှာ အတော်တွေ့ရပါတယ်”

ပါမောက္ခရိုင်းက ကျွန်တော်တို့သွားခါနီးတွင် ထပ်၍ပြောသည်။ ဒူတက္ကသိုလ်မှ အပြန်လမ်းတစ်လျှောက်လုံးတွင်
ကျွန်တော်ရော ဒေါက်တာပရာပန်ပါ စဉ်းစားတွေးတောစရာတွေ တစ်ပုံတစ်ခေါင်းကြီးနှင့် ပြန်လာခဲ့ကြရသည်။
ကျွန်တော်ကမူ”အ၊ အ၊ သ” ကတ်ပြားစမ်းသပ်မှုနှင့် ကျွန်တော်ကိုယ်တိုင် အစမ်းသပ်ခ့ခဲ့ရသော ဘန်ကောက်ဘုရား
ကျောင်းအတွင်းမှ စမ်းပ်မှုတို့၏ အဆက်အစပ်ကို စဉ်းစားနေမိသည်။ ပါမောက္ခရိုင်းက ကျွန်တော်တို့ကို
“အ၊ အ၊ သ” ကတ်ပြားများလက်ဆောင်ပေးပြီး စမ်းသပ်ကြည့်ရန်၊ အမှန်များလေလေ အကြားအမြင်အာရုံနှင့်
ပို၍နီးစပ်လေလေဟု သိလာရန် မှာကြားလိုက်သည်။ ကျွန်တော်တို့နှစ်ယောက်သည် အပြန်လမ်းတွင် လမ်းခုလတ်
ဝင်မိသမျှသော လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်များတွင် “အ၊ အ၊ သ “ကတ်ပြားကိုသာ စမ်းနေမိတော့သည်။
ကျွန်တော်မှာ တစ်ခါတစ်ခါ ၂၅ကြိမ်တွင် ခုနှစ်ကြိမ်လောက် မှန်တတ်သဖြင့် ပီတိဖြစ်နေမိ၏။ ငါးကြိမ်အထိ
မှန်လျှင် တိုက်ဆိုင်မှု၊ ငါးကြိမ်ထက်ကျော်လျှင် အကြားအမြင်နှင့် နီးစပ်လာပြီဆိုသော ဒူတက္ကသိုလ်၏ ရှာဖွေ
တွေ့ရှိချက်အရဆိုလျှင် ကျွန်တော်ကား သိပ်တော့မဆိုးလှတော့။ ရုံးမှာလည်း ကျွန်တော့်လုပ်ဖော်ကိုင်ဖက်များကို
စမ်းသပ်ကြည့်သည်။ သူတို့ထက် ကျွန်တော်က အမှန်ပိုများသည်။ ၂၅ ကြိမ်တွင် ပျှမ်းမျှအားဖြင့် လေးကြိမ်မှ
ခြောက်ကြိမ်ခန့် ကျွန်တော်မှန်တတ်သည်။

ကျွန်တော်နှင့် တစ်တိုက်တည်းနေသူ အယ်လင်ဆိုသော ပုဂ္ဂိုလ်ကလည်းတစ်မျိုး။ သူက လက်တွေ့သမား။
ကျွန်တော်စိတ၀င်စားတာမျိုး သူ စိတ်မ၀င်စားတတ်။ ကျွန်တော်၏ “အ၊ အ၊ သ”ကတ်ပြား စမ်းသပ်မှုကိုလည်း
သူ အပျော်သဘောအနေဖြင့် စမ်းကြည့်ရန် စိတ်ကူးမိဟန်မတူ။ သူသည် အစိုးရအလုပ်မှထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းကို
စတင်တည်ထောင်လုပ်ကိုင်နေသူဖြစ်ရာ အလုပ်က အမြဲပင် ရှုပ်နေတတ်သည်။ သူသည် လျှပ်စစ်အင်ဂျင်နီယာ
တစ်ယောက်အနေနှင့် ကိုယ်ပိုင်လုပ်ငန်းတစ်ခုတည်ထောင်ကာ ပုဂ္ဂိလိက လေယဉ်ကုမ္ပဏီတစ်ခုအတွက်
လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ပေးရေးလုပ်ငန်းကိုသာ နေ့မအား ညမအားလုပ်ကိုင်နေသည်။

သူ့အခန်းထဲတွင် လုပ်ငန်းဆိုင်ရာပစ္စည်းတွေ တောင်ပုံရာပုံနှင့် ရှုပ်ထွေးနေသည်။ သူသည် အနာဂတ်အတွက်
သူ့စီမံကိန်းနှင့်သူ အစီအစဉ်တွေချပြီးသား။ ထိုအထဲတွင် ကတ်ပြားချပ်ကလေးတွေကို မှောက်ကာ ဘာအပွင့်လဲ
ဆိုသည်ကို မှန်းဆဖြေဆိုရသော အလုပ်မျိုးကို စိတ်မ၀င်စားသည်မှာ သဘာဝကျပါသည်။ ကျွန်တော်ကလည်း
ကျွန်တော်။သူ့ကိုမှ သွားသွားပြီး နားပူနားဆာလုပ်နေမိသည်။ “အ၊ အ၊ သ” ကတ်ပြားစမ်းကြည့်ရန်။ ကြာတော့
သူအားနာလာဟန်တူသည်။ “တစ်ခါတော့ စမ်းမယ်ဗျာ၊ နောက်တစ်ခါတော့ မစမ်းပါရစေနဲ့”ဟုဆိုကာ
ကျွန်တော့်ဆန္ဒကို လိုက်လျောလိုက်သည်။

ကျွန်တော်သည် ကတ်ပြားများကို ကုလားဖန်ထိုးက သူ့ကိုပေးသည်။ သူက စိတ်ထဲတွင် တစ်ခုခု တွက်ချက်နေ
ဟန်တူသည်။ ကတ်ပြားတစ်ခုကို ကျွန်တော်ပြသည်။ နောက်ကျောကိုကြည့်ပြီး သူကဖြေသည်။ “ကြယ်ပုံ”၊
ကျွန်တော် ဘာမှပြန်မပြော။ စာရွက်လွတ်တစ်ခုတွင်သာ ကိုယ့်ဘာသာကိုယ်တေးထားလိုက်သည်။ သူက
သူ့အလုပ်စာရွက်တွေထဲမှာ တစ်ခုခုရှာနေရာမှ ကျွန်တော်ပြသော ဒုတိယကပ်ပြားကို ထပ်အဖြေပေးသည်။
“ဒီတစ်ခါလည်း ကြယ်ပဲ”။ သူမှန်ပြန်သည်။ ကျွန်တော်ကတော့ ဘာမှမပြော။ စာရွက်ထဲမှာသာတေးမှတ်ထား
လိုက်သည်။ သူကတော့ စီးကရက်တစ်လိပ်ကိုမီးညှိသည်။ ထို့နောက် စာအုပ်စင်သွားကာ စာရွက်တစ်ရွက်
လိုက်ရှာဟန်တူသည်။ သို့သသော် ထိုစာရွက်မှာ သူ့စားပွဲရှေ့တည့်တည့်တွင် ရှိနေသည်ကို နောက်မှတွေ့ရ၍
မကျေမနပ်နှင့် ကျိန်ဆဲရေရွတ်ရင်း ကျွန်တော်မေးတာတွေကို ပေါ့တီးပေါ့ဆ လျှောက်ဖြေနေသည်။
သူက ကျွန်တော့်ကို အားနာလို့သာ အဖြေပေးနေရသည်။ သူ့စိတ်ထဲတွင်မှမူ အလုပ်ထဲမှာသာ၊ ကျွန်တော့်ကို
ဖြေရင်းနှင့် သူ့ခေါင်းထဲပေါ်လာသမျှသော သူ့ကိစ္စ၀ိစ္စတွေ လျှောက်လုပ်နေသည်။ နောက်ထပ်
စီးကရက်တစ်လိပ် မီးညှိပြန်သည်။

ကတ်ပြား ၂၅ ချပ်ဖြင့် သူ့ကိုစစ်ရာ တစ်နာရီနီးပါး ကြသည်။ ရလဒ်ကတော့ ကြောက်စရာ လန့်စရာ။
၂၅ချပ်မှာ သူမှန်တာ ၂၃ ကြိမ်။

ကျွန်တော်က သူ့ကို ရျင်းပြသည်။ သူ ဘယ်လောက် ထူးခြားနေပြီဆိုတဲံအကြောင်း။ အစကတော့ သူစိတ်
မ၀င်စားသေး။ သူလုပ်စရာ အလုပ်တွေ အားလုံး လက်စသတ်ပြီးတော့မှ ကျွန်တော်ပြောတာကို သူ
အေးအေးဆေးဆေး နားထောင်သည်။ ကျွန်တော်က ဒူတက္ကသိုဘ် စမ်းသပ်ချက်အရ ခုနှစ်ကြိမ်ထက် ပိုမှန်လျှင်
အလွန်ထူးခြားနေပြီ ဆိုသည့်အကြောင်း။

သည်တော့မှ သူ မျက်လုံးပြူးသွားသည်။ နောက်တစ်ခါ ထမ်စမ်းဥိးမည်ဟု စိတ်လိုလက်ရပြောလာသည်။
ထို့ကြောင့် ထပ်၍စမ်းကြသည်။

“ကြယ်ပုံ”
မှားသည်။ လှိုင်းတွန့်၊ မှားပြန်ပြီ။ နောက်ဆုံး နိဂုံးချုပ်တော့ ၂၅ ကြိမ်မှာ သုံးလေးကြိမ်သာ မှန်တော့သည်။
ငါးကြိမ်ထက် တစ်ခါမှ မပိုတော့။

အယ်လင်လည်း အတော်စိတ်ပျက်သွားသည်။ ကျွန်တော်လည်း ဘာပြောရမှန်းပင် မသိတော့။ သူ့စိတ်က
တခြားနေရာရောက်တုန်းက ဖြေသမျှ မှန်လိုက်တဲ့ဖြစ်ခြင်း။ အခု သေသေချာချာ အာရုံစိုက် ဖြေပြန်တော့မှ
တလွဲတွေချည်း။

ဘန်ကောက်ရှိ ကျွန်တော့်ရုံးသို့ပြန်ရောက်သောအခါ ကျွန်တော့်မိတ်ဆွေ ထိုင်းတွေနှင့် ပြန်ဆုံရပါသည်။
သူတို့အားလုံး၏အာရုံမှာ ဘာသာရေးတွင်သာရှိကြသည်ကို တွေ့ရသည်။ ကျွန်တော်သိချင်နေသော
အကြားအမြင်ဆိုင်ရာပြဿနာ အ၊ အ၊ သ (အီး၊ အက်စ်၊ ပီ) ခေါ် ပရ၀ိညာဉ်ဆိုင်ရာပြဿနာမှာ သူတို့အဖို့
သိပ်မဆန်းလှတော့။ ဤပြဿနာများမှာ အေ၇ှ့တိုင်းသားတို့အဖို့ တကူးတက စဉ်းစားတွေးတော
အံ့သြနေစရာမဟုတ်။ သူတို့၏ နိစ္စဓူဝဘ၀တိုင်းတွင် တွေ့ကြုံမြင်ကြားနေရသော သာမန်ကိစ္စမျှပင်ဖြစ်ကြသည်။
သူတို့အတွက် တကယ်တမ်း အရေးကြီးသည်မှာ ဘာသာရေး။ ဘာသာရေးတွင်လည်း အတိတ်ဘ၀မှ ဘာသာရေး
အထုံအဆက် ပဋ္ဌာန်းဆက်သည်လည်း အလွန်အမင်း အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ကြောင်း
ကျွန်တော်သိရှိနားလည်ခဲ့ရသည်။

ဆက်လက်ဖော်ပြပါမည်။
နောက်တစ်ပတ်တွင်ဆက်လက်ဖော်ပြမည်မှာ အခန်း(၃) ဖြစ်သည့် "သစ္စာရှာသောမင်းသား" ဖြစ်ပါသည်။

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.